တံတားဦးက ကွမ်းနုဝါ
ငမြှာက ဆေး။
ကွမ်းသီး တောင်ငူနဲ့
ကိုင်းထုံးဖြူု ပြည်ရှား
သာဝါးလို့ထွေး။
ကျွန်တော် ကွမ်းစားခြင်းအမှုကို(၃)နှစ်ကျော်မျှ ပြုခဲ့သည်။ကွမ်းစားခြင်းသည် မိမိတွက်လည်းအကျိုးမရှိ။ပတ်ဝန်းကျင်ကိုလည်း ညစ်နွမ်းစေသည့်အမှု။ကြာလာသည်နှင့်အမျှ ခံတွင်းကင်ဆာဖြစ်ဖို့ရာ နှုန်းပြည့်သေချာပေတော့မည်။ထို့ကြောင့် ကျွန်တော်လုံးဝစားသုံးခြင်း မပြုတော့ဟု စိတ်လုံးလုံးချကာ ဒုံးဖြတ်ချလိုက်သည်။ ရက်ပေါင်းများစွာ ပြုလုပ်ခဲ့သော အလေ့အထ။တော်တော်ခံခက်လှသည်။
အစပိုင်းတွင် ဘာမှမသိသာလှသော်လည်း နောက်ပိုင်းတွင် ခန္ဓာကိုယ်တွင်း ပဋိဇိဝပြောင်းလဲမှုနှင့် သက်ရောက်မှုများတော်တော်ခံစားလိုက်ရသည်။နှစ်ပေါင်းအတန်ကြာ ဆုပ်ယူဝါးမြိုလာသော နီကိုတင်းဓာတ်၏ ဘေးထွက်ဆိုးကျိုးကားတော်တော်များလှသည်။နေမထိထိုင်မသာဖြစ်ခြင်း၊
သွားရည်ထွက်ခြင်း၊၀မ်းတွင်း အပူများခြင်း၊ရင်ညွှန့်တ၀ိုက် ပူခြင်း၊မျက်နှာတွင် အဖု၊အပိန့်ထွက်ခြင်း၊ဒေါသကြီးလာခြင်း၊ စားချင်သောက်ချင်စိတ် မရှိခြင်း၊အိပ်မပျော်ခြင်း စသည်တို့ကို တစ်ပတ်ခန့်မျှ ကျောကော့အောင် ခံလိုက်ရသည်။
ဆိုလိုသည်မှာ လူတစ်ယောက်အတွက် အပြုအမူ၊အလေ့အထတစ်ရပ်ကို လွယ်လွယ်နှင့်ဖြတ်တောက်ရန်ခက်ခဲသည်ဆိုသည့်အချက်ပင်ဖြစ်ပြီး နောက်ဆက်တွဲဝေဒနာ
များလည်းအလူးအလဲခံလာရနိုင်သည်ဟူ၍ ဖြစ်ပါသည်။
ထိုနည်းတူ ။လူပေါင်းများစွာ၏ နောက်ခံသမိုင်း၊အတွေးအခေါ်အယူအဆ၊ဓလေ့စရိုက် အမူအကျင့်ပေါင်းများစွာနှင့် နှီးနှောယှက်နွယ်နေသည့် နိုင်ငံတစ်ခု၌ နှစ်ပေါင်းများစွာ အမြစ်တွယ်လာသည့် အရာတစ်ခုကိုရော လွယ်လွယ်နှင့် ဖြတ်တောက်ဖို့ ရ/မရ စဉ်းစားကြည့်မည်ဆိုလျှင် များစွာနက်နဲ ခက်ခဲမည်ဆိုသည်ကို တွေးရှုနိုင်ပါသည်။
ပမာခိုင်းနှိုင်းရလျှင် တပ်မတော်သည် မြန်မာနိုင်ငံရေးနယ်ပယ်၌ သာမန်အကြိတ် အခဲမဟုတ်။ပုံမှန်ပြုနေကြ အလေ့အထလို ခနတဖြုတ်အောင့်အီးသည်းခံပြီး ပစ်ပယ်ဖြတ်တောက်ရန်ရကောင်းသော အဖွဲ့အစည်းမဟုတ်။မြန်မာ့နိုင်ငံရေးနှင့် ထပ်တူထပ်မျှကျစွာ နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့သည့် မြစ်ပွားနာကင်ဆာဖြစ်သည်။
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး လွတ်လပ်ရေးနှင့်အတူတကွ ထပ်တူနီးပါးကျစွာ တောခိုခဲ့ကြသည့် သောင်းကျန်းသူအမျိုးမျိုးနှင့်လည်း ပက်ပင်းရင်ဆိုင်
တိုးခဲ့ရသည်။ဦး၊ဗိုလ၊်သခင်တို့၏စင်ပြိုင်နိုင်ငံရေးကျားကွက်အောက် ရွေ့ကွက်ပျောက်
သည်နှင့်လည်းကြုံဖူးသည်။၃ကြိမ်မကသော ပြည်ပျက်မတတ် သွေးချောင်းစီးဖြစ်ရပ်များတွင်လည်း ဒွေးရောယှက်တင် ပါဝင်ခဲ့ရသည်။
