Showing posts with label စာရေးဆရာ ကိုအောင်ဆန်း. Show all posts
Showing posts with label စာရေးဆရာ ကိုအောင်ဆန်း. Show all posts

Thursday, August 29, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၁)

,


အောင်ဆန်းအက်တလီနှင့် ဗမာပြည်

၁၉၄၇ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပမည့် " တိုင်းပြည်ပြုလွှတ်တော်" ရွေးကောက်ပွဲ မကျင်းပမီ ရက် အနည်းငယ် အလိုတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူရေးသားထားသော " အောင်ဆန်းအက်တလီ နှင့် မြန်မာပြည်" ခေါင်းစဉ်ဖြင့် ဆောင်းပါးကို " အိုးဝေ " သတင်းစာဖြင့် ဗမာ့ခေတ်၊ မြန်မာ့အလင်း၊ ဂျာနယ်ကျော်၊ ဟံသာဝတီ၊ သူရိယ၊ လွတ်လပ်ရေး၊ သံတော်ဆင့် စသည့် မြန်မာနေ့စဉ် သတင်းစာတို့တွင် တစ်နေ့တည်း တစ်ရက် တည်းပြိုင်တူထည့်သွင်း ဖော်ပြပေးရန် ကျွန်တော့် အား တာဝန်ပေးခဲ့ပါသည်။

သတင်းစာတိုက် အားလုံးလိုလိုမှ ပုဂ္ဂိုလ်များမှာ ကျွန်တော်နှင့် ခင်မင်ရင်းနှီးစွဲရှိသည့်အတိုင်း ဆရာကြီး၏ ဆန္ဒ ကို ရှင်းလင်း ပြောပြချဉ်းကပ်ပါသော်လည်း ညှိနှိုင်းမရအောင် ဖြစ်ခဲ့ရပါသည်။ သို့နှင့် ဤဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ " အောင်ဆန်းအက်တလီနှင့် မြန်မာပြည် " ဆောင်းပါးသည် ကျွန်တော့်ထံတွင် နှစ် ပေါင်း ၄၀ နီးပါး သောင်တင်၍ နေခဲ့ပါသည်။
ဆရာကြီး ၏ စေတနာမေတ္တာကို ဖော်ပြထားသော ထို ဆောင်းပါးလက်ရေးစာမူကို မူရင်းအတိုင်း ဒဂုန်မဂ္ဂ ဇင်း တွင်ဖော်ပြပေးနိုင်ရန်ပေးပို့ လိုက်ပါသည်။

ဆောင်းပါးထဲတွင် ဆရာကြီး၏ " အလင်္ကာဒွေးချိုးကြီး" ပါရှိပါသဖြင့် မြန်မာကဗျာလေ့လာလိုသူများ၊ ဆရာကြီး ၏ စာများကို မြတ်နိုးခုံမင်ကြသော မြန်မာစာဖတ် ပရိသတ်ကြီးမှာ ဆရာကြီး၏ လက်ရေးမူနှင့် ရေးထိုး ထားသော လက်မှတ်ကိုလည်း အမှတ်တရအနေဖြင့် ထိန်းသိမ်းထားသင့်ကြသည်ဟုလည်း ယူဆ ပါ သည်။
ထို့ကြောင့် ဒဂုန်မဂ္ဂဇင်းမှ တစ်ဆင့်ဖော်ပြပေးခြင်းဖြင့် မြန်မာစာဖတ် ပရိသတ်ကြီးအတွက် အကျိုး မုချ ရှိမည် ဟု ယုံကြည်ပါသည်။
အောင်ဆန်းအက်တလီနှင့် မြန်မာပြည်

၁၉၄၇ ခုနှစ်၊ ဧပြီလ။ ၇ ရက်နေ့တွင် ကျင်းပမည့် " တိုင်းပြည်ပြုလွှတ်တော်" ရွေးကောက်ပွဲ ကျင်းပမီ ရက် အနည်းငယ် အလိုတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူရေးသားထားသော " အောင်ဆန်း အက်တလီ နှင့် မြန်မာပြည်" ခေါင်းစဉ်ဖြင့် ဆောင်းပါးကို " အိုးဝေ" သတင်းစာဖြင့် ဗမာ့ခေတ်၊ မြန်မာ့အလင်း၊ ဂျာနယ်ကျော်၊ ဟံသာဝတီ၊ သူရိယ၊ လွတ်လပ်ရေး။ သံတော်ဆင့် စသည့် မြန်မာ နေ့စဉ် သတင်းစာတို့တွင် တစ်နေ့တည်း၊ တစ်ရက်တည်း ပြိုင်တူထည့်သွင်း ဖော်ပြပေးရန် ကျွန်တော့် အား တာဝန်ပေးခဲ့ပါသည်။

သတင်းစာတိုက် အားလုံးလိုလိုမှ ပုဂ္ဂိုလ်များမှာ ကျွန်တော်နှင့် ခင်မင်ရင်းနှီးစွဲရှိသည့်အတိုင်း ဆရာကြီး၏ ဆန္ဒ ကို ရှင်းလင်း ပြောပြချဉ်းကပ်ပါသော်လည်း ညှိနှိုင်းမရအောင် ဖြစ်ခဲ့ရပါသည်။ သို့နှင့် ဤဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ " အောင်ဆန်းအက်တလီနှင့် မြန်မာပြည် " ဆောင်းပါးသည် ကျွန်တော့်ထံတွင် နှစ်ပေါင်း ၄၀ နီးပါးသောင်တင်၍ နေခဲ့ပါသည်။
ဆရာကြီး၏ စေတနာမေတ္တာကို ဖော်ပြထားသော ထိုဆောင်းပါးလက်ရေးစာမူကို မူရင်းအတိုင်း ဒဂုန်မဂ္ဂဇင်း တွင်ဖော်ပြပေးနိုင်ရန် ပေးပို့လိုက်ပါသည်။

