Tuesday, October 15, 2013

ရဲရင့်ခြင်းနဲ့ သစ္စာတရား

,

သောက်ကလေး ခွေးမသား
မလောက်လေး မလောက်စားရုပ်ကလေးနဲ့
ဘွဲ့လဲမရ၊စာလဲမတတ် လောကကြီးကိုလဲ နားမလည်
ဗုံးအကြောင်းတစ်ခုတည်း မင်းသိတာနဲ့
သည်သေမယ့်ဆီ မင်းတိုးတိုးသွား
မင်း လူကိုလူချင်းသတ်မယ့် ပညာလေးအားကိုးနဲ့များကွာ။

ငါ့ညီလိုပဲမြင်မြင် ငါ့သားလို့ပဲမြင်မြင်
ဘိုလိုအမိန့်ပေးရတဲ့ ခွေးနဲ့အတူ
မင်းကို တစဆီ ဆုတ်ဖြဲပစ်မယ့် အရာဆီ မင်းကတိုးတိုးဝင်
အဲဒါကို မင်းကဘာထင်နေလို့တုန်း ခွေးကောင်ရဲ့
သေခြင်းဆိုးနဲ့သေတတ်တယ်။

မင်းကတော့ သည်နေ့အဖို့ မင်းသားပဲ
မင်းရယ် ခွေးရယ် ကင်မရာသမားတွေရဲ့သားကောင်ဖြစ်ရတဲ့ မင်းသား
ငါကြည့်ဘူးတဲ့ရုပ်ရှင်ထဲကလို ထီမထင်ရုပ်လဲငါမမြင်
ငါဖတ်ဖူးတဲ့ ဝထ္ထုထဲကလို စိတ်နာစရာဘဝကြီးလဲရှိမယ်မထင်
ငါသိတဲ့ နိုင်ငံခြားကားထဲစစ်သားတွေလို ဘာမှမယ်မယ်ရရ ရမယ်မထင်ပေါင်
ခွေးကောင်လေး အရဲကိုးကိုးနဲ့ တိုးတိုးသွား
သေသာသွားလို့ကတော့ မင့်ဘဝမင်းဘာမှန်းမသိ
မင်းကိုလဲ သနားမယ့်ကောင်မရှိ
ဒါတွေပြောလဲ သိမယ့်ကောင် ဟုတ်မထင်ပါဘူး။

ဒီမိုကရေစီတဲ့၊
ငြိမ်းချမ်းရေးတဲ့
ပြည်ထောင်စုတဲ့
တရားဥပဒေတဲ့
ယုံကြည်ချက်တဲ့
မင်းမျက်နှာပေါ်လဲ ဘာမှ ငါမတွေ့ရဘူး
အော်ဟစ်ဆူညံ အလံကိုင်ချီတက်

 သေရဲ သတ်ရဲမယ့်ပုံလဲ မပေါ်ဘူး
မင့်ကို ဆဲဆိုနေမယ့် လူအုပ်ကြီးကိုလဲ

 မင်းတွေးမိပုံမပေါ်ဘူး
ကောင်လေး မင်းအသက်ငယ်ငယ်လေး
လူကိုလူချင်းသတ်တဲ့ ပညာအားကိုးနဲ့များ 

သည်အစိုးမရတဲ့ ဗုံးဆိုတာဆီ တိုးတိုးသွား
နဖူးမှာ စီးမထားပေမယ့်
တီရှပ်မှာ စာကပ်မထားပေမယ့်
မင့်ဆီက ငါဖတ်လိုက်ရတာ
ရဲရင့်ခြင်းနဲ့ သစ္စာတရား။ ။

Mg Han

ပြည်သူ့အသက်အိုးအိမ် စည်းစိမ် အတွက် အသက်စွန့်ပြီး  ဗုံးဖြုတ်ပေးခဲ့သည့် BE တပ်သားတစ်ဦးအား ဤကဗျာ ဖြင့် လေးစားစွာ ဂုဏ်ပြုပါ၏

ရွှေသတင်းသစ်

0 comments to “ရဲရင့်ခြင်းနဲ့ သစ္စာတရား”

Post a Comment