Tuesday, October 15, 2013

မြင်သာလာပြီဖြစ်သော ထိုင်းရေတပ်၏ Submarine Fleet ခြေလှမ်းများ

,


ထိုင်းရေတပ်သည် ရေငုပ်သင်္ဘောတပ်ဖွဲ့ တိုးချဲ့ပိုင်ဆိုင်ရေးအတွက် ရေတပ်၏ အခြားဖွံ့ဖြိုးတိုးတက်ရေး အစီအမံများနှင့် မနီးမဝေး ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ကနဦးအစီအစဉ်အဖြစ် ၂၀၁၁ ခုနှစ် ဧပြီလတွင် ထိုင်းအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုင်းဘတ် (၇)ဘီလီယံကျော် ( ဒေါ်လာသန်း ၂၂၀ ) Budget ဖြင့် ဂျာမနီလုပ် အသုံးပြုပြီးသား Type 206A ရေငုပ်သင်္ဘော (၄)စီး ဝယ်ယူပိုင်ဆိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ပျက်ပြားခဲ့ရသည်။ ယခုအခါတွင် ထိုင်းရေတပ်၏ Submarine Fleet အိမ်မက်သည် အစီအစဉ်တကျ အနေအထားမျိုးအဖြစ် တစ်စတစ်စ ပေါ်ထွက်လာပြီ ဖြစ်သည်။

ထိုင်းရေတပ်၏ Chon Buri's Sattahip Naval Base တွင် ရေငုပ်သင်္ဘော Headquarters နှင့် Training Centre ကို ဘတ်သန်း (၅၄၀) အကုန်ကျခံ၍ ၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၄ ခုနှစ် မတ်လတွင် ပြီးစီးတော့မည်ဟု သိရသည်။ ယင်းအနက် ဘတ်သန်း (၂၀၀) ခန့်ကို Training Stimulator အပါအဝင် Submarine Command Team Trainer အတွက် အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အရာရှိ(၁၈)ဦးအား ဂျာမနီနိုင်ငံသို့ စေလွှတ်၍ (၃၂) ပါတ်ကြာ Submarine Training Course အားလည်းကောင်း၊ အရာရှိ(၁၀)ဦးအား တောင်ကိုရီးယားနိုင်ငံတွင် (၈)ပါတ်ကြာ အလားတူသင်တန်းမျိုးအား လည်းကောင်း တက်ရောက်စေလျက် ရှိပြီး ထပ်မံ၍ အရာရှိ/စစ်သည်များအား လိုအပ်သော နိုင်ငံခြား Submarine သင်တန်းများသို့ စေလွတ်သွားမည်ဖြစ်သည်။ ယင်းတို့အား သင်တန်းများပြီးစီးပါက Submarine Training School တွင် တာဝန်ပေးအပ်ကာ ပြည်တွင်း၌ပင် အနာဂတ်ရေငုပ်သင်္ဘောတပ်ဖွဲ့အတွက် လိုအပ်နေသော အရာရှိ/စစ်သည်များ လေ့ကျင့် မွေးထုတ်သွားမည်ဟု သိရသည်။

