Showing posts with label ပါတီ နိုင်ငံရေး. Show all posts
Showing posts with label ပါတီ နိုင်ငံရေး. Show all posts

Wednesday, November 6, 2013

အနူပညာ နဲ့ နိုင်ငံရေး တွဲလုပ်ချင်တယ်ဆိုတဲ့ ကြည်ဖြူသျှင်

,


 ကြည်ဖြူသျှင်, အမျိုးသမီး, လွှတ်တော်အမတ်, နိုင်ငံရေး
“နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ တွေ့ရတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် (ဓာတ်ပုံ – ဧရာဝတီ)
လက်တင်အမေရိက၊ ဥရောပ၊ အာရှနိုင်ငံတွေက အမျိုးသမီးလွှတ်တော် အမတ်တွေကော၊ မြန်မာပြည်က အမျိုးသမီး လွှတ်တော်အမတ်တွေပါ ခန်းလုံးပြည့် ပျားပန်းခတ် လှုပ်ရှား သွားလာနေတဲ့ ခန်းမကြီးထဲမှာ လွှတ်တော်အမတ် မဟုတ်တဲ့ ခပ်ရိုးရိုး အပြင်အဆင်နဲ့ အမျိုးသမီးတဦး ငြိမ်ငြိမ်လေး ထိုင်နေပါတယ်။ သူ့လည်ပင်းမှာတော့ ဒီအခမ်းအနားကို တက်ခွင့် ရထားသူ တဦးအဖြစ် သိသာစေတဲ့ ကတ်ကလေးကို ချိတ်ဆွဲထားတာ တွေ့ရတယ်။
ခပ်ရိုးရိုး အပြင်အဆင်လို့ ဆိုရတာက မြန်မာအမျိုးသမီး လွှတ်တော် အမတ် အများစု ဆင်ယင်ထားပုံနဲ့ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ ပုဝါတွေ၊ ဆံထုံးတွေ၊ ပန်းတွေမပါတဲ့ သူ့ပုံစံ၊ မျက်နှာမှာ အချယ်အသ ကင်းမဲ့တဲ့ သူ့ပုံစံက ကျန်တဲ့ အမျိုးသမီး တွေနဲ့ ကွဲထွက်နေပါတယ်။
သူကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ကျင်းပခဲ့တဲ့ “နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တရပ်ကို တက်ရောက်လာသူ၊ ကွယ်လွန်သူ ပန်းချီဆရာကြီး ဝသုန်အကြောင်း ရိုက်ကူးထားတဲ့ “ဝသုန်ကောက်ကြောင်း” မှတ်တမ်း ရုပ်ရှင် ဇာတ်လမ်းတိုနဲ့ လူသိများသူ၊ ဇာတ်ကားကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာကို ရိုက်ကူးနေသူ ဒါရိုက်တာ ကြည်ဖြူသျှင်ပဲ ဖြစ်ပါတယ်။ ဝသုန်ကောက်ကြောင်းဟာ ၂၀၀၈ ခုနှစ်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်လမ်းတိုဆု ရရှိခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တယောက်လည်း ဖြစ်နေပါ သေးတယ်။
လွတ်လပ်မှုကို မြတ်နိုးတဲ့ အနုပညာသမား တဦးအနေနဲ့ ကြည်ဖြူသျှင်ဟာ ပါတီနိုင်ငံရေးထဲမှာ ဘယ်လောက်အထိ ပါဝင် ပတ်သက်နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အဲဒီ ဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားရင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်ကျရင် NLD ပါတီထဲမှာ အမျိုးသမီးတွေ ဒီထက်ပိုပြီး ဝင်ရောက် အရွေးကောက်ခံဖြစ်လိမ့်မယ် ဆိုတဲ့ စကားကိုလည်း ထည့်သွင်းပြောကြားခဲ့တော့ ဘယ်လို အမျိုးသမီးတွေကို ပါတီဝင်အဖြစ် စည်းရုံးထားပြီး လေ့ကျင့်မှုတွေ ရှိနေသလဲ ဆိုတာကလည်း မေးစရာ ရှိနေပါတယ်။ ဒီအထဲမှာ ကြည်ဖြူသျှင်ကော တယောက် အပါအဝင် ဖြစ်နိုင်မလား။
“ကျမ တာဝန်ကျရာ နေရာမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပေး သွားမှာပဲ။ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ခြင်း၊ မမျှော်လင့်ခြင်း ဆိုတာလည်း မရှိဘူး။ အဓိက ကျမရဲ့ Target ကတော့ ၂၀၁၅ မှာ ဖြစ်လာမယ့် အမတ်လောင်းတွေ အတွက် ကျမ ဘယ်လို ပံ့ပိုးပေးရမလဲ ဆိုတာ စဉ်းစား ပြင်ဆင်နေပါပြီ” လို့ ကြည်ဖြူသျှင်က ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အရင်ကတော့ ပါတီနိုင်ငံရေးကို စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဖခင်ဟာ တက္ကသိုလ် ကျောင်းသား ဘဝကတည်းက နိုင်ငံရေးလုပ်ခဲ့သူ၊ အိမ်ထောင်ကျပြီး နောက်မှာ ထောင်ကျခဲ့သူ၊ နောက်ပိုင်း အဖမ်းအဆီးတွေ များလာတာကြောင့် နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် မလုပ်တော့ ပေမယ့် နိုင်ငံရေးသမားတွေနဲ့ ဆက်သွယ်ပြီး အိမ်မှာ နိုင်ငံရေးစကားတွေ အမြဲ ပြောနေလေ့ရှိသူ ဖြစ်တဲ့အတွက် ဖခင်ရဲ့ သွေးက ကြည်ဖြူသျှင်ရဲ့ ကိုယ်ခန္ဓာထဲမှာ စီးဆင်းနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
“အမှန်အတိုင်း ပြောရရင် ကျမ ပါတီနိုင်ငံရေးကို စိတ်မ၀င်စားဘူး။ ဒါပေမယ့် နိုင်ငံရေး သမားတွေကို ချစ်တယ်၊ လေးစားတယ်၊ ကူလည်း ကူညီချင်ပေးတယ်။ ဘာကြောင့်လဲ၊ ကျမ အဖေကိုယ်တိုင်လည်း နိုင်ငံရေးသမား ဖြစ်ခဲ့လို့၊ အဖေ့ရဲ့ ဒီမျိုးဗီဇက ကျမမှာ ပါလာတယ်” လို့ သူက ဆိုပါတယ်။
ကြည်ဖြူသျှင်ဟာ ဒါရိုက်တာ တယောက် အနေနဲ့ ရပ်တည်ခဲ့ပေမယ့် အခုလို အထိုက်အလျောက် ပွင့်လင်းလာတဲ့ အချိန်မှာ တတ်နိုင်သမျှ နိုင်ငံရေး အ၀န်းအ၀ိုင်းထဲ ၀င်ပြီး နိုင်ငံရေးသမားတွေကို အကူအညီ ပေးတယ်၊ အဲဒီလို အကူအညီ ပေးခဲ့ရာကနေ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပါတီထဲ ဝင်ဖို့ ပြောလာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့ NLD ပါတီထဲ ဝင်ဖြစ်ခဲ့တာလို့ သိရတယ်။
“နောက်တခုက အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ စကားတခွန်းပေါ့လေ၊ ဘာလဲ ဆိုရင်  ကိုယ့်တိုင်းပြည် အတွက်၊ ကိုယ့်အတွက် … သမီး ဒီအချိန်မှာ အပင်ပန်းခံရမယ်၊ သမီး အရမ်းအလုပ်များတာ အမေသိတယ်၊ ဒါပေမယ့် တတ်နိုင်သမျှ သမီး ၀င်ပါပါလို့ဆိုတော့ အဲဒီစကား ကြောင့် ကျမ ၀င်ပါဖြစ်တယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
သူ့အနေနဲ့ ပါတီနိုင်ငံရေးကို စိတ်မဝင်စားခဲ့ဘူး ဆိုတာကတော့ သူဟာ အနုပညာသမားတဦး ဖြစ်တဲ့အတွက် လွတ်လပ်မှုကို မြတ်နိုးပြီး လွတ်လွတ်လပ်လပ် နေတတ်လို့၊ ပြီးတော့ ပါတီတခုထဲကို ဝင်လိုက်တာနဲ့ အဲဒီပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ချမှတ်ထားတဲ့ မူဘောင်တွေနဲ့ သူ ကိုက်ညီမှု ရှိပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“ဒါပေမယ့် တကယ်တမ်း ပါတီထဲ ၀င်လိုက်တဲ့ အခါမှာတော့ ကျမ ထင်သလို မဟုတ်ဘူး။ ကျမတို့ လွတ်လပ်စွာ ပြောလို့ ရတယ်၊ ညှိလို့ရတယ်၊ ပြောရမယ်ဆိုရင် ပါတီတွင်းမှာ ဒီမိုကရေစီ ဆိုတဲ့ လွတ်လပ်မှု၊ ကိုယ့်ရဲ့ အမြင်ကို လွတ်လပ်စွာ ဆွေးနွေးခွင့် အပြည့်အ၀ ရတယ်။ အခုအချိန်မှာတော့ ကျမ အနေနဲ့ ပါတီနိုင်ငံရေးကို နှစ်သက်သွားပြီ၊ သဘောကျသွားပြီ၊ နေသားကျသွားပြီ ပေါ့နော်” လို့ သူက ပြောပြပါတယ်။
သူ့ဝါသနာ ဖြစ်တဲ့ ဒါရိုက်တာ အလုပ်ကို မစွန့်လွှတ်ရဘူး၊ အမတ်လောင်းအဖြစ် ရွေးချယ်ခံဖို့ တာဝန်ပေးခြင်းလည်း ခံရမယ် ဆိုရင်တော့ ကြည်ဖြူသျှင်ဟာလည်း ၂၀၁၅ မှာ အရွေးချယ်ခံမယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်း တယောက် ဖြစ်လာနိုင်ပါတယ်။
“ကျမ ကတော့ နိုင်ငံရေး ဆိုတာ ကံတရားနဲ့ ဆိုင်တယ်၊ ဘယ်အလုပ်ဖြစ်ဖြစ်ပဲ ပေါ့လေ။ ကျမ ကိုယ့်ကိုယ်ကိုယ် မျှော်လင့် မထားဘူး။ ဒီလို ပါတီထဲ ရောက်သွားလိမ့်မယ်၊  ကျမ လုပ်နိုင်မယ်လည်း ထင်မထားဘူး။ ဒါပေမယ့် ကျမ လုပ်နိုင် လာတယ်။ ၂၀၁၅ အတွက် အမေစုရဲ့ ဘက်ကရော၊ ပါတီတွင်းက လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ရောပေါ့၊ ဘယ်လို စံနှုန်းတွေနဲ့ ပါတီ အမတ်လောင်း တွေကို ဘယ်လို ရွေးချယ်မလဲ၊ … ကျမသည်လည်း ဘယ်နေရာမှာ လုပ်ဆောင်ရမယ် ဆိုတာ မသိနိုင်ပါဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
မြန်မာပြည်မှာ အမျိုးသားအမျိုးသမီး ခွဲခြားဆက်ဆံမှု ရှိနေတုန်းပဲလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြ သလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသမီး၊ အမျိုးသား ခွဲခြားမှု ရှိနေသေးတယ်၊ တန်းတူညီမျှမှု မရှိဘူးလို့ အဲဒီ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ အဲဒီလို မထင်ပါဘူး။
“ကျမ ထင်တာကတော့ အစိုးရဌာနပိုင်း ဆိုင်ရာတွေမှာ ခွဲခြားမှု ပိုများမယ် ထင်တယ်။ အပြင်မှာတော့ အရည်အချင်းအပေါ် မူတည်ပါလိမ့်မယ်” လို့ ပြောပါတယ်။
သူကိုယ်တိုင်လည်း NLD ပါတီထဲဝင်ရောက် လုပ်ကိုင်တဲ့ အချိန်မှာ သူ့ထက် အသက်ကော၊ အတွေ့အကြုံပါ အများကြီး ကြီးရင့်သူ ယောက်ျား အများစုနဲ့ ရင်ဘောင်တန်းပြီး ကျရာတာဝန်ကို ထမ်းဆောင်ရာမှာ တာဝန်တွေက ကြီးလေးပေမယ့် အခက်အခဲ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။
“ဗဟိုကော်မတီဝင် အမျိုးသားကြီးတွေနဲ့ အတူ အလုပ်လုပ်ရတဲ့အခါ ကျမတို့အဖွဲ့တာဝန်ယူရတဲ့ အပိုင်းမှာ ကျမရဲ့ အကြံပေးချက်၊ စဉ်းစားချက်တွေကို လက်ခံစဉ်းစားပေးတာ တွေ့ရတယ်။ အမျိုးသမီးဆိုပြီး ခွဲခြားတာမျိုး မရှိပါဘူး” လို့ သူက ဆက်ပြောတယ်။
မြန်မာပြည်မှာ အမျိုးသမီး ဒါရိုက်တာတွေ ဘာကြောင့် အရမ်း နည်းနေသေးတာလဲ ဆိုတဲ့ ဧရာဝတီက မေးခွန်းကိုတော့ သူက အမျိုးသားတွေ အများစု ရှိတဲ့ ရိုက်ကွင်းထဲမှာ အမျိုးသမီး တယောက် အနေနဲ့ ဝင်တိုးဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မလွယ်တာ ကြောင့် ဖြစ်မယ်လို့ ဖြေပါတယ်။
