Friday, October 18, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း အပိုင်း(၁)

,

========================================
နေပြည်တော် အောက်တိုဘာ ၁၅

၁၅-၁ဝ-၂ဝ၁၃ ရက်နေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်းကို စီစဉ်တင်ဆက်သွားခဲ့ပါသည်။

ယနေ့အချိန်တွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ အကြားတွင် လည်းကောင်း၊ သတင်းမီဒီယာများတွင်လည်းကောင်း၊ ဆွေးနွေးနေကြသည်များမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ရေးကြရန်၊ ပြင်ဆင်ကြရန်ဆိုသည့် အကြောင်း အရာပင် ဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အသက်ဖြစ်ပါသည်။ ပြည်သူများ အားလုံး အခြေခံဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဥပဒေ စကားဝိုင်းကို ရွေးချယ်ဆွေးနွေး တင်ပြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများမှာ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေး ဦးသောင်းညွန့်၊ ကချင်တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် ဒေါက်တာမနန်တူးဂျာ၊ Myanmar Peace Centre မှ ဥပဒေအကြံပေးပုဂ္ဂိုလ် ဒေါက်တာအင်ဒရူး ငွန်ကျုံးလျန်၊ အမျိုးသားလွှတ်တော်နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး အငြိမ်းစားညွှန်ကြားရေးမှူး ဥပဒေပညာရှင် ဦးသန်းအောင်တို့ ဖြစ်ပါသည်။

ဦးသောင်းညွန့်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်လာတဲ့ နောက်ခံသမိုင်းနှင့် ပတ်သက်၍ အကျဉ်းချုံးတင်ပြသွားပါမယ်။ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော် အာဏာကို ရယူပြီးတဲ့နောက်ပိုင်းမှာ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မယ်ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာခဲ့တဲ့အခါမှာ အဲဒီတုန်းက အခြေအနေက ၁၉၈၈ ခုနှစ် မတိုင်မီမှာ ကျွန်တော်တို့ နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်ကြည့်တဲ့အခါကျတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တစ်ပါတီစနစ်နဲ့ ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်ဖို့ဆိုတဲ့ အခြေခံနဲ့ ရေးသားပြဋ္ဌာန်း ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဒီတော့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ဖို့ အတွက်ကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို သုံးစွဲပြီးတော့မှ ဆောင်ရွက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲဒီ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို သုံးစွဲပြီးတော့ ပါတီစုံ ဒီမိုကရေစီစနစ် လမ်းကြောင်းကိုသွားဖို့ မဖြစ်နိုင်တဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီ နိုင်ငံတော် ကို တည်ထောင်နိုင်အောင် အခြေခံဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းဖို့ အတွက် လိုအပ်လာ ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ဖို့အတွက် အခြေခံဥပဒေအသစ် ဆွဲဖို့အတွက် စဉ်းစားတဲ့အခါကျတော့ နည်းလမ်းမျိုးစုံကို စဉ်းစားကြ ပါတယ်။ နည်းလမ်းမျိုးစုံကို စဉ်းစားတဲ့အခါကျတော့ အကောင်းဆုံး နည်းလမ်းကဘာလဲ ဆိုတော့ အမျိုးသားညီလာခံကျင်းပပြီး အဲဒီ အမျိုးသား ညီလာခံကနေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းနိုင်အောင် လိုအပ်တဲ့ အခြေခံမူတွေ ချမှတ်ပေးဖို့ဆိုပြီး စဉ်းစားလို့ ရခဲ့ပါတယ်။ ဒီလို စဉ်းစားနိုင်အောင် အမျိုးသား ညီလာခံကျင်းပရေးကိစ္စနဲ့ ပတ်သက်ပြီး အဲဒီတုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၂၈-၅-၁၉၉၂ ရက်နေ့မှာ တရားဝင်တည်ရှိနေတဲ့ နိုင်ငံရေး ပါတီတွေရယ်၊ အဲဒီတုန်းက ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေရယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တွေရယ်ကို ဖိတ်ခေါ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေးနဲ့ ပတ်သက်ပြီး တော့ အကြိုညှိနှိုင်းဆွေးနွေးပွဲတစ်ရပ် လုပ်ခဲ့ပါတယ်။ အဲဒီ အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ၂၃၆-၁၉၉၂ ရက်နေ့ကနေ ၁ဝ-၇-၁၉၉၂ ရက်နေ့အထိ ဆွေးနွေး ညှိနှိုင်းခဲ့တဲ့ ရလဒ်က အားလုံး တက်ရောက်လာကြတဲ့သူတွေက ဖွဲ့စည်းပုံ အသစ်ရေးဆွဲနိုင်ရေးအတွက် အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူဖို့ဆိုပြီး သဘောတူ ကြပါတယ်။ ဒါက ပထမအချက် အနေနဲ့ပါ။

