Friday, August 23, 2013

ကိုးလတာအတွင်း ကျပ် ၆ ဘီလျံ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိပြီး လေဆိပ်များ၊ ဆိပ်ကမ်းများကို Mobile Team ဗဟိုမှ ၀င်ရောက်စစ်ဆေးမည်

,
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ကိုးလတာအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းအနီးတစ်ဝိုက် ရှောင်ကွင်းလမ်းများနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်မှ အကောက်ခွန် အမှုတွဲပေါင်း ၁၈၀၅ မှု၊ တန်ဖိုးငွေကျပ် ၆ ဒသမ ၃ ဘီလျံခန့် တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆင့်(၂)အနေဖြင့် ရန်ကုန် မြို့ရှိ ကမ်းရိုးတန်း သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းများကို အပိုင်း(၁)အဖြစ် စစ်ဆေးလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းများကိုပါ ၀င်ရောက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ကမ်းရိုးတန်း သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်းများကို သြဂုတ် ၁၂ ရက်မှ စတင်စစ်ဆေးခဲ့ပြီး သြဂုတ် ၁၉ ရက်အထိ ခုနစ်ရက်အတွင်း ကုန်ပစ္စည်းများအား အကောက်ခွန်မဲ့ တင်သွင်းလာခြင်း၊ အခွန်ပေးဆောင်ရန် သက်သာသည့် ပစ္စည်းများနှင့် အခွန်ဆောင်ကာ အခြားအကောက်ခွန်နှုန်း မြင့်သည့် ပစ္စည်းများ လွှဲပြောင်းတင်သွင်းလာခြင်း၊ ကန့်သတ် ကုန်ပစ္စည်းများ သိုဝှက်တင်သွင်း လာခြင်းတို့ကို ပမာဏကြီးစွာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း Mobile Team ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က သြဂုတ် ၂၂ ရက်ကပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားချက်အရ သိရသည်။
ထို့အပြင် အဆင့်(၃)အနေဖြင့် အပြည်ပြည်ဆိုင်ရာ လဆိပ်များနှင့် မြို့ကြီးများရှိ လက္ကား အရောင်းဆိုင်ကြီးများ၊ ကုန်ပစ္စည်း သိုလှောင်သည့် ဂိုဒေါင်များ၊ ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီးများကိုပါ ၀င်ရောက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
''ဗဟိုကော်မတီ အနေနဲ့ ဒီလအတွင်း ရန်ကုန်မြို့ ကုန်းလမ်းဝင်ပေါက် ထွက်ပေါက် (၄)နေရာမှာ Mobile Team များဖြင့် တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်း တားဆီးရှာဖွေ စစ်ဆေးမှုများ ပြုလုပ်သွားမှာဖြစ်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်'' ဟု ၀န်ကြီးဦးဝင်းမြင့်က ပြောကြားသည်။

0 comments to “ကိုးလတာအတွင်း ကျပ် ၆ ဘီလျံ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိပြီး လေဆိပ်များ၊ ဆိပ်ကမ်းများကို Mobile Team ဗဟိုမှ ၀င်ရောက်စစ်ဆေးမည် ”

Post a Comment