“နိုင်ငံတကာမှာတော့ ဒါရိုက်တာ တယောက်အတွက် ပြည့်ဝကျွမ်းကျင်တဲ့ လေ့ကျင့် သင်ကြားပေးတဲ့ ကျောင်းတွေရှိတယ်။ ကျမတို့ ဆီမှာ မရှိဘူး။ ရှိတဲ့ သင်တန်းကျောင်းတွေ ကလည်း အမှန်တိုင်း ပြောရရင် လုံးဝ အဆင့်မမီဘူး။ အဲဒီမှာ ကျမတို့ဟာ လက်တွေ့ကနေ သင်ယူရတယ်။ ကျမတို့ဆီမှာ ရှိတဲ့ ဒါရိုက်တာ တွေထဲမှာ ကျမရှိတယ်၊ အိအိခိုင်ရှိတယ်။ အောင်မြင်တဲ့ အမျိုးသမီးတွေ ထဲမှာ မျိုးရိုးကနေ ဖြစ်လာတာပါ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆက်ပြောပါတယ်။
အဖိုး အဖွား မိဘတွေက ဒါရိုက်တာတွေ ဖြစ်နေတာကြောင့် သားသမီး၊ မြေးတွေဖြစ်တဲ့ သူတို့တတွေက ရိုက်ကွင်းတွေနဲ့ မစိမ်းတာ၊ ကြောက်ရွံ့စိတ် ကင်းခဲ့ကြတာပါ။
“စက်အဖွဲ့လည်း မကြောက်တော့ဘူး။ ကျမ သင်ချင်တယ်၊ လိုချင်တယ် ဆိုရင် သူတို့ သင်ပေးတယ်။ အချင်းချင်းကြားမှာ ခွဲခြားတာ မဟုတ်ဘူး။ ဒါပေမယ့် အစိမ်းသက်သက် တယောက်အနေနဲ့ သူ့မိဘက ထုတ်လုပ်သူအနေနဲ့ ရပ်တည်ပေးမလား၊ ဒါမျိုးလည်း ရှိသေးတယ်။ ကျမ ဒါရိုက်တာ ဖြစ်လာတယ် ဆိုတာ ကျမ အတွက် ငွေထုတ်ပေးတဲ့ သူတွေရှိတယ်။ ဆိုတော့ မိဘရဲ့ ပံ့ပိုးမှုနဲ့လည်း ဆိုင်တယ်” လို့ သူက ရှင်းပြပါတယ်။
အပြင်လူ တယောက်အနေနဲ့ ကတော့ အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ ရိုက်ကွင်းအလယ်မှာ ဝင်ဆံ့ဖို့ ခက်ခဲမယ်လို့ သူက ဆိုပါတယ်။
“ကျမတို့ ကျတော့ အမေက ဒါရိုက်တာ တယောက်လည်း ဖြစ်တယ်၊ ဇာတ်ညွှန်းရေး ဆရာလည်း ဖြစ်တယ်၊ ငွေရှင်လည်း ဖြစ်တဲ့ အခါမှာ ငါ့သမီးသည် ဒါရိုက်တာ ဖြစ်နိုင်ခြေရှိတယ်။ သူ့ကို ငါ မြေတောင်မြှောက်ပေးရင်လည်း ဖြစ်တယ်လို့ သိတဲ့ အတွက်ကြောင့် ကျမလည်း ဖြစ်လာတာ။ ဒါရိုက်တာ အိအိခိုင်ဆိုလည်း မျိုးရိုးရှိတယ်။ ဆိုတော့ မျိုးရိုးမရှိသူတွေ အတွက် ၀င်တိုးတဲ့ အခါ ဘယ်သူတွေက ယုံယုံကြည်ကြည်နဲ့ ပေးမှာလဲ။ အမျိုးသမီး တယောက်ဟာ နိုင်ငံခြားက Directing နဲ့ ဘွဲ့ရလာတယ်၊ ဒါမှမဟုတ် သူ့မှာ ဒါရိုက်တာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ပြည့်ဝနေတယ် ဆိုရင်တော့ ငွေရှင်တွေက ထုတ်ပေးမှာပဲ။ အဲဒါလည်း ကျမတို့ တိုင်းပြည်နဲ့ ဆိုင်တယ်” လို့ သူက ပြောပြပါတယ်။
ဒါရိုက်တာဆိုတာကို နိုင်ငံတကာမှာ ရိုက်ကွင်းရဲ့ ဘုရင်လို့ တင်စားကြပါတယ်။ ကြည်ဖြူသျှင်ဟာလည်း ဇာတ်ကားပေါင်း များစွာ ရိုက်ကူးနေတဲ့ ဒါရိုက်တာ တယောက် ဖြစ်တာကြောင့် ရိုက်ကွင်းရဲ့ ဘုရင်၊ ရိုက်ကွင်း တခုလုံးရဲ့ ခေါင်းဆောင်၊ ပဲ့ကိုင်သူလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲဒီလို ကဏ္ဍတခုရဲ့ ခေါင်းဆောင်တယောက် ဖြစ်ဖို့ သင်တန်းပေးတာနဲ့ ဖြစ်နိုင်တယ် ဆိုတာ ကိုတော့ သူက မယုံကြည်ပါဘူး။
“ကျမကတော့ အမျိုးသမီးတွေကို Leader စိတ်ဖြစ်လာအောင် သင်တန်းပေးတယ် ဆိုတာထက်၊ အမေစု ပြောသလိုပဲ မိဘရဲ့ Control က အရမ်း အရေးကြီးတယ်။ ကျမ အမေဆိုရင် ကျမကို လွှတ်ပေးတယ်၊ လွှတ်ပေးတယ် ဆိုတာ Guide Line ချပေးတယ်။ အမေ ဆိုရင် ကျမကို သတ္တိရှိအောင်၊ လုပ်ရဲအောင်လုပ်ပေးတယ်။ အမေက ပြောတယ် ငါ့သမီး ပြင်မရတဲ့ အမှားက လွဲလို့ သမီး ကြိုက်တာလုပ်။ ပြင်မရတဲ့ အမှားကိုတော့ မလုပ်နဲ့ … ဆိုတော့ ကျမ သတ္တိရှိရှိလုပ်တယ်။ အခက်အခဲ ရှိတဲ့ အခါ ကျမ အမေကို ရင်ဖွင့်တယ်။ အမေက ငါ့သမီး လုပ်သာလုပ်၊ ဖြစ်ရမယ်လို့ ပြောတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
သူ့ရဲ့ အောင်မြင်မှုတွေ အပေါ်မှာ မိခင်ဖြစ်က ဂုဏ်ယူတယ်၊ ဒီသမီးရဲ့ အမေဖြစ်ရတာလည်း ဂုဏ်ယူတဲ့အတွက် သူ့ရဲ့ ပင်ပန်းမှုတွေက အမေဖြစ်သူရဲ့ စကားကြောင့် အားဆေး ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။
“ကျမတို့ နိုင်ငံမှာ အောင်မြင်တဲ့ အမျိုးသမီး ဖြစ်စေချင်ရင် မိဘတွေက သမီးတွေကို ဖွင့်ပေးရမယ်။ အားပေးရမယ်။ ကျမ အပါအ၀င် ဖြူဖြူကျော်သိန်းတို့၊ ဆရာမ တင်မိုးလွင်တို့နဲ့ စကားပြောကြည့်တဲ့ အခါ သူတို့ အမေတွေ အရမ်းတော်လို့ ဆိုတာ သိရတယ်။ သူတို့ရဲ့ Leader တွေလို့ ပြောတယ်။ သူတို့ အမေတွေကြောင့် သူတို့ အောင်မြင်လာတယ်လို့ ပြောကြတယ်။ နောက်တယောက် ကျမသိတဲ့ အမတ်ပေါ့လေ၊ ဒေါက်တာ လှမြတ်သွေးပါ။ သူဆိုရင် သူ့အဖေက သူ့ကို သမီးလို့တောင် မသတ်မှတ် ဘူး၊ ယောက်ျားလေး တယောက်လိုပဲ Train ပေးတယ်။ ကျမထင်ပါတယ် အမျိုးသမီး ခေါင်းဆောင်တွေ ဖြစ်ဖို့အတွက် မိဘတွေက အရေးကြီးပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
မိန်းကလေးတယောက် သူကျင်လည်ရာ ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့၊ တော်ဖို့ ဆိုရင် သင်တန်းတက်ရုံနဲ့ မရဘူး၊ မိဘတွေရဲ့ ပျိုးထောင်ပေးမှုက အရမ်းကို အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။
“ဥပမာ – သင်တန်းကျောင်းက သင်ပေးလိုက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာတယ် ဆိုပေမယ့် အိမ်ကျတော့ အမေက နင်လုပ်နေတာက မဖြစ်နိုင်ပါဘူး၊ လုပ်မနေပါနဲ့လို့ ပြောလိုက်တာနဲ့ တက်ကြွမယ့် စိတ်တွေကို ရိုက်ချိုးပစ်လိုက် သလိုပဲ။ မိသားစုရဲ့ အားပေးမှုက အရမ်း အရေးကြီးတယ်။ ကျမတို့ နိုင်ငံမှာ အမျိုးသမီးကောင်းတွေ ဖြစ်ဖို့ကို ပထမအဆင့် သူတို့ကို မိသားစုက အားပေးပါ၊ ပြီးတဲ့ အခါမှာ ဒီအမျိုးသမီးအတွက် အထောက်အပံ့ဖြစ်စေတဲ့ သင်တန်းတွေ ပို့ချပေးပါ။ မိသားစုက အားမပေးရင် ဒီမိန်းကလေးဟာ ဘယ်တော့မှ မတက်လာဘူး” လို့ သူက ဆိုပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်က သူနဲ့ ရွယ်တူတွေ၊ သူ့ထက် ငယ်တဲ့ မိန်းကလေးတွေ အတွက် စကားလက်ဆောင် အနေနဲ့ မဖြစ်နိုင်ဘူး ဆိုတဲ့ စိတ် ဘယ်တော့မှ မထားပါနဲ့လို့ ပြောပါတယ်။
“ကိုယ့်ထက် တော်တဲ့သူတွေ၊ တတ်တဲ့သူတွေ၊ ကိုယ့်ထက် အရမ်းမြင့်မားတဲ့ သူတွေ လုပ်တာ ဖြစ်မသွားခဲ့ဘူး၊ ဒါပေမယ့် ကိုယ့်အလှည့်မှာ ဖြစ်ချင်ဖြစ်သွားလိမ့် ဆိုတဲ့ စိတ်ကို ထားရမယ်” လို့ သူက ဆက်ပြောပါတယ်။
သူ့အနေနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတဲ့ စကားကို လက်မခံဘူးလို့လည်း ဆိုပါတယ်။
“တခါတလေကျရင် ကျမကို နင့်ထက်သာ၊ နင့်ထက်တော်၊ နင့်ထက် တတ်တဲ့သူတွေတောင် မဖြစ်တာ၊ နင်က ဘယ်လို ဖြစ်မှာလဲလို့ ပြောတဲ့အခါ ငါ့အလှည့်ကျရင် ဖြစ်ချင်ဖြစ်သွားမှာ ပေါ့လို့ ပြောလိုက်တယ်။ ကျမ အခု မဖြစ်ခဲ့ဘူးဆိုရင် နောက်တမျိုးနဲ့ ဖြစ်အောင် လုပ်တယ်။ ကျမက ကြာကြာ ကြေကွဲ မနေတတ်ဘူး၊ ကိုယ့်အရှုံးကို တမြေ့မြေ့ မခံစားနေ တတ်ဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
သူ စိတ်ဓာတ်ကျတဲ့အခါ တရက်ပဲ ကြာတတ်ပြီး တညအိပ်လိုက်တာနဲ့ နောက်တနေ့ဟာ သူ့အတွက် ဘ၀သစ် နေ့သစ်ပဲလို့လည်း သူက ဆိုပါတယ်။
“ကြည်ဖြူရှင်ကို ကြည့်ရတာ ဘယ်တော့မှ မရှုံးနိမ့်ဖူးဘူးလို့ ထင်ကြတယ်။ ကျမသည် ရှုံးနိမ့်ခဲ့ဖူးတယ်၊ အမှားတွေ တွေ့ကြုံခဲ့ဖူးတယ်၊ ပြောင်းတာ မြန်လွန်းလို့ ကျမ ရှုံးနိမ့်လိုက်ကြောင်း မသိလိုက်ဘူး။ ပြောချင်တာက လူဆိုတာ အမှားမကင်းဘူး၊ လဲမှာပဲ။ လဲတဲ့အခါ ချက်ချင်း ပြန်ထနိုင်ဖို့ အရေးကြီးတယ်” လို့ ကြည်ဖြူသျှင်က သူ့ခံယူချက်ကို ရှင်းပြပါတယ်။
ကမ္ဘာ အရပ်ရပ်က အမျိုးသမီး လွှတ်တော်အမတ်တွေ စုစည်းနေတဲ့ ခန်းမကြီးမှာ ဆွေးနွေးသံတွေ၊ အမေး အဖြေသံတွေနဲ့ လွှမ်းနေခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က အမျိုးသမီး လွှတ်တော် အမတ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို အားပါးတရ ရှင်းပြနေကြတာပါ။
မြန်မာပြည်က အမျိုးသမီး လွှတ်တော် အမတ်တွေတင် မကဘဲ၊ နိုင်ငံတကာက အမျိုးသမီးအမတ်တွေမှာလည်း သူတို့နည်း၊သူတို့ဟန်နဲ့ အခက်အခဲတွေ ရှိနေကြတယ် ဆိုတာကို ဒီဆွေးနွေးပွဲ တက်ခြင်း အားဖြင့် သိလိုက်ရတယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
“မတူတဲ့ ပါတီတွေက အမျိုးသမီးအချင်းချင်း ရင်းနှီးမှု ရတယ်။ တွေ့ဆုံခွင့်ရတယ်။ အမြင်တွေ ဖလှယ်ခွင့်ရတယ်။ ရှေ့ဆက်ပြီး နိုင်ငံရေးနဲ့ ဆက်စပ် လုပ်ကိုင်တဲ့အခါ တဦးနဲ့ တဦး စိမ်းမနေဘဲ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ဖို့ အခွင့်အလမ်းရတယ်လို့ ကျမ ထင်တယ်။ နောက်တခုက နိုင်ငံတကာ အမျိုးသမီးအမတ်တွေ ပြောတာကို သိရတော့ သြော် သူတို့လည်း ငါတို့လိုပဲ ဒုက္ခရောက် အခက်အခဲတွေ တွေ့ရပါလား၊ ငါတို့လည်း စိတ်ဓာတ်ကျစရာ မလိုဘူးလို့ သိမြင်ရတယ်” လို့ သူက ဆက်ပြောတယ်။
အမျိုးသမီး အခွင့်အရေး တောင်းဆိုနေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုနေတဲ့ မြန်မာပြည်က လွှတ်တော်ထဲမှာ အမျိုးသမီး ၃၀ ရာခိုင်းနှုန်း ပါဝင်ခွင့်ရသင့်တဲ့ အချက်ကိုတော့ ကြည်ဖြူသျှင်က အပြည့်အဝ သဘောမတူဘူးလို့ ဆိုပါတယ်။
“ကျမကတော့ အရည်အချင်းနဲ့ ရတာကိုပဲ ကြိုက်တယ်။ ခွဲတမ်းနဲ့ ဘယ်လောက် ဘယ်လောက် ရရမှာမို့လို့ ပေးတယ် ဆိုတာ ကိုတော့ မလိုချင်ဘူး” လို့ သူ့ ခံယူချက်ကို ပြောပြပါတယ်။
Read more →

