Sunday, October 20, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း အပိုင်း(၅) နိဂုံး

,

========================================
နေပြည်တော် အောက်တိုဘာ ၁၅

ဦးသန်းအောင်။ ဟုတ်ကဲ့ပါခင်ဗျာ၊ ဆရာ ဖြည့်စွက်ဆွေးနွေးသွားတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။ ဆရာ ဒေါက်တာ မနန်တူးဂျာအနေနဲ့ရော ဘာများဖြည့်စွက် ဆွေးနွေးချင်တာ လေးတွေရှိဦးမလဲ ခင်ဗျ။

ဒေါက်တာမနန်တူးဂျာ။ ကျွန်တော်နည်းနည်း ဖြည့်စွက်ဆွေးနွေးချင်တာက တိုင်းရင်းသား အခွင့်အရေးမှာ ယခင်ပြဋ္ဌာန်းခဲ့တဲ့၊ သုံးစွဲခဲ့တဲ့ အခြေခံဥပဒေများမှာမပါတဲ့ တိုင်းရင်းသား အခွင့် အရေးတစ်ရပ်လို့ ဆိုလို့ရတဲ့ အချက်တစ်ခု ဒီလက်ရှိအခြေခံဥပဒေမှာ ပါနေတယ်။ အဲဒါ ဘာလဲဆို တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်နိုင်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါလည်း ထူးခြားတဲ့ တိုင်းရင်းသား အခွင့်အရေးတစ်ရပ်လို့ မှတ်ယူလို့ ရပါတယ်ဆိုတာကို ကျွန်တော် ဖြည့်စွက် ပြောကြားလိုပါတယ်။

ဦးသန်းအောင်။ ဟုတ်ကဲ့ပါခင်ဗျာ။ ဒေါက်တာ အင်ဒရူးအနေနဲ့ရော ဘာများ ဖြည့်စွက်ဆွေးနွေး ချင်တာလေးတွေ ရှိသေးလဲခင်ဗျ။

ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်။ သဘာဝသယံဇာတ အရင်းအမြစ် ဝင်ငွေခွဲဝေရေး၊ နောက်ပြီးတော့ ကျေးလက်နဲ့ မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်တွေကို လျှော့ချနိုင်ရေးအတွက် ဒီသဘာဝတစ်ခုကိုပဲ မကြည့်ဘဲနဲ့ ထပ်ပြီးတော့ တစ်ဆင့်ကြည့်ဖို့က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပဲ ဖြစ်ပါတယ်။ ဒီကိစ္စမှာ လက်ရှိ ၂ဝဝ၈ အခြေခံဥပဒေမှာ ပညာရေးနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဟာတွေ အများစုဟာ ပြည်ထောင်စုရဲ့ ဥပဒေပြုခွင့်၊ ဒါမှမဟုတ် လက်ရှိတည်ဆဲဥပဒေအရ ပြည်ထောင်စုအစိုးရ အဆင့်ကနေ ကိုင်တွယ်တဲ့ဟာတွေ များပါ တယ်။ အဲဒီတော့ ကျွန်တော့် အမြင်မှာတော့ ကျွန်တော်တို့ရဲ့ အနေအထားနဲ့ကိုက်ညီတဲ့ တိုင်းရင်းသားတွေ၊ ကျေးလက်မှာနေတဲ့ လူတွေရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ထဲကလူတွေ တဖြည်းဖြည်းနဲ့ ဒီဟာကို အခုချိန်ကနေ ပြောင်းပြီးတော့ ဥပဒေပြုဇယား (၂) ထဲမှာ ပြောင်း၊ ဒါမှမဟုတ်လို့ရှိရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ တဖြည်းဖြည်း ပြန်ပြီးတေှာု့ Incrementally ပေးသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီလိုမလုပ်လို့ရှိရင် မြို့ပြနဲ့ ကျေးလက်ဒေသက ဆင်းရဲချမ်းသာကွာဟမှု၊ နောက်ပြီးတော့ ဖွံ့ဖြိုးမှု ကွာဟမှုတွေကို တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။