နောက်တစ်ချက်ကတော့ ဒီအမျိုးသားညီလာခံ ခေါ်ယူကျင်းပခဲ့တဲ့အခါမှာ ဒီညီလာခံကြီးကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ တရားဝင် တည်ရှိနေတဲ့ ပါတီတွေထဲက ကိုယ်စားလှယ်တွေ၊ ရွေးချယ် တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားမျိုးနွယ်တွေ၊ လူမျိုးစု ကိုယ်စားလှယ်တွေပေါ့လေ၊ တောင်သူလယ်သမား ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ အခြားဖိတ်ကြားသင့်တဲ့ ပုဂ္ဂိုလ်တွေ စသည်ဖြင့် အစုအဖွဲ့ စုစုပေါင်း (၈) ဖွဲ့က ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး ညီလာခံ ကျင်းပသင့်တယ် ဆိုပြီး ညှိနှိုင်းရရှိခဲ့ပါတယ်။

အဲဒီညှိနှိုင်းရရှိတဲ့ အချက်နှစ်ချက်အပေါ် မူတည်ပြီး ၉-၁-၁၉၉၃ ရက်နေ့မှာ စတင်ကျင်းပခဲ့ ပါတယ်။ ကိုယ်စားလှယ်အစုအဖွဲ့ (၈)ဖွဲ့မှ ညီလာခံ ကိုယ်စားလှယ်ပေါင်း ၇ဝဝ ကျော်နဲ့ အမျိုးသားညီလာခံကြီးကို ကျင်းပခဲ့ပါတယ်။

အဲဒီကျင်းပတဲ့နေရာမှာ တရားဝင်တည်ရှိနေတဲ့ အဓိကနိုင်ငံရေးပါတီလို့ ဆိုရမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ စတဲ့ပါတီတွေမှာပါတဲ့ ကိုယ်စားလှယ်တွေ ပါခဲ့ပါတယ်။ အဲဒီ ၉-၁-၁၉၉၃ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ ညီလာခံကြီးမှာ အခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက် လိုအပ်တဲ့ အခန်းခေါင်းစဉ်တွေ၊ အခြေခံမူတွေ ချမှတ်နိုင်ခဲ့ပါတယ်။

ညီလာခံကြီး ချောချောမွေ့မွေ့နဲ့ ကျင်းပနေတဲ့အချိန်မှာ ၃ဝ-၃-၁၉၉၆ ရက်နေ့ကျတော့ ညီလာခံကြီးကို ယာယီရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ ညီလာခံကြီးကို ဘာကြောင့် ယာယီရပ်ဆိုင်းလိုက်ရသလဲ ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်အနည်းငယ် ရှင်းလင်းလိုပါတယ်။ ညီလာခံ ကြီးကျင်းပနေတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေပြီး အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်နဲ့ လုပ်ငန်းကော်မတီကို ၄င်းတို့ပါတီနဲ့ အစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ပေးပါဆိုပြီး တင်ပြလာပါတယ်။

ဒီလိုတင်ပြလာတဲ့အခါ ကျွန်တော်တို့ အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်ရယ်၊ အမျိုးသား ညီလာခံကျင်းပရေးလုပ်ငန်း ကော်မတီရယ်ကို ပေးထားတဲ့တာဝန်က အခုလို နိုင်ငံရေး ပါတီတစ်ခုခုက အစိုးရအဖွဲ့နဲ့တွေ့ဆုံ ဆွေးနွေးဖို့ဆိုတဲ့ လုပ်ပိုင်ခွင့် ပေးမထား ပါဘူး။ အဲဒီလိုပေးမထားတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တင်ပြချက်ကို ဆောင်ရွက် မပေးနိုင်ခဲ့ပါဘူး။ အဲဒီလို ဆောင်ရွက်မပေးနိုင်တဲ့ အတွက်ကြောင့်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားညီလာခံကို ဆက်မတက်ဘဲ နေခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ ၃ဝ-၃-၁၉၉၆ ရက်နေ့မှာ ယာယီရပ်ဆိုင်းထားတဲ့ ဒီအမျိုးသား ညီလာခံကြီး ကို ၃ဝ-၈-၂ဝဝ၃ ရက်နေ့မှာ နိုင်ငံတော်ကနေပြီး ရှေ့ဆက်သွားမယ့် မူဝါဒ လမ်းစဉ်(၇)ရပ် ကို ကြေညာလိုက်ပါတယ်။