Friday, October 4, 2013

“သမ္မတ အရည်အချင်း ပြင်ဖို့ လက်မခံ ဟု တစည ပါတီ ၏ ဗဟိုကော်မတီ ၀င် ဦးဟန်ရွှေ ပြော

,

အောင်ဆန်းစုကြည်
ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး အခြေခံ ဥပဒေကို လေ့လာသုံးသပ်ရေး လုပ်ဆောင်နေချိန် လွှတ်တော်တွင် အမတ်  ၁၇ နေရာ ရရှိထားသော မြန်မာဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ အမွေခံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလည်း အခြေခံဥပဒေနှင့် ပတ်သက်သော သဘော ထား များကို တရားဝင် ထုတ်ဖော် ပြောဆိုလာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင်  သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ရန် မသင့်ဟု ထုတ်ဖော်ပြောဆိုလာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟို ကော်မတီဝင် ဦးဟန်ရွှေကို ဧရာဝတီသတင်းထောက် စနေလင်းက တွေ့ဆုံမေးမြန်းထားသည်။
မေး။     ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေနဲ့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘယ်အချက်တွေကို အဓိက ပြင်ချင်လဲ။
ဖြေ။     ။ အဓိက ပြင်ဆင်ရမှာက တိုင်းရင်းသားတွေ အပါအ၀င် တမျိုးသားလုံးအတွက် မဟာဗျူဟာဖြစ်နိုင်မယ့် အချက် အလက် တွေကို ပြင်ဆင်ဖို့လိုမယ်လို့ ပါတီရဲ့ ကြေညာချက်မှာ ပါတယ်။ ရှင်းအောင်ပြောရရင်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ ၉၆ က ပြည်ထောင်စုကနေ လုပ်ရမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာတွေ။  ပုဒ်မ ၁၈၈ က တိုင်း ဒေသကြီး၊ ပြည်နယ်တွေက လုပ်ရမယ့် အာဏာခွဲဝေရေး ကိစ္စ။ ပုဒ်မ ၂၅၄ တို့မှာလည်း ဒီအတိုင်းပဲ။
ဒီနေ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတဲ့ ရှုထောင့်ကနေ ပြန်ကြည့်မယ်ဆိုရင် ဒါတွေက လက်တွေ့မကျတဲ့ အခြေ အနေ တွေပါ။ အာဏာ ခွဲဝေရေး လုပ်တဲ့နေရာတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် နည်းနေတယ်။ ဗဟိုကပဲ တော်တော် များများ ချုပ်ကိုင်ထားတယ်။ အဲဒါကို ပြန်ပြင်ဖို့လိုမယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ပေးဖို့လိုမယ်။
ပြည်နယ် နဲ့တိုင်း တွေကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေ ပိုပေးဖို့လိုမယ်။ ဒါတွေလုပ်မှ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တွေကို လုပ်ဖို့ အထောက်အကူပြုမယ်။ အပစ်အခတ် ရပ်စဲရေး၊ လုံးဝငြိမ်းချမ်းရေး အလုပ်တွေ ရှိနေတဲ့အတွက် ဒါတွေက အရေးကြီး တယ်။ ဒါတွေကို ပြင်လိုက်ရင် အပစ်ရပ်တာ၊ ငြိမ်းချမ်းရေး လုပ်တာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တာ တွေကို အထောက် အကူပြုမှာ။
မေး။     ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ပြန်ရေးဆွဲမယ်လို့ တိုင်းရင်းသားအင်အားစုတွေက ပြောနေပါပြီ။ အဲဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။     ။ ကိုယ့်စိတ်ကြိုက်၊ ကိုယ့်သဘောနဲ့မတွေ့တိုင်း တစ် ကနေပြီး ပြန်စနေရင် လိုရင်းကို ရောက်တော့မှာ မဟုတ်ဘူး။ ဒီထဲမှာ ပြင်လို့မရနိုင်ဘူးလား။ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြင်ရင်း၊ ပြင်ရင်းနဲ့ ဆုတ်ပစ်လိုက်ပြီး အသစ်ပဲ လုပ်ရင် မကောင်းဘူး လားလို့ ပြောတာတွေရှိပါတယ်။ အဲဒီလို လူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံချည်စုတ်လောက်ပဲ သဘောထား နေကြတာလား။ ဒါက လက်တွေ့ကျတဲ့ ဥပမာတွေ မဟုတ်ပါဘူး။ အခုမှ ၂ နှစ်ခွဲ လောက် ပဲရှိသေးတယ်။
ဒါကိုအသစ်ပြန် လုပ်ဆိုတာ လက်တွေ့ကျတဲ့ နည်းလမ်းမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဖို့ ဘယ်လောက် ကြာမလဲ၊ အချိန်ဘယ် လောက်စောင့်ရမလဲ၊ ကြားကာလ တခုစောင့်ရဖို့ မလိုဘူးလား။ ဒီကြားကာလမှာ ဘယ်သူက
တာဝန်ယူမှာလဲ။ ကျနော်တို့ တိုင်းပြည်မှာလည်း အကူးအပြောင်းကာလတွေဆိုတာ များလာပြီ။ အဲဒါကြောင့် ကျနော်တို့က သဘောမတူတာ။
မေး။     ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ သမ္မတရဲ့ အရည်အချင်း ပြဋ္ဌာန်းချက်ကို  ပြင်ဆင်ဖို့ တောင်းဆိုမှုတွေလည်းရှိ နေပါတယ်။  တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ရော ဒီအချက်ကို ပြင်ဖို့ သဘောထားရှိပါသလား။
ဖြေ။     ။ သမ္မတအရည်အချင်း သတ်မှတ်ချက် ပြင်ဖို့ သဘောမတူဘူး။ အမျိုးသားညီလာခံမှာ သေချာညှိနှိုင်းပြီးတော့ ဆွေးနွေးခဲ့တဲ့ ဟာတွေပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတကို တိုက်ရိုက်ရွေးရတာ မဟုတ်ဘူး။ လွှတ်တော်ထဲကနေ တဆင့် ရွေးရတာ။ တိုက်ရိုက် ဆိုလို့ တပ်က ကိုယ်စားလှယ်တွေက သမ္မတလောင်း ၁ ဦးပဲ တပ်ဘက်က ပေးတာ။ တနည်း အားဖြင့် ပြည်သူ တွေက လွှတ်တော် ကိုယ်စားလှယ်ကို ရွေးချယ်ပေးရတယ်၊ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး ပေါင်းပြီးတော့မှ သမ္မတကိုရွေးပေး တယ်။ အရည်အချင်းသတ်မှတ်တာမှာ လွှတ်တော်ကိုယ်စားလှယ်ကို အရည် အချင်း တခုသတ်မှတ်ရတယ်။
လွှတ်တော်က နေ တဆင့်ရွေးတဲ့ နိုင်ငံရဲ့ အကြီးအကဲတွေဖြစ်တဲ့ သမ္မတ၊ ဒုတိယသမ္မတတွေကို အရည်အချင်းတခု သတ်မှတ် ရတယ်။ သူတို့က နိုင်ငံရဲ့ သင်္ကေတတွေ၊ ပြယုဂ်တွေ။ သိပ်အရေးကြီးတယ်။ သူလိုငါလိုမဟုတ်ဘူး။ နိုင်ငံတော် အကြီး အကဲ ဆိုတာ လွှတ်တော် ကိုယ်စားလှယ်အရည်အချင်းထက် တဆင့်တက်လိုက်ပြီးတော့ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး၊ ခင်ပွန်း၊ မိမိ၏တရားဝင် သားသမီးတဦးဦး သော် လည်းကောင်း၊ ထို တရားဝင် သားသမီးတ ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ လက်အောက် ခံ၊ ကျေးဇူး သစ္စာခံ၊ တိုင်းတပါး၏နိုင်ငံသား မဖြစ်စေရလို့ ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ အကြီး အကဲ ဖြစ်တဲ့ အတွက် ကြောင့်ပဲ။ ဒီဥစ္စာက သမိုင်း ကြောင်းရှိတယ်။
လွတ်လပ်ရေး မရခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့ လုပ်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ် ရေးရပြီးရင် နိုင်ငံကို နိုင်ငံရေး သြဇာသော် လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း လွှမ်းမိုး ချုပ်ကိုင် သြဇာသက် ရောက်မှာ သိပ်ကြောက်တယ်။  ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာထဲက သတ်မှတ်ထားခဲ့တာ။ ဟိုတုန်းထဲက သတ်မှတ် ထားခဲ့တာ။ ဒါ့ကြောင့်မိုလို့ အခု ရေးဆွဲထားတဲ့အတိုင်းပဲ ဆက်သွားသင့်တယ်လို့ ခံယူထားတယ်။
မေး။     ။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ အဖြစ် ရွေးချယ်ခံခွင့် ရသင့်တယ်။  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဲဒီလို ရွေးချယ်ခံခွင့်မရခဲ့ရင်  မြန်မာ့ဒီမိုကရေစီက တမျိုး ဖြစ်နိုင်မယ်ဆိုတဲ့ သုံးသပ် ဝေဖန်တာ တွေလည်း ရှိတယ်။  အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။     ။ ဒီဟာမပြောင်းလဲဘူး ဆိုရင်တော့ သမ္မတဖြစ်ဖို့ သတ်မှတ်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ငြိစွန်းနေတာပဲ။ ဒါက ကျနော်တို့ နိုင်ငံရဲ့ အချုပ် အခြာအာဏာနဲ့ ဆိုင်တဲ့ဟာပဲ။ နိုင်ငံခြားက လွှမ်းမိုးလို့ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက် လို့ မရဘူး။ ပွင့်ပွင့်လင်းလင်း ပြောကြရရင် အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ညှိနှိုင်းကြစဉ်က ဒေါ်အောင်ဆန်းစုကြည်က  အသိအမှတ် မပြုဘဲ၊ အယုံ အကြည် မရှိဘဲ အမျိုးသားညီလာခံကနေ နုတ်ထွက်သွားတယ်။ အဲဒီအချိန်တုန်းက သူ ကိုယ်တိုင် သမ္မတ ဖြစ်ချင်ပါ တယ် ဆိုတဲ့ ဆန္ဒလည်းမရှိသေးဘူး။
အဲဒီ အချိန်ထဲက ဆွဲခဲ့ကြတာ။ အခုချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလုပ်တဲ့ ရွေးကောက်ပွဲ နဲ့ နိုင်ငံရေးထဲ ၀င်လာပြီ ဆိုတဲ့ အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံတယ်ဆိုတဲ့ သဘောပါလာတယ်။ ဒီနှစ်ပိုင်း အတွင်းမှ သမ္မတ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ် ပေါ်လာတာ။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို နိုင်ငံတကာကသာ အသိအမှတ် မပြုဘူးဆိုရင် အခု ဦးသိန်းစိန် အစိုးရကို နိုင်ငံတကာက ဘယ်လက်ခံပါ့မလဲ။ စီးပွားရေးပိတ်ဆို့ထားတာတွေကို ဘယ်လိုလုပ် ဖြေလျှော့မလဲ။
နိုင်ငံတကာနဲ့ ဆက်ဆံနေ တာတွေနဲ့ အနီးစပ်ဆုံးပြောရရင် လာမယ့်နှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တော့မယ်။ ပင်စည်ကိုသာ လက်ခံလို့ရှိရင် အကိုင်းအခက်တွေ ပြောစရာလိုသေးလား။ ကျနော်တို့က ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ မဟုတ်ပါဘူး။ သူ့ရဲ့ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲတာတွေ အများကြီး အသိအမှတ် ပြုလက်ခံပါတယ်။ ဘာပြဿနာမှ မရှိဘူး။ အဲဒါက ပုဂ္ဂိုလ်ရေးအရပဲ။ တခြားနိုင်ငံတွေမှာလည်း နိုင်ငံရဲ့ အကြီးအကဲနဲ့ ပတ်သက်လို့ သားသမီးတွေ၊ ဇနီးတွေနဲ့ ပတ်သက်လို့ သတ်မှတ်တာတွေ အများကြီးရှိနေတာပဲ။ ဒီလို အရည်အချင်း သတ်မှတ်ထားတာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ကို ရည်ရွယ်သတ်မှတ် ထားတာလို့ တချို့က ပြောကြတာ တွေရှိတယ်။
လောလောဆယ်မှာ တောင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေဆိုရင် ဒီဟာ ကြောင့် ထိပြီး သွားပြီ မဟုတ်လား။ နောက် ဥပမာတခု ပြောရရင် ဆရာကြီး ဦးသိန်းဖေမြင့် ပြောခဲ့ဖူးတာပါ။ အဲဒီအချိန် က ဦးသိန်းဖေမြင့်တို့က ဗိုလ်တထောင် သတင်းစာ မှာ အယ်ဒီတာချုပ်လုပ်နေတဲ့အချိန်၊ ဦးလောရုံတို့က နေရှင်းသတင်းစာ လုပ်တယ်။ ဦးလောရုံတို့က စာနယ်ဇင်း ကောင်စီကို ချုပ်ကိုင်ထားတယ်။ ဗိုလ်တထောင်သတင်းစာနဲ့ စာနယ်ဇင်းကောင်စီနဲ့ ပြဿနာ ဖြစ်ကြတယ်။ တော်လှန်ရေး ကောင်စီကလည်း တက်ခါစအချိန် သတင်းစာက ရေးသားတာနဲ့ ပတ်သက်ပြီး ဥပဒေကို ထိခိုက်လာတဲ့အခါမှာ အရေးယူ တာ  ရှိခဲ့တယ်။
အဲဒီဟာကိုအကြောင်းပြုပြီး သပိတ်မှောက်ကြတယ်။ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ ဘာမှမရေးဘဲ အမည်းကွက်ကြီး လုပ်တယ်။ အဲဒီအချိန်မှာ ဦးသိန်းဖေမြင့်ပြောတာက “တည်ဆဲဥပဒေက ရှိနေပြီးသား ဖြစ်တော့ ဒါကို လိုက်နာ ရမယ့်တာဝန်က နိုင်ငံသားတွေရဲ့ တာဝန်ပဲ။ ဥပဒေဖောက်ဖျက်လို့၊ ဥပဒေစည်းကျော် လို့ရှိရင် အရေးယူခံရမယ် ဆိုတာ နိုင်ငံသားတိုင်း သိနေတာပဲ။ အဲဒါကြောင့်အရေးယူခံရတာကို ဘာလို့ မျက်နှာဖုံးတွေမှာ အမည်း တွေ လုပ်နေ တာလဲ။ ကိုယ့်မှာ အပဲ့ရှိလို့ ဆားထိတဲ့အခါ စပ်တာဟာ ဆားရဲ့အပြစ်မဟုတ်ဘူး” လို့ ဥပမာပေး ပြောသွားတယ်။ ပြောချင်တာ ကတော့ အဲဒါပါပဲ။
မေး။     ။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ မဖြစ်ရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲက ဝေဖန်စရာ ဖြစ်မယ်လို့  သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ သဘောထားလေး တိတိကျကျ သိချင်ပါတယ်။
ဖြေ။     ။ အဲဒီကိစ္စ ကျယ်ကျယ်ပြန့်ပြန့်ပြောချင်တယ်။ ကျနော်တို့ တိုင်းပြည်မှာ ဟိုးတုန်းထဲက ပြောခဲ့ကြတာ “တို့လုပ်မှ လွတ်လပ် ရေးစစ်တယ်၊ တို့လုပ်မှ ကွန်မြူနစ် စစ်တယ်၊ တို့လုပ်မှ ဆိုရှယ်လစ်စစ်တယ်၊ တို့လုပ်မှ ဒီမိုကရေစီ စစ်တယ်” လို့ပြောခဲ့ကြ တယ်။ အဲဒီလိုနဲ့ နှစ် ၆၀ ပြည်တွင်းစစ်တွေ ဖြစ်ခဲ့ကြတာပဲ။ အခုလည်း ဒီမိုကရေစီအင်အားစုတွေက အားလုံး ပါဝင်တဲ့ ဖြစ်စဉ် လို့ ပြောနေကြပေမယ့် “တို့လုပ်မှ ဒီမိုကရေစီ” “တို့လုပ်မှ လွတ်လပ်ရေးစစ်တယ်၊ ပြည်ထောင်စုစစ်တယ်” နဲ့ အကြောင်းအရာထက်ကို “တို့” က ရှေ့ရောက်နေတယ်။ အဲဒါက နိုင်ငံရေးမှာလွဲမှားတဲ့အချက်ပဲ။ အဲဒီစကားနဲ့ပဲ ဒီလိုဝေဖန်နေတဲ့သူတွေကို ပြောချင်ပါတယ်။     ။

