Thursday, October 31, 2013

လူညီလည်း “ဤ” ကို “ကျွဲ” ဖတ်၍ မရနိုင်တော့..

,

မူရင်းစကားပုံသည် လူညီလျှင် “ဤ”ကို”ကျွဲ” ဖတ် ပဲ ဖြစ်ပါတယ်။ စကားပုံရဲ့ ဆိုလိုရင်းကတော့ လူအများအားနဲ့ဖြစ်ချင်တာကို ဇွတ်လုပ်တယ်(သို့) ဖတ်ချင်ရာကို ဇွတ် ဖတ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ဒီတော့ရှင်းပါတယ်လူအများအားလို့ ဆိုတဲ့အပေါ်မှာ ယုံကြည်ချက် ရှိသူတွေလဲပါချင်ပါမယ် ၊ တကယ်သိတတ်သူလည်း ပါချင်မှ ပါမယ် ၊ သူများယောင်လို့ ယောင်နေသူတွေလည်းပါချင်ပါမယ် ၊ လူမိုက် လူရမ်းကား ၊ လူနပ် ၊ လူပါး ၊ နိုင်ငံရေးသမား၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်အဆုံးပါဝင်နေမှာဖြစ်ပါတယ်။အထူးသဖြင့် မြန်မာလူမျိုးတို့၏ စရိုက်ဆိုးများထဲမှ တစ်ချက်ဖြစ်တဲ့ လူစည်ရင် အရမ်းသဘောကျသော ၊ ခွေးနှစ်ကောင် ကိုက်လည်း ၀ိုင်းအုံကြည့်တတ်ကြသောလူစည်ရာအရမ်းသဘောကျတတ်သူတွေကို  အသုံးချလို့ကောင်းတဲ့ ၊ လှည့်စားလို့ ကောင်းအောင် ရေးမှတ်ထားတဲ့ စကားပုံတစ်ခုဟုသံသယ ၀င်လျှင်ပင် မှားအံ့မထင် ။


