Tuesday, August 27, 2013

ယီမင် လေတပ် ဗိုလ်လောင်း ကြိုပို့ယာဉ်ကို အယ်လ်ကေဒါ ဗုံးခွဲ တိုက်ခိုက်၊ ၁၂ ဦး သေဆုံး

,

ယီမင် လေတပ် ဗိုလ်လောင်း ကြိုပို့ယာဉ်ကို အယ်လ်ကေဒါ ဗုံးခွဲ တိုက်ခိုက်၊ ၁၂ ဦး သေဆုံးယီမင်နိုင်ငံ မြို့တော် ဆန်နာမှ လေတပ်စခန်း တစ်ခုအနီးရှိ ဗိုလ်လောင်းများ ကို သယ်ဆောင်လာသည့် ဘတ်စ်ကားကို အယ်လ်ကေဒါ ဆက်စပ် အဖွဲ့အစည်းမှ အကြမ်းဖက် သမားများက ဗုံးခွဲ တိုက်ခိုက်ကြသဖြင့် အနည်းဆုံး ဗိုလ်လောင်း ၁၂ ဦး သေဆုံးသွားကြောင်း အရာရှိများနှင့် မျက်မြင် သက်သေများကို ကိုးကားလျက် Xinhua သတင်းတစ်ရပ်က ဖော်ပြ ထားသည်။
ကားမှာ လုံးဝ ပျက်စီး သွားခဲ့ပြီး ဗုံးသည် ကားပေါ်တွင် ပါလာခြင်းလော၊ ကားသွားသည့် လမ်းပေါ်တွင် ထောင်ထားခြင်းလော ဆိုသည်ကိုမူ ကနဦး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း အရာရှိများက ဆိုသည်။ လုံခြုံရေးများက ပေါက်ကွဲမှုဖြစ်သည့် နေရာကို ထိန်းချုပ်ထားလိုက်ပြီး ဒဏ်ရာ ရသူများကို အနီးရှိ စစ်ဆေးရုံသို့ တင်ပို့ ကုသနေပြီ ဖြစ်သည်။ ထိုစဉ် အာရေးဗီးယား ကျွန်းဆွယ် အယ်ကေဒါ ဆိုသည့် အဖွဲ့က တိုက်ခိုက်မှု မှာ ၎င်းတို့ လက်ချက် ဖြစ်ကြောင်း နောက်ဆုံး ကြေညာချက်ကို သတင်း မီဒီယာများအား ထုတ်ပြန်ခဲ့သည်။
“ကျွန်ုပ်တို့က ယီမင်သမ္မတ အက်ဒ်ရာဘူး မန်ဆောဟာဒီရဲ့ အပြောအဆိုကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရာဇဝတ်ကောင် မောင်းသူမဲ့ လေယာဉ်တွေကို အမွှမ်းတင် ပြောခဲ့ပြီး လူတွေ ထပ်သတ်ဦးမယ် လို့လည်း ကတိပြုခဲ့သူပါ” ဟု အာရေးဗီးယားကျွန်းဆွယ် အယ်လ်ကေဒါများ အဖွဲ့မှ ကြေညာချက်တွင် ဖော်ပြထားသည်။ အယ်လ်ကေဒါ ၄၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း၊ အစ္စလာမ္မစ် စစ်သွေးကြွ များကို ၎င်းတို့ လက်နက်ချ သွားချိန်အထိ တိုက်ခိုက်နေဦးမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က အစည်းအဝေး တစ်ခုတွင် သမ္မတ ဟာဒီက ပြောကြားခဲ့ဖူးသည်။
“ငါတို့ဟာ အယ်လ်ကေဒါကို လက်နက်ချသွားပြီးတော့ ယီမင်ပြည်သူ ထဲက ပြည်သူတွေသာ ဖြစ်ပြီး ယီမင်ပြည်သူတွေရဲ့ ရန်သူ မဟုတ်ဘူး လို့ မြင်လာတဲ့အထိ တိုက်ခိုက်နေမယ်” ဟု သမ္မတဟာဒီက ဆိုသည်။ ၂၀၁၂ခုနှစ်ကလည်း အယ်ဒိုင်လာမီ လေတပ် စခန်းရှိ စစ်သုံး ကုန်တင် လေယာဉ်ကြီး တစ်စင်းကို အယ်လ်ကေဒါက ဗုံးခွဲခဲ့သဖြင့် စစ်သား ၁၀၀ကျော် သေဆုံးခဲ့ရသေးသည်။ “အယ်လ်ကေဒါကို တိုက်ခိုက်ဖို့ရာအတွက် အမေရိကန်ပြည်ထောင်စုက ကျွန်တော်တို့ကို မောင်းသူမဲ့ လေယာဉ်တွေ သုံးခွင့်ပေးဖို့ တိုက်တွန်း ပါတယ်။ မောင်းသူမဲ့ ဗုံးကြဲ လေယာဉ်တွေဟာ စစ်သွေးကြွ တွေကို တိုက်ခိုက်တဲ့ နေရာမှာ ပိုပြီး တိကျမှု ရှိတယ်” ဟု ၎င်းက ကြုံးဝါးခဲ့သေးသည်။
ဟာဒီက အဆိုပါ မိန့်ခွန်းကို ပြောခဲ့ ပြီး နာရီပိုင်း အကြာ၌ပင် ယီမင် အရှေ့တောင်ပိုင်း စစ်တပ်ဌာန တစ်ခုကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးကျော် သေဆုံးသွားခဲ့ရသေးသည်။ ယခု ပေါက်ကွဲသွားသော ကားပေါ်တွင် ဗိုလ်လောင်း ၂၄ ဦး ပါဝင်ပြီး ၁၂ ဦး အနည်းဆုံး သေဆုံးသွားသည်ဟု အမည် မဖော်လိုသော လုံခြုံရေး အရာရှိ တစ်ဦးက ဆိုသည်။

0 comments to “ယီမင် လေတပ် ဗိုလ်လောင်း ကြိုပို့ယာဉ်ကို အယ်လ်ကေဒါ ဗုံးခွဲ တိုက်ခိုက်၊ ၁၂ ဦး သေဆုံး ”

Post a Comment