အဲဒီလိုကြေညာလိုက်တဲ့အခါမှာ ပထမဦးဆုံးဆောင်ရွက်မယ့် အစီအစဉ်က ရပ်ဆိုင်းထား တဲ့ အမျိုးသားညီလာခံကြီးကို ပြန်လည်ကျင်းပဖို့ ဖြစ်ပါတယ်။ အဲဒီလို အစီအစဉ်ပါတာနဲ့ အညီ အမျိုးသားညီလာခံကို ၁၇-၅-၂ဝဝ၄ ရက်နေ့ ပြန်လည်ကျင်းပခဲ့ပါတယ်။ အဲဒီလို ပြန်လည်ကျင်းပဖို့ စီစဉ်တဲ့အခါမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျွန်တော်တို့နဲ့ အတူ အမျိုးသားညီလာခံ ပြန်လည်တက်ရောက်ပြီး ဆောင်ရွက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် မတက်ရောက်ခဲ့ပါဘူး။ အဲဒီလို ၂ဝဝ၄ ခုနှစ်မှာ ပြန်လည်ကျင်းပတဲ့ အမျိုးသား ညီလာခံမှာ ကိုယ်စားလှယ်ပေါင်း ၁ဝဝဝ ကျော်ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

မူလပထမပိုင်းမှာ ဖိတ်ကြားခဲ့တဲ့ အစုအဖွဲ့ (၈) ဖွဲ့၊ ညီလာခံကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော်ကျော်လောက်နဲ့ ဆက်လက်ပြီးတော့ ကျန်ခဲ့တဲ့ အပိုင်းတွေအတွက် အသေးစိတ် အခြေခံမူတွေ ဆက်လက်ချမှတ်နိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့ရာမှာ ညီလာခံဟာ ၃-၉-၂ဝဝ၇ ရက်နေ့မှာ ကျန်တဲ့အပိုင်းတွေနဲ့ ပတ်သက်ပြီး တော့ အမျိုးသားညီလာခံရဲ့ လိုအပ်တဲ့ အခြေခံမူတွေ ချမှတ်နိုင်တဲ့ အတွက်ကြောင့် အမျိုးသားညီလာခံရဲ့ လုပ်ငန်းတာဝန်အားလုံး ချောချောမောမောနဲ့ ပြီးဆုံးခဲ့ပါတယ်။

တစ်ခုရှိတာက အားလုံး နိုင်ငံရေးပါတီတွေ၊ တက်ရောက်လာခဲ့တဲ့ အစုအဖွဲ့ (၈)ဖွဲ့က ကိုယ်စားလှယ်တွေအားလုံး ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ ညီလာခံကြီးကို တက်ညီ လက်ညီ ဆွေးနွေးကြပြီးတော့ ကိုယ့်ရဲ့အမြင်လေးတွေကို ဖော်ပြီးတော့မှ တင်ပြကြမယ် ဆိုလို့ရှိရင် ၁၉၉၆ ခုနှစ်က ရပ်ဆိုင်းထားခဲ့တဲ့ အမျိုးသားညီလာခံကြီးဟာ ဒီလောက် တောင်မှ ကြာချင်မှ ကြာလိမ့်မယ်လို့ တွေးစရာ အချက်တစ်ချက် ရှိလာပါတယ်။ အမျိုးသား ညီလာခံကနေပြီးတော့ အခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူတွေ ချမှတ်ပေးတဲ့ အခါမှာ ဒီအခြေခံမူတွေအပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့ တာဝန်တစ်ရပ် ဖြစ်လာပါတယ်။

အဲဒီတာဝန်ကို ထမ်းဆောင်နိုင်အောင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ကနေပြီး အခြေခံဥပဒေ ရေးဆွဲရေး ကော်မရှင်တစ်ရပ်ကို ၁၈-၁ဝ-၂ဝဝ၇ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မရှင်ကနေ အမျိုးသားညီလာခံက ချမှတ်ပေးခဲ့တဲ့ အခြေခံမူတွေ၊ အသေးစိတ်အခြေခံ မူတွေအပေါ်မူတည်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ရာမှာ ၁၉-၂-၂ဝဝ၈ ရက်နေ့မှာ အောင်မြင်စွာ ရေးဆွဲ ပြီးစီးခဲ့ပါတယ်။

