Monday, October 14, 2013

“ မီဒီယာကြောင့် စစ်ပွဲ ဖြစ်သွားနိုင်သလား ”

,

အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၃၇)
စည်သူအောင်မြင့်
မြန်မာပို့စ် ဂလိုဘယ်လ်၊ အမှတ် ၁၃၀၊ အောက်တိုဘာ ၁၁ ရက်။ စာ- ၂၄။

မောင်လှ - ကိုအောင်ဘ၊ ခုတလော ခင်ဗျား သတင်းဆောင်းပါးတွေ ဖေ့ဘုတ်ပေါ် တင်တာ နည်းလာပါလား။ ဘာလဲ ခင်ဗျား မိုးဇက်ဝိုင် ကို ခေါ်လာတဲ့ ပြိုင်ကားကို မောင်းသူဟာ ခင်ဗျားမဟုတ်ကြောင်း ငြင်းမလို့လား။ အဲဒါတွေ လျောက်ကြည့်ရင်း သတင်းဆောင်းပါးတွေဘက် မလှည့်နိုင် ဖြစ်နေတာမလား။
အောင်ဘ - အင်း စိတ်ညစ်နေရတဲ့အထဲ ခင်ဗျားက တမှောင့်။
မောင်လှ - စိတ်ညစ်နေတယ်။ ကြားရတာ မယုံနိုင်စရာ။ စာနယ်ဇင်း လွတ်လပ်ခွင့်လည်း ရရော ခင်ဗျား ရေးလိုက်တာ စုံလို့၊ အရည်အတွက်ကလည်း များမှများ၊ ခင်ဗျား မရေးတဲ့ အကြောင်းအရာ ရှိမှ ရှိပါ့မလား လို့တောင် ထင်မိတယ်။
အောင်ဘ - အကျယ်ကြီးပြောလိုက်မယ်၊ ရှိတယ်ဗျား၊ ရှိတယ်။ ရေးဖို့ အချက်အလဲ ရှိ၊ တိုင်းပြည်အတွက် ရေးလည်း ရေးသင့်၊ ရေးရင်လည်း အစိုးရက တရားမစွဲ ထောင်လည်း မကျနိုင်၊ ရေးလည်း အလွန်ရေးချက်ပါရက်နဲ့ ရေးလို့မရတဲ့ ဆောင်းပါးတွေ အများကြီး ရှိပါတယ်ခင်ဗျား။
မောင်လှ - တကယ် ? ပြောစမ်းပါဦး။ ဘာများလဲ။
အောင်ဘ - အခု ပြည်တွင်းမှာ ဖြစ်နေတဲ့ တိုင်းပြည်အတွက် အလွန်အန္တရာယ်များတဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ပြသနာဗျာ။
မောင်လှ - ရေးလို့မရဘူးလား။
အောင်ဘ - သေသေခြာခြာ ရေးရင် မလွယ်ဘူးဗျ။ အယ်ဒီတာချုပ်တွေ၊ အယ်ဒီတာတွေ တာဝန်ခံတွေက ပြောတယ်။ ခင်ဗျားရေးတာ အရေးမကြီးဘူးတဲ့။ ကျုပ်တို့ ဂျာနယ်တိုက် သံဃာတွေ လာဝိုင်းရင် ဘယ့်နှယ်လုပ်မလဲတဲ့။ ဆိုတော့ မှန်တဲ့ ကိစ္စတွေ ရေးချင်ပါရက်နဲ့ ရေးလို့မရဘူးပေါ့ဗျာ။
မောင်လှ - ပြောပါဦး နောက်တစ်ခု။
အောင်ဘ - ဘင်္ဂလီတွေ ကိစ္စဗျာ။ အဲဒါကို ခြေခြေမြစ်မြစ် ကျကျနန ပြောဖို့ လိုတယ်ဗျ။
မောင်လှ - အဲဒါလည်း ရခိုင်တွေ သတင်းစာတိုက် လာဝိုင်းရင် ဘယ့်နှယ်လုပ်မလဲ ပြောကြပြန်ရောလား။
အောင်ဘ - အဲလိုပဲဗျ။ ပြောတာပေါ့ဗျာ။
မောင်လှ - နောက်ရော။
အောင်ဘ - အလဲဗင်း သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖော်ပြတာတွေနဲ့ ပါတ်သက်တယ်ဗျာ။ ကျွန်တော်က သတင်းဆောင်းပါး ရေးသူဆိုတော့ တစ်ချို့ကိစ္စတွေဆို ဒီအချက်အလက် ဘယ်ဂျာနယ်၊ ဘယ်သတင်းစာမှာ ပါတယ်၊ စသဖြင့် မှားရင် မှားနေတယ်၊ လွဲရင် လွဲနေတယ်၊ တစ်ခါတစ်ရံ ထောက်ပြရတာမျိုး ရှိတယ်ဗျ။
