Monday, August 26, 2013

ဒုတိယစီးပွားရေး အချက်အချာနယ်မြေ စီမံကိန်းအတွက် ဂျပန် ဒီဇိုင်းဆွဲမပေးတော့

,

ရန်ကုန်- ရန်ကုန်မြို့ပြစီမံကိန်း၏ အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်သော ဒုတိယစီးပွားရေးအချက်အချာနယ်မြေအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မရမ်းကုန်းမြို့နယ်စီမံကိန်းတွင် ဂျပန်နိုင်ငံမှ မြို့ပြဆိုင်ရာ ဒီဇိုင်းရေးဆွဲပေးခြင်းနှင့် အခြားသောအကူအညီများပေးအပ်ခြင်းကိုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းယင်းစီမံကိန်းရေးဆွဲနေသူ ဒေါက်တာကျော်လတ်ကပြောသည်။
“အခြေခံအဆောက်အအုံနဲ့ စီမံကိန်းရေးဆွဲခြင်းကို သူတို့ဘက်က အကူအညီမပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်”ဟု ဒေါက်တာကျော်လတ်က ဆိုသည်။

သို့သော် ထိုသို့ရပ်ဆိုင်းရသည့် အကြောင်းရင်းကို မြို့ပြစီမံကိန်းရေးဆွဲသူများအပါအ၀င် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အတည်ပြု ပြောဆိုပေးခြင်းမရှိပေ။

ရန်ကုန် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအတွင်းပါဝင်သည့် မရမ်းကုန်းမြို့နယ်အား ဒုတိယစီးပွားရေး အချက်အချာနယ်မြေအဖြစ် အကောင်အထည်ဖော်ရန်အတွက် ပြီးခဲ့သည့်လက ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူရန် စီစဉ်ခဲ့ရာမှ နယ်မြေအတွင်းပါဝင်နေသည့် ၀န်ကြီးဌာနများနှင့် ညှိနှိုင်းမှုမပြုရသေးသဖြင့် လတ်တလော ရပ်နားထားရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန၊ ဌာနမှူး ဦးတိုးအောင်က ပြောသည်။

ဂျပန်၏ အကူအညီမှာလည်း ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းရာတွင် အဆင်မပြေမှုများရှိသောကြောင့် ယခုကဲ့သို့ အကူအညီပေးရန် အစီအစဉ်အချို့ကို ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါ မရမ်းကုန်းမြို့နယ်တွင် စည်ပင်ပိုင်မြေများအပြင်စိုက်ပျိုးရေးဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေဧက မြောက်မြားစွာရှိပြီး ယင်းမြေနေရာများတွင် အကောင်အထည်ဖော်ရန် ညှိနှိုင်းရာတွင် အဆင်မပြေမှုအချို့ရှိနေကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းအရ မရမ်းကုန်းမြို့နယ်ကို ရန်ကုန်၏ မြို့တွင်းပိုင်း ကျပ်တည်းမှုကိုဖြေရှင်းရန် ဒုတိယ စီးပွားရေးအချက်အချာနယ်မြေအဖြစ် ယခုနှစ်တွင် မြေဧက ၆၀၀ ကျော်တွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါစီမံကိန်းအတွက် ခေါ်ယူမည်ဆိုသော တင်ဒါမှာ ရွှေ့ဆိုင်းခဲ့သည်မှာ သုံးလရှိပြီဖြစ်သည်။

ယင်းမြို့နယ်ရှိရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေများအပါအ၀င် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများနှင့် အခြားသော ၀န်ကြီးဌာနပိုင် မြေဧက ၄၀၀ ကျော်တွင် သုံးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းအား ဂျပန်မှ အကူအညီပေးမည့်အစီအစဉ် ရပ်ဆိုင်းလိုက်သော်လည်း ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲသူ မြို့ ပြပညာရှင်များက မိမိအစီအစဉ်ဖြင့်သာမိမိရေးဆွဲပြီး အချိန်မီ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်ကပြောကြားသည်။

0 comments to “ဒုတိယစီးပွားရေး အချက်အချာနယ်မြေ စီမံကိန်းအတွက် ဂျပန် ဒီဇိုင်းဆွဲမပေးတော့ ”

Post a Comment