Tuesday, August 27, 2013

ဈာပနမှာ အလံတထောင်ထောင် သူတို့ ဘာတွေကြံဆောင်

,
ဆရာကြိး ဒဂုန်တာရာရဲ့ ဈာပနကို ကျွန်တော်လိုက်ပို့ပေးရင်း ၀မ်းနည်းစိတ်ထိခိုက်ရသည်။ ကျွန်တော် စွဲလန်းနှစ်ခြိုက်ခဲ့သော ဂန္တ၀င်ကဗျာ ဆရာကြီး ကွယ်လွန်သွားပြီဆိုတဲ့ အသိက ဘယ်လိုမှ ဖြေသိမ့်လို့မရ နိုင်တဲ့ဆုံးရှုံးမှုတစ်ရပ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်တို့ အောင်ပန်းမြို့ပေါ်က စာရေးဆရာပေါက်စတွေရော နာမည်ကြီးတွေရော အကုန်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ မြို့သူမြို့သားတွေနဲ့အတူ ဆရာကြီး ဒဂုန်တာရာရဲ့ ရန်ကုန်က အမျိုးတွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ ရန်ကုန်နာရေးကူညီမှုအသင်းက အဖွဲ့တွေကိုလည်း တွေ့ရပါတယ်။

ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနကို လိုက်ပါပို့ဆောင်သူတွေဟာ အင်အား သုံးထောင်လောက်ရှိပါတယ်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တစ်မိနှစ်ငြိမ်သက်ဂါရ၀ ပြုခဲ့ကြတယ်။ ကဗျာဆရာကိုလေး (အင်းဝ ဂုဏ်ရည်) က ဆရာကြီး ဒဂုန်တာရာအတွက် သန္နိဌာန်စိတ်ကို ဖတ်ကြားခဲ့ပါတယ်။ ကိုမိုးသီးဇွန်ကလည်း ဆရာကြီးအတွက် အမှတ်တရစကားပြောခဲ့တယ်။ ပြီးတော့မှ ဆရာကြီးရဲ့ ရုပ်ကလာပ်ကို နာရေးကူညီမှု အသင်းက ကားပေါ်တင်ပြီး ကိုကျော်သူ ကိုယ်တိုင် ကားမောင်းပေးခဲ့တာ တွေ့ရပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနဟာ ထူးထူးခြားခြား ဈာပနအဖြစ် ပရိတ်သတ်အားလုံးလိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဒါပေမယ့် ဈာပနပို့ဖို့သွားတဲ့အချိန် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်စိတ်ထဲမှာ ကသိကအောက် ဖြစ်သွားရပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ရုပ်ကလာပ်တင်ဆောင်လာတဲ့ နာရေးကားရဲ့ နောက်မှာ ခွပ်ဒေါင်း အလံနှစ်ခု တလူလူလွှင့်နေတာတွေ့လိုက်ရတယ်။ ဘေးနားက အသိမိတ်ဆွေတစ်ဦးက ကျွန်တော့်လက်ကို ကုပ်ပြီး အဲဒီအလံတွေကို မေးငေါ့ပြပါတယ်။ ကျွန်တော် မမေးခင် အသိမိတ်ဆွေက ပြောလာပါတယ်။

“ အဲဒီအလံနှစ်ခုက NLD အလံတွေလေ၊ ဆရာကြီး ဒဂုန်တာရာရဲ့ ရုပ်ကလာပ်မှာလည်း အဲဒီအလံကြီး အုပ်ထားတာ မြင်တယ် ငါတို့ ရှမ်းပြည်မှာ အသုဘပို့ရင် အဲဒီလို အလံလွှင့်ပြီး လိုက်ပို့တာ အစဉ်အလာမရှိ ပါဘူးကွာ ၊ သေသွားတဲ့ ဆရာကြိးကို ဗန်းပြပြီး နေရာယူဖို့ ကြိုးစားနေကြတဲ့ လုပ်ရပ်က အံသြ ဖို့တော့ အကောင်းသား ” လို့ အသိမိတ်ဆွေဆီမှ အဲဒီလို စကားကြားလိုက်ရတော့ ကျွန်တော်လည်း အတွေးတစ်ခု ၀င်လာပါတယ်။