မောင်လှ - သတင်း ဝေဖန်ရေးလား။
အောင်ဘ - အဲလို သတင်းတစ်ခုကို တိတိကျကျ ဝေဖန်တာမျိုးတောင် မဟုတ်ဘူး။ ပြသနာတစ်ခုခု ဖြစ်ရင် အဲဒီ ပြသနာနဲ့ ဆိုင်တာတွေကို ထည့်ပြောရတာမျိုးပေါ့ဗျာ။ အောင်မလေး၊ သတင်းဝေဖန်ချက်ကို တော့ ခုထိ ပြန်မစဉ်းစားရဲသေးဘူး။
မောင်လှ - အဲဒီတော့-
အောင်ဘ - အဲဒီတော့ တစ်ခြား မီဒီယာ တစ်ခုခု၊ သတင်းစာ၊ ဂျာနယ် တစ်ခုခု ဆိုရင် ကိစ္စ မရှိဘူး။ အလဲဗင်း ဆိုတဲ့ စာလုံးပါသွားတာနဲ့ ကျွန်တော့် အယ်ဒီတာတွေက ပြောကြတော့ပါပဲ။ ဆရာရယ် ကျွန်တော်တို့နဲ့ အရင်ကလည်း ပြသနာ ပေါ်ဖူးပါတယ်။ အဲဒါကြောင့် ပြသနာ မဖြစ်ချင်လို့ပါ ဆရာရယ်၊ အဲဒီ နာမည်၊ ဒါမှမဟုတ် သူတို့ အကြောင်း ပေါ်လွင်နိုင်တာတွေ နည်းနည်းပြင်ပေးပါပေါ့ ဆရာပေါ့နော-
မောင်လှ - ခင်ဗျားကလည်း တစ်ချို့ သတင်းစာတိုက်တွေ ဖြစ်မှာပေါ့။ သတ္တိရှိတဲ့ တိုက်တွေ ရှိပါတယ်ဗျ။ ခင်ဗျား ဘယ်နှစ်တိုက် အဲလို ကိစ္စ ဆွေးနွေးဖူးလို့လဲ။
အောင်ဘ - အများစုဗျ။ အများစု။ ကျွန်တော်က ဂျာနယ်လစ်၊ တစ်ခုခုကို အတည်မပြုနိုင်ပဲနဲ့ ဘယ်တော့မှ မပြောဘူး။ အများစု၊ အဲဒီတော့ ကျွန်တော် ပြန်ပြောမယ်၊ အဲလို တိုင်းပြည်အတွက် တကယ်အကျိုးရှိမယ်၊ ပြည်သူတွေအတွက် အကျိုးရှိမယ်၊ ဒါပေမယ့် အလဲဗင်း ဆိုတာမျိုး ပါနေတာတွေအတွက် ထည့်ရဲတဲ့သူ ဘယ်သူ ရှိမလဲ - ကဲ ပြော-
မောင်လှ - ဟုတ်ပါပြီဗျာ။ ဟုတ်ပါပြီ။ ဒီအကြောင်း ဆွေးနွေးလို့ ဒီဆောင်းပါးတောင် ပြည်သူတွေ မဖတ်ရပဲ နေဦးမယ်။ ကဲ ကဲ ခု ဒီလောက်လည်း ရေးတာ မဟုတ်တော့ ရလောက်ပါရဲ့။
အောင်ဘ - အဲဒါတွေ ထားလိုက်ပါဗျာ။ လူဆိုတာ ဖြစ်ပေါ်လာတဲ့ အခြေအနေအောက်မှာ အကောင်းဆုံး ရင်ဆိုင်ပြီး အကောင်းဆုံး အလုပ်လုပ်နိုင်အောင် ကျိုးစားရမှာပဲဗျ။ အခု ကျွန်တော် စိတ်ပူတာ ကျွန်တော်တို့ စာနယ်ဇင်းလောက ဗျ။ ခုဆို ကျွန်တော်တို့ စာနယ်ဇင်းလောကကို အကောင်းမြင်သူ အတော်နည်းလာနေပြီ။
မောင်လှ - ဟုတ်လား။ ဘယ်သူတွေလည်း ပြောပါဦး။
