Friday, October 18, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ရေးဆွဲ ဖို့ထက် ပြင်ဆင်လိုသူတွေ များ

,


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမှုများအရ ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူ အများစု ဖြစ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် သဘောထား ကောက်ခံမှုများ ပြုလုပ်မှုများအရ အသစ်ရေးဆွဲခြင်း အပေါ် ထောက်ခံသူ နည်းပါးပြီး အားလုံးနီးပါးမှာ ပြင်ဆင်လိုသည့် ရည်ရွယ်ချက် ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် အောက်တို ဘာ ၁၂ ရက်မှစကာ မြောက်ဥက္ကလာပ၊ တောင်ဒဂုံ၊ ဒလမြို့နယ်များတွင် ဟောပြောပွဲများ ပြုလုပ်ပြီး သဘောထား ကောက်ယူမှုအရ ပြင်ဆင်ချင်သည့်သူက ပိုများကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ဖြူးမြို့နယ်နှင့် တောင်ငူခရိုင်တို့တွင် ဟောပြောပွဲ ပြုလုပ်ပြီး သဘောထား ကောက်ခံရာတွင် ဖြူးမြို့နယ်၌ အသစ်ရေးဆွဲလိုသူ များပြားပြီး တောင်ငူမြို့တွင်မူ ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူက ပိုမိုများပြားကြောင်း ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် သဘောထား ကောက်ယူရေး တာဝန်ယူထားသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

''ဟောပြောပွဲတွေကနေ သဘောထား ရယူတာကတော့ ပြင်ဆင်ရေး လိုလားသူ များတယ်။ ဒါကတော့ ဟောပြောပွဲ အဆင့်ကနေ သိရတာတွေပေါ့လေ။ တခြားဟောပြောပြီးသား အခွေတွေ ဖြန့်တာတွေ၊ စာရွက်တွေ ဝေတာတွေ လုပ်ဦးမယ်။ အဲဒီကနေလည်း သဘောထား ရယူဖို့ရှိတယ်'' ဟု ဦးကိုနီက ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွက် သဘောထား ကောက်ယူမှုကို အောက်တိုဘာ ၁၄၊ ၁၅ ရက်များတွင် ပြုလုပ်ခဲ့ပြီး မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်း ခရိုင်များတွင် ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ကောက်ယူမှုတွင် ရာနှုန်းပြည့်နီးပါးက ပြင်ဆင်ရေးကိုသာ လိုလားကြောင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့အတွက် တာဝန်ယူထားသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။

''ကျွန်တော်တို့ကတော့ ပြင်ဆင်ခြင်းနဲ့ အသစ်ဆွဲခြင်းရဲ့ အကျိုးအပြစ်တွေ၊ အခြေအနေနဲ့ အချိန်အခါတွေ၊ ၂၀၁၅ အတွင်းမှာ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာတွေ ပြောပြပြီး လူထုသဘောထား ကောက်ခံတာပေါ့။ မန္တလေးတိုင်း ဒေသကြီးမှာ ကောက်ခံမှုတွေ အရတော့ အနည်းငယ်ကလွဲရင် အားလုံးနီးပါးက ပြင်ဆင်လိုတဲ့ သဘောထား ရှိကြတယ်'' ဟု ဦးအောင်သိန်းက ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီး အနေဖြင့် သဘောထား ကောက်ယူခြင်းကို အောက်တိုဘာ ၁၃ ရက်က မအူပင် ခရိုင်တွင် ပြုလုပ်ခဲ့ပြီး လူဦးရေ ၃၅၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဆွဲခြင်းများ၏ အကျိုးအပြစ်များကို ပြောပြပြီး သဘောထား ကောက်ယူခဲ့ရာ ရာနှုန်းပြည့် နီးပါးက ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုကြပြီး အသစ်ဆွဲချင်သည် ဆိုသည့်အသံ မကြားခဲ့ရကြောင်း ဧရာဝတီတိုင်း ဒေသကြီးအတွက် တာဝန်ယူထားသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောကြားသည်။

''ကျွန်တော့်ဆီကိုတော့ Report တွေ တော်တော်များများ မရောက်သေးဘူး။ ဒါပေမဲ့ သတင်းတွေ အရတော့ ပြင်ဆင်လိုတဲ့သူက များတယ်လို့ သိရတယ်။ ဒါကလည်း သဘာဝတော့ ကျပါတယ်။ အဖွဲ့ချုပ်က အမျိုးသား ရင်ကြားစေ့ရေးမူ အရဆို ဥပဒေ လမ်းကြောင်းက ကြိုးစားကြမှာ။ အဲဒါကြောင့် ဒီဟာက ဥပဒေအရ ပြောရင်တော့ မှန်တယ်လို့ ပြောရမှာပဲ။ ပြင်ဆင်တာက မလွယ်ပေမယ့် အသစ်ဆွဲတာက လုံးဝကို ဥပဒေမှာ မရှိတာဆိုတော့ ပိုပြီးတော့ ခက်တယ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်။ အဲဒါကြောင့် ပြင်ဆင်တာက ခက်တယ်။ ခက်အောင်လည်း ရေးထားတယ်။ ဒါပေမဲ့ ဒီဟာက စိတ်ညစ်စရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြိုးစားကြရမှာ။ အားလုံးလည်း ကြိုးစားကြရမှာပေါ့။ ကျွန်တော်တို့ ယုံယုံကြည်ကြည်နဲ့ လုပ်သွားမှာပါ'' ဟု NLD ပြောရေးဆိုခွင့် ရှိသူနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် စလယ်ဆုံး ပြင်ရမည်ဟု သတ်မှတ်ခဲ့ပြီး မည်သည့် အရာများကို ဦးစားပေး ပြင်ဆင်ရမည် ဆိုသည်ကို လက်တွေ့ကျကျ စဉ်းစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင်လည်း ဒီမိုကရေစီ နည်းကျကျ တတ်နိုင်သမျှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ရာတွင် အကောင်းဆုံးကို မျှော်လင့်ထား သကဲ့သို့ အဆိုးဆုံးကိုလည်း ပြင်ဆင်ထားရမည်ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အဆိုပါ ဆန္ဒသဘောထား ကောက်ယူခြင်းမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်း ပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ NLD က တင်ပြသွားမည်ဖြစ်ပြီး အဆိုပါ ကော်မတီ အနေဖြင့် လေ့လာသုံးသပ် တွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ တင်သွင်းသွားရမည် ဖြစ်ကြောင်း သိရသည်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲကို ရန်ကုန်မြို့၌ အောက်တိုဘာ ၁၂ ရက်က ပြုလုပ်စဉ်)

0 comments to “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ရေးဆွဲ ဖို့ထက် ပြင်ဆင်လိုသူတွေ များ”

Post a Comment