ဆိုရလျှင် တပ်မတော်သည် နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာသည့် အချိန်အခါမျိုးမှသာ ၀င်ရောက်ထိန်းသိမ်းရယူခဲ့ပါ၏။တပ်မတော်သည် မြန်မာ့နိုင်ငံရေး၌ကင်ဆာဆဲလ်တစ်ခုဖြစ်သည်ဆိုလျှင် အာဏာကို ငမ်းငမ်းတက်မက်မော၍ ဖြစ်တည်လာသော ဘေးထွက်ဆိုးကျိုး အနာမျိုးမဟုတ်။သမိုင်း၏ တောင်းဆိုမှုအရ၊နိုင်ငံ၏ လိုအပ်ချက်အရ ထဲထဲဝင်ဝင် ပါဝင်ခဲ့ရသည့် မျိုးရိုးလိုက် မြစ်ပွားနာတစ်ခုသာ ဖြစ်သည်။
အစဉ်အလာအရ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားလျက် ကိုယ်မထိန်းလျှင် မငြိမ်းနိုင်သည့် အခြေနေမျိုးတွက် ၀င်ရောက်စွက်ဖက်ရခြင်းမျိုးသာ ဖြစ်သည်။ယခုလည်း အရပ်သားအစိုးရလက်ထဲ အာဏာအ၀၀လွှဲလျက် ဒီမိုကရေစီပန်းတိုင်ဆီသို့ တစ်ပါတည်းချီတက်နေပါ၏။
သည်နေရာတွင် လွှတ်တော်အရပ်ရပ်၌ တပ်မတော်သားကိုယ်စားလှယ် ၂၅% ရယူထားခြင်းကိစ္စ၊တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ အစဉ်တစိုက်ဦးတည်သည် ဆိုသောကိစ္စ၊ကာ/လုံ ဖွဲ့စည်းမှုကိစ္စ စသဖြင့် တပ်မတော်က ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးအခြေပြု ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ကိစ္စအ၀၀၌ ထိုးနှက်တိုက်ခိုက်နေသည်ကိုလည်း မြင်တွေ့ကြားသိနေရသည်။
လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်၊လွတ်လပ်စွာ သဘောထားထုတ်ဖော်ပိုင်ခွင့်၊လွတ်လပ်စွာ ရေးသားထုတ်ဝေပိုင်ခွင့်တို့သည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည်ဆိုကြပြီး တပ်မတော်အား သံပုံတီးတောထုတ်ရန် အလောတကြီးဆောင်ရွက်စီမံလာသည်ကိုလည်း မတွေ့ချင်အဆုံးပင်ဖြစ်သည်။
သည်နေရာတွင် နိုင်ငံရေးသမားဆိုသူများ ခုန်ပျံကျော်လွှားမျက်စိမှောက်မှားနေသည်လား မပြောတတ်။ကိုယ့်ဘက်ကိုယ်သာတွက်၍ သူများအတွက် ချန်လှပ်ကာ စဉ်းစားသည်လားမဆိုနိုင်။ဤသည်ကား တပ်မတော်၏ လားရာပန်းတိုင်နှင့် ရည်မှန်းချက်မဏ္ဍိုင်ပင် ဖြစ်သည်။
တပ်မတော်၏လားရာသည်ကား ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများအရေး၌ မပြီးပြတ်သေးသည်များကို (တရားဝင်)လွှတ်တော်ဘောင်အတွင်းက ဖြေရှင်းရန်ဖြစ်ပြီး အဆိုပါ ကိစ္စများအပြီးတိုင်ချုပ်ငြိမ်း၍ နိုင်ငံတာကာတပ်မတော်များနည်းတူ တစ်ပေါင်းတစ်စည်းတည်းသော ပြည်ထောင်စုတပ်မတော် ဖော်ဆောင်ရန်ဖြစ်သည်။
တပ်မတော်အဓိက ရည်မှန်းချက်မှာ ဒို့တာဝန်အရေး(၃)ပါးအား ထာဝရကာကွယ်သွားရန်ဖြစ်ပြီး မည်သို့သော အစိုးရတက်လာစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များအတိုင်း တိကျစွာလိုက်နာ၍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်သည်။