ထိုင်းဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Yingluck Shinawatra သည် ထိုင်းဘုရင့်စစ်သေနာပတိချုပ် Supreme Commander Thanasak Patimaprakorn အား ယခုနှစ်မှစတင်၍ ထိုင်းတပ်မတော်အား ခေတ်မီအင်အားတောင့်တင်းစေရန် တည်ဆောက်မည့် (၁၀)နှစ်အစီအမံ ရေးဆွဲဆောင်ရွက်စေလျက် ရှိပါသည်။ ယင်းတွင် Naval Building အစီအမံနှင့်အတူ (၁၀)နှစ်အတွင်း အနည်းဆုံး ရေငုပ်သင်္ဘော (၃)စီး ဝယ်ယူ၍ Submarine Fleet အား ခိုင်ခိုင်မာမာ အသက်သွင်းရန် ပါဝင်သည်။ သို့သော် ယခုအချိန်ထိ ရေငုပ်သင်္ဘောအမျိုးအစား ရွေးချယ်ရခြင်း မရှိသေးသော်လည်း တန်(၅၀၀) မှ တန်(၃၀၀၀) အတွင်းရှိ အမျိုးအစားအား မကြာမီရွေးချယ်ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းရေတပ်အနေဖြင့် ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ မကြာမီကာလတွင် မြန်မာနိုင်ငံ၌ ထားဝယ်ရေနက်ဆိပ်ကမ်း ဖြစ်ပေါ်လာတော့မည်ဖြစ်ပြီး ယင်းအတွက် အနောက်ပိုင်း ပင်လယ်ပြင်တွင် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများကို ကာကွယ်ရန် Submarine Fleet လိုအပ်လာပြီဖြစ်ကြောင်း၊ အချိန်တို လတ်တလောကာလအတွင်း အဆိုပါ Submarine Fleet အတွက် ဘတ်ဘီလီယံပေါင်းများစွာ သုံးစွဲကုန်ကျရန် Budget အားဖြင့် မတတ်နိုင်သေးသော်လည်း နီးကပ်နေသော အနာဂတ်တွင် မရှိမဖြစ်ပိုင်ဆိုင်ရမည့် ရေငုပ်သင်္ဘောများအတွက် ယခုကဲ့သို့ စနစ်တကျ ပြင်ဆင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့နှင့် ပတ်သက်၍ ထိုင်းရေတပ် ဒုတိယဦးစီးချုပ်ဖြစ်သူ Admiral Narong Pipatanasai မှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

ထို့အတူ ထိုင်းရေငုပ်သင်္ဘောတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ Rear Admiral Panu မှလည်း ယခုလအောက်တိုဘာ (၁၁)ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်-

- ထိုင်းပင်လယ်ကွေ့အတွင်း နိုင်ငံခြားရေငုပ်သင်္ဘောများနှင့် အကြိမ်ကြိမ် လေ့ကျင့်စမ်သပ်ပြီးဖြစ်၍ ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ ရေအတိမ်/အနက်ပြဿနာအား စဉ်းစားတွေဝေနေရန် မလိုအပ်တော့ကြောင်း၊

- ထိုင်းရေတပ်သည် Surface ၊ Above Surface တပ်ဖွဲ့များ ရှိနှင့်ပြီးဖြစ်၍ Sub Surface တပ်ဖွဲ့သည် ထိုင်းရေတပ်၏ Naval Building တွင် မဟာဗျုဟာမြောက် စစ်ရေးစွမ်းရည် ပိုင်ဆိုင်လာစေရန် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊

- ယခုအခါ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား နှင့် ဗီယက်နမ် နိုင်ငံတို့တွင် Submarine Fleet အသီးသီး ပိုင်ဆိုင်နေကြပြီ ဖြစ်ကြောင်း၊ အရေအတွက်အားဖြင့် ရေငုပ်သင်္ဘော (၁၉)စီးခန့်သည် ထိုင်းရေပြင်ဝန်းကျင်တွင် ရောက်ရှိနေပြီး ဆက်လက်၍လည်း တိုးချဲ့ပိုင်ဆိုင်လာမည့် အစီအမံများ တွေ့နေရကြောင်း၊