ဆရာကြီး ဒဂုန်တာရာဟာ NLD ပါတီဝင်ဖြစ်နေလို့လားပေါ့။ ကျွန်တော်လေ့လာထားသလောက်ပြောရရင် ဆရာကြီး ဒဂုန်တာရာဟာ ပထမကျောင်းသားသပိတ်၊ ဒုတိယကျောင်းသားသပိတ်တွေမှာ တက်ကြွစွာပါဝင်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားခဲ့တာတော့ ဖတ်ဖူးတယ်။ အခု ဒီမိုကရေစီစနစ်ကျင့်သုံးနေပြီဆိုတော့ ဆရာကြီးရဲ့ စွမ်းဆောင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ NLD ပါတီက အလံလွှင့်တာဖြစ်မှာပဲလို့ တွေးလိုက်မိပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ရှေ့ကသွားနေတဲ့ လူအုပ်စုထဲက လူတစ်ယောက်ရဲ့ စကားသံကိုကြားလိုက်ရတယ်။ “ ဆရာကြီး ဒဂုန်တာရာဟာ ဒီမိုကရေစီရေးအတွက် ကဗျာစာပေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလေ၊ NLD ပါတီ ရဲ့ လုပ်ငန်းတွေကိုလည်း ထောက်ခံတယ်၊ ဦးတည်ချက်ချင်းက တူလို့ အခုလို အလံလွှင့်၊ အလံလွှမ်းခြုံပြီး ဂုဏ်ပြုတာပါ ” လို့ ပြောသွားမှပဲ အဖြေက ရှင်းသွားပါတယ်။

ဆရာကြီး ဒဂုန်တာရာကတော့ လူ့လောကနေ ထွက်ခွာသွားပါပြီ။ ဒါပေမယ့် သွားလေသူကို ကိုယ်ကျိုးအတွက် လိုရာစွဲသုံးတာမျိုးတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်က ကဗျာဆရာပေါက်စပါ။ ဘာပါတီ ၀င်မှ မဟုတ်သလို နိုင်ငံရေးကိုလည်း စိတ်မ၀င်စားပါဘူး။ အစောက ကျွန်တော့်အသိမိတ်ဆွေက NLD ပါတီ အလံလွှင့်ပြီး ဈာပနလိုက်ပို့တာကို ဝေဖန်ပြောဆိုသွားခဲ့တယ်။ NLD ပါတီဝင်တစ်ဦးကတော့ သူတို့ ယုံကြည် ချက်အတိုင်း ဂုဏ်ပြုတဲ့အနေနဲ့ အလံလွှင့်၊ အလံလွှမ်းခြုံတယ်လို့ ပြောတယ်။

ကျွန်တော်က ဒီအောင်ပန်းမြို့သားပါ။ ဆရာကြီး ဒဂုန်တာရာဟာလည်း သူ့ဇာတိမွေးရပ်မြေ အောင်ပန်းကို ပြန်လာပြီး မြေချခဲ့တယ်။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေရဲ့ ဓလေ့ထုံးစံအရ ဈာပနမှာ အလံလွှင့်တာ၊ အလံခြုံ တာတွေကို လုပ်လေ့လုပ်ထမရှိပါဘူး။ ဒါပေမယ့် ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနမှာ NLD ပါတီက အလံ လွှင့်တာကို မြင်ရတော့ တစ်မြို့လုံးအံ့အားသင့်ကုန်ကြတာပေါ့။ ထုံးတမ်းစဉ်လာ မဟုတ်ဘဲနဲ့ ဆရာကြီး ဒဂုန် တာရာရဲ့ ဈာပနကို NLD ပါတီက လုပ်ချင်သလို လာလုပ်တယ်လို့ပဲ မြင်မိကြပါတယ်။
အလုပ်တစ်ခုလုပ်ရင် ရည်ရွယ်ချက်ဆိုတာ ရှိစမြဲပါ။ ကျွန်တော်တို့ စာရေးဆရာအုပ်စု ဈာပနကပို့ပြီး ပြန်လာတော့ လက်ဖက်ရည်ဆိုင်မှာ ဆုံကြတယ်။ နိုင်ငံရေးအကြောင့် နှံ့နှံ့စပ်စပ်လေ့လာထားတဲ့ စီနီယာစာရေး ဆရာကြီးတွေဆီက အလံလွှင့်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးကြားခဲ့ရပါတယ်။

ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနမှာ အလံလွှင့်တာ NLD မှာ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်။ နေရာတကာ ဆရာကြီး ၀င်လုပ်ချင်တဲ့ စိတ်ဓါတ်ပဲကွ။ နောက်တစ်ဦးကတော့ NLD ပါတီက ဒီရှမ်းပြည်နယ်က ပြည်သူ လူထုကို သူတို့ လူရာဝင်မှန်းသိအောင် လာလုပ်ပြတာ။ ဒါစည်းရုံးရေး နည်းလမ်းတစ်ခုပဲကွ၊ ၂၀၁၅ ရွေးကောက် ပွဲမှာ သူတို့ ပါတီဘက်ကိုပါလာအောင် ထောင်ထောင် ထောင်ထောင်လုပ်ပြနေတာ။ ဘာမှ အထင်ကြီး စရာ မရှိဘူး ဆိုပြီး ပြောပြသွားပြန်ပါတယ်။ ဒီရှမ်းပြည်မှာရှိတဲ့ ရှမ်းတွေအကုန်လုံးက SNDP,SNLD ပါတီတွေကိုပဲ မဲပေးမှာပေါ့ ၊ သူတို့ NLD ကိုဘာလို့ ပေးရမှာလဲလို့ ပြောသွားပြန်ပါတယ်။

ကျွန်တော်ကတော့ နိုင်ငံရေး အကြောင်းစိတ်မ၀င်စားတဲ့အတွက် ဘာမှ မပြောလိုက်ပါဘူး။ ဒါပေမယ့် တစ်ခု တော့ တွေးမိတယ်။ နိုင်ငံတော်အလံဆိုတာ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများနဲ့ စာသင်ကျောင်း တွေမှာ လွှင့်ထူတာပါ။ သာသနာ့အလံဆိုရင်လည်း ကျက်သရေမင်္ဂလာရှိတဲ့ အလှူအတန်း၊ တရားပွဲတွေမှာသာ လွှင့်ထူတဲ့ အထိမ်းအမှတ်ပါ။ အခုလို ဈာပနအခမ်းအနားမှာ NLD ပါတီရဲ့ ခွပ်ခေါင်းအလံ အလံလွှင့်ထူတာ ကိုတော့ ပထမဆုံး အကြိမ်မြင်ဖူး တာပါ။ ဗုဒ္ဓဘာသာအယူအဆနဲ့ ပြောပြရရင် ဈာပနမှာ လွှင့်ခဲ့တဲ့ NLD ပါတီရဲ့ ခွပ်ဒေါင်းအလံဟာ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာ စဉ်းစားစရာပါ။ ဗုဒ္ဓဘာသာဝင် တစ်ဦး အနေနဲ့ ပြောရရင် အတိတ် နိမိတ်အရ အဲဒီခွပ်ဒေါင်းအလံဟာ အသုဘအလံဖြစ်နေတော့မလားဆိုတဲ့ အတွေးပဲဖြစ်ပါတယ်ခင်ဗျာ ။

စိုင်းတင်ဝင်း (အောင်ပန်း)

0 comments to “ဈာပနမှာ အလံတထောင်ထောင် သူတို့ ဘာတွေကြံဆောင်”

Post a Comment