ထို၂ခု၌ ရည်မှန်းချက်မဏ္ဍိုင် အခြေခိုင်သော်လည်း လားရာပန်းတိုင် အခြေမခိုင်သေးသမျှ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ တပ်မတော်ပါဝင်နေရဦးမည်သာဖြစ်သည်။
ပုဂ္ဂိုလ်၊ပါတီ၊အဖွဲ့အစည်း အသီးသီးက တပ်မတော်၏ရှေ့ခရီးတွက် ခိုင်မာသော အာမခံချက်မပေးနိုင်သမျှ ပါဝင်နေရဦးမည်သာဖြစ်သည်။
ဘေးထွက်ဆိုးကျိုးများမည့် ဆုံးဖြတ်ချက်များ( လူညီလျှင် ဤကိုကျွဲဖတ်ခြင်း)
အလျဉ်းမရှိတော့သည့် အခြေနေတစ်ရပ်သို့ရောက်ခါ နိုင်ငံတော်မူဝါဒနှင့် လမ်းစဉ်ခိုင်မာသည်အထိ တပ်မတော်ပါရှိနေဦးမည်ဖြစ်သည်။
တပ်မတော်ဘက်က ဤသို့သောအခြေနေမျိုးရောက်လျှင် သူ့အလုပ်သူလုပ်ရုံသာ။လက်ရှိအရပ်သားအစိုးရ တာဝန်ယူထားသည့် (၃)နှစ်ကျော်ကာလအတွင်း တပ်မတော်၏ အထက်ပါစိုးရိမ်ခြင်းများကို လွှတ်တော်တွင်း အဘယ်မည်သောပုဂ္ဂိုလ်တို့က အဆိုတင်သွင်းဖူးကြပါသနည်း။
နိုင်ငံတော်၏ ပိုင်နက်နယ်မြေမှ တစ်စိတ်တစ်ဒေသ ဖဲ့ပေးကောင်းပေးရနိုင်သည့် ဘင်္ဂလားဒေရှ့်နှင့် ရေပိုင်နက်ပြဿနာ၌ အစိုးရကဘောင်အတွင်းမှဖြေရှင်း၊
တပ်မတော်က ရေတပ်ချင်း ထိပ်တိုက်ဆိုင်ခြင်းကိုသာ တွေ့လိုက်ရပါ၏။ကမ္ဘာခုံရုံးက မျှတစွာဆောင်ရွက်ရန် ဦးဆောင်လှုံ့ဆော်တိုက်တွန်းသော နိုင်ငံရေးသမား ပေါ်ထွက်မလာ။
ရခိုင်ပြည်နယ်အရေး ပြဿနာအရှုတ်ထွေးတွေ ပေါ်လာ၏။ကနဦးအစ၌ မသိကျိုးကျွန်။နောက်ပိုင်း ရခိုင်သားချင်းတို့ အလွန်ဆိုသော နိုဘယ်လ်ဆုရှင်နှုတ်ထွက်စကားက တရားဥပဒေစိုးမိုးရေးတွက် ဘယ်လောက်များ အစွမ်းထက်စေနိုင်ပါသနည်း။အစိုးရပိုင်းက အမိန့်အသီးသီးထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ရပြီး တပ်မတော်ပင် ၀င်ရောက်တာဝန်ယူရသည် မဟုတ်ပါလော။
မြစ်ဆုံရေကာတာကိစ္စ အကြောင်းပြ၍ မြောက်ပိုင်းတစ်နေရာက ပြဿနာများ တဖြည်းဖြည်းကြီးထွားလာ၏။အစိုးရမှ အလျှော့ပေးရပ်ဆိုင်းလိုက်သော်လည်း ကိုယ်ထင်ရာကိုယ်စိုင်းကာ လုပ်ချင်တိုင်းလုပ်နေသည့် ကေအိုင်အေအပေါ် သင့်တော်သော အရေးဆိုမှု ဘာတစ်ခုမျှ မပြုကြ။တပ်မတော်စစ်ကြောင်းများ အထိနာလှ၍ အင်အားအတန်သင့်သုံးခြင်းအပေါ် လွှတ်တော်၌ ဇွတ်အော်ကြသည်။
မတရားသဖြင့်လုပ်ဆောင်နေသော အဖွဲ့အစည်းကို ဆန့်ကျင်ကန့်ကွက်ရာ၌ ဦးလှရွှေအား ထောက်ခံသော အမတ်များဘယ်နှစ်ပါးရှိပါသနည်း။
တပ်မတော်၏ကျောထောက်နောက်ခံ စီးပွားရေးအဖွဲ့အစည်း ဦးပိုင်ကို အငြှိုးတကြီးထိုးနှက်ကြ၏။