Read more →

Wednesday, October 2, 2013

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းနှင့် တွေ့ဆုံခြင်း

,

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းနှင့် တွေ့ဆုံခြင်း မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် လွန်စွာ အရေးကြီးသည့် လုပ်ငန်း တစ်ရပ်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု အသီးသီး ထောက်ပြ ပြောဆိုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲပြင်ဆင်ရေးနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို မေးမြန်းထားသည် များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice : ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒ သဘောထားကို ပြောပြပေးပါ။
UYH : ကျွန်တော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ထားရှိတဲ့ သဘောထား ဆိုတာထက် ကျွန်တော့် ထင်မြင်ယူဆချက်ကိုပဲ ပြောပါရစေ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယ အပတ်ထဲက တောင်ကြီးမြို့မှာ ကျွန်တော်တို့ပါတီက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေ ဆွေးနွေးကြတယ်။ အဓိကကတော့ အခြေခံဥပဒေ ပြင်ဆင်ဖို့ လေ့လာ သုံးသပ်ရေး ကော်မတီမှာပါတဲ့ ကျွန်တော်တို့ပါတီက အဖွဲ့ဝင်လေးဦးကို အချက်အလက်တွေ စုဆောင်းပေးတဲ့ အစည်းအဝေးပေါ့။ အဲဒီမှာ ကျွန်တော် နားလည်လိုက်တဲ့ သဘောထားကတော့ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲခြင်းထက် ပြင်ဆင်ဖြည့်စွက် အသုံးပြုခြင်းက နိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ပိုမိုကောင်းမွန်တယ်။ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဝိုင်းဝန်းကြိုးစား ရာမှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေးမှာ တိုးတက် ကောင်းမွန်လာနေတဲ့ အပြန်အလှန် ယုံကြည်မှုကို မထိခိုက်စေရန်။ (၃) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဓိက ရည်မှန်းချက်အဖြစ် ထားရှိသင့်တဲ့ ကိစ္စဟာ တိုင်းရင်းသားတိုင်း တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် ရှိရေးတို့အပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပီပြင်ရေး စတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်သုံးချက်ဟာ ပါတီရဲ့ အမြင်ဖြစ်တယ်လို့ ကျွန်တော်မှတ်ယူပါတယ်။
Voice : တောင်ကြီးမှာ လုပ်ခဲ့တဲ့ မွန်၊ ရှမ်း၊ ကယားညီလာခံမှာ အခြေခံဥပဒေပြင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးနှစ်မျိုး ပြောထားပါတယ်။ ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် ဘယ်လမ်းက ပိုပြီးသင့်တော်မလဲ။ ဘာကြောင့်လဲ ဆိုတာကော နည်းနည်းလောက် ရှင်းပြပါလား။
UYH : ဒီနေ့ တိုင်းပြည် အခြေအနေ အရဆိုရင် အသစ်ပြန်လည် ရေးဆွဲတာထက် တိုင်းပြည် တည်ငြိမ်ပြီး ကြီးပွားတိုးတက်ဖို့အတွက် လိုအပ်တယ်လို့ ဘုံသဘောတူ ယူဆထားချက်တွေကို ပြင်ဆင် အသုံးပြုတာက ပိုကောင်းပါတယ်။ ယခု ဘုံသဘောမတူနိုင်သေးတဲ့ အချက်တွေကို ခဏထားလိုက်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ တပ်မတော်က ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းပြီး တောက်လျှောက် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာခဲ့ရာက တပ်မတော် စိတ်ကြိုက် နိုင်ငံနဲ့ သင့်တော်မယ်လို့ သူတို့ယူဆတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အုပ်ချုပ်လာတာ ၂ နှစ်ခွဲကျော်ကျော်ပဲ ရှိပါသေးတယ်။ တချို့ကိစ္စတွေမှာဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော်လည်း လက်တွေ့မှာ မကျင့်သုံးသေးတာမျိုးတွေ ရှိနေလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်လား၊ လက်တွေ့ အကောင်အထည် ဖော်နေသူတွေရဲ့ အားနည်းချက်ကြောင့်လားဆိုတာ အသေအချာ မပြောနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေကို စပွန်ဆာလုပ်ခဲ့တဲ့ တပ်မတော်ဟာ ကနေ့မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးမှာ အဓိကအင်အားစု တစ်ရပ်အနေနဲ့ ရှိမြဲ ရှိနေပါသေးတယ်။ ကနေ့သွားနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ တကယ်တော့ စစ်ဘက်-အရပ်ဘက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးပဲဖြစ်လို့ အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရေးကို ထိပ်တန်း တင်လိုက်ရင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်။ [[[[[[[[[[[[[[[[[[[[ Voice : အသစ်ပြန်ရေးမယ် ဆိုတဲ့အခါ နိုင်ငံရဲ့လက်ရှိသွားနေတဲ့ လမ်းကြောင်းနဲ့ အနာဂတ်ကို ဘယ်လို အကျိုးသက်ရောက် နိုင်မလဲ။
UYH : နိုင်ငံ လက်ရှိသွားနေတဲ့ လမ်းကြောင်းက စစ်ဘက်-အရပ်ဘက် ယုံကြည်မှု တည်ဆောက်ရေး၊ တစ်နည်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေး။ အဲဒီမှာ အဓိကဦးဆောင်တဲ့ အင်အားစုက တပ်မတော် ဖြစ်နေသေးတယ်။ အဲဒီအင်အားစုက နားလည် သဘောပေါက်လာအောင် လုံလောက်တဲ့ အချိန်နဲ့ လက်တွေ့ ဖြတ်သန်းမှု တစ်စုံတစ်ရာ မလုပ်ရသေးခင်မှာ သူတို့ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဘေးချိတ်လိုက်ပြီး အသစ်ပြန်လည် ရေးကြစို့လို့ပြောရင် ရန်စကား ပြောသလို ဖြစ်နေလို့ အနည်းနဲ့အများ ဆိုသလို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
Voice : ခုတိုင်းပြည်မှာ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ကြတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် အဟန့်အတားတွေ ရှိနေတယ်လို့ ဆရာ့အနေနဲ့ ယူဆပါသလား။ တချို့အဖွဲ့တွေက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး ပြောကြတော့ ငြိမ်းချမ်းရေးအတွက် ဘယ်လို ရှေ့ဆက်သွားသင့်သလဲ။ 
UYH : လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အတွင်းကျကျ ပါဝင်ခဲ့တဲ့သူ မဟုတ်တော့ သူတို့က ဘာတွေ တောင်းဆိုတယ်။ တိုင်းပြည် အနာဂတ်မှာ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ရင် သူတို့က ဘယ်လို ဖြစ်စေချင်တယ်ဆိုတာ အတိအကျ မသိရပါဘူး။ အဲဒီအချက်တွေကို အတိအကျ သိရရင်တော့ အဟန့်အတား ဖြစ်နေတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လား၊ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချက်လားဆိုတာ ထောက်ပြ ဝေဖန်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက် ပြောဆိုချက်တွေကို အသိပေး ထုတ်ပြန် ကြေညာသင့်ပါတယ်။
Voice : ခုတွေ့နေရတာက ကြံ့ခိုင်ရေးကလည်း အခြေခံဥပဒေ ပြင်တဲ့အခါ သူတို့ အကျိုးစီးပွား မထိခိုက်အောင် ထိန်းသိမ်းချင်တဲ့ သဘောရှိတယ်။ တိုင်းရင်းသားပါတီ အသီးသီးကလည်း ဖက်ဒရယ်ကို အမျိုးမျိုး အားပြုပြောနေကြတယ်။ တစ်ဖက်မှာ အဓိက အတိုက်အခံဖြစ်တဲ့ NLD မှာလည်း ကိုယ်ပိုင် Interest ရှိနေတယ်။ ဒီလို လမ်းကြောင်းတွေ မတူကြတဲ့အပေါ် ဘယ်လို သဘောထားပါသလဲ။
UYH : ပါတီစုံ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီအကျိုး စီးပွားအတွက်လည်းဖြစ်တဲ့ ကိစ္စတစ်ခုကို ဒါဟာ ပြည်သူ့ အကျိုးစီးပွားပါလို့ ပြောကြာ ဓမ္မတာပါပဲ။ သိပ်တော့ မဆန်းပါဘူး။ လွတ်တော်ထဲမှာ အင်အားတောင့်တဲ့ ပါတီကတော့ ပြောလည်းပြော အကောင်အထည်လည်း ဖော်သွားနိုင်မှာပေါ့။ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလို သူအလှည့် ရှိသလို ကိုယ့်အလှည့်လည်း ရှိမှာပေါ့။
Voice : အခြေခံဥပဒေကို ပြင်တဲ့အခါ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုအသီးသီး၊ တိုင်းရင်းသားအဖွဲ့တွေ ဘယ်လိုလက်တွဲ အလုပ်လုပ်သွားနိုင်မယ်လို့ ခန့်မှန်းပါသလဲ။
UYH : အခုလေ့လာသုံးသပ်ရေး ကော်မတီက Guidelines ချထားရာမှာ ကော်မတီအနေနဲ့ ဖြစ်စေ၊ ကော်မတီဝင် တစ်ဦးချင်းဖြစ်စေ လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုတွေ၊ ပညာရှင်တွေ၊ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး သဘောထား ရယူနိုင်ကြောင်း ပြောထားတာ ရှိလေတော့ အဲဒီကိစ္စအတွက် လွတ်လွတ်လပ်လပ် အကြံပေးနိုင်ကြမှာပါ။
Voice : လတ်တလောမှာ အခြေခံဥပဒေကို အသစ်ပြန်ရေးဖို့ပြောတဲ့ အသံတွေ အားကောင်းလာတာ တွေ့ရတယ်။ ဒါပေမဲ့ တပ်မတော်မှာက အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေးဆိုတဲ့ ဦးတည်ချက် ရှိနေတော့ အဲဒီနှစ်ခု ထိပ်တိုက်တွေ့ခဲ့ရင် အားလုံးစိုးရိမ်တဲ့ နောက်ကြောင်း ပြန်လှည့်မှုမျိုးဆိုတာ ဖြစ်သွားနိုင်လား။
UYH : ဒီမိုကရေစီစနစ် လူ့ဘောင်မှာ လူတိုင်းလွတ်လပ်စွာ သဘောထား ဖော်ထုတ်ခွင့်ရှိတယ် ဆိုတာရယ်၊ အခြေခံဥပဒေ အပါအဝင် ဥပဒေ ပြဋ္ဌာန်းရေးဟာ လွှတ်တော်ကပဲ ဆုံးဖြတ်တာ ဖြစ်တယ် ဆိုတာရယ်၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို မိမိကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရမယ်၊ မလိုက်နာရင် အရေးယူခံရမှာ ဖြစ်တယ်ဆိုတဲ့ အချက်တွေကို ပါဝင်ပတ်သက်နေသူ အားလုံးက လေးလေးနက်နက် သဘောပေါက်ကြရင် ဘာအန္တရာယ် မှမရှိနိုင်ပါဘူး။ ဒါပေမဲ့ တစ်ဖက်က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာနဲ့ အားမရသေးဘဲ လူ့အဖွဲ့အစည်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ပြီး မိမိတို့ တောင်းဆိုချက်တွေကို အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ အန္တရာယ် ရှိသလို တစ်ဖက် မှာလည်း သူတစ်ဖုံငါတစ်မျိုး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာ လေးလောက်ကို တိုင်းပြည်တော့ ပြိုကွဲတော့မှာပဲလို့ ပုံကြီးချဲ့ တွေးတောပြီး ၆၂ ခုနှစ်ကလို ပြန်လုပ်ကြမယ် ဆိုရင်တော့ အန္တရာယ် ရှိတာပေါ့။ ဒါက တပ်မတော် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး နားလည်မှုနဲ့ အများကြီး သက်ဆိုင်ပါတယ်။
Voice : နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ဖို့ အခြေခံဥပဒေမှာပါတဲ့ အချက်တချို့ကို ဖယ်ရှားမယ်ဆိုရင် အမျိုးသား လုံခြုံရေးဘက်မှာ စိုးရိမ်စရာ ရှိတယ်လို့ ပြောကြတော့ ဘယ်လို ဖြေလျှော့မှုက အကောင်းဆုံး ဖြစ်နိုင်မလဲ။ 
UYH : အကောင်းဆုံး ဖြေလျှော့မှုကတော့ လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းနိုင်ငံတစ်ခု ကောင်းမွန်တဲ့ စနစ်တစ်ခုဆီကို ချီတက်ရာမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းထက် Institution များ ပြောင်းလဲရေးက ပိုမိုအဓိက ကျတယ်ဆိုတဲ့ အချက်ရယ်၊ ဒီနေ့ အခြေခံဥပဒေမှာ သမ္မတမှာလည်း လုပ်ပိုင်ခွင့် ရှိသလို ပါတီပိုင်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန် နှစ်ခုလုံးကို ပူးတွဲ တာဝန်ယူထားနိုင်တဲ့ ပုဂ္ဂိုလ်မှာလည်း ကြီးမားတဲ့ လမ်းညွှန်မှုပေးတဲ့ အလုပ်တွေ လုပ်နိုင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်ရင် အားလုံး အဆင်ပြေသွားမှာပါ။ ကျွန်တော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆိုရင် သမ္မတဖြစ်ရေးထက် ပါတီခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ အနေအထားကို ပိုသဘောကျမိမှာ အမှန်ပဲ။
Voice : ဦးရဲထွန်းကိုယ်တိုင် ၂၀၀၈ အခြေခံဥပဒေ အောက်မှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေတာဆိုတော့ အခြေခံဥပဒေ ပြန်ရေးကြမယ်ဆိုတဲ့ သဘောထားအပေါ်မှာ ဘာများပြောချင်ပါလဲ။
UYH : မျက်မှောက်နိုင်ငံရေး အခြေအနေကို ထည့်သွင်း စဉ်းစားတာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် အခြေခံဥပဒေ အသစ်ပြန်ရေးမယ်ဆိုတဲ့ သဘောထားက စိတ်ကူးယဉ် ဆန်လွန်းပါတယ်။ =
Voice : လက်နက်ကိုင် တိုက်ပွဲမှာလည်း ပါခဲ့ဖူးတယ်။ အခု လွှတ်တော်တွင်းကနေ တိုင်းပြည် အပြောင်းအလဲကိုလည်း ဖော်ဆောင်နေသူဖြစ်တော့ လက်ရှိ နိုင်ငံသွားနေတဲ့ အနေအထားနဲ့ ၂၀၁၅ ထိ ရှေ့အလားအလာကို ဘယ်လို သုံးသပ်မလဲဗျ။
UYH : ဒီကိစ္စသုံးသပ် ပြောကြားဖို့ကတော့ သိပ်ကျယ်ပြန့်ပါတယ်။ တိုတိုနဲ့ ပြောရင်လည်း မပြည့်မစုံ ဖြစ်နေနိုင်တယ်။ ၂၀၁၅ ခုနှစ်အထိ သုံးသပ်ရမယ် ဆိုရင်တော့ အရင်ထက်စာရင် ကျွန်တော်တို့တစ်တွေဟာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ ကျင့်စဉ်တွေနဲ့ ပိုမိုယဉ်ပါးလာမှာ ဖြစ်သလို၊ ပါတီ တည်ဆောက်ရေး၊ လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းများကို တိတိကျကျ လိုက်နာရေး စတာတွေမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာနိုင်ပါတယ်။ ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်နဲ့ သမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့ကြားမှာလည်း ယခင်ကထက် ပိုမိုစည်းလုံး လာနိုင်ဖွယ်ရာ အရိပ်အယောင် တွေ့ရပါတယ်။ တစ်ဖက်ကိုတစ်ဖက် အပြုတ်တိုက်ရေး လုပ်တာဟာ အားလုံးအတွက် အကျိုးမရှိဘူးဆိုတာ (တိုင်းပြည် အတွက်ရော၊ ပြည်ခိုင်ဖြိုးပါတီ အတွက်ရော) နားလည် သဘောပေါက် လာကြရင်ပေါ့။
Voice : NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်း သဘောတူညီချက်အရ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲရေးကို ပြည်သူ့ သဘောဆန္ဒ ကောက်ယူပြီး လွှတ်တော် ပူးပေါင်း ကော်မတီထံ အစီရင်ခံစာ တင်သွင်းသွားမယ်လို့ သိရပါတယ်။ ပြည်သူတွေရဲ့ Awareness နဲ့ အခြေခံ ဥပဒေပြင်ရေးသို့ အသစ်ပြန်ဆွဲရေးကို တည့်တည့်မတ်မတ် သဘောဆန္ဒ ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
UYH : ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ သာမာန်ပြည်သူ တစ်ယောက်အဖို့ မဆိုထားနဲ့ ရိုးရိုးဥပဒေဘွဲ့ရ ပညာတတ်ပုဂ္ဂိုလ် တစ်ယောက်သည်ပင်လျှင် နိုင်ငံရေးကို လေ့လာလိုက်စား နားလည်မှု မရှိရင် ထိုအခြေခံဥပဒေဟာ တိုင်းပြည်တစ်ခုအတွက် တော်၏ မတော်၏ သင့်၏ မသင့်၏ဆိုတဲ့ ကိစ္စများကို မှန်ကန်စွာ အကဲဖြတ်နိုင်ဖို့ အင်မတန် ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို နိုင်ငံရေး အခြေအနေအရ အထိအခိုက် မခံနိုင်တဲ့ အနေအထားမျိုး (တစ်နည်းအားဖြင့် ပြောရရင် အမျိုးသား ရင်ကြားစေ့ရေးကို ကြိုးစား တည်ဆောက်နေဆဲ ကာလမျိုး) မှာ ပြည်သူတွေအတွင်း ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်လာစေနိုင်တဲ့ ကြီးလေးတဲ့ ကိစ္စကို ဆန္ဒခံယူပွဲ လုပ်ပြီး သဘောထား ရယူသွားမယ်ဆိုတာ မသင့်တော်ဘူးလို့ မြင်ပါတယ်။ 
Voice : ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်က ယိုယွင်းခဲ့တဲ့ တိုင်းပြည်ကို ပြန်တည်ဆောက်စ ကာလမှ ဒီလိုကြီးလေးတဲ့ ဝတ္တရားမျိုးကို ပြည်သူကို တာဝန်ယူစေသင့်လား။ ဒါမှမဟုတ် ပြည်သူကို ဦးဆောင်မယ့် သူတွေက ရဲရဲဝံ့ဝံ့ တာဝန်ယူသင့်လားဆိုတာ ဦးရဲထွန်းရဲ့ အမြင်ကို သိပါရစေ။ အထူးသဖြင့် အများကြီး Academic ဆန်တဲ့ အခု ဖွဲ့စည်းပုံ အခြေခံဥပဒေလို ကိစ္စမျိုးမှာပေါ့။
UYH : ဒီလို ဒီမိုကရေစီ အခြေခံ အုတ်မြစ်တွေကို ချမှတ်နေဆဲ ကာလမှာ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ နိုင်ငံရေး တာဝန်ကြီးကို အဓိက ထမ်းဆောင်ရင်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးမှာ နှစ်ဖက် နားလည်မှု ရှိရှိနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းကသာလျှင် တိုင်းပြည်ကို တည်ငြိမ်စွာ တဖြည်းဖြည်း အကောင်းဘက်သို့ ပြောင်းလဲစေနိုင်မှာ ဖြစ်ကြောင်း၊ နှစ်ဖက် အပြန်အလှန် အယုံအကြည် ပျက်စေမယ့် ကိစ္စမျိုးတွေကို ဒီအချိန်မှာ အဓိက မထားသင့်ကြောင်း နိုင်ငံရေးပါတီများက ပြည်သူကို ရှင်းလင်း ပြောပြသင့်ပါတယ်။ ဒါဟာ ပြည်သူအများစုရဲ့ လိုလားချက်နဲ့လည်း ကိုက်ညီလိမ့်မယ်လို့ ထင်ပါတယ်။
Voice : အဓိက အတိုက်အခံပါတီနဲ့ တိုင်းရင်းသားပါတီ ၁၀ ခုကျော်က အခြေခံဥပဒေအသစ် ပြန်ဆွဲရေးဘက်ကို ဦးတည် သွားနိုင်ခြေတွေ လက်ရှိအနေအထားအရ တွေ့နေတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါသလဲ။
UYH : အမြင်မတူတဲ့ နိုင်ငံရေး ပါတီတွေက အသစ်ပြန်လည် ရေးဆွဲရေးကို စည်းရုံး ဟောပြောနေတာ လောက်နဲ့ကတော့ ပြဿနာ မကြီးပါဘူး။ ဒါဟာ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်ဆိုတဲ့ လူ့အခွင့်အရေးရဲ့ အခြေခံရပိုင်ခွင့်ကို အသုံးချတာဘဲ ဖြစ်ပါတယ်။ သို့သော်လည်း ဥပဒေကို ပြင်ဆင်၊ ပြုစု၊ ပြဋ္ဌာန်းရမှာက ပြည်ထောင်စု လွှတ်တော်ပဲဖြစ်လို့ ပြည်ထောင်စု လွှတ်တော်က အများဆန္ဒနဲ့ ဆောင်ရွက်လိုက်တာဟာ မိမိတို့ဆန္ဒနဲ့အညီ အခြေခံဥပဒေကို ပြင်ဆင်ပေးတာမျိုး မဟုတ်လို့ဆိုပြီး ပြည်သူတွေကို လမ်းပေါ်ထွက် ဆန္ဒပြလာအောင် လုပ်ကြမယ်။ ဆူဆူပူပူ ဖြစ်အောင် ဖန်တီးကြမယ် ဆိုရင်တော့ နောက်ကြောင်း ပြန်လှည့်သွားဖို့အတွက် အချက်အလက် ဖန်တီးပေးရာ ရောက်မှာ အသေအချာပဲ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း (တပ်မတော် ဘက်ကလည်း) ပြည်သူတွေ အကြားမှာ ငြိမ်းချမ်းစွာ ဆွေးနွေးရုံ၊ ဟောပြော ဆွေးနွေးရုံ၊ ငြိမ်းချမ်းစွာ ဆန္ဒပြရုံနဲ့တော့ တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ် ရှိနေပြီဆိုပြီး အလျင်စလို အာဏာ ပြန်သိမ်းတာမျိုး မလုပ်သင့်ပါဘူး။ နှစ်ဖက်စလုံးက ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာဖို့ လိုပါတယ်။

