Wednesday, October 16, 2013

လူ ၁၀၀၀ ခန့် အသံကို သန်း ၆၀ ပြည်သူလူထု အသံ ဖြစ်လေဟန် NLD ပြော

,


ပဲခူးတိုင်း ဖြူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ငွေရတု အထိမ်းအမှတ်အဖြစ် နိုင်ငံရေး
ဟောပြောပွဲ တစ်ခုပြုလုပ်ခဲ့ပြီး ထိုပွဲသို့တက်ရောက်လာသူ ၁,၀၀၀ ကျော်က ဖွဲ့စည်းပုံ အခြေခံဥပဒေအား
ပြင်ဆင်ခြင်းထက် အသစ်ပြန်ရေးဆွဲရန်သာ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ကြသည်။

NLD ပါတီ၏ ငွေရတုအထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၄ ရက်က ဖြူးမြို့နယ် အိန်ချွမ်းခန်းမတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ NLD ၏အနာဂတ်၊ စစ်အာဏာရှင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည့် အကြောင်းအရာ များကို ဟောပြောခဲ့သည်။ ဟောပြောပွဲသို့ ရန်ကုန်မှ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှ တရားလွှတ်တော် ရှေ့နေဦးကိုနီ၊ နိုင်ငံရေး သုတေသီ ပညာရှင် ဒေါ်ခင်မမမျိုးအပါအ၀င် ခုနစ်ဦးက ဟောပြောခဲ့သည်။

ထိုဟောပြောပွဲသို့ ဖြူးမြို့နယ်မှ NLD ပါတီဝင်များနှင့် နိုင်ငံရေးစိတ်ဝင်စားသူ ၁,၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အသစ်ပြန်လည်ရေးဆွဲမည် (သို့မဟုတ်) ပြင်ဆင်မည်ကို လူထုဆန္ဒကောက်ယူရန် အောက်တိုဘာလတွင် စတင်ခဲ့သည်။ ထို့အပြင် တိုင်းနှင့် ပြည်နယ် အသီးသီးတွင်လည်း ဖွဲ့စည်းပုံနှင့် ပတ်သက်သည့် ဟောပြောပွဲများလုပ်ကာ သဘောဆန္ဒကောက်ယူမှုကို နိုဝင်ဘာလ ၁၀ ရက်တွင် အပြီးသတ်ကောက်ယူမည် ဖြစ်သည်။

ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင် ကိုယ်စားပြု၍ မြောက်ဥက္ကလာတွင် ဟောပြောပွဲပြုလုပ်ပြီး ဆန္ဒကောက်ခံခဲ့ရာပြင်ဆင်လိုသည့်ဆန္ဒ၈၅ရာခိုင်နှုန်းရရှိခဲ့ပြီး၊ တောင်ဒဂုံတွင် ကောက်ခံခဲ့ရာ ပြင်ဆင်လိုသူ ၉၀ ရာခိုင်နှုန်း ရှိခဲ့သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကောက်ယူခဲ့သည့် စာရင်းများအရ သိရသည်။

NLD မှ ဆန္ဒကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကောက်ယူပြီးသည်နှင့် ပဲခူးတိုင်းသို့ အောက်တိုဘာ လ ၁၅ ရက်နောက်ပိုင်းတွင် သွားရောက်၍ ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း၊ ဆန္ဒကောက်ခံခြင်း များ ပြုလုပ်မည် ဖြစ်သည်။

0 comments to “လူ ၁၀၀၀ ခန့် အသံကို သန်း ၆၀ ပြည်သူလူထု အသံ ဖြစ်လေဟန် NLD ပြော”

Post a Comment