Thursday, August 29, 2013

သပိတ်အကြောင်း သိကောင်းစရာ

,

အမေး။ ။ ဘုန်းဘုန်းဘုရား…..သံဃာတော်တွေ အတွက် သပိတ်ကို အမဲရောင်အဖြစ် ဘယ်သူ သတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့ အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော်သိလိုပါတယ်ဘုရား။ နောက်ပိုင်းမှာ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။

မောင်ပြည့်စုံအောင် စိန့်ပိတာစဘတ်၊ရုရားဖက်ဒရေးရှင်း

အဖြေ။ ။သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ ဘုရားအလောင်းတော် တောထွက်တော်မူတော့ ဃဋိကာရ ဗြဟ္မာကြီး က ပရိက္ခရာ လှူဒါန်းပါတယ်။ ဒီပရိက္ခရာထဲမှာ သပိတ်လည်းပါပါတယ်။ ဗြဟ္မာလှူတဲ့သပိတ်ဟာ ဘာနဲ့လုပ်ထားတယ်ဆိုတာ တိတိပပ မဖေါ်ပေမဲ့ သုဇာတာ သဌေးသမီး နို့ဃနာဆွမ်း လှူဒါန်းတဲ့ကာလမှာ (ဃဋိကာရမဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပတ္တော) ဗြဟ္မာကြီးလှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ်(မြေသပိတ်) လို့ ဆိုပါတယ်။ ဘုရားလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့် ကျင့်နေတဲ့ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာသူဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းဖို့ လာတဲ့အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက်သွားခဲ့တယ်။
ဘုရားလောင်းတော်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။ အဲဒီကနေ သတ္တာသတ္တဟ စံတော်မူကာ နောက်ဆုံး ရာဇာယတန သတ္တာဟ စံနေတော်မူတဲ့အချိန်မှာ နတ်မင်းကြီးလေးပါးက (ဣန္ဒနီလမဏိမယေ ပတ္တေ) မြဖြင့်ပြီးတဲ့သိပတ်(မြသပိတ်)ကို ကပ်လှူကြပါတယ်။ ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တဖန် ပဲနောက်အဆင်းရှိတဲ့ ကျောက်နဲ့လုပ်ထားတဲ့ သပိတ် လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော်မူပါတယ်။ ဘုရားရှင်က ထို ပဲနောက်အဆင်းရှိတဲ့ သပိတ် လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ်လေးလုံးကနေ အနားရစ်လေးရစ်ပါတဲ့ သပိတ်တစ်လုံးတည်း မြင်တွေ့ရပါတယ်။
ဒါကြောင့် ဘုရားရဲ့သပိတ်တော်အရောင်ဟာ ပဲနောက်အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။ တဖန် ပါတိမောက်ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီး မြေသပိတ် သံပိတ် နှစ်မျိုးသာအပ်ပါတယ် လို့ဆိုပါတယ်။ ဒီနှစ်မျိုးမှာ မြေသပိတ်ကို ၂-ကြိမ် မီးဖုတ်ပြီး သံသပိတ်ကို ၅-ကြိမ် မီးဖုတ်ရမယ် လို့ အဋ္ဌကထာက ဆိုထားပါတယ်။ ဒီလို မီးဖုတ် ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းရှိစေလိုရင်း ဖြစ်တယ်။
သပိတ်အမဲရောင် ဖြစ်အောင်ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ -
(သမဏသာရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သောအားဖြင့်၊ပက္ကံ- ကျက်ပြီးသော) ဟုဆိုထားတဲ့အတွက် သမဏသာရုပ္ပ ဖြစ်အောင်(ရဟန်းများ ကြည်ညိုဖွယ်ဖြစ်အောင်) ဖြစ်ပါတယ်။
သတ်မှတ်တဲ့ကာလဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူတာက မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ဖြစ်ပြီး၊ သတ္တာသတ္တာဟ ၄၉-ရက်အကြာ ၀ါဆို လဆန်း(၄)ရက်နေ့ခန့်မှာ နတ်မင်းကြီးလေးဦး၏ ပဲနောက်အဆင်းရှိ သပိတ်ကို အလှူခံယူတော်မူတဲ့အတွက် သပိတ်သတ်မှာရာကာလကို မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါ တယ်။မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာကိုပြောရမယ်ဆိုရင်-
ဘုရားဖြစ်တော်မူပြီး ၄၉ ရက်ခန့်အကြာမှာ နတ်မင်းကြီးလေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ်လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရားရုပ်ပွားတော်မြတ်အား မြသပိတ်လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ် လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ် လို့ ခေါ်ကြတဲ့ ဖန်သပိတ်တွေပါ ။ အဲဒီသပိတ်တွေလည်း ဘုရာအား လှူဒါန်းဖို့ရာ မသင့်တော်ဘူး လို့ ထင်ပါတယ်။

Posted in: အမေးအဖြေကဏ္ဍ http://dhamma-admin.blogspot.com/2009/04/blog-post_222.html

0 comments to “သပိတ်အကြောင်း သိကောင်းစရာ”

Post a Comment