Thursday, August 29, 2013

ကျွန်တော်နှင့် ဆီးရီးယား (ရေးသားသူ- ဘိုအောင်ဒင်)

,

-----------------------------------------------------------
ဆီးရီးယားကို အနောက်အုပ်စုက ဝိုင်းကိုက်ကြမယ်ဆိုတော့ ကျွန်တော်တွေးမိတာလေးတစ်ခုရှိလာလို့ ဒီပို့ကိုတင်လိုက်တာပါ။ ပြီးခဲ့တဲ့အပတ်ထဲက ဆီးရီယားမှာ ဓာတုလက်နက်တွေ ထုက်သုံးလို့ ကလေးငယ်လေးတွေ အပါအဝင် လူပေါင်း ၁၂၀၀ လောက်သေကြေခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ။

လက်သည်မည်သူမှန်းမသိရခင်မှာ အာဏာရှင် အာဆက်ကြောင့်ဆိုပြီး နဂိုကတဲက မျက်မှုန်းကျိုးနေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ချက်ချင်းလက်ငင်းအမဲဝိုင်းဖျက်တော့မလိုလုပ်နေကြတာ တွေ့ရပါတယ်။

အချိန်မရွေးပစ်ခတ်ခြေမှုန်းနိုင်တဲ့ မစ်ဆိုင်းတွေ အမြောက်အများတင်ဆောင်လာတဲ့ ဖျက်သင်္ဘောတွေ လေယဉ်တင်သင်္ဘောတွေနဲ့ ဟန်ရေးပြချဉ်းကပ်လာတာဟာ သမ္မတ အာဆတ်ကို ဖြုတ်ချဖို့ထက် ဆီးရီးယားစစ်တပ်ကို ခြေမှုန်းဖို့၊ ဆန္ဒန်ဟူစိန်လက်ကျန် စကတ်ဒုံးကြည် ၇၀၀၀ လောက်ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတယ်လို့ ထင်မြင်မိပါတယ်။

နိုင်ငံတစ်နိုင်ငံစစ်တပ်ရဲ့ အစွမ်းထက် ဒုံးကြည်တွေကို ဖျက်ဆီးပစ်လိုက်ခြင်းဖြင့် အဲ့ဒီနိုင်ငံရဲ့စစ်အင်အားဟာ လုံးဝနလန်ထူနိုင်တော့မှာ မဟုတ်ပါဘူး။ ဒေသတွင်းနိုင်ငံတွေရဲ့ အကြောင်းမဲ့ ချိန်းခြောက်မဲ့ဒဏ်တွေကိုလဲ ခုခံကာကွယ်နိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။

စစ်အင်အားပြန်လည်ထူထောင်ရာမှာလဲ လိုအပ်တဲ့ လက်နက်တွေ ပြန်လည်ဝယ်ယူဖို့ရာ ရုရှား (သို့) တခြားဥရောပနိုင်ငံတွေကို အစဉ်အားကိုးသွားရတော့မှာပါ။ ကျွန်တော် စဉ်းစားမိတဲ့ အပိုင်းကတော့ အမေရိကန်ဟာ မဟာမိတ် အစ္စရေးကို ခြိမ်းခြောက်နိုင်တဲ့ နိုင်ငံတွေရဲ့စစ်အင်အားကို ချိနဲ့သွားအောင်လုပ်ရင်းနဲ့ အဲ့ဒီနိုင်ငံရဲ့ နောင်ဖြစ်လာမယ့် သူတို့နဲ့ ပနံသင့်တဲ့အစိုးရရဲ့ လက်နက်ဈေးကွက်ကို ချုပ်ကိုင်ချင်လို့ ဖြစ်ပါလိမ့်မယ်။ နိုင်ငံတွေ မငြိမ်သက်ဖြစ်လေ လက်နက်တွေ ရောင်းအားကောင်းလေဖြစ်လာတာပေါ့။ အီရတ်စစ်ပွဲဟာ နမူနာပါပဲ၊