           ထိုစကားပုံနှင့် ပတ်သတ်ပြီး သမိုင်းတစ်ကွက်မှာ တကယ့်ကို အမည်းစက် တစ်ခု ဖြစ်ခဲ့ဖူးတယ်လို့ ဆိုလျှင် အံ့သြမည်လား မပြောတတ်ပေ ။သို့သော် ဤအကြောင်းအရာမှာ အမှန်ပင်ဖြစ်သည်။၎င်းအချင်းအရာ အခုအများပြောပြောနေကြသော အာဏာရှင်တော်လှန်းရေး ၊ ဒီမိုကရေစီ လှုပ်ရှားမှု ဟု အများသညာမှည့်ထားတဲ့ ၈၈ ဆူပူအကြမ်းဖက်မှုထဲမှပင် ထုတ်နှုတ်ရမည်ဖြစ်သည်။လက်ရှိနိုင်ငံရေးသမား အများစုနှင့် တက်သစ်စ လူငယ်အများစုက
ဖြင့် ၈၈ ဆူပူအကြမ်းဖက်မှုကို ဒီမိုကရေစီလှုပ်ရှားမှု ဟု မည်သို့ပင် နံ့သာလိမ်းပန်းပန်စေကာမူ မစင်ပုံ၏ မူလဘ၀မှာ အနံ့ထွက်ရမြဲပင်ဖြစ်သည်။လူငယ်များအနေဖြင့် ၈၈ လို့ကြားလိုက်ရင် တပ်မတော် ၊ စစ်တပ် က မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ လက်နက်မဲ့ကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းသည်ဟု သာ အသိများကြပါသည်၎င်း၏ အစအဆုံး ဇာတ်သရုပ်ကား  ဤမျှလောက် မရိုးစင်ပေ ။ တကယ်လေ့လာသူများအနေဖြင့် အခြေအနေမှန်တစ်ကွေ့ကို ဘွားခနဲ တွေ့နိုင်ပါလိမ့်မည်။ထိုအချိန် မှာ မြေပေါ် မြေအောက်အဖျက်သမားများက နိုင်ငံတော်ကို အစိတ်စိတ်အမွှာမွှာ ခွဲဖို့ ဘက်ပေါင်းစုံက ထိုးစစ်ဆင်လာတဲ့ အချိန် ၊ အမေရိကန် ရေတပ်တွေကတိုင်းပြည်အာဏာသိမ်းဖို့အတွက်ကိုးကိုးကျွန်းအထိ ဆိုက်ကပ်လာတဲ့အချိန် ၊ အိမ်နီးချင်းနိုင်ငံတွေက သောင်းကျန်းသူကို လက်နက်တပ်ဆင်ပေးပြီး အဘက်ဘက်က စစ်လက်နက်ရိက္ခာထောက်ပံ့ပေးခဲ့တဲ့ အချိန်တွေမှာ တပ်မတော်ရဲ့ ရုန်းကန်ခဲ့ရတဲ့ သမိုင်းကို လက်ရှိ၈၈ မျိုးဆက် အပါအ၀င် လူညီ၍ ဤ ကျွဲဖတ် သမိုင်းအဆိပ်ခတ်ထားဆဲပင်ဖြစ်သည်။ထိုအချိန်မှာ နိုင်ငံတော် ကို မပျက်စီးအောင် ရန်ကုန်တစ်မြို့ထဲကျန်ရာကနေ အန္တရာယ် ရန်စွယ်ကို ဖယ်ရှားပေးခဲ့သော တပ်မတော်ကပင် လူဆိုး ဖြစ်ခဲ့ရလောက်သည်အထိ “ဤ””ကျွဲ” ဖတ်၍ ခပ်တည်တည် ပင် နိုင်ငံရေး ဂုရုကြီးပမာ ရပ်တည်နေကြလေသည်။၈၈ ရဲ့ကောက်ကြောင်းတစ်ခု ဖြစ်တဲ့ ဦးရဲထွန်းတို့ ဇာလီမော် တို့ အကြောင်း မည်သူမှ ထည့်သွင်းမပြောဆိုဝံ့ကြချေ ။ထိုအခြင်းအရာ မှာလည်း လူညီ၍ “`ဤ” “ကျွဲ” ဖတ်ထားခြင်းပင်ဖြစ်သည်။

ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသလို..ယနေ့လူငယ်များသည် နောင်ဝယ်နိုင်ငံခေါင်းဆောင်များ ဖြစ်လာကြဦးမည်ဖြစ်သည်။ ထို့အတူ ယနေ့ခတ်လူငယ်တို့သည်  ဂလိုဘယ်လိုက်ဇေရှင်း ဆိုသည့် လျက်ဆားကို လျှာပွတ်ဆေးပမာအနည်းငယ် မြည်းစမ်းခွင့်ရထားသူများလည်းဖြစ်သည်။အကြောင်းအရာ တစ်ခု ကို မစူးစမ်း မလေ့လာပဲ ထောက်ခံဖို့အတော်ပင် အားယူကြရသည့် သဘောလက္ခဏာမျိုးကို တွေ့ရပါ၏။အောက်ခြေလူတန်းစား များပင်လျှင်သူများယောင်၍ ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ ဆိုသည့် စကားလုံးကို အချို့မုန်းလာကြသည်ကို သတိထားမိလာသည်။အရင်လို ဒို့အရေး ဒို့အရေး အော်ဖို့ထက် ထမင်းနပ်မှန်ရေးကိုသာ အာရုံစိုက်လာကြသည်။နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်ထဲ ခနခန ၀င်မိနေကြမို့ သူတို့အဖို့ အကြောင်းပြချက်မှာ လုံလောက်နေပြီ ဖြစ်လေသည်။

