Thursday, October 17, 2013

ပေါက်ကွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မီဒီယာများ၏ သတင်းထုတ်ပြန်နေမှု အပေါ်တွင် မေတ္တာရပ်ခံပန်ကြားခြင်း

,


ရန်ကုန်၊ အောက်တိုဘာ ၁၇

မကြာမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင် စားပွဲအမှတ် (၁၉)အောက်တွင် ချိန်ကိုက်ဗုံးတွေ့ရှိခဲ့မှု၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းရှိ TRADERS HOTEL အခန်းအမှတ် (၉၂၁)တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့မှုနှင့် စပ်လျဉ်း၍ ဖေါက်ခွဲခဲ့သူ တရားခံ စောမြင့်လွင်(ခ)မောထ ကို ဆက်စပ်ပါဝင်သူများ၊ သက်သေခံအထောက်အထားများအရ ဖေါ်ထုတ်ရရှိထားပြီး ဖြစ်ပါသည်။

ပေါက်ကွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများ စိုးရိမ်ကြောင့်ကြမှု မရှိစေရေးအတွက် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ အထူးသတင်းတစ်ရပ် အနေဖြင့် တရားခံဖေါ်ထုတ်ရရှိထားကြောင်း ကိုလည်း ထုတ်ပြန် ထားရှိပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ဖြူးနှင့် ရန်ကုန်မြို့ များတွင် ဖြစ်ပွားခဲ့သော ချိန်ကိုက်ဗုံးတွေ့ရှိမှုများ၊ အချို့နေရာများတွင် ပေါက်ကွဲမှုဖြစ်စဉ်များဖြစ်ပွားခဲ့မှုများနှင့် စပ်လျဉ်း၍ ရရှိထားသည့် သက်သေခံအထောက်အထားများဖြင့် ဆက်စပ်ဖေါ်ထုတ်ပြီး ပါဝင်ပတ်သက်သူ များအား စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်းတွင် မီဒီယာများအနေဖြင့် ပြည်သူများထံ အမြန်သတင်းချပြလိုမှုဖြင့် အတည်ပြုမှုမရရှိသေးသော လက်အောက်ရှိတပ်ဖွဲ့ဝင်အချို့၏ သတင်းများကိုရယူ၍ ဖေါ်ပြလျက်ရှိ နေရာ အဆိုပါဖေါ်ပြချက်များသည်တိကျခိုင်လုံမှုမရှိသည့်အပြင်ရဲတပ်ဖွဲ့ကဖြစ်စဉ်မှန်ဖေါ်ထုတ် ဆောင်ရွက်နေမှုနှင့် ကျန်ရှိ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးတို့အတွက် အခက်အခဲဖြစ် ပေါ်နိုင်ပါသည်။

မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကလည်း ပေါက်ကွဲမှုနှင့်ပတ်သက်သည့် တရားခံအား ဖမ်းဆီးရမိထားမှုသတင်းကို သတင်းဦးအဖြစ် နိုင်ငံတော်အဆင့်အနေဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါ၍ မကြာမီတွင် စစ်ဆေးဖေါ်ထုတ်ရေးလုပ်ငန်းများပြီးဆုံးပါကဖေါ်ထုတ်ရရှိမှုဖြစ်စဉ်မှန်ကို မိဘပြည်သူများ ထံသို့ မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မီဒီယာများအနေဖြင့် အောက်ခြေရဲတပ်ဖွဲ့ဝင်များထံတွင် မေးမြန်း၍ရရှိခဲ့သော အတည်ပြုချက်မရရှိသေးသည့် ဖြေဆိုမှုများကို ရေးသားဖေါ်ပြခြင်းမပြုလုပ်ကြပါရန်နှင့် အောက်ခြေမှရရှိသည့် သတင်းများသည် တိကျသည့် သတင်းများမဟုတ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်က မေတ္တာရပ်ခံထားပါကြောင်း၊ သတင်းထုတ်ပြန်သည့် မီဒီယာများ၏ လွတ်လပ်ခွင့်ကို ဟန့်တားလိုခြင်းမဟုတ်ပါကြောင်းနှင့်အမှုများအားတိကျစွာတည်ဆောက်နေခြင်းအပေါ်နားလည်မှုပြုပေးနိုင်
ပါရန် မေတ္တာရပ်ခံခြင်းဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

0 comments to “ပေါက်ကွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မီဒီယာများ၏ သတင်းထုတ်ပြန်နေမှု အပေါ်တွင် မေတ္တာရပ်ခံပန်ကြားခြင်း”

Post a Comment