အောင်ဘ - ကဲ ပြောတဲ့သူတစ်ယောက်က ဦးဌေးဦး။ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌ။ သူက စက်တင်ဘာ ၅ ရက် မြန်မာ့အလင်း သတင်းစာမှာ ဆောင်းပါးရှင် ရဲမာန် (ပြည်ခိုင်ဖြိုး ဒုဥက္ကဌ ဦးဌေးဦးလို့ ယူဆရ) ရဲ့ ဆောင်းပါးမှာပဲ ဒေါ်လာ ၁၁ ဘီလျံ စာနယ်ဇင်းတွေမှာ ပျံ့တဲ့ ကိစ္စ၊ ဒီမိုကရေစီနေ့မှာ သူ (ဦးဌေးဦး) က လူတွေကို အရူးတွေပါလို့ မပြောပဲနဲ့ ပြောတယ်ဆိုပြီး အလဲဗင်း သတင်းစာကရေး၊ နောက် စာနယ်ဇင်းတွေမှာ ပျံ့နှံ့သွားတဲ့ကိစ္စ အဲဒါတွေနဲ့ ပါတ်သက်ပြီး “ စာနယ်ဇင်းတွေက ထိန်းကျောင်းရမယ့် တာဝန်တွေ၊ စောင့်ထန်းရမယ့် ကျင့်ဝတ်တွေလည်း ရှိဖို့လိုတယ်၊ အဲဒါတွေ မရှိဘူးဆိုရင်လည်း တစ်ခုခုနဲ့ ထိန်းကျောင်းရမယ်လို့ ကျွန်တော်ထင်တယ်၊ဒါကတော့ နောင်ကျရင် စဉ်းစားလာကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ” တဲ့။
မောင်လှ - သူတို့တွေက အရင်ကတည်းက စာနယ်ဇင်း မီဒီယာ လွတ်လပ်ခွင့်ကို လိုလားသူတွေ ဟုတ်လို့လားဗျာ။ သူပြောတာ အရေးကြီးလို့လား။
အောင်ဘ - အဲဒါဆို ဒေါ်အောင်ဆန်းစုကြည် ပြောတာကြည့်။ စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောထားတာတွေ။ “ တစ်ချို့တွေကလည်း သတင်းထောက်တွေကို ကြောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေ ပြောလိုက်ရင် အမှန်ပြောရရင် ကျွန်မပြောတောတွေလည်း ထော်လော်ကန့်လန့်တွေ၊ ပြောင်းပြန်တွေ ထွက်လာတာတွေ ရှိတယ်။” “ အဲဒီ သတင်းကိုလည်း ကြောက်နေတဲ့ ကြောက်နေတာတွေရှိတယ်၊ ဒါကို ဆရာတို့ အနေနဲ့ ဆရာတို့ လုပ်ပေးရမယ် ” “ ဘာဖြစ်လို့လဲဆို တာဝန်မဲ့တဲ့ သတင်းသမားတွေကြောင့် ဖြစ်တဲ့ ကိစ္စတွေပေါ့နော်” “ တခါတလေ ကျပ်ကျပ်ကိုင်တယ် ဆိုတာကလည်း စိုးရိမ်ကြောင့်ကျမှုကြောင့် ကိုင်တာပဲ”။
မောင်လှ - အေးဗျ။ ဒေါ်အောင်ဆန်းစုကြည်တောင် ကျက်ကျပ်ကိုင်တယ် ဆိုတဲ့ စကားပြောလာပြီဆိုတော့။
အောင်ဘ - သမ္မတ ပြောတာရော ကြားချင်သေးသလား။ သူကတော့ ယဉ်ယဉ်ကျေးကျေး ပြောတာပေါ့ဗျာ။ “ ယခုလို သမိုင်းဝင် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမယ့် အချိန်အခါမျိုးမှာ မီဒီယာလွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ မီဒီယာ စည်းကမ်းနဲ့ မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြပဲ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ” တဲ့။
မောင်လှ - အင်း၊ အဲဒါဆို ဘာလုပ်ကြရင် ကောင်းမလဲ။