The Voice Journal
Read more →

Sunday, September 29, 2013

၇၅% +၁ = ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ရှိသည်

,


လတ်တလော ကြားနေရတဲ့ နိုင်ငံရေးသတင်းတွေက ကျွန်တော်တို့ မြန်မာနိုင်ငံသားတစ်ဦးချင်းအဖို့ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသိန်းကြည်လို့ မေးရမလို ဖြစ်ကိန်း ဆိုက်နေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်မယ်၊ အချို့ကလည်း အသစ်ရေးဆွဲမှ ရမယ်၊ ပြင်ဆင်စရာမလိုဘူးလို့ ပြောသူတွေလည်းရှိတယ်။ ကျွန်တော်တို့ပြည်သူ တွေက ဘာကိုနားလည်လက်ခံရမှန်းမသိအောင် အာရုံတွေနောက်နေရပါပြီ။

NLD ဥက္ကဌ ဒေါ်စုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကိုပြင်ကိုပြင်ရမယ်လို့ ပြောကြားထားတာရှိသလို တိုင်းရင်းသား အဖွဲ့အစည်းပါတီတွေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူခရီးစဉ်မှာလည်း အတိအလင်း ပြောဆိုခဲ့တာရှိပါ တယ်။

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် ယုံကြည်မှု တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ NLD အခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ အပြစ်အနာအဆာများလွန်းနေတာကြောင့် အသစ်ရေးဆွဲဖို့ လိုကြောင်း ထင်မြင်မိတယ်လို့ ပြောသွားပြန်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေရဲ့ အတွေးထဲမှာ ဖွဲ့စည်းပုံ ပြင်တော့မယ့်ကိစ္စကို အားလုံးထောက်ခံနေပြီလားဆိုတဲ့ အဖြေကို သိချင်နေခဲ့မိပါတယ်။ ဒါပေမယ့် အချို့ပါတီတွေက လက်မခံတာတွေ့ရပြန်ပါတယ်။

(၂၅) နှစ်ပြည့် တစညပါတီရဲ့ ငွေရတုနှစ်ပတ်လည်အခမ်းအနားမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တစညက လက်မခံဘူးဆိုပြီး စကားသံတွေ ပေါ်ထွက်လာ ပါတယ်။ ထို့အတူ ပြည်ခိုင်ဖြိုးပါတီမှ ဦးဌေးဦး ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန် မလိုဘူးဆိုပြီး အတိအလင်းပြောဆိုလိုက်ပြန်ပါတယ်။

ဒီတော့ ကျွန်တော်လည်း စိတ်ဝင်စားလာတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အသိမိတ်ဆွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆီ အပြေး သွားပြီး မေးကြည့်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် လွှတ်တော်ထဲက ၇၅% ကျော် ထောက်ခံမှုရရှိမှသာပြင်နိုင်မယ်လို့ ရှင်းပြပါတယ်။ သူကတော့ ၇၅%+၁ ဆိုတဲ့ ရလဒ်ဟာ စိတ်ကူးယဉ်သလိုဖြစ်နေတယ်ဆိုပြီး ပြောလိုက်ပါတယ်။

ကျွန်တော့် အိမ်အပြန်လမ်းမှာ အတွေးပေါင်းစုံဝင်ရောက်လာပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ် စားလှယ် ၂၅ % ပါတော့ ကျန်တဲ့ ၇၅% အပြည့်အ၀ ထောက်ခံ မယ်ဆိုရင်တောင် တပ်မတော်သား ၂၅%က မထောက်ခံဘူးဆိုရင် ၇၅%+၁ ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ လတ်တလော အခြေအနေအရ ပြည်ခိုင်ဖြိုး မထောက်ခံဘူးဆိုရင် ၇၅% ထဲကအနှုတ်လက္ခဏာပြသွားမှာပါ။ ဒါဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ NLD တစ်ခုတည်းနဲ့ မပြီးဘူးဆိုတဲ့ အဖြေထွက်လာပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တစညကိုလည်း ပါဝင်စေရမှာဖြစ်သလို သူတို့ ၂ ဖွဲ့ထောက်ခံတယ်ပဲထားဦး ၇၅% အပြည့်ရလာမယ်။ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးရဲ့ ထောက်ခံမှုကလည်း မရှိမဖြစ် လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

တစ်ဖက်နှင့်တစ်ဖက် နားလည်မှုတွေ လွဲနေသမျှ ၇၅ % ဖြစ်လာနိုင်စရာအကြောင်း မရှိပါ။ တပ်မတော်ကို နိုင်ငံရေးလောကထဲကနေ လုံးဝကန်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် ၇၅%+၁ လည်း မျှော်လင့်စရာမရှိပါ။ ၇၅%+၁= ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ရှိသည်ဆိုတာ သင်္ချာတွက်ကိန်းဖြစ်ပါတယ်။

၂၀၁၅ မတိုင်ခင် အဲဒီ အဖြေထွက်၊ မထွက်ဆိုတာကို ကျွန်တော်တို့ အားလုံး တွက်ချက်စဉ်းစားရင်း စောင့်မျှော် နေကြရပါဦးမယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပါယ် သက်ရောက်နိုင်သည့် အတွက် လက်တွေ့မကျသည့် တောင်းဆိုမှုတွေသည် အန္တရာယ်တွေများကြောင်း RNDP မှ ဦးဦးလှစော၏ ပြောဆိုချက် ကိုလည်း အလေးထားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

နေ၀န်းသစ်
Read more →

Saturday, September 28, 2013

RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောနှင့် တွေ့ဆုံခြင်း (၂)

,

From : ..the voice

"သူရဲကောင်းလုပ်ကြစတမ်းဆိုရင် စစ်တပ်က သူရဲကောင်းလုပ်ဖို့အတွက် အခွင့်အလမ်း ပိုများတယ်"

RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောနှင့် တွေ့ဆုံခြင်း

(ယမန်နေ့မှအဆက်)

Voice ။ ။ ဖွဲ့စည်းပုံကို အသစ်ပြန် ရေးမယ်လို့ပြောတာတွေ ဒီလပိုင်းမှာ တော်တော် အားကောင်းလာတယ်။ NLD နဲ့ဆိုင်တဲ့သူ အချို့လည်း အခြေခံဥပဒေ ပြန်ဖျက်ရေးလို့ ပြောတာတွေရှိတယ်။ NLD လိုလွှတ်တော်ထဲက ပါတီတစ်ခု အနေနဲ့ ဘာလုပ်သင့်တယ် ယူဆပါသလဲခင်ဗျ။

UUHS ။ ။ ဒီနေရာမှာ ကျွန်တော်က နိုင်ငံရေးပါတီ တာဝန်ရှိသူတစ်ယောက် အနေနဲ့။ ကျွန်တော်တို့က ပြတ်ပြတ်သားသားပဲ။ ပြင်မယ်၊ ရတဲ့နည်းနဲ့ ကျွန်တော်တို့ ပြင်မယ်။ ပြင်ဖို့ဆိုတာ အင်မတန် ခက်ပါတယ်။ ခက်ခဲပေမယ့် သွားရလိမ့်မယ်။ ခက်တဲ့အတွက် မပြင်ဘဲနဲ့ အသစ်ပြန်ရေး မယ်ဆိုတာ ပိုပြီးခက်ခဲတယ်။ ကျွန်တော်တို့ ကတော့ ပြင်ရေးပဲ သွားမယ်။ ဒီနေရာမှာ NLD အနေနဲ့ ဖွဲ့စည်းပုံပြင်မယ် ဆိုပြီးတော့ ရွေးကောက်ပွဲ ဝင်လာတယ်။ ဒီတော့ ပြတ်ပြတ်သားသား ပြောပါ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေအကြံပေးတွေ၊ လွှတ်တော်အမတ် တွေသည် ကျွန်တော် တို့ရဲ့ လမ်းကြောင်းဟာ ပြင်ရေးလမ်းကြောင်းပဲ ဖြစ်တယ်၊ အသစ်ပြန်ရေးတဲ့ လမ်းကြောင်း မဟုတ်ဘူး ဆိုတာ ပြတ်ပြတ်သားသား ပြောဖို့လိုပြီ။ ကျွန်တော်တို့ တိုင်းရင်းသားအနေနဲ့ ပြောရမယ်ဆို ခု Liberalized ဖြစ်နေတဲ့ Process ဟာ ပျက်သွားလည်း ကျွန်တော်တို့ အတွက် မထူးဘူး။ ဒါပေမဲ့ မပျက်စေချင်ဘူး။
၂၀၀၈ ဟာ ကျွန်တော်တို့ ကြိုက်တဲ့ဟာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနိုင်ငံရေးလုပ်တယ် ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ ကျွန်တော်တို့ ပါတီထောင်လာတာ မဟုတ်ဘူး။ တစ်စုံတစ်ရာရှေ့ကို Steps လေး နည်းနည်းကျော်လာမယ်။ အသက်ရှူပေါက်လေး နည်းနည်း ရလာမယ်။ ပြည်သူလူထုကို အကြောက်တရား ကင်းအောင်၊ Democracy Conscious လေး နည်းနည်းရလာအောင် ပါတီထောင်ပြီး အမုန်းခံပြီး လုပ်လာတာ။
ဒီ Process မှာ သွားနေတဲ့ဟာကို အလွန်အကျွံ လက်တွေ့မကျတဲ့ Scholar လည်း မဆန်တဲ့ Emotional ဆန်ဆန် တင်လာတဲ့ဟာတွေ ကိုတော့ ကျွန်တော်တို့ လက်မခံဘူး။ နောက်တစ်ခု နိုင်ငံရေးမှာ Demand တွေ ကြွေးကြော်သံတွေ လုပ်ရတယ်ဆိုတာ လူထု သဘောတူညီမှုနဲ့ လုပ်ရတာ။ တာဝန်မဲ့ သူရဲကောင်းဆန်ဆန် ပြောတာတွေတော့ ကျွန်တော်မကြိုက်ဘူး။ Democratic Process ဆိုတာ သူရဲကောင်းဆန်ဆန် သွားတဲ့ Process မဟုတ်ဘူး။
မြန်မာပြည်မှာ သူရဲကောင်းဖြစ်ချင်သူတွေ သိပ်များတယ်။ သူရဲကောင်း လုပ်ကြစတမ်း ဆိုရင် စစ်တပ်က သူရဲကောင်းလုပ်ဖို့ အတွက် ပိုအခွင့်အလမ်း များတယ်။ အများပြည်သူ အကျိုးစီးပွားအတွက် Scholar ဆန်ဆန် မျှမျှတတသွားရတဲ့ Process ပါ။

