သို့
ချစ်ရပါသော မကြီးမိုးရေ...
မောင်လေးသာပို စာရေးလိုက်ပါတယ်... မကြီးမိုး ကျန်းမာချမ်းသာလို့ ချစ်တဲ့အနုပညာ အလုပ်တွေမှာ ဒိထက်အောင်မြင်စေကြောင်း မေတ္တာပို့သလိုက်ပါတယ်... မကြီးမိုးရဲ့ မောင်လေးတို့မှာတော့ အကိုကြီးဒွေးတို့... မကြီးမိုးတို့လို အင်ဂျင်နီယာ အနုပညာရှင်တွေ အောင်မြင်နေကြတာကို ဂုဏ်ယူနေကြတဲ့ သူတွေပါဗျာ... မောင်လေးတို့ ပွဲတွေလုပ်တိုင်း မဖြစ်မနေဖိတ်ပြီး ဦးစားပေး နေရာပေး အရေးတယူ လုပ်ခဲ့ကြတာလဲ မကြီးမိုးတို့ အသိပဲမလား...
ွှ့#The Vioce မှာပါလာတဲ့ မကြီးမိုးရဲ့ အင်တာဗျူးဆန်ဆန် စက်မှုတက္ကသိုလ် ကျောင်းသူဘဝ အကြောင်းကိုဖတ်ရတော့ မကြီးမိုးရဲ့မောင်လေး သာပိုခမျာ စိတ်မကောင်းခြင်းတွေ ပိဘိအဟုတ် ဖြစ်ရပါတယ်... ဝမ်းနည်းရပါတယ် မကြီးမိုးရေ... မောင်သာပိုတို့ဆိုတာ ၁၉၉၆ နောက်ပိုင်း အခု စနစ်သစ် မစခင် ကြားကာလမှာ အင်ဂျင်နီယာ ဖြစ်လာရတာမို့ မကြီးမိုး ပြောသလိုဆိုရင် အဆင့်မမီတဲ့ ဟိုမရောက် ဒီမရောက်တွေပေါ့...
မကြီးမိုးတို့ရဲ့ ကျောင်းတော်ကြီးကို Thesis လုပ်တုန်းခဏပဲ ခြေချခွင့် ရခဲ့တဲ့သူမို့ ပိုပြီးတောင်မှာ ဝမ်းနည်းတသ နှမျောလို့ မဆုံးပါဘူး... နွားဖြစ်ပြီး နို့မှုန့်ဖျော်ရည် သောက်ရတဲ့ နို့စားနွားခြံက နွားပေါက်လို... ကျားဖြစ်ပြီး လှောင်အိမ်ထဲ မွေးကတည်းက နေခဲ့ရတဲ့သူလို... အင်ဂျင်နီယာဘွဲ့ဆိုတာ ငါနဲ့မတန်တဲ့ အရာပါလားလို့တောင် နှာရည်ဗရပွနဲ့ မကြီးမိုးစာကို ဖတ်ခဲ့ရပါတယ်... ကိုယ့်ဘဝကိုလဲ ရင်ထုမနာ အားငယ်သိမ်ငယ်မိပါတယ်...
မကြီးမိုးတို့ လက်ထက်တုန်းက မကြီးမိုးတို့ ဆရာတွေ... ဌာနဆိုင်ရာမှာ အလုပ်လုပ်နေကြတဲ့ မကြီးမိုးတို့ရဲ့ Senior ကြီးတွေ... ရဲ့ ကုသိုလ်ကောင်းမှုနဲ့ ရန်ကုန်စက်မှု တက္ကသိုလ်ကြီး စည်ပင်ခဲ့တာကို အားကျမိတဲ့ မောင်လေးတွေပါ မကြီးမိုးရယ်... အင်ဂျင်နီယာကျောင်းဆိုပြီး ရင်ခုန်ခဲ့ရတာတွေဟာ မောင်လေးတို့ရဲ့ အတိတ်ကုသိုလ်ကံ မကောင်းတာမို့ မကြီးမိုးတို့ရဲ့ ကုသိုလ်ကံကြောင့် အလိုလို မိုးပေါ်ကကျလာတဲ့ ဆရာကောင်းတွေ ဌာနဆိုင်ရာက Senior ကောင်းတွေ မရှိတာကြောင့် အဆင့်မမီတဲ့ အင်ဂျင်နီယာတွေ ဖြစ်ခဲ့ရပါတယ်...