အောင်ဘ - အဓိကကတော့ စာနယ်ဇင်း တွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြဖို့ပဲဗျ။ အဲဒါကို တစ်တိုက်ခြင်းထိန်း၊ နောက် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း MJA တို့၊ သတင်းစာဆရာ ကွန်ယက် MJN တို့၊ စာနယ်ဇင်း သမဂ MJU တို့၊ သူတို့တွေက ထိန်း၊ စာနယ်ဇင်းကောင်စီက ထိန်း၊ ထိန်းနိုင်အောင် နည်းလမ်းရှာ လုပ်ပြီးကို ထိန်းရမှာ။ လုပ်လို့ရပါတယ်။
မောင်လှ - ခင်ဗျားကသာ လုပ်လို့ရပါတယ်ပြောတယ်။ ကျွန်တော် ရီစရာ ပြောဦးမယ်။ ကျွန်တော့် မိတ်ဆွေ “ မာဂျေ ” ဆိုတဲ့ သရော်စာ အရေးကောင်းတဲ့ ဆရာသမားတစ်ယောက် ရှိတယ်ဗျ။
အောင်ဘ - ဌာနဆိုင်ရာတွေ အစိုးရတွေကို အတော်ဆော်တဲ့ သူ။
မောင်လှ - အေး၊ အဲလိုလူက ဘာပြောလဲဆိုတော့ အခု သတင်းဂျာနယ် တစ်စောင် အသစ်ထွက်တယ် တဲ့။ ရောင်းမလောက်၊ ရိုက်မလောက်အောင် ရောင်းကောင်းတယ်တဲ့။
အောင်ဘ - ဟုတ်လား။ ဘာကြောင့်။
မောင်လှ - ရောင်းကောင်းမှာပေါ့တဲ့။ အားလုံးကို ပတ်ပြီး ဆဲထားတာတွေချည်းပဲမို့ တဲ့။ ငါတော့ အဲလောက် မဆဲရဲဘူးတဲ့။
အောင်ဘ - အောင်မလေးဗျ။ မာဂျေ က တောင် ဆရာခေါ်ရတယ်ဆိုတော့။
မောင်လှ - အဲဒီတော့ ခင်ဗျားကသာ စာနယ်ဇင်း ကျင့်ဝတ် ဘာညာ လုပ်နေ၊ ခေတ်ကလည်း အစိုးရကို ဆဲမှ စာစောင်က ရောင်းကောင်းတဲ့ ခေတ်၊ မဟုတ်မဟတ် ပုဂ္ဂိုလ်ရေးတွေ လျောက်ရေးမှ စောင်ရေတက်တဲ့ခေတ်၊ ဘာတရားစွဲခံရတာမှ မရှိပဲ ငြိမ်းချမ်းတဲ့ ခေတ်၊ ဆိုတော့ ခင်ဗျားပြောတာတွေ ဖြစ်လာမှာ မဟုတ်ပါဘူးဗျာ။
အောင်ဘ - ဖြစ်ဖြစ် မဖြစ်ဖြစ်ဗျာ။ လုပ်တာကတော့ လုပ်ရမှာပဲ။ ခုအချိန် တိုင်းပြည်ငြိမ်းချမ်းဖို့၊ တိုင်းရင်းသားတွေနဲ့ ညီညွတ်ဖို့၊ နိုင်ငံရေးပြသနာတွေ ပြေလည်စေဖို့ ဘာသာမတူသူတွေကြား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွနေနိုင်ဖို့ ကိစ္စတွေမှာ မီဒီယာတွေက သိပ် အရေးကြီးတယ်ဗျ။ မီဒီယာကြောင့် စစ်ပွဲဖြစ်သွားနိုင်သလို၊ ဘာသာရေး အဓိကရုဏ်း ဖြစ်သွားနိုင်တယ်၊ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး မုန်းတီးသွားနိုင်တယ်။ ကျွန်တော့် တကယ့် ကိုယ်တွေ့တွေတောင်ရှိတယ်။ နိုင်ငံခြားမှာ ကြုံခဲ့ရတာ။ ဆိုတော့ စာနယ်ဇင်း ကျင့်ဝတ် ထွန်းကားလာအောင် လုပ်ကို လုပ်ရမှာပဲဗျ။ အဲဒီလို လုပ်တာကို ဟန့်တားနေတဲ့ ကျူးလွန်နေတဲ့ သူတွေကိုလည်း ဝေဖန်ရမှာပဲဗျ။
မောင်လှ - ခင်ဗျားကတော့လေ။ ခက် ခက်ရချည်သေး။


စည်သူအောင်မြင့်။

0 comments to ““ မီဒီယာကြောင့် စစ်ပွဲ ဖြစ်သွားနိုင်သလား ””

Post a Comment