Voice ။ ။ ပြင်မယ်ဆိုရင်ရော ဘယ်လို ပုံစံမျိုးပြင်ကြမလဲ။

UUHS ။ ။ ပြင်ဖို့ဆိုတာ အင်မတန် ခက်ခဲသိမ်မွေ့တယ်။ ပြင်ဖို့ဆိုတာမှာ ပါတီတိုင်းက မကြိုက်တာတွေ အများကြီး။ Principal ထဲမှာလည်း မကြိုက်တဲ့ဟာတွေ အများကြီးပဲ။ ဥပမာ-ကာလုံ မကြိုက်ဘူး။ ကာလုံဖျက်သိမ်းရေး။ ကာလုံဖျက်သိမ်းရေး ဆိုရင် တပ်နဲ့ ထိပ်တိုက်တိုးလိမ့်မယ်။ လောလောဆယ် ကျွန်တော်တို့ ပါတီအနေနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ရသင့်ရထိုက်တဲ့ Democratic Rights တွေ၊ Power Sharing တွေ၊ Resource Sharing၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းတွေကို ဖော်ထုတ်ခွင့် ဆိုတာတွေကို ၂၀၁၅ မှာ ခိုင်ခိုင်မာမာ Guarantee နဲ့ လုပ်နိုင်မယ်ဆို ကျွန်တော်တို့ အတွက် ကောင်းတဲ့လက္ခဏာပဲ။ မြန်မာပြည်ထောင်စု အတွက်လည်း ကောင်းတဲ့ လက္ခဏာပဲ။ ဖက်ဒရယ်လစ်ဇင်က ဒါပဲ။
နောက်တစ်ခုက ဒီ ဖက်ဒရယ်လစ်ဇင်ဆိုတာ ဟာ တိုင်းရင်းသားတွေ အတွက်ပဲ ပြောနေတာမဟုတ်ဘူး။ စစ်ကိုင်းတိုင်း အတွက်လည်း ပါတယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ Resource တွေကို စစ်ကိုင်းတိုင်းမှာရှိတဲ့ ပြည်သူတွေဟာ ဖန်တီးပိုင်ခွင့် မရှိဘူး။ ခံစားပိုင်ခွင့် မရှိတဲ့ အတွက် လက်ပံတောင်းတောင် စီမံကိန်းလိုဟာမျိုး ပေါ်လာတာ။ အဲဒီတော့ ဖက်ဒရယ်လစ်ဇင် ဆိုတာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ပြည်သူနဲ့လည်း ဆိုင်တယ်၊ ရန်ကုန်တိုင်းမှာ ရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူနဲ့လည်း ဆိုင်တယ်။ ရခိုင်တွေအတွက်၊ ရှမ်းတွေအတွက် ဖက်ဒရယ်လစ်ဇင်ကို ပြောနေတာမဟုတ်ဘူး။ အကုန်လုံး ဗဟိုက ချုပ်ကိုင်ပြီး Transparency မရှိတဲ့၊ Accountability မရှိတဲ့ Unitary System ကြီးကို ကျွန်တော်တို့က မကြိုက်တာ။ ခု ၂၀၀၈ ဖွဲ့စည်းပုံဟာ Unitary အနှစ်သာရတွေ အများကြီးပါနေတယ်။

Voice ။ ။ လက်နက်ကိုင်အဖွဲ့ တွေ က ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး မဆွေးနွေးနဲ့ လို့ ပြောတာတွေ ရှိတယ်။ ငြိမ်းချမ်းရေးအတွက် မှာတော့ ဘယ်လိုညှိယူရင် အဆင်ပြေမလဲ ဆရာ။

UUHS ။ ။ ကျွန်တော်နားလည်တာ ခုလောလောဆယ် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးနေတယ်။ ရတဲ့အဖွဲ့တွေလည်း ရတယ်။ မရတဲ့အဖွဲ့တွေလည်း မရသေးဘူး။ အပစ်အခတ် ရပ်စဲရေး ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်။ နောက်တစ်ခုက ၂၀၁၄ မှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေရယ်၊ နောက် တပ်မတော်ရယ်၊ လွှတ်တော်ထဲမှာ ရှိတဲ့ အမတ်တွေ အပါအဝင် အင်အားစုတွေရယ်၊ အစိုးရတွေရယ်၊ နောက် Civil Society က တက်တက်ကြွကြွ လုပ်နေတဲ့ သူတွေရယ်၊ Scholar တွေရယ် အကုန်လုံးပါဝင်တဲ့ ပြည်ထောင်စု ညီလာခံကြီးတစ်ရပ် လုပ်ပြီးတော့ National Accord ပေါ့လေ၊ အများသဘောတူညီမှု လုပ်ယူမယ် ဆိုတာကတော့ နှစ်ဖက်လုံးမှာ ရှိနေတာ။ အဲဒီအထဲက ဘယ်လို ထွက်လာမလဲ။ အဲဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်မယ် ဆိုတာတော့ ဒီ Dialogue ထဲမှာ ရောက်မလာနိုင်ဘူး။ နောက်တစ်ခု ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လွှတ်တော်မှာ အမတ်တွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ရှိတယ်။ NLD လည်း ရှိတယ်။ ဆွေးနွေးကြတယ်။ ဥပဒေတွေ ပြဋ္ဌာန်းတယ်။ ဥပဒေတွေဟာ လူထုအကျိုးစီးပွားနဲ့ ဝေးနေတာတွေလည်း ရှိတယ်။ ဒီ Liberalization ကို အောက်ခြေပြည်သူတွေ မခံစားရသေးဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်ထဲမှာပဲ ကျွန်တော်တို့က Political Dialogue ကို သွားမယ်။ အဲဒါ ဘယ်မှာရှိသလဲ။ ခင်ဗျားတို့ ဂျာနယ်တွေမှာ ရှိတယ်။ ဦးအောင်မင်းက ပြောမယ်။ ကျွန်တော်က ပြောမယ်။ ဒါတွေက ဂျာနယ် Platform တွေမှာရှိနေတယ်။ အဲလိုပဲ လွှတ်တော်မှာလည်း ရှိတယ်။ အပြင်မှာလည်း ရှိတယ်။ MPC ထဲမှာလည်းရှိတယ်။ စကားပြောနေကြတယ်။ ဒါ Political Dialogue ပဲ။ အရင်တုန်းက မရှိခဲ့တဲ့ Political Dialogue ဆိုတာ မြန်မာပြည်မှာ ဖြစ်နေတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံကို အသစ်ပြန် ရေးမယ်ဆိုရင် အဲဒီလမ်းကြောင်းဟာ Beyond the Political Dialogue၊ Political Dialogue ရဲ့ အပြင်ဘက်ကို ရောက်သွားတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ ကျွန်တော်တို့ကိုယ်တိုင် ပြောနေတဲ့ Political Dialogue ဆိုတဲ့ မူကို ကျွန်တော်တို့ ကိုယ်တိုင် ချိုးဖောက်သလို ဖြစ်သွားလိမ့်မယ်။ ဟိုဘက်က အဲဒီလိုမြင်သွားရင် မကောင်းဘူး။ ဆုံးရှုံးမှုပဲ။
တပ်မတော် ဆိုတာကလည်း အင်မတန် သတိကြီးကြီးနဲ့ နိုင်ငံရေးသမားတွေကို ကြည့်နေတာ။ နိုင်ငံရေးသမားတွေ ဆိုတာလည်း တပ်မတော်ကို မယုံကြည်ဘူးဆိုတဲ့ အမြင်မျိုးနဲ့ ကြည့်နေတယ်။ အဲဒီတော့ ဒီနှစ်ခုကြားမှာ နားလည်မှု လွဲသွားမှာကို နိုင်ငံရေးပါတီ အနေနဲ့ စိုးရိမ်တယ်။ အဲဒီ နားလည်မှု လွဲသွားတယ် ဆိုရင် ပြည်သူတွေ အများကြီးထိခိုက်မယ်။ မြန်မာပြည်ရဲ့ အင်မတန် ဆိုးရွားနေတဲ့ ကံကြမ္မာဆိုး ကြုံနေရတဲ့ ပြည်သူတွေအတွက် နောက်ထပ် ကံကြမ္မာ ဆိုးမလာဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒီတော့ လက်တွေ့ကျကျ လုပ်ဖို့လိုတယ်။ စကားကို ဆင်ဆင်ခြင်ခြင် ပြောဖို့လိုတယ်။

Voice ။ ။ နိုင်ငံက ဒီအချိန်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကိစ္စတွေ လုပ်ရမယ့် အခါမှာ အခြေခံဥပဒေကို ပြန်ရေးရင် ကာလတစ်ခု ထပ်ကြာဦးမယ်။ အဲဒါဆိုရင် ခုချိန်မှာ တကယ်လုပ်ရမယ့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ Power Sharing ဖော်ဆောင် ရေးဆိုတဲ့ အခြေအနေ ပျက်သွားနိုင်တယ်လို့ ထောက်ပြတဲ့ သူတွေလည်း ရှိပါတယ် ဒီအပေါ် ဘယ်လို သုံးသပ်ပါသလဲ။

UUHS ။ ။ အသစ်ဆွဲမယ့်သူတွေက ဘယ်လို Procedure နဲ့တင်မလဲ ဆိုတာ ကျွန်တော်လည်း နားမလည်ဘူး။ ခုဟာကို အသိအမှတ် မပြုဘူးလား။ Pending လုပ်ထားမလား။ သူတို့ အခြေခံဥပဒေတစ်ခု ရေးဆွဲပြီးပြီဆိုရင် Legitimacy ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ အဲဒီ Process တွေဟာ Very Academic ပဲ။ ကျွန်တော်လည်း နားမလည်ဘူး။ ဆွဲရအောင်။ ဒီဖွဲ့စည်းပုံကို မကြိုက်ဘူး ဖျက်လိုက်မယ်လို့ ပြောလို့ လွယ်တယ်။ ဒါပေမဲ့ ဒီနေရာမှာ ဒါကို အသစ်ဘယ်လို ပြန်တင်မလဲ။ Legitimacy ကို ဘယ်လိုယူမလဲ။ ဒီဖွဲ့စည်းပုံ နဲ့ တည်ဆောက်ပြီးသား Institutions တွေကို၊ ခု လွှတ်တော်တွေ ရှိတယ်။ ပါတီ တွေရှိတယ်၊ အမတ်တွေရှိတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲ ဆိုတာ သူတို့ဘယ်လို စဉ်းစားလဲ သူတို့ သွားမေးရမှာပဲ။ ကျွန်တော်လည်း နားမလည်ဘူး။

Voice ။ ။ လက်ရှိမှာ ကြံ့ခိုင်ရေးပါတီက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ပုဒ်မ ၁၈၈ ကို ပြင်ဖို့ဟာကို အဓိက ပြောတယ်။ NLD မှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံနိုင်ရေး တင်တာရှိတယ်။ အဲဒီလမ်းကြောင်းနှစ်ခုကို ဘယ်လို မြင်ပါလဲ။

UUHS ။ ။ လက်ရှိဖွဲ့စည်းပုံမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စရာ အကြောင်းမရှိဘူး ပေါ့လေ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တယ် ဆိုတာလည်း ကောင်းပါတယ်။ ပြင်မယ်ဆိုရင် တပ်မတော်ခေါင်းဆောင် တွေနဲ့၊ အစိုးရနဲ့ NLD ကြားမှာ Agreement ပဲ၊ Pact ပဲ။ ယုံကြည်မှုတစ်ခု ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမယ့် ကိစ္စပဲ။ သဘောထား ကြီးရင်လည်း ရတယ်။ ဒီဟာက သိမ်မွေ့တယ်။ ဟိုးအရင် ၄၇ ကတည်းက ဒီစံနှုန်းတွေက သတ်မှတ်လာခဲ့တာ ဆိုတော့ ပြောဖို့တော့ခက်တယ်။
ကျွန်တော့် ပုဂ္ဂိုလ်ရေးအရ တစ်ယောက်တည်း အမြင် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင်လည်း ကောင်းတာပဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ဘဲ ဖွဲ့စည်းပုံ Reform လုပ်ပြီးတော့ ခိုင်မာတဲ့ အစိုးရတစ်ခု ပေါ်လာရင်လည်း ကောင်းတာပဲ။ အရေးကြီးတာက စနစ်ပဲ။ အဲဒီတော့ စနစ်ကောင်းနေဖို့ပဲ။ ကောင်းနေတဲ့စနစ် တစ်ခုပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို အင်မတန်ထက်မြက်တဲ့ ခေါင်းဆောင် တစ်ယောက်က လုပ်မယ်ဆို ကောင်းသည်ထက် ကောင်းသွားမှာပေါ့။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဖြစ်ရေး ဆိုတာထက် ဒီဖွဲ့စည်းပုံဟာ ခိုင်ခိုင်မာမာ ကျစ်ကျစ်လျစ်လျစ်နဲ့ အများ တိုင်းရင်းသားပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်နိုင်တဲ့ ဥပဒေဖြစ်ရေး အရေးကြီးတယ်။ အဲဒီ တိုင်းရင်းသားအကျိုးစီးပွား တွေကို ဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်မှာ တကယ့် Gradually တဖြည်းဖြည်း Amendment တွေနဲ့ သွားနေတယ်။
အဲဒီလို ကာလမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားမယ် ဆိုရင် သားရွှေအိုးထမ်းလာတဲ့ ကိန်းပဲ။

Voice ။ ။ အခြေခံဥပဒေကို အသစ် ပြန်ရေးမယ်ဆိုတဲ့ သူတွေကိုရော ဆရာ့ အနေနဲ့ ဘာများ အကြံပြုချင်တာ ရှိပါလဲ။

UUHS ။ ။ သူတို့မှာလည်း သူတို့အယူအဆနဲ့ သူတို့ ဆိုတော့။ ဖွဲ့စည်းပုံတစ်ခု အသစ်ရေးဖို့ ဆိုတာ ခက်တယ်။ အသစ်ဆွဲမယ်ဆို သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်းပေါ့ ကြိုတင် စဉ်းစားထားတာတွေ ရှိမှာပါ။ အသစ်ဆွဲမယ်ဆို ၂၀၀၈ မှာရှိနေတဲ့ လွှတ်တော်တွေ၊ အမတ်တွေကို ဘယ်လို လုပ်မလဲ။ အသစ်ဆွဲမယ် ဆိုရင်တော့ ဒါတွေပျက်မှာပဲ။ ရှင်းရှင်းလေးပဲ။ အသစ်ဆွဲမယ်ဆို ၂၀၀၈ အောက်မှာ တည်ဆောက်ထားတာတွေ အကုန်လုံး ပျက်မှာပဲ။ ဒါပျက်ရင် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို စစ်တပ်ရဲ့ အခန်းကဏ္ဍကို သွယ်ဝိုက်ပြီး စိန်ခေါ်တယ် ဆိုတာမျိုး ဖြစ်နေတယ်။ Directly Regime Change မဟုတ်ပေမယ့် Indirectly Regime Change ဆိုတဲ့ အဓိပ္ပာယ်မျိုး ထွက်သွားနိုင်တယ်။ အဲဒါဆိုရင်တော့ မကောင်းဘူး။
အဲဒီတော့ ရှင်းရှင်းလင်းလင်း ပြောဖို့ လိုမှာပေါ့။ သူတို့တင်လာတဲ့ လမ်းကြောင်းရဲ့ နောက်ကွယ်မှာ ဘယ်လို Idea နဲ့ တင်လဲ ဆိုတာ ကျွန်တော်မသိဘူး။