- တောင်တရုတ်ပင်လယ်မှ ဖြစ်ပေါ်နေသော အငြင်းပွားမှု ပြဿနာမီးစများသည် ထိုင်းပင်လယ်ကွေ့သို့ အကြောင်းအမျိုးမျိုးဖြင့် ကူးစက်လာပါက ရေကြောင်းကုန်သွယ်သွားလာမှုများ ထိုင်းပင်လယ်ကွေ့ အတွင်း/အပြင် ၊ အဝင်/အထွက် လုံခြုံလွတ်လပ်စွာ သွားလာနိုင်ရန်အတွက် လည်းကောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း ပြီးစီးပါက ယင်းတို့၏ အနောက်ပိုင်းပင်လယ်ပြင် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည့် အခြေအနေအမျိုးမျိုး၌ ထိုင်းနိုင်ငံ၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ရှေ့တန်းကျကျ ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လည်းကောင်း၊ အချုပ်အခြာအာဏာ နှင့် ပိုင်နက်ပင်လယ်ပြင်အား ကာကွယ်စောင့်ရှောက်ရန်၊ ရှိရင်းစွဲ လုံခြုံတည်ငြိမ်နေသော အခြေအနေများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လိုအပ်သော Defensive Capabilities များ မြှင့်တင်ရေးအတွက် လည်းကောင်း၊ ထိုင်းရေတပ်သည် အနီးဆုံး အနာဂတ်ကာလအတွင်း Submarine Fleet မဖြစ်မနေ လိုအပ်လာပြီဖြစ်ကြောင်း၊

- Submarine များသည် ထောက်လှမ်းသိရှိရန်ခက်ခဲသည့် မမြင်နိုင်သော Deterrence Force ဖြစ်၍ ကျုးကျော်လာသူများအား ဟန့်တားကာကွယ်နိုင်ရန် Deterrent နှင့် Denial Role တွင် အဓိကကျကြောင်း၊ Submarine ပိုင်ဆိုင်မှုသည် ရေတပ်အင်အားကို ကျစ်ကျစ်လစ်လစ်ဖြင့် နေရာအနှံ့အပြားတွင် ထိရောက်စွာ ပြသနိုင်သည့် အသွင်သဏ္ဍန်အဖြစ် ပြောင်းလဲပံ့ပိုးနိုင်စွမ်းရှိကြောင်း စသည်ဖြင့် သုံးသပ်ပြောကြားခဲ့ပါသည်။

အထက်ပါအကြောင်းအချက်များသည် Bangkok Post ၊ Wikipedia နှင့် အခြားသတင်း အရင်းအမြစ်များပေါ်တွင် ဖော်ပြထားချက်များဖြစ်ပြီး ယင်းသည် ထိုင်းရေတပ်၏ Submarine Fleet ပိုင်ဆိုင်ရန် ကြိုးပမ်းစီစဉ် ဆောင်ရွက်နေမှုများကို မြင်သာစေပါသည်။