ဟူစိန်ရှိစဉ်တုန်းက ဒေသတွင်းနိုင်ငံတွေကိုတောင် ခြိမ်းခြောက်နိုင်ခဲ့တဲ့ စစ်တပ်ဟာ အခုတော့ နိုင်ငံကထွက်သမျှ ရေနံနဲ့ သယံဇာတတွေဟာ စစ်လက်နက်တွေဝယ်ယူအားဖြည့်နေ ဖို့ပဲ ဖြစ်လာပါတော့တယ်။ အခုဆိုရင် လူပေါင်း ၄၄ ယောက်သေဆုံးစေခဲ့တဲ့ အီရတ်နိုင်ငံက ဗုံးပေါက်ကွဲမှုဟာ ထမင်းစားရေသောက် သတင်းတစ်ခုလိုပဲဖြစ်နေခဲ့ပါတယ်။

ဥရောပမှာ လူ ၄ ယောက်လောက်သာ ဗုံးပေါက်ကွဲပြီးသေခဲ့ရင် နိုင်ငံတစ်နိုင်ငံကို အသားလွတ်ဗုံးကြဲဖို့ လက်တွန့်နေမှာ မဟုတ်ပါဘူး။ ပြောချင်တာက ကမ္ဘာမှာ အကောင်းဆုံးလို့ သတ်မှတ်နေကြတဲ့ အမေရိကန် CIA နဲ့ အစ္စရေး မော့ဆက် ထောက်လှန်းရေးတွေက တရားခံလို့ ယူဆရတဲ့ အာဏာရှင် ဟူစိန်၊ အာဆတ်တို့ကို ကျည်တစ်တောင့်၊ အဆိပ်တစ်ခွက်နဲ့ အပြတ်မရှင်းနိုင်တော့ဘူးလား။

အရမ်းတိကျပါတယ်ဆိုတဲ့ လေဆာလမ်းညွှန်နဲ့ ပစ်နိုင်တဲ့ ဒုံးကြည်တစ်လုံးထဲနဲ့ အပြတ်မရှင်းနိုင်ခဲ့ဘူးလား စဉ်းစားစရာပါ။ အာဆတ်မရှိတော့ရင်လဲ သူ့လက်ထက်က ကျန်ခဲ့တဲ့ စကတ်ဒုံးကြည်တွေဟာ ဆီးရီးယားနိုင်ငံအမြန်ပြန်လည်ထူထောင်ဖို့အတွက် အသုံးမကျတော့ဘူးလား။ ဘာလို့ အသေအပျောက်အများဆုံးဖြစ်နိုင်တဲ့ စစ်ပွဲတွေကိုပဲ ဖန်တီးနေရတာလဲ။ မလိုအပ်ပဲ အလွန်အကျွံဘာလို့လုပ်ချင်ရတာလဲပေါ့။

အာဏာရှင်တွေကို ဖြုတ်ချဖို့ အတွက်နဲ့ အဲ့ဒီနိုင်ငံရဲ့ စစ်တပ်ကို ရစရာမရှိအောင်လုပ်ဖို့၊ ရဲဘော်လေးတွေကို သေကြေအောင်လုပ်ဖို့ ဘာလို့စဉ်းစားနေကြတာလဲ။ မြန်မာနိုင်ငံရဲ့ အနာဂါတ်ကလဲ ဆီးရီးယားစစ်ပွဲပေါ်မှာ သွယ်ဝိုက်ပြီး ပတ်သက်နေပါတယ်၊ အဖြေတွေရှိနေပါတယ်။

တရုတ်ကြီးနဲ့ ရုရှားကြီးကသာ အသာတကြည်လက်လျော့ခဲ့မယ်ဆိုရင်တော့ မြန့်မာ့ဒီမိုတွေအတွက် အားတရပ်ပါပဲ။ အဲ့လိုမဖြစ်ခဲ့ဘဲ တခြားတစ်လမ်းသာရွေးခဲ့ရင်တော့ .....

(ရေးသားသူ - Bou Aung Din ၏ အာဘော်သာလျှင်ဖြစ်ပါသည်)

0 comments to “ကျွန်တော်နှင့် ဆီးရီးယား (ရေးသားသူ- ဘိုအောင်ဒင်)”

Post a Comment