Voice ။ ။ ဘာများ ထပ်ဖြည့် ပြောချင်ပါသေးလဲ ဆရာ။

UUHS ။ ။ ထပ်ဖြည့်ပြောရရင် မြန်မာပြည်က အင်မတန် ရှုပ်ထွေးပါတယ်။ နှစ်ပေါင်း ငါးဆယ်ခြောက်ဆယ်လောက် အင်မတန် ရှုပ်ထွေးလာတဲ့ အမှိုက်ပုံကြီး တစ်ပုံပေါ် ရောက်နေတယ်။ ခေါင်းဆောင်ပိုင်း တွေကအစ အောက်ခြေအထိ ကိုယ်ကျင့်တရားပိုင်း၊ Democratic Practices အပိုင်း၊ နောက် Scholar Approach ပိုင်း၊ ဘက်ပေါင်းစုံ အင်မတန် အားနည်းရှုပ်ထွေး နေတဲ့ အမှိုက်ပုံကြီးတစ်ပုံ ဖြစ်နေတယ်။
ခု ကျွန်တော်တို့ လုပ်တဲ့အခါ ဒါ Evolution ပဲ။ အဓိက ဒီ Process ကို တောင်းခဲ့ကြတယ်၊ တိုက်ခဲ့ကြတယ်၊ မိုက်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း မိုက်ခဲ့ကြတယ်။ အသက်ပေးတဲ့ သူတွေလည်း ပေးသွားကြတယ်။ တပ်မတော် ဘက်ကလည်း အမှားတွေ အများကြီး မှားခဲ့တာပဲ။ သူတို့လည်း မှားခဲ့တယ်။ အဲဒီတော့ အမုန်းတရားတွေနဲ့ မရဘူး။ ခုတပ်မတော်က တစ်စုံတစ်ရာ ထိန်းချုပ်ထားတဲ့ Process မှာ သဘောထားကြီးကြီးနဲ့ ဆုတ်သင့်တယ်။ အဲဒီလို ဆုတ်သွားရင်းနဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ မြင့်မြင့်လာမယ်။ အဲဒီမှာ ကျွန်တော်တို့ ဒီဘက်ကလည်း ဂုဏ်သိက္ခာရှိစွာနဲ့ တဖြည်းဖြည်းချင်း တက်လာရမယ်။ အဲဒီနှစ်ခုကြား မှာ Dialogue ကို သွားရမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် မြန်မာပြည်ရဲ့ အနာဂတ်ဟာ ကောင်းနိုင်စရာမရှိဘူး။

(အောင်ဘိုဘိုရှိန်၊ နော်ကိုကို)

-------------------------------------
ကိုယ်ရေးအကျဉ်း

အမည် - ဦးဦးလှစော (မောင်ခိုင်အောင် - စစ်တွေ)

မွေးသက္ကရာဇ် - ၁၉၅၃ မေ ၂၇

ပညာအရည်ချင်း - စက်မှုတက္ကသိုလ် ပဉ္စမနှစ် (မြို့ပြ)
၁၉၇၅ တွင် ကျောင်းသား လှုပ်ရှားမှုဖြင့် ကျောင်းအထုတ်ခံရ။ စစ်ခုံရုံး ထောင်ဒဏ် ၉ နှစ်

နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်၊
စစ်တွေအထွေထွေ သပိတ်ကော်မတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်။ ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရ။
၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်။
Read more →

Friday, September 27, 2013

မျိုးစောင့်ဥပဒေကြမ်းနှင့် ၁၉၅၄ ခုနှစ် လက်ထပ် ထိမ်းမြားခြင်းဥပဒေတို့ ပေါင်းစပ်ဥပဒေသစ်တစ်ခု ရေးဆွဲပြီး လွှတ်တော်တင်မည်

,


[ ဒီခေတ်နေ ၊ ရန်ကုန် ၊ စက်တင်ဘာ ၂၀ ]


သံ ဃာတော်များ ရေးဆွဲထားသော မျိုးစောင့်ဥပဒေကြမ်းပါ အချက် အလက်များနှင့် ၁၉၅၄လက်ထပ် ထိမ်းမြားခြင်း ဥပဒေပါအချက် အလက်တို့ကိုပေါင်းစပ်၍ဥပဒေ တစ်ခုရေးဆွဲကာ လွှတ်တော်တင် သွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''၁၉၅၄ခုနှစ် ဥပဒေ ဟာ ခေတ်ကာလနဲ့မလျော်ညီ တော့တဲ့အတွက် ပြောင်းကိုပြောင်း ရမယ်။

သံဃာတော်တွေရဲ့ စေ တနာတွေကိုလဲ ဖြည့်စွက်ပေးချင် တယ်။ ဒါကြောင့် လူ့အခွင့်အရေး လို့ ကြွေးကြော်နေတဲ့ပုဂ္ဂိုလ်တွေ လဲ မေးခွန်းမထုတ်နိုင်အောင် ၁၉၅၄ ဥပဒေနဲ့ သံဃာတော်တွေ ရေးဆွဲတဲ့ ဥပဒေကြမ်းတို့ကို လို အပ်သလို ပေါင်းစပ်ပြီး ဥပဒေ တစ်ခုကိုတင်သွားမယ်''ဟုပြော သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေပါ အခန်း(၈) ပုဒ်မ ၃၆၁ အရ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်ကအသိ အမှတ်ပြုသည်ဟူ၍လည်းကောင်း၊ ပုဒ်မ-၃၆၂ အရ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ် ကိုးကွယ်သောဘာသာတို့ကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ တည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာ သာများဟူ၍ အသိအမှတ်ပြု သည်ဟူ၍ ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ၂၀၀၈ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ-၃၆၁ နှင့် ၃၆၂ တို့ အရ ရဟန်းသံဃာများ၊ ပြည်သူ များလည်း ထောက်ခံနိုင်သော လူ့ အခွင့်အရေး စံနှုန်းများဖြင့်လည်း ထောက်ပြ၍မရနိုင်သော ဥပဒေ တစ်ခုဖြစ်ရန်အတွက် ယင်းဥပ ဒေနှင့်ဥပဒေကြမ်းနှစ်ခုကို ပေါင်း စပ်ကာ ဥပဒေတစ်ခုပေါ်ပေါက် လာရန်ကိုင်တွယ်သွားမည်ဟု ဦး သိန်းညွန့်က ပြောသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင် ရေးအတွက် ပါဝင်ဆောင်ရွက် ပေးနေသည့် သံဃာတော်တစ်ပါး ဖြစ်သော မကွေးဆရာတော် ဦး ပါမောက္ခက ''ဦးဇင်းတို့မှာ ရည် ရွယ်ထားတဲ့ အချက်လေးချက် ရှိပါတယ်။ ဒီအချက်လေးချက် ကို ပါဝင်အောင်ရေးဆွဲပေးနိုင် မယ်ဆိုရင် ဘယ်လွှတ်တော်ကိုယ် စားလှယ်ပဲတင်တင် လက်ခံမှာ ပါ။ ဦးသိန်းညွန့်တို့ပါတီရဲ့ စေ တနာ မေတ္တာ၊ ဘာသာချစ်စိတ်၊ လူမျိုးချစ်စိတ်ကိုလက်ခံပါတယ်'' ဟု မိန့်ကြားသည်။

သံဃာတော်များရည်ရွယ် ထားသောအချက်လေးချက်မှာ -

(၁)လက်ထပ်ထိမ်းမြားခြင်း ဥပဒေ

(၂)တစ်လင်တစ်မယားစနစ် ဖြစ်စေမည့် ဥပဒေ

(၃)သားဖွား နှုန်းကို ထိန်းချုပ်မည့် ဥပဒေ

(၄) ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ တို့ဖြစ်ကြောင်း နှင့်

၁၉၅၄ ဥပဒေမှာ ပစ္စည်းဥစ္စာကိုသာ ကာ ကွယ်ပေးခြင်းဖြစ်ပြီး သံဃာတော် များ ရေးဆွဲသောဥပဒေမှာ ပစ္စည်း ကိုသာမက လူမျိုးပါ ကာကွယ်ပေး နိုင်မည့်ဥပဒေဖြစ်သောကြောင့် ၎င်းတို့နှစ်ခုပေါင်းစပ်လိုက်မည် ဆိုပါက အဆင်ပြေနိုင်ကြောင်း ဆက်လက်မိန့်သည်။


Credit : Yangon Media Group
Read more →

RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးလှစောနှင့် တွေ့ဆုံခြင်း

,
RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း
-----------------------------------------------------------------------------

ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အင်အားစုများအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒနှစ်ခု ပေါ်ထွက်လာခဲ့ သည့်အတွက် မည်သည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပိုမိုထိရောက်ပြီး မည်သည်က နောက်ကြောင်း ပြန်လှည့်နိုင်ခြေ ရှိသည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။


Voice ။ ။ ပထမဆုံး မေးခွန်းအနေနဲ့ ဒီလပိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆိုတဲ့ မူဝါဒ ကွဲနှစ်ခု ပေါ်လာတယ်။ အဲတော့ ဆရာတို့ ပါတီက ဘယ်လမ်းကြောင်းနဲ့ သွားချင်တယ်ဆိုတာ အရင်ဆုံး ပြောပြပေးပါ။

UUHS ။ ။ ကျွန်တော်တို့ ရခိုင်ပါတီ အပါအဝင် ကျားဖြူရယ်၊ ဆရာ ဦးဇိုဇမ်တို့ ပါတီရယ်၊ ဖလုံစဝေါ်ရယ်၊ မွန်ပါတီပေါ့လေ။ အဲဒီပါတီတွေ ဖွဲ့ထားတဲ့ National Brotherhood Forum ဆိုတာရှိတယ်။ အဲဒါကို National Brotherhood Federation ဆိုပြီး ပြောင်းလိုက်တယ်။ အဲဒီအဖွဲ့အစည်း ရဲ့မူက ဖွဲ့စည်းပုံ ပြင်ဆင်ရေးပဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကျွန်တော်တို့ နေပြည်တော်မှာ Workshop တွေလုပ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြင်ဆင်ရေးပဲ။

Voice ။ ။ ခုဖြစ်နေတာက တချို့က ပြင်မယ်၊ တချို့က အသစ်ပြန်ရေးမယ် ဆိုပြီး ပြောကြတယ်။ အဲဒီနှစ်ခုမှာ ဘာက ဒီမိုကရေစီ ကူးပြောင်းမှုအပေါ် ဆိုးကျိုးသက်ရောက်မှု ဖြစ်သွားနိုင်မလဲ။ အသစ်ပြန်ရေးမယ်ဆို တပ်ကအာဏာ ပြန်သိမ်းနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ် လို့လည်း ပြောနေကြပါတယ်။ အဲဒီအပေါ် ဘယ်လိုအမြင်ရှိပါလဲ။

UUHS ။ ။ အရင်ကတော့ အသစ်ပြင်ရေးမယ် ဆိုတဲ့ အယူအဆကို မကြားဘူး။ ခုတစ်လနှစ်လ အတွင်းမှာ အဲဒါကို စကြားလာရတယ်။ သူတို့မှာ ပြောခွင့်ရှိပါတယ်။ ပြင်ရေးခွင့်လည်း ရှိတယ်။ ပြင်ရေးမယ်ဆို လောလောဆယ် ၂၀၀၈ အောက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လာတယ်။ Free and Fair ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြံ့ခိုင်ရေးက ညစ်ခဲ့တယ် ဆိုပါစေ၊ မြန်မာပြည်မှာ လွှတ်တော်တစ်ခု ပေါ်လာတယ်။ လွှတ်တော် အဆင့်ဆင့် ပေါ်လာတယ်။ နောက်အစိုးရတစ်ခု ပေါ်လာတယ်။ အဲဒီ ပေါ်လာတာဟာ ၂၀၀၈ ကြောင့် ပေါ်လာတာပဲ။ အသစ်ပြန်ရေးမယ်ဆိုရင် အသစ်ပြန်ရေးမယ့် သူတွေက အခုမြန်မာပြည်မှာ ရှိနေတဲ့ လွှတ်တော်တွေ၊ အစိုးရတွေကို ဘယ်လို သဘောထားမလဲ။ အဲဒီပြဿနာ ရှိတယ်။ နောက်တစ်ခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာဟာ တပ်မတော်က သူ့ Interest အတွက် လုပ်တဲ့အပိုင်းတွေ အများကြီးပါတယ်။ တပ်မတော်ရဲ့ သြဇာတွေ အများကြီး ကြီးတယ်။ ခုစဉ်းစားနေတာက ဒီ Process မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့။ Military နဲ့ Civil Relations ကို တဖြည်းဖြည်း ညှိယူဖို့ဆိုတဲ့ အနေအထားတစ်ခု။ ဒါပေမဲ့ အသစ်ပြန်ရေးမယ် ဆိုတဲ့ သဘောထားဟာ အဲ့ဒီ Process ရဲ့ အပြင်ကို ရောက်သွားတယ်။ ဆိုလိုတာက တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ Neglect လုပ်တဲ့ သဘောမျိုး ရောက်သွားတယ်။ ဒါအဓိပ္ပာယ် အမျိုးမျိုး ဖွင့်လို့ရတယ်။ စိတ်ဆန္ဒစွဲနဲ့ ပြောလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် Intentionally တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ မြန်မာပြည်ထဲက ပစ်ပလိုက်ဖို့ဆိုတဲ့ အယူအဆ မျိုးလည်း တပ်မတော်က တွေးကောင်း တွေးနိုင်တယ်။ အဲဒီလို တွေးတယ်ဆိုရင် Very Risky ပဲ။ ဒါ Challenge ပဲ။

ရှေ့ကို နည်းနည်း ပြန်ပြောရရင် အရင်တုန်းက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို လုံးဝအမြစ်ဖြုတ်ဖို့ ဆိုရင် နိုင်ငံရေးပါတီတွေက ဒီမိုကရေစီ တိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲကို ပေါင်းစပ်ပြီးတော့ လုံးဝစစ်အစိုးရကို အပြတ်ဖြုတ်ပြီး ဒီမိုကရေစီ လမ်းစဉ်ကို ချီတက်မယ်ဆိုတဲ့ အယူအဆမျိုးတွေ Radical (အစွန်းရောက်) အယူအဆတွေ ပေါ့လေ။ အဲဒါတွေဟာ ရှိခဲ့တယ်။ မအောင်မြင်ဘူး။ လုံးဝမအောင်မြင်ဘူး။ ဒါပေမဲ့ အဲဒီလို အယူအဆမျိုးဟာ တချို့ Elements (လူစု) တွေထဲမှာ ရှိကောင်းလည်း ရှိနိုင်တယ်။ ဒီတော့ စစ်တပ်ရဲ့ သြဇာတစ်စုံတစ်ရာ ရှိနေတဲ့ စစ်တပ်ရဲ့အကျိုးစီးပွားကို ဖန်တီးပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်လိုက်မယ်ဆိုရင် Regime Change (စနစ်/အစိုးရပြောင်း) ဆိုတဲ့ အဓိပ္ပာယ် ထွက်သွားနိုင်တယ်။ အဲဒါမျိုး အဓိပ္ပာယ် စစ်တပ်က အကောက်လွဲမယ်ဆိုရင် ကျွန်တော်တို့ အခုရှိနေတဲ့ တစ်စုံတစ်ရာ မကြိုက်ပေမယ့် နည်းနည်းလေး Liberalized (ဖြေလျှော့ပေး) ဖြစ်နေတဲ့ process (ဖြစ်စဉ်) ဟာ အန္တရာယ် ရှိတယ်။ မြန်မာပြည်ရဲ့ အခုသွားနေတဲ့ လမ်းကြောင်းဟာ တချို့ကတော့ Democratic Transition လို့ပြောတယ်။ ကျွန်တော်တို့တော့ မယူဆသေးဘူး။ ဒါ Liberalization အဆင့်ပဲ ရှိသေးတယ်။ ဒီမိုကရေစီဆိုတာ အဝေးကြီးပါ။ Liberalization မှာ ဂျာနယ်တွေ တစ်စုံတစ်ရာ လွတ်လပ်လာတယ်။ မီဒီယာ လွတ်လပ်ခွင့် ရှိလာတယ်လို့ ပြောလို့ရတယ်။ လယ်ယာမြေ ပြဿနာတွေ တိုင်းရင်းသားပါတီတွေနဲ့ သူတို့ရဲ့ Rights တွေကို တောင်းခွင့် ရှိလာတယ်။ ဒါအစပဲ ဘာမှတော့ မရသေးဘူး။ အဲဒီ အစကလေး ကာလမှာ ဒီဖွဲ့စည်းပုံရဲ့ အပြင်ဘက်ကို ရောက်နေတဲ့ အယူအဆတွေ နဲ့ တင်လာတယ် ဆိုတာဟာ ကျွန်တော်တို့ အနေနဲ့တော့ လက်တွေ့မကျဘူးလို့ ထင်တယ်။