လေ့လာကြည့်ပါက ထိုင်းရေတပ်သည် တောင်တရုတ်ပင်လယ်မှ ရွှေ့လာနိုင်သော အကျိုးဆက်များအား ၎င်းတို့နိုင်ငံ စီးပွားရေး၏ အဓိကမဏ္ဍိုင်ဖြစ်သော ကုန်ထုတ်လုပ်ငန်းမျိုးစုံအတွက် Export/ Import ပင်လယ်ရေကြောင်းကုန်သွယ်မှု အားထားရာ ထိုင်း Gulf နှင့် ဆက်စပ်ဧရိယာများသို့ ရောက်မလာနိုင်ရေးအတွက် ခြိမ်းခြောက်တုန့်ပြန်နိုင်သော မဟာဗျုဟာမြောက် ရေတပ်စွမ်းရည်များ ပိုင်ဆိုင်ပြသထားရန်၊ ရောက်လာခဲ့ပါကလည်း ကြိုတင်ပြင်ဆင် လက်ဦးမှုဖြင့် တုန့်ပြန်လွှမ်းမိုးနိုင်ရန်၊ ငွေကြေးအရင်းအနှီးများစွာ မြှုပ်နှံလျက်ရှိပြီး အချိန်ကာလအနည်းငယ်အတွင်း ဖြစ်ပေါ်လာမည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်နေသည့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွား အမျိုးမျိုးကို ခြိမ်းခြောက်လာပါက တုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ပတ်ဝန်းကျင်ရေတပ်များ၏ လက်ရှိနှင့် အနာဂတ်အခြေအနေအထိ Sub Surface အင်အားနှင့်စွမ်းရည် တိုးချဲ့ပိုင်ဆိုင်လာမှုများအား ရင်ဘောင်တန်းနိုင်ရန် စသည့် အကြောင်းရင်းများကြောင့် Submarine Fleet ပိုင်ဆိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဓိကအနေဖြင့် Budget နှင့် လူစွမ်းအားအရင်းအမြစ် အခက်အခဲများ ရှိခြင်းကြောင့် အချိန်ကာလဆွဲဆန့်၍ (၁၀)နှစ်အတွင်း အနည်းဆုံး Submarine (၃)စီး ဝယ်ယူရန် လျာထားကာ ကနဦးအနေဖြင့် လေ့ကျင့်ရေးနှင့် လိုအပ်နေသော အရာရှိ/စစ်သည်များ မွေးထုတ်နိုင်ရေး အစီအမံများကို ဦးစားပေးဆောင်ရွက်နေခြင်း ဖြစ်မည်ဟု သုံးသပ်ရသည်။ ထို့ကြောင့် ထိုင်းရေတပ်သည် လာမည့်(၅)နှစ်အတွင်း အနည်းဆုံး Submarine (၁)စီးအား လူအသင့် တိုက်ပွဲဝင်အသင့် အနေအထားဖြစ်လာမည်ဟု ခန့်မှန်းရသည်။ ထို့အတူ Above Surface Role တွင်လည်း ထိုက်သင့်သလောက် အင်အားရှိနေပြီး Surface Role တွင်လည်း Platform များ အကြီးစားပြင်ဆင်ခြင်း၊ Platform အသစ်များ တည်ဆောက်ခြင်း/ မှာယူခြင်း၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး / ရေယာဉ်ပစ်ဒုံးပျံ / လေယာဉ်ပစ်ဒုံးပျံ / အီလက်ထရောနစ်စစ်ဆင်ရေး စသည့် လက်နက်နှင့်စနစ်များ အဆင့်မြှင့်တင်ခြင်း / အသစ်ဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ထိုင်းရေတပ်သည် လာမည့် ၂၀၂၀ ခုနှစ်အတွင်း အတောင်အပံစုံလင်စွာဖြင့် 3D ရုပ်လုံးပေါ်လာတော့မည် ဖြစ်ပါသည်။

ထို့ပြင် အခြားတစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်တို့က မဟာဗျုဟာရည်မှန်းချက်များ ချမှတ်၍ 3D ရေတပ်ဖြစ်စေရန် ရှိနေသည့်အခက်အခဲများကြားက ရနိုင်သမျှသော အရင်းအမြစ်များဖြင့် Naval Building အစီအမံများအား ၂၀၂၀ ဦးတည်ချက်၊ ၂၀၃၀ ဦးတည်ချက်များထားကာ ဖော်ဆောင်လျက် ရှိနေကြသည်။

ထို့အတူ မြန်မာ့တပ်မတော်(ရေ)သည်လည်း မြင်သာနေသော ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ် ရေတပ်တို့၏ Naval Building ခြေလှမ်းများကို မှန်းဆ၍ ကိုယ့်အမြင် ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့် ကိုက်ညီမျှတသော Naval Building နှင့်အတူ Time Frame တစ်ခုအတွင်း Submarine Arm အား ဖော်ဆောင်နိုင်ပါစေဟု ဆန္ဒပြု ဖော်ညွန်းအပ်ပါသည်။

မောင်မာဃ

(Myanmar Navy)

Photo: Type 206 A Submarine

0 comments to “မြင်သာလာပြီဖြစ်သော ထိုင်းရေတပ်၏ Submarine Fleet ခြေလှမ်းများ”

Post a Comment