
အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်က မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင်
ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗုံးဖောက်ခွဲမှု
ကျူးလွန်သူနှစ်ဦးကို ရွှေဘဲစားသောက်ဆိုင်နှင့် ဆွမ်းဦးပုညရှင်
ဘုရားတို့ရှိ စီစီတီဗွီ ကင်မရာများမှတစ်ဆင့် ခြေရာခံ
ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲ
တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ယင်းသို့ ခြေရာခံ ဖော်ထုတ်ရမိခြင်းကြောင့် ကနဦး
မသင်္ကာ၍ ခေါ်ယူမေးမြန်းနေသူနှစ်ဦးကို အောက်တို ဘာ ၁၆ ရက်
ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ရှိ ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု၊
စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံဟိုတယ်နှင့် ဆွမ်းဦးပုညရှင် ဘုရား
ဗုံးပေါက်ကွဲမှုများကို ကျူးလွန်ခဲ့သူနှစ်ဦးမှာ ဇော်လတ်မောင်နှင့် နေတိုး
ဆိုသူတို့ဖြစ်ကြောင်း၊ အဆိုပါ ကျူးလွန်သူနှစ်ဦးမှာ အောက်တိုဘာ ၁၃ ရက်တွင်
ရွှေပြည့်စုံ ဟိုတယ်မှ ဆွမ်းဦးပုညရှင်ဘုရားသို့ သွားရောက်ကာ
မွန်းလွဲပိုင်း၌ ရွှေဘဲစားသောက်ဆိုင်တွင် နေ့လယ်စာ စားသုံးခဲ့ကြောင်း
မှတ်တမ်းများတွင်
တွေ့ရသည်။
"ဆွမ်းဦးပုညရှင်ဘုရားက စီစီတီဗွီ မှတ်တမ်းကို စစ်ကိုင်းတိုင်း
ရဲတပ်ဖွဲ့ကနေ ရရှိခဲ့တာ။ နောက်ပြီး သူတို့ဟာ ဘယ်သူတွေပါ ဆိုတာကိုလည်း
ရန်ကုန်ပေါက်ကွဲမှု ကျူးလွန်တဲ့သူက ဖော်ထုတ်ခဲ့တယ်။ မသင်္ကာ ဖွယ်
အကောင်းဆုံးဖြစ်တဲ့ ကနဦး ခေါ်စစ်ဆေးတဲ့သူ နှစ်ဦးဟာ စစ်ဆေးလိုက်တဲ့ အခါ
ဖြစ်နိုင်ခြေ နည်းတာကြောင့် ရွှေဘဲစားသောက်ဆိုင် စီစီတီဗွီမှတ်တမ်းကို
အရင်ရက်တွေက မှတ်တမ်းတွေအထိ လိုက်လံကြည့်တော့ စစ်ကိုင်းက ရရှိတဲ့
အချက်တွေနဲ့ တူနေတာ သွားတွေ့ရတယ်။ အဲဒါနဲ့ ခုံနံပါတ် ၁၄ ကို
ပြန်စစ်လိုက်တော့ ကြေးနန်းကြိုးကို တွေ့ရတာ"ဟု တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"စစ်ကိုင်း၊ မန္တလေး နှစ်နေရာလုံးကို ဗုံးထောင်တာက အောက်တိုဘာ ၁၃ ရက်
တစ်ရက်ထဲဖြစ်ပြီး ရွှေဘဲစားသောက်ဆိုင်က ခုံအောက်မှာ ချိတ်ထားခဲ့တဲ့
ကြေးနန်းကြိုးက မသေချာတာကြောင့် အောက်ကို ပြုတ်ကျသွားတဲ့ သဘောပဲ။
မဟုတ်ရင်တော့ စစ်ကိုင်းမြို့မှာ ပေါက်ကွဲပြီး မန္တလေးမှာပါပေါက်ကွဲဖို့ပါ။
သူတို့ ဗုံးတပ်ဆင်သွားတဲ့ ခုံနံပါတ်မှာ ထိုင်ခဲ့တဲ့ နှစ်ယောက်ကတော့
ကံမကောင်းတာပေါ့။ ခုသူတို့ကို ပြန်လွှတ် ပေးပြီးပါပြီ။ သူတို့ကလည်း
ခုဖြစ်စဉ်ကို နားလည်ပါတယ်။ အမှန်တကယ် ကျူးလွန်တဲ့ သူနှစ်ဦးထဲက
ဇော်လတ်မောင်ကို ဘီးလင်းမှာ ဖမ်းမိပြီလို့ သိရတယ်။ နေတိုးကတော့
လွတ်မြောက်နေဆဲပါ"ဟု ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိအချိန်တွင် အဆိုပါကျူးလွန်ခဲ့သူ နှစ်ဦး စီးနင်းခဲ့သော အဖြူရောင်
ယာဉ်အမှတ် (၆ဂ/၅၉၄၈) အမြန်လမ်းမကြီးမှ ဖြတ်သန်းသွားချိန်ကို
မှတ်တမ်းရှာဖွေ၍ ဖမ်းဆီးရမိရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
eleven media group