Voice ။ ။ အဲဒါဆို ဘာအန္တရာယ်တွေ ရှိလာနိုင်လဲ။

UUHS ။ ။ တပ်က အကောက်လွဲ သွားနိုင်တာပေါ့။ သူတို့ရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်တယ်လို့ ထင်သွားနိုင်တယ်။ ခုသွားနေတဲ့ ဖြစ်စဉ် တစ်ခုလုံးဟာ စစ်တပ်က နည်းနည်းလေး Liberalized လုပ်လာတယ်ပေါ့။ နည်းနည်းလေး ဆုတ်လာတယ်။ အများကြီး ဆုတ်တာ မဟုတ်ဘူး။ နည်းနည်း နည်းနည်း ဖြည်းဖြည်းချင်း ဆုတ်နေတာ။ ကိုယ့်ရဲ့အကျိုးစီးပွားကို Maintain (ထိန်းသိမ်း) လုပ်ရင်း နည်းနည်း နည်းနည်း ဆုတ်နေတာ။ သူတို့မှာ ကိုယ့်ရဲ့အကျိုး စီးပွားကို ထိန်းတာလည်းပါမယ်။ နောက် စိုးရိမ်စိတ်တွေလည်း ရှိမယ်။ စိုးရိမ်စိတ်တွေ အမျိုးမျိုး ရှိမှာပေါ့လေ။ အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့ သွားနေတဲ့ ကိစ္စပါ။ ဒီ Process မှာ စစ်တပ်က နောက်ကို နည်းနည်းဆုတ်တယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ပါတီတွေက ရှေ့ကို နည်းနည်း တိုးခွင့်ရလာတယ်။ အဲဒီ Process သွားနေတယ်။ စစ်တပ်က နောက်ကို နည်းနည်းဆုတ်ရင် စစ်တပ်ရဲ့ ဂုဏ်သိက္ခာက ပိုပိုတက်လာ တယ်။ ကျွန်တော်တို့ ဒီမိုကရေစီပါတီတွေ အနေနဲ့လည်း ပိုပြီးတော့ Spacing (နေရာ) တွေ လုပ်ပိုင်ခွင့်တွေ ရလာတယ်။ လူထုတွေ အနေနဲ့လည်း ပိုပြီးတော့ လွတ်လပ်လာတယ်။ အရင်ထက်စာရင် တစ်စုံတစ်ရာ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ နည်းနည်းလေး ပိုပြီးတော့ Free ဖြစ်လာတယ်။ အလုံးစုံ Free ဖြစ်တာပြောတာ မဟုတ်ဘူး။ ခေါင်းလေး နည်းနည်းမော့ကြည့် လာနိုင်တယ်။ စကားလေး နည်းနည်း ပြောရဲလာတယ်။ အဲဒါ စစ်တပ်က နည်းနည်း နည်းနည်း ဆုတ်ပေးလို့။ ဆုတ်ရင် စစ်တပ်က ဂုဏ်သိက္ခာ တက်လာတယ်။ လူထုတွေလည်း နိုးကြားလာတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ အဲဒီ Process က ခုမှစရုံပဲ ရှိသေးတယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ် လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ် များပါတယ်။

Voice ။ ။ ဒီအခြေခံဥပဒေမှာ တချို့အပိုင်းတွေက ဖက်ဒရယ် သဘောပါတယ်လို့ ပြောကြတာလဲ ရှိတယ်။ တိုင်းရင်းသားအဖွဲ့ အချို့ကတော့ ဖက်ဒရယ်ဖြစ်ဖို့ အခြေခံဥပဒေ တစ်ခုလုံး အစအဆုံး ပြန်ရေးမှရမယ်လို့ ပြောကြတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဖက်ဒရယ်အတွက် ပေးထားတယ်လို့ မြင်ပါသလား။

UUHS ။ ။ ဖက်ဒရယ်လစ်ဇင် အကြောင်းပြောမယ်ဆို နည်းနည်းတော့ ကျယ်ပြန့်တယ်။ ဖက်ဒရယ်လစ်ဇင် ဆိုတာ ဘာလဲဆိုတဲ့ Criteria တွေရှိတယ်။ အဲဒါကို နိုင်ငံရေးသမားတွေ မြင်တဲ့အမြင်နဲ့ Scholar (ပညာရှင်) တွေ မြင်တဲ့အမြင်နဲ့ နည်းနည်း ကွဲလိမ့်မယ်။ ဒါပေမဲ့ Form (ပုံစံ) တစ်ခုအနေနဲ့ ခု ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ် နည်းနည်းလေး ဆန်တာတော့ ရှိတယ်။ ဒါပေမဲ့ အဓိပ္ပာယ် အနှစ်သာရတွေမှာ တိုင်းရင်းသား ပြည်သူတွေ၊ အထူးသဖြင့် လူမျိုးစုဒေသတွေမှာ တစ်လျှောက်လုံး တိုင်းရင်းသား အခွင့်အရေးတွေ ဘာမှမခံစားခဲ့ရဘူးလို့ မှတ်ယူနေတဲ့ ကျွန်တော်တို့ ရခိုင်တွေ၊ ရှမ်းတွေ အတွက်တော့ ဒီဖွဲ့စည်းပုံဟာ ဘာမှအာမခံချက် မပေးနိုင်ဘူး။ မပေးနိုင်ပေမယ့် ဒီထဲမှာ တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်းနဲ့ ကျွန်တော်တို့ National Democracy Task တွေရလာမယ်။ ရလာနိုင်အောင်လည်း ဒီမော်ဒယ်လ်ကို တဖြည်းဖြည်း ပြောင်းသွားလို့ ရနိုင်တယ်လို့ ယူဆတဲ့ အပိုင်းတွေ ရှိတယ်။ ဖက်ဒရယ်ဆိုတာ Rigid မဟုတ်ဘူး။ ကျွန်တော်တို့ဟာ Unitary ဒီ ဗဟိုချုပ်ကိုင်မှု ပြင်းထန်တဲ့ Unitary ကို ကျွန်တော်တို့ ဆန့်ကျင်တယ်။ တစ်ချိန်တည်းမှာ အင်မတန် လွတ်လပ်ပြီး ခွဲထွက်နိုင်ခွင့်ကို ဦးတည်တဲ့ Confederation ဆိုတာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက် ကြားထဲမှာ ဖက်ဒရယ်ဆိုတာ မော်ဒယ်လ်တစ်ခုပဲ။ အဲဒီ မော်ဒယ်လ်ဟာ ကျွန်တော်တို့ နိုင်ငံရေး ပါတီတွေ တပ်မတော်က ခေါင်းဆောင်တွေ လွှတ်တော်ထဲမှာရှိတဲ့ အမတ်တွေ ပြည်သူတွေက ဘယ်လိုမျိုးက ကောင်းတဲ့ မော်ဒယ်လ် တစ်ခုလည်းဆိုတာ ကျွန်တော်တို့ အချိန်ယူပြီး သဘောထား ညှိနှိုင်းသွားရမယ်၊ ဆွေးနွေး သွားရမယ်၊ တည်ဆောက် သွားရမယ်။ ဖက်ဒရယ်ကို ဒါမျိုးဖြစ်ရမယ်၊ ဒါက ဖက်ဒရယ် မစစ်ဘူး။ ဒါက ဖက်ဒရယ် စစ်တယ်လို့ ပြောလို့မရဘူး။ ဖက်ဒရယ်ဆို တာ မော်ဒယ်လ်ပဲ။ လက်ရှိ ၂၀၀၈ က ဖက်ဒရယ် ဟုတ်သလိုလိုနဲ့ အနှစ်သာရ မခံစားရဘူး။ ပြည်နယ် အစိုးရတွေ ဖွဲ့ပေးထားတယ်။ လုပ်ပိုင်ခွင့်ကို ဗဟိုက ကိုင်ထားတယ်။ ပုဒ်မ ၂၆၁ (ခ) ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်တဲ့ကိစ္စ ကျွန်တော်တို့ မကြိုက်ဘူး။ ဒါဟာ ဘယ်လိုမှ ဒီမိုကရေစီ မဆန်ဘူး။ နောက် ရွေးကောက်ပွဲကလည်း မသမာဘူး။ ဝန်ကြီးချုပ် ခန့်တာလည်း ဒီမိုကရေစီ မဆန်ဘူးဆိုတော့ ဒါဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က လုံးဝလက်ခံနိုင်တဲ့ အနေအထား မဟုတ်ဘူး။ ဒါတကယ့် ဖက်ဒရယ်လစ်ဇင်ရဲ့ အနှစ်သာရထဲမှာ ပါလာတဲ့ Power Sharing (အာဏာခွဲဝေခြင်း) မှာ အများကြီး အနှောင့်အယှက်ပေးတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူး။ တိုင်းရင်းသားတွေကို တန်ဖိုးမထားဘူး။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဇယား (၂) ဆိုတာ ရှိတယ်။ အရေးကြီးတဲ့ ကိစ္စတွေ ဘာမှလုပ်ပိုင်ခွင့် ရေရေရာရာ မရှိဘူး။ ဖက်ဒရယ်လစ်ဇင် အကြောင်းကို ပြောရမယ်ဆိုရင် Power Sharing အကြောင်းကို ပြောရမယ်။ နောက် Resource Sharing (အရင်းမြစ် ခွဲဝေခြင်း)။ ဇယား (၂) မှာ Resource Sharing က ဘာမှမရှိဘူး။ နားလည်အောင် ပြောရမယ်ဆို ရခိုင်ပြည်မှာ သယံဇာတတွေ ထွက်တယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေ ထွက်တယ်။ ရှမ်းပြည်မှာ သတ္တုမိုင်းတွေ ရှိတယ်။ အဲဒါကို ပြည်နယ် အစိုးရက Management Power ဘယ်လောက်ရှိလဲ။ ဒေသဆိုင်ရာ ပြည်သူတွေ ဘယ်လောက် ခံစားခွင့်ရှိသလဲ။ ဒါ ဖက်ဒရယ် မဟုတ်ဘူးဆိုတာ ရှင်းနေတဲ့ကိစ္စပဲ။ လိုင်ပိုင်ခွင့်တစ်ခု ပေးထားပေမယ့် ဗလာလို ဖြစ်နေတယ်။ အဲဒါတွေကို ကျွန်တော်တို့က ပြောင်းလို့ရတယ်။ လောလောဆယ် ရှိနေတဲ့ လွှတ်တော်က ခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေက သဘောထားကြီးကြီးနဲ့ ဒါကို လွှတ်ပေးလိုက်မယ်ဆို ပြည်ထောင်စု အတွက်လည်း ကောင်းတယ်။ တိုင်းရင်းသားတွေ အတွက်လည်း ကောင်းတယ်။ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုဘက်ကိုလည်း ဦးတည်တယ်။ ဒါတွေက လုပ်လို့ရတဲ့ Process တွေ။ နောက် တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ကိစ္စတွေ၊ ဒါတွေက ဖက်ဒရယ်လစ်ဇင် အောက်မှာ လုပ်ပိုင်ခွင့်တွေ။ အဲဒါတွေဟာ ပေးလို့ရတယ်ဆိုတော့ ဒါတွေကို ကျွန်တော်တို့က ဒီ Process အောက်မှာပဲ၊ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးစရာ မလိုဘဲနဲ့ ဒါတွေကို ဟိုဘက်က သဘောထားကြီးကြီးနဲ့ လျှော့ပေးမယ် ဆိုရင်၊ သူတို့က လျှော့မယ် သူတို့ ဂုဏ်သိက္ခာ တက်သွားမယ်။ ကျွန်တော်တို့က ရှေ့နည်းနည်း တိုးမယ်။ Trust Building တွေ ပိုပေါ်လာမယ်။ ဒီအနေအထားကို ပိုပြီးကောင်းသွားလိမ့်မယ်။ လက်ရှိအနေ အထားမှာ နားလည်မှု လွဲသွားပြီးတော့ တစ်ယောက်ကိုတစ်ယောက် ခြိမ်းခြောက်တယ်။ စစ်တပ်ကလည်း သံသယရှိတယ်။ ဒီဘက်ကလည်း စိန်ခေါ်သလို ဖြစ်နေတယ်၊ အဲ့ဒီမှာ ပြည်တွင်းပြည်ပ မီဒီယာတွေကလည်း မြှောက်ပေးလိမ့်မယ်။ ပိုမိုရှုပ်ထွေးမှုတွေ ပေါ်လာမှာမျိုးကို ကျွန်တော်က မလိုလားဘူး။

Voice ။ ။ ခုအခြေအနေက တပ် ခေါင်းဆောင်ဟောင်းတွေက ပုဒ်မ ၁၈၈၊ ဇယား (၂) ကို ပြင်တာတော့ လက်ခံတယ်လို့ ပြောတယ်။ အဲဒီအပေါ် ဘယ်လို သဘောရပါသလဲ။

UUHS ။ ။ ပြင်ဖို့ဆိုတာကို ယေဘုယျတော့ သဘောတူကြတယ်လို့ ကျွန်တော်တို့ ကြားတယ်။ ပြည်နယ်တွေရဲ့ စီမံခန့်ခွဲခွင့်၊ သယံဇာတ ခွဲဝေခွင့်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဝမ်းသာရမယ့် စကားတွေကို ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့လည်း ပြောပါတယ်။ သူတို့ပြောတာ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်။ အဲဒါတွေဟာ Constitution ထဲမှာ အခိုင်အမာ Amendment အနေနဲ့ ပြောင်းသွားဖို့ လိုတယ်။ ခေါင်းဆောင် တစ်ယောက်က ပါးစပ်နဲ့ နှုတ်ကတိ ပြောတာမျိုး မဖြစ်ရဘူး။ ဒါတွေဟာ အချိန်တိုတိုတွင်းမှာ လုပ်လို့ရတဲ့ ဟာတွေ။

ဆက်လက်ဖော်ပြပါမည်။

(အောင်ဘိုဘိုရှိန်၊ နော်ကိုကို)

-------------------------------------

ကိုယ်ရေးအကျဉ်း

အမည် - ဦးဦးလှစော (မောင်ခိုင်အောင် - စစ်တွေ)

မွေးသက္ကရာဇ် - ၁၉၅၃ မေ ၂၇

ပညာအရည်ချင်း - စက်မှုတက္ကသိုလ် ပဉ္စမနှစ် (မြို့ပြ)
၁၉၇၅ တွင် ကျောင်းသား လှုပ်ရှားမှုဖြင့် ကျောင်းအထုတ်ခံရ။ စစ်ခုံရုံး ထောင်ဒဏ် ၉ နှစ်

နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်၊
စစ်တွေအထွေထွေ သပိတ်ကော်မတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်။ ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရ။
၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်။


The Voice Weekly Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
Read more →