ဒုတိယအချက်အနေနဲ့ ပြောချင်တာက ဇယား(၁)၊ ဇယား(၂)မှာ ဇယား (၂)ကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်ပိုပြီးတော့ ပေးသင့်တယ်လို့ ယူဆတဲ့အချက်တွေ ဖြစ်ပါ တယ်။ အဲဒီလို မပေးခင်မှာလည်း ခုနက ဒီလိုပေးပြီးတော့ တကယ်တမ်း အလုပ်မလုပ်နိုင်တဲ့ ဟာတွေကိုလည်း အလုပ်မဖြစ်အောင် အဟန့်အတားဖြစ်နေတဲ့ တည်ဆဲဥပဒေတွေကိုပါ တစ်ခါတည်း နှစ်ခုစလုံး အခြေခံဥပဒေလည်း ပြုပြင်ရင်း၊ လိုတိုးပိုလျှော့လုပ်ရင်းနဲ့လည်း တစ်ဖက်မှာ တည်ဆဲဥပဒေကို အနှောင့်အယှက်ပေးနေတဲ့ ဒီဥပဒေလေးတွေကိုလည်း ပြုပြင်ရင်း၊ နောက်ပြီးတော့ ဇယား(၅)မှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကောက်ခံ နိုင်တဲ့ အခွန်အတုတ်တွေကိုလည်း သူတို့ဘဏ္ဍာငွေ ပိုပြီးတော့တိုးလာအောင် နည်းနည်း ပြန်တိုးပေးဖို့တော့ လိုပါတယ်လို့ ယူဆပါတယ်။ အဲဒီလို တဖြည်းဖြည်းနဲ့ သွားတယ်ဆိုလို့ရှိရင် ၂ဝဝ၈ အခြေခံဥပဒေကနေ ကျွန်တော်တို့ကို ခင်းပေးထားတဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ ဆက်ပြီးတော့ လမ်းကြောင်းမှန် လျှောက်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီလမ်းကြောင်းကို ဖြတ်တောက်ပြီးတော့ နောက်လမ်းကြောင်း အသစ်တစ်ခု ထွင်မယ်ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့မှာ တော်တော်ကြီးမားတဲ့ ပြဿနာတို့၊ စိန်ခေါ်မှုတို့၊ အခက်အခဲတို့
ကြုံတွေ့ရလိမ့်မယ်လို့ ယူဆပါတယ်။

ဦးသန်းအောင်။ ဆရာ ဖြည့်စွက်ဆွေးနွေး သွားတာလည်း ကောင်းပါတယ် ခင်ဗျ။ ဆက်ပြီး တော့ ဆရာဦးကျော်ဝင်း ဘာများဆွေးနွေးချင်တာလေးများ ရှိသေးလဲခင်ဗျ။

ဦးကျော်ဝင်း။ ကျွန်တော်တို့ နားလည်သလောက် ဆိုရင်ပေါ့။ အခြေခံ ဥပဒေတစ်ခုနဲ့ ပတ်သက်ရင် လက်တွေ့ အလုပ်လုပ်ကြည့်ရင်းနဲ့ ရှေ့ဆက်ဖို့ အဟန့်အတားဖြစ်နေတယ်၊ အခက်အခဲ ရှိနေတယ်ဆိုတာမျိုးတွေ တွေ့ရင်တော့ ညှိနှိုင်းပြင်ဆင်သင့်ပါတယ်။ ကျွန်တော် ဥာဏ်မီသလောက် စဉ်းစားကြည့်တော့ သွားနေတဲ့အပြောင်းအလဲက သုံးပွင့်ဆိုင်ပေါ့၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ် ရှေ့ဆက်ဖို့ဆိုရင်တော့ ဆရာ ဒေါက်တာတူးဂျာတို့၊ ဒေါက်တာအင်ဒရူးတို့ ပြောတဲ့ ထဲလည်း ပါပြီးပါပြီ။ ပြည်နယ်နဲ့ ဗဟိုအစိုးရအကြား Power Sharing တို့ Resourse Sharing တို့ ဒါလေးတွေကိုတော့ အကျေအလည် ညှိပြီးတော့ သဘောထားကြီးကြီးနဲ့ ညှိနှိုင်းကြရင် ပိုပြီး အဆင်ချောမယ် ထင်ပါတယ်။