ဒါပေမယ့် မကြီးမိုးရယ်... ကိုယ့်ခေတ်ကိုယ့်အခါမှာ လက်ဆင့်ကမ်းဖို့ထက် ကိုယ်ကျိုးစီးပွားကို ပိုအရေးပေးခဲ့ကြလို့ ဆရာကောင်းသမားကောင်း ရှေ့ဆောင်လမ်းပြကောင်း မရှိခဲ့တာမို့ အဆင့်မမီဖြစ်ခဲ့ရပေမယ့် ကိုယ့်နောက် Generation တွေကိုတော့ ကိုယ်တွေလို အမိမဲ့သား ရေနည်းငါး... ဘယ်သူ့အဖေခေါ်ရမယ့် သူမျိုးမဖြစ်အောင်... မောင်လေးတို့ တတ်နိုင်သမျှ လုပ်ကြမှာပါ... ဒီအတွက် အရှက်မရအောင် နေပါ့မယ် မကြီးမိုးရယ်...
တိုင်းပြည်ရဲ့ အလုပ်ခန့်နိုင်စွမ်းနဲ့ မမျှတအောင် အရေအတွက် အဓိကထားပြီး မွေးထုတ်ခံခဲ့ရတဲ့ မောင်လေးသာပိုတို့မှာ မကြီးတို့လိုလဲ ရွေးချယ်စရာ မများခဲ့သလို အခွင့်အရေးလဲ မရှိခဲ့ပါဘူး... ဆယ်တန်းအမှတ် အမြင့်ဆုံးနဲ့ ခေါ်ပါပြီဆိုတဲ့ အဆင့်ပြန်မီလာတဲ့ စနစ်သစ်ကြီးကိုလဲ မုဒိတာပဲ ပွားနိုင်ပါတယ်... မကြီးမိုးတို့ အဆင့်မမီပါဘူးဆိုတဲ့ မောင်လေးတို့လို အင်ဂျင်နီယာပေါက်စ ရေနည်းငါးတွေကို အင်ဂျင်နီယာအသင်းကြီးရဲ့ ကူညီပံ့ပိုးမှုနဲ့ လေ့လာရေး... On Job Training... Seminar... ဟောပြောပွဲတွေနဲ့ ရေစက်လေးတွေ ချပြီးတော့ မောင်လေးတို့ အသက်ဆက်နေကြပါတယ်...
ဘယ်နှစ်ခုနှစ်က စင်္ကာပူအစိုးရက သတ်မှတ်ခဲ့မှန်း မသိရတဲ့ အဆင့်မီ၏မမီ၏ ဆိုတဲ့ကိစ္စ၇ပ်ကို မကြီးမိုးရေးလို့ စင်္ကာပူအစိုးရက သတိပြန်ပြုမိပြီး မောင်လေးတို့ကို အလုပ်ဖြုတ်ဖို့ ကြံနေတာကြောင့် အခုပြန်လာပြီး ရထားတဲ့ဘွဲ့လေး ပြန်အပ်ဖို့ ချောင်းနေပါတယ် မကြီးမိုးရယ်...
အခွင့်အရေးကောင်းမှ ငွေရပေါက်လွယ်မှ ဆိုတာနဲ့တိုင်းပြီး ပညာသင်ကြတဲ့ ရွေးချယ်မှုကြောင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွေ ထိခိုက်ရတာမို့... ဒီစနစ်ကြီးကိုလဲ ပြောင်းချင်လှပါပြီ မကြီးမိုးရယ်... ကိုယ့်အလှည့်မှာ ရှေ့က Senior တွေ ဆရာတွေကြောင့် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ခဲ့တဲ့ သူတွေကနေပြီး ကိုယ့်ပျက်ကွတ်မှုတွေကြောင့် ယိုယွင်းခဲ့ရတဲ့ ပညာရေးစနစ်မှာ ဖြစ်တည်ခဲ့ရသူတွေကို ပြောဆိုနေတဲ့ ကိစ္စရပ်တွေလဲ ကုန်ဆုံးစေချင်လှပါပြီ... မောင်လေးသာပိုကတော့ မင်းဘာတွေယူပြီး မင်းဘာတွေ ပြန်လုပ်ပေးနေလဲဆိုတဲ့ မေးခွန်းနဲ့ အစားထိုးချင်ပါတယ်...
မကြီးမိုးတို့ ခေါင်းပေါင်းဖြူတာ ရှေ့ကလုပ်တဲ့ ဆပ်ပြာကောင်းလို့ပါ... မောင်လေးတို့ခေတ်မယ် ဆပ်ပြာရုံထက် လစာကောင်းတဲ့ အခွင့်အရေးပိုတဲ့ နေရာတွေကို လုနေကြတာမို့... ဆပ်ပြာရုံမယ် ထုတ်မယ့်သူမရှိလို့ ခေါင်းပေါင်းလေးတွေ ညစ်နေတာကို နှာခေါင်းမရှုံပါနဲ့ဗျာ... မောင်လေးတို့ ဝမ်းနည်းလွန်းလို့ပါ...
မေတ္တာဖြင့်
မကြီးမိုးကို လေးစားဂုဏ်ယူသော မောင်လေး
သာပို