ဒါက ဒုတိယအဆင့်ဖြစ်သွားပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းလည်း ပေါ်ပေါက်လာပြီ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပေါ်ပေါက်လာပြီးတဲ့အခါမှာ ဒါကိုပြည်သူတွေရဲ့ဆန္ဒ ခံယူဖို့ အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီဥပဒေပြဋ္ဌာန်းချက်နဲ့အညီ အဆင့်ဆင့်သော ကော်မရှင်တွေကို ဖွဲ့စည်းပြီးတဲ့နောက် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့ ၁ဝ-၅-၂ဝဝ၈ ရက်နေ့ကို သတ်မှတ်ခဲ့ပါတယ်။

သို့သော်လည်း အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ပေါ်ပေါက်လာတဲ့ နာဂစ်မုန်တိုင်းဒဏ်ကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့က ခံခဲ့ရပါတယ်။ အဲဒါကြောင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြို့နယ် (၄ဝ)နဲ့ ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ မြို့နယ် (၇) မြို့နယ် စုစုပေါင်း မြို့နယ်(၄၇)မြို့နယ်အတွက် မူလ သတ်မှတ်တဲ့ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမယ့် ကိစ္စကို ယာယီ ရပ်ဆိုင်းထား ပြီးတော့ ကျန်တဲ့တစ်ပြည်လုံး အတိုင်းအတာနဲ့ မြို့နယ် (၂၇ဝ) လောက်ကို မူလသတ်မှတ် တဲ့ ရက်မှာပဲ အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါတယ်။

နာဂစ်ဒဏ်ကြောင့် ယာယီရပ်ဆိုင်းထားခဲ့ရတဲ့ အဲဒီမြို့နယ် (၄၇)မြို့နယ်မှာ ၂၄-၅-၂ဝဝ၈ ရက်နေ့မှာ ဒီဆန္ဒခံယူပွဲကို ကျင်းပပေးနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီးစီးတဲ့အခါမှာ ပြည်သူတွေရဲ့ဆန္ဒက စုစုပေါင်း ထောက်ခံ ဆန္ဒမဲ (၉၂ ဒသမ ၄၈) ရာခိုင်နှုန်းပေးခဲ့တာကို မှတ်တမ်းမှတ်ရာတွေအရ သိရှိခဲ့ရပါတယ်။ ဒီတော့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကနေ အတည်ပြုပေးခဲ့ ပါတယ်။ ၂၉-၅-၂ဝဝ၈ ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အတည်ပြု ပြဋ္ဌာန်းကြောင်းကြေညာ ပေးခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာတဲ့သမိုင်းကြောင်း ကတော့ ဒါလောက် ပါပဲ။ အဲဒီမှာတစ်ခုပြောချင်တာက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပတဲ့အခါမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ ပြီးတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ သံရုံးက သံအမတ်တွေနဲ့ သံအရာရှိတွေ၊ ဒီပုဂ္ဂိုလ်တွေကို ဆန္ဒမဲပေးနေတဲ့ နေရာတွေမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ လေ့လာခွင့်တွေ ပေးခဲ့ ပါတယ်။

အဲဒီပုဂ္ဂိုလ်တွေအနေနဲ့လည်း သူတို့တွေ့ရှိချက်အရ ကျေနပ်တဲ့ အနေအထားမျိုး သိရှိခဲ့ရ ပါတယ်။ ဒီတော့ ဒါဟာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကို အကျဉ်းအားဖြင့် ပြောဆိုလိုခြင်း ဖြစ်ပါတယ်။