စစ်တပ်သည် စီးပွားရေးလုပ်စရာမလို။သို့ဆိုလျှင် တပ်မတော်သားများ၏ ဘ၀၀မ်းစာမဖူလှုံမှုအတွက် သူရဦးရွှေမန်းထက် ပိုမိုလေးနက်သော တိုက်တွန်းတောင်းဆိုချက်ဖြင့် စေတနာရှင် အမတ်များ ဘယ်နှစ်ပါးရှိခဲ့ပါသနည်း။
အစဆွဲထုတ်ရလျှင် ထောင့်တစ်ညပုံပြင်မက ရှိပေမည်။တပ်မတော်အား လွှတ်တော်မှ ဖယ်ထုတ်ရန်သာ စဉ်းစား၍ ပြကတေ့အခြေအနေ၌ တပ်မတော်မှ အားကိုးထိုက်သည့် ပုဂ္ဂိုလ်အနည်းအကျဉ်းသာ။ တပ်မတော်ဘက်က မျှဝေစာနာပေးသည့် ပုဂ္ဂိုလ်၊ပါတီ မရှိသလောက်ဖြစ်သည်။
တပ်မတော်သား အစိတ်သားတို့ ပါဝင်နေသော လွှတ်တော်ပင်လျှင် ဤမျှမပီမပြင်ဖြစ်နေရာ အကယ်၍သာ ဤနေရာမှ တပ်မတော်ထွက်ခွာခဲ့ပါက ကျီးစားစားခွေးထိုးထိုး သဘောထားမျိုးရှိသည့် ပုဂ္ဂိုလ်/ပါတီပေါ်မလာဟု မည်သူမျှမပြောနိုင်ပါ။
နိုင်ငံတွင်း၌ လက်နက်ကိုင်အဖွဲ့အစည်း(၁၉)ဖွဲ့ကျော်ရှိ၍ ခန့်မှန်းအင်အား(၃)သိန်းနီးပါးရှိနိုင်သည်။
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး အပြည့်အ၀ လက်မှတ်ရေးထိုးကြသည့်တိုင် ခိုင်မာသော အနာဂတ်အဖြေမရှိသေး။အလုံးစုံပေါင်းစည်းညီညွတ်ရေး ဘယ်သူဖြေရှင်းပေးမည်နည်း။
ဆိုရလျှင် တပ်မတော်သည် မြန်မာ့နိုင်ငံရေး၌ နှစ်များစွာနေရာယူခဲ့ရခြင်းသည်လည်းကောင်း ၊လက်ရှိချိန်တွင် တစ်စုံတစ်ခုသော အတိုင်းတာတစ်ခုထိ နေရာယူထားရခြင်းသည်လည်းကောင်း ဆက်ကြောင်းများစွာ ရှိနေပါ၏။ဆက်ကြောင်းတိုင်း၌ ဆက်ထုံးဟူသည် ရှိနေမည်သာ။ထိုဆက်ထုံးတို့ ပြေလျှော့ကာ အသစ်လဲလှယ်အစားထိုးရမည့်နေ့ မလွဲမသွေရှိလာပါလိမ့်မည်။
မြန်မာ့နိုင်ငံရေး၌ နှစ်ပေါင်းများစွာ အမြစ်တွယ်လာသော တပ်မတော်သည် ကင်ဆာဆဲလ်တစ်ခုနှင့် အလားသဏ္ဌာန်တူသည်ဆိုပါက ယနေ့အခြေနေတွင် ဓာတ်ကင်၍ပဲဖြစ်ဖြစ်၊ဆေးစွမ်း၍ပဲဖြစ်ဖြစ် အလွန်အမင်းစိုးရိမ်ရန်မလိုသော stage 1အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က နောက်ပြန်မလှည့်ပါဟု ကတိက၀တ်ပြုထားပြီး အစိုးရ၏မူဝါဒအတိုင်း လိုက်နာဆောင်ရွက်မည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောပြီးဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေး ကလီစာထဲမှ တပ်မတော်ဟူသော အစိတ်အပိုင်းကို အလောသုံးဆယ် ခွဲထုတ်ရန်မလိုသေးချိန်၌ ဆေးစားဆေးတိုက်လောက်သာ ပြုသင့်ပါ၏။
သို့မဟုတ်ဘဲ ဆန့်ကျင်ဘက်အခြေနေမှနေ၍ ဖီလာကန့်လန့်တိုက်ကာ တပ်မတော်၏ အဓိကတာဝန်ဝတ္တရားနှင့် လုံခြုံစိတ်ချမှုများကို ဇွတ်တင်းဖြတ်တောက်ရန် ကြိုးစားပါက ၅၀…၅၀%ကြား ပြန်လည်ရောက်ရှိသွားနိုင်ပါသည်။
ထိုအချက်ကို အားလုံးချင့်တွက်ဖို့လိုပါသည်။
(ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တရားဝင်ဆောင်ရွက်မှုကို ကြိုဆိုလျက်)
Mhuu Yaw Da