တပ်ကိစ္စကျတော့ ဒီနေ့သွားနေတဲ့ အပြောင်းအလဲကို ကတိမ်းကပါးဖြစ်စေတဲ့ အဟန့်အတား ဖြစ်စေတဲ့ အပြုအမူတွေ ကျွန်တော်လည်း အခုထိတော့ မတွေ့ဘူး။ အထူးသဖြင့် ကျွန်တော် သတိပြုမိတာက ဒါလည်း လွှတ်တော်ထဲ ရောက်ပြီးမှပါ။ တပ်က တပ်ရဲ့ရပ်တည်မှုက ဘယ် နိုင်ငံရေး ပါတီတစ်ခုနဲ့မှ သိပ်မပတ်သက်ဘူး။ သူ့မူနဲ့သူ သွားနေသလိုပဲ။ အဲဒါလည်း လွတ်လပ်တဲ့ Professional Institution ဖြစ်ဖို့အတွက်ကျ အလားအလာကောင်း တစ်ခုလို့ မြင်ပါတယ်။ ချုပ်လိုက်ရင်တော့ လောလောဆယ် တပ်ကိစ္စ ၂၅ ရာခိုင်နှုန်းကိစ္စက အဆောတလျင် ကိုင်စရာလည်း မလိုသေးဘူး။ ကိုင်လည်း မကိုင်သင့်ဘူးလို့ ထင်ပါတယ်။ အကုန်လုံး ချုပ်လိုက်ရင်တော့ ဒါတော့ ကျွန်တော်တစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့ တစ်သက်တာအတွက်တော့ အခုကြုံနေတဲ့ အပြောင်းအလဲလို စိတ်ကူးတွေနဲ့ မျှော်လင့်လို့ ရတာမျိုးကို ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တစ်ခါမှ မကြုံဖူးဘူး။ အဲဒီတော့ ဒီဟာလေး ကိုတော့ တန်ဖိုးထားစေချင်ပါတယ်။ အထူးသဖြင့် ဒီအပြောင်းအလဲကို ကတိမ်းကပါး မဖြစ် စေချင်ဘူး။ ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ်၊ လက်ရှိအပြောင်းအလဲကို ကတိမ်းကပါး မဖြစ်စေဖို့ ဆိုတဲ့ဟာလေးကို သတိချပ်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ နောက်ဆုံး ကျွန်တော် ဖတ်ဖူးတဲ့ စာသားတစ်ခုပါ။ ဒီမိုကရေစီ အပြောင်းအလဲမှာ ပြဿနာများနိုင်တဲ့၊ မသေချာမရေရာနိုင်တဲ့ ကိစ္စတွေကို သိပ်အာရုံ မပြုမိပါစေနဲ့၊ ဒါတွေကမစပါနဲ့၊ အကျိုးရလဒ် သေချာပေါက် ရနိုင်မယ့် ကိစ္စတွေကို အာရုံစိုက်ပါ။ ဒါကစတာ ပိုသင့်လျော် ပါတယ်ဆိုတဲ့ စကားပါ။ ကျွန်တော် အဲဒါလေးကိုလည်း ဖျတ်ခနဲသတိရမိတယ်။ အဲဒီတော့ သဘောထား ကြီးကြီးနဲ့ အမြော်အမြင်ကြီးကြီးနဲ့ လုပ်ကြရင်တော့ ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်မယ် ထင်ပါတယ်။

ဦးသန်းအောင်။ ဆွေးနွေးသွားတာတွေ ကြားလိုက်ရတဲ့အခါကျတော့ ဆရာတို့ဆွေးနွေးတဲ့ အပေါ်မှာ ဘာသွားထပ်ပြီး တွေ့လိုက်သလဲဆိုတော့ အားလုံးခြုံကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီနေ့ထိဆိုရင် သုံးခုရှိသွားပါပြီ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေကလည်း သူ့အကြောင်းတရားနဲ့သူ လွတ်လပ်ရေး ရရှိဖို့အတွက် ရေးဆွဲခဲ့တဲ့ ဥပဒေပါ။ ၁၉၇၄ ခုနှစ် ဥပဒေကတော့ ကျွန်တော်တို့နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့ ချီတက်မယ်ဆိုပြီးတော့ ရေးဆွဲခဲ့တဲ့ဥပဒေပါ။ အခု ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ လူတွေက ဆိုရှယ်လစ်စနစ်ကို မကြိုက်ကြတော့ဘူး။ လက်မခံကြတော့ဘူး။ ဒါကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုပြီးတော့ ရေးဆွဲခဲ့ကြတာပါ။ ကျွန်တော်တို့နိုင်ငံ သမိုင်းကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခုစလုံးဟာ သူ့အကြောင်းတရား နဲ့သူ ပြည်သူတွေကနေ ပြောင်းလဲချင်တဲ့စိတ်တွေ ပေါ်လာပြီး စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းချင်တဲ့ ဆန္ဒတွေပေါ်လာပြီးတော့ ပြောင်းလာတဲ့ အနေအထား၊ အသစ်ရေးလိုက်ရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုရင် (၁၅) နှစ် လောက် လက်ခံကျင့်သုံး လိုက်ရပါတယ်။ (၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုရင်လည်းပဲ (၁၄) နှစ်လောက် လက်ခံကျင့်သုံးလိုက်ရပါတယ်။ အခု ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သုံးနှစ်တောင် မပြည့်သေးပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ ဒီမိုကရေစီ လမ်းကြောင်းပေါ် မှာ စပြီးတော့ လျှောက်လှမ်းနေစ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေတဲ့ သုံးနှစ်မပြည့် သေးတဲ့ ကလေးတစ်ယောက်နဲ့ တူပါတယ်။ သုံးနှစ်ဆိုတာဟာ လမ်းလျှောက်တတ်ခါစ အရွယ်ပါ။