တစ်ခုက ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တစ်ဖက်က အစိုးရအဖွဲ့၊ တရားရုံးချုပ် စသည်ဖြင့် ဖွဲ့ကြတယ်။ နိုင်ငံတော် အာဏာကို ခွဲဝေကျင့်သုံးမယ့်၊ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးမယ့် Institutions တွေပေါ့လေ။ အဖွဲ့အစည်းတွေပေါ်လာတဲ့ အခါမှာအခုဆိုရင် အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ သက်တမ်း ငါးနှစ်ကာလမှာ အခု ဒီအခြေခံ ဥပဒေကို လက်တွေ့ ကျင့်သုံးနေတာဟာ သက်တမ်းထက်ဝက်၊ လပေါင်းအားဖြင့် ၃ဝ ကျော်၊ ဒီလောက် ကာလ အတွင်းမှာ တစ်ဖက်က ပြည်ထောင်စုလွှတ်တော်ဆိုလည်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပူးပေါင်းထားတာ၊ ဒီဘက်က သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ ဒီ Institution နှစ်ခုသည် အခြေခံဥပဒေက မျှော်မှန်းတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပတ်သက်လို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အနေအထားရှိတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကိုတော့ အမှန်တကယ် လျှောက်လှမ်း နေပြီ။ ဒီမိုကရေစီလမ်းကြောင်း ပေါ်တက်နေပြီ ဆိုတာကို ပြည်ပနိုင်ငံတွေကလည်း အသိအမှတ်ပြုလာကြပြီ။ အသိအမှတ် ပြုလာတာနဲ့အညီ နိုင်ငံတကာကနေ ကျွန်တော် တို့ကို လျစ်လျူရှုထားတဲ့ အခြေအနေကနေပြီးတော့ အခုပြည်ပနိုင်ငံတွေက နိုင်ငံအကြီး အကဲတွေ၊ ကိုယ်စားလှယ်တွေ၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကိစ္စတွေ၊ ဒါတွေ တွေ့နေ ကြရပါပြီ။ ဆိုလိုတဲ့ သဘောကတော့ ပြည်တွင်းတင်မကဘူး၊ နိုင်ငံတကာသည် ဒီမိုကရေစီ လမ်းကြောင်းကို မြန်မာနိုင်ငံဟာ အမှန်တကယ် လျှောက်နေပါသလားဆိုတာကို လက်ခံ လာကြတဲ့ အနေအထားတွေ့ရပါတယ်။

ဒီလို တိုတောင်းလှတဲ့ကာလလေးမှာ အခြေခံဥပဒေအရ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက် ချက်ဟာ အခုနိုင်ငံတကာ အသိအမှတ်ပြုလာတယ်။ သို့သော် စောစောက ဦးသန်းအောင် ပြောသွားသလို တချို့ပညာရှင်တွေ၊ တချို့ နိုင်ငံရေးပါတီတွေ၊ တချို့ ပုဂ္ဂိုလ်တွေဟာ ဒီအခြေခံဥပဒေကို အသစ်ရေးဆွဲဖို့လိုတယ်။ ဒါမှမဟုတ် ပြင်ဆင်ဖို့လိုတယ် စသည်ဖြင့် အဲဒီလိုဆွေးနွေးကြတဲ့ အနေအထားမှာ အင်္ဂလိပ်လိုပြောရင် Premature ပေါ့လေ။ သိပ်များ စောလွန်းမနေဘူးလား။ ဘာလို့လဲ ကျွန်တော်တို့က ဒီမိုကရေစီကျင့်စဉ်နဲ့ ပတ်သက်လို့ အလှမ်းကွာခဲ့တာက ၁၉၆၂ ခုနှစ်ကနေပြီး ၂ဝ၁ဝ ခုနှစ်ထိအောင် အလှမ်းကွာခဲ့တယ်။ ဒီကာလအတွင်းမှာ ဒီမိုကရေစီကျင့်စဉ်ကို ပြည်သူတွေအနေနဲ့လည်းပဲ အခွင့်အရေး မရခဲ့ကြသလို ပေါ်ပေါက်ခဲ့တဲ့ လွှတ်တော်ကလည်း ဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးခဲ့ရတဲ့ အခြေအနေ မရှိပါဘူး။ ဒီတော့ ဒီအခြေအနေလေးမှာ အတိုင်းအတာ တစ်ရပ်ထိအောင် ဒီအခြေခံဥပဒေကို လက်တွေ့ကျင့်သုံးပြီးတော့မှ လိုအပ်တဲ့ ပြင်ဆင်ဖို့သင့်တယ် ဆိုလို့ ရှိရင်လည်း ပြင်ဆင်ဖို့သင့်တဲ့ ကိစ္စလေးတွေကို အားလုံး ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ စိတ်ရှည်လက်ရှည်နဲ့ ဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူတွေမျှော်မှန်းတဲ့ နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ဆိုတဲ့ ပန်းတိုင်သည် အေးအေး ဆေးဆေး၊ တည်တည်ငြိမ်ငြိမ်၊ ညင်ညင်သာသာလေးနဲ့ ရောက်သွားလိမ့်မယ်လို့ ပြောချင်ပါတယ်။ ကျွန်တော် အကျဉ်းချုံး ပြီးတော့ တင်ပြတာဖြစ်ပါတယ်။

အပိုင်း ၂ ဆက်လက်တင်ပြပါမည်။

မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

0 comments to “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း အပိုင်း(၁)”

Post a Comment