အခုလက်ရှိ အနေအထားမှာ Hot issue တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ အသစ်ပြန်ရေးဆွဲရေးဖြစ်သည်မှာ အားလုံးအသိပင် ဖြစ်သည်။ထို့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အသံမှာ ကျန်ပါတီများထက်ပင် ပေါ်ထွက်လာသည်မှာ လည်း သိပြီးဖြစ်မည် ထင်ပါသည်။မိမိအနေဖြင့် တွေးဆချက်အားချရေးပြရမည်ဆိုလျှင် ဒီချုပ်အနေနဲ့  ၅၉/စ ပြင်ဆင်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း ပါတီအများစု၊ပညာရှင်များနှင့်ပြည်သူလူထုက ၅၉/စ အားအပထား ၍ ကျန်အချက်များ ပြင်ဆင်ကြမည့်အပေါ်တွင် ရည်ရွယ်ချက် အထမမြောက်သဖြင့် အသစ်ပြန်ရေးဆွဲရေးကိုဦးတည် ပြီး တိုးတိုးတိတ်တိတ် အရိပ်အမြွက် ရနံ့လေးများသင်း၍ နေပါသည်။ဒီအတွက်လည်း အရံအတားအဖြစ်း ဒီချုပ်ဥက္ကဌ က နိုင်ငံတကာပတ်ပြီး ပိတ်ပါ၊ ဆို့ပါ ၊ ဖိအားပေးပါ ဆိုသည့် လိုက်လံ ဆော်သြ နေသည့်အသံမှာလည်း အမိနိုင်ငံအတွက် ရင်နာစရာပင်ဖြစ်သည်။တစ်ချိန်တည်းမှာပဲ လူထုအင်အားကို ကောင်းကောင်း စားသုံးပြီး အရသာ သိနေပြီဖြစ်တဲ့ ဒီချုပ်ဟာ လူထုဆန္ဒ ခံယူပြီး ပြင်မယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပြန်ပါတယ်။
လူညီရင် “`ဤ” ကို “ကျွဲ” ဖတ်၍ ရတယ်ဆိုတဲ့  မျှော်မှန်းချက်ဖြင့် ပြည်သူလူထု ကို ခေါင်းတည် ဖို့ကြိုးစားပြန်ပါတယ်။ဒါပေမယ့် ခေတ်တွေ ပြောင်းခဲ့ပြီး  ၁၉၈၈ မဟုတ်တော့ပဲ ၂၀၁၃ ရောက်နေပြီဆိုတာ ဒီချုပ်မေ့နေဟန်တူပါတယ်။လွန်ခဲ့တဲ့နေ့တစ်နေ့က သူရဦးတင်ဦး ပြောခဲ့တဲ့ “ပြည်သူလူထု က ပူပေါင်းပါဝင်မှု အားနည်းတယ်” ဆိုတဲ့ စကားက သက်သေပါပဲ။တကယ်တော့ ပြည်သူလူထုက သမိုင်းမှာ ရင်းခဲ့တယ် ၊ ရဲခဲ့တယ် ၊ အသုံးချ ခံခဲ့ရတယ် ။ဒါကြောင့် “ဤ”ကို “ဤ”  ၊  ကျွဲ  ကို ကျွဲ ဖတ်ဖို့ အရှိတရား နဲ့ သတိတရား ရှိနေကြပါပြီ ။ဒီချုပ်အနေနဲ့ လူငယ်တွေ အားမကိုးရဘူးလို့ ဆွပေးပြီး  ၊ ပြည်သူလူထု ၀ိုင်းရံကြပါလို့ အားကိုးသလိုလို ရှေ့တန်းတင် ပြီး ပြည်သူလူထုရဲ့ ဗိုလ်ချုပ်အပေါ်ထားတဲ့မေတ္တာတရားကို မိမိအတ္တအတွက် ရင်းနှီးစားဖို့ကြိုးစားအုံးမယ်ဆိုရင်တော့…လူညီရင် “ဤ” ကို “ကျွဲ”ဖတ်လို့ ရတဲ့ခေတ်
မဟုတ်တော့ဘူးဆိုတာ သိသင့်နေပြီလို့ ထင်ပါတယ်။

မင်းညို

0 comments to “ လူညီလည်း “ဤ” ကို “ကျွဲ” ဖတ်၍ မရနိုင်တော့..”

Post a Comment