အခုအချိန်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်ပြီး အသစ်ရေး လိုက်မယ်ဆိုရင် သုံးနှစ် သား လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်ရဲ့ ခြေထောက်ကို ရိုက်ချိုးလိုက်သလိုများ တူသွားမလားလို့ စိုးရိမ်ပါတယ်။ စောစောကလည်း ဆရာတို့လည်း အဲဒါကို ပြောသွားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ အဓိကက ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ ဒီနေ့အထိ အပြည့်အဝအနှစ် သာရပေါ်လွင်အောင် အကောင်အထည် မဖော်ရသေးဘူးလို့ပဲ ကျွန်တော် မြင်ပါတယ်။ အခုမှ လုပ်ကိုင်တုန်း အနေအထားပဲ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်း တွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အချက်တွေကို ပြည့်ပြည့်ဝဝနဲ့ အကောင်အထည် ဖော်မှလည်း ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရဟာ ပေါ်လွင်ပါတယ်။ နိုင်ငံနဲ့ပြည်သူ အတွက်လည်း အကျိုးရှိပါတယ်။

အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ကြတဲ့ အဖွဲ့ အစည်းတွေ အနေနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှပါတဲ့ ပြဋ္ဌာန်းချက်တွေကို အတိအကျ လိုက်နာပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်။ မဆန့်ကျင်မိဖို့လည်း လိုပါတယ်။ ဒါကတော့ နိုင်ငံတိုင်းကို ပြန်ကြည့်လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေအနေ အချိန်အခါအလျောက်
လိုအပ်လာရင် ပြင်ရတာချည်းပါပဲ။ မပြင်ရတဲ့နိုင်ငံဆိုတာ မရှိပါဘူး။ ပြင်သင့်ရင်တော့ ပြင်ရမှာပါ။ အသစ်ရေးတယ်ဆိုတာဟာ အန္တရာယ်အလွန်ကြီးပါတယ်။ ပြင်ဆင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံဟာ လက်ရှိလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တည်တည် ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်မယ့် အနေအထား တွေ အများကြီး တွေ့နေရပါတယ်။

အခုဆိုရင်လည်း ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ ဆရာတို့ဝိုင်းဝန်း ဆွေးနွေးခဲ့ကြတာဟာ တော်တော်လေးလည်း စုံသွားပါပြီ။ ပြည်သူတွေ အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ မသိသေးတာကိုလည်းသိ၊ ဗဟုသုတတွေလည်း တိုးပွားရရှိကြမယ်လို့ ယုံကြည်ပါတယ်။ ဒီလို မအားလပ်တဲ့ကြားထဲက လာရောက်ပြီးတော့ ဆွေးနွေးပေးကြတဲ့ ဆရာဦးသောင်းညွန့်၊ ဒေါက်တာမနန်တူးဂျာ၊ ဒေါက်တာအင်ဒရူးနဲ့ ဆရာဦးကျော်ဝင်းတို့ကို ကျေးဇူးအထူးတင် ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အသက်ဖြစ်ပါသည်။ ပြည်သူများအားလုံး အခြေခံဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဥပဒေစကားဝိုင်းကို ရွေးချယ် ဆွေးနွေးတင်ပြခြင်း ဖြစ်ပါသည်။

မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

0 comments to “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း အပိုင်း(၅) နိဂုံး”

Post a Comment