ဆောင်းပါးထဲတွင် ဆရာကြီး၏ " အလင်္ကာဒွေးချိုးကြီး " ပါရှိပါသဖြင့် မြန်မာကဗျာလေ့လာလိုသူများ၊ ဆရာကြီး ၏ စာများကို မြတ်နိုးခုံမင်ကြသော မြန်မာစာဖတ် ပရိသတ်ကြီးမှာ ဆရာကြီး၏ လက်ရေးမူနှင့် ရေးထိုးထားသော လက်မှတ်ကိုလည်း အမှတ်တရအနေဖြင့် ထိန်းသိမ်းထားသင့်ကြသည်ဟုလည်း ယူဆ ပါသည်။
ထို့ကြောင့် ဒဂုန်မဂ္ဂဇင်းမှ တစ်ဆင့်ဖော်ပြပေးခြင်းဖြင့် မြန်မာစာဖတ် ပရိသတ်ကြီးအတွက် အကျိုးမုချ ရှိမည် ဟု ယုံကြည်ပါသည်။

အောင်ဆန်းအက်တလီနှင့်မြန်မာပြည်

ယခုအခါ ကျွန်ုပ်တို့ဗမာပြည်တွင် အာကင်သို့သော အောင်ဆန်းအက်တလီစာချုပ်နှင့်အညီ ဤမည်သော တိုင်းပြု ပြည်ပြု ရွေးကောက်ပွဲကြီးနှင့် စပ်လျဉ်း၍ ယင်းသို့သော ဖဆပလ။ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ တစ်သီး ပုဂ္ဂလ၊ သခင်၊ ထို့ပြင် တလော စော-စိန်-မော်-ပေါ်တို့ မလျော်သော ရန်ဖြစ်မှုကြီးကို ပြီးငြိမ်းစေလို သော ဆန္ဒဖြင့် ကာလဟ ၀ိနိစ္ဆယဋီကာစာကျမ်းကို ကြိုးပမ်းတော်မူလေသောအကြံဖြင့် အဟံ၊ အရည်းပီပီ၊ ခရီးလည်လျက်၊ ယောဂီဓလေ့၊ တောမှီမွေ့မဟဲ့လို့၊ လောကီဓလေ့ ပစ်ခွာခဲ့ပြီ။

ဟောဒီ မအေ့ချစ်စရာတို့နှင့် မြစ်အညာတစ်ခွင် အကြင်ဆိုသလိုနော် စစ်ကိုင်း၌ သခင်ကိုယ်တော်မှိုင်းဟု ရှင်ဘုရင် ကိုယ်တော်ကို၊ အကြင် အကြိုတော် အဆိုတော်တွေနှင့် အအိုတော် အပျိုတွေဝိုင်းသကဲ့သို့၊ ချောင်တိုင်း ချောင်တိုင်းမှာ သမုတ်အပ်သော အကျွန်ုပ်သည် အသမံ၊ မျက်ကြီးမာန်ကြီး ထန်သတည်းဟု ရန်မီးကိုမွှေးသဖြင့် မအေးသေး၊ မငြိမ်းသေးသော ကလဟံ၊ သူကတစ်ဖုံ၊ ငါကတစ်ဖုံနှင့် ငြင်းခုံစကား ခိုက်ပွားမာန်ယစ် ရန်ဖြစ် ခြင်းကို သမထေဒံ၊ သမထေ ဒေန၊ ရ လီသမထ ၀ိနယဟု ရသမြိုက်ဆေး မြန်းရေအေးဖြင့် သမံ၊ ရန်ကြီးအဟုတ်၊ မာန်မီးပုံကို ချက်ကုံဖြိုးကြွေ့၊ မိုဃ်းဓလေ့သို့ ခိုးငွေ့မသန်း၊ တိုး၍ ဖျားချမ်းလေ အောင် ငြိမ်းဖျမ်းတော်မူထသော ဇနဉ္စ၊ အောင်လံတလူလူ တန်ဆောင်ထူလျှက် အောင်သူများထီး အောင်သီးချွေဆွက် ဘုရားမြတ်ကို လည်းကောင်း အစရှိသည်ဖြင့် ရေးနေတုန်း တန်းလန်း မှာ အင်္ဂလိပ်နှင့်ပူးပေါင်းချင်တဲ့၊ တကောင်းသူမ သီလရင် သန္ဓနီနှင့်၊ ရုရှားနှင့် တွဲချင်ပေသော သရေခေတ္တာသူ ရသေ့မ ဘေဒါရီတို့က ဤသို့သော အောက်ပါ ဒွေးချိုးကြီး အလင်္ကာဖြင့် ဆရာ့ကို လျှောက်ထားကြပုံဖြင့်။ အဘယ်သို့ လျှောက်ထားပါသနည်းဟူမူ

အလင်္ကာဒွေးချိုးကြီး

တစ်ခေတ်မှာ သာပါတယ်၊ ချစ်စရာတကယ် နေခြည်မညို့နိုင်တဲ့၊ ရွှေပြည်မြို့သူ ဘေဒါရီ ဒကာမရယ်နှင့်၊ ရွှေအညာဆီဌာနမှာ မြို့တကောင်း သံသယတွင်ုမှ၊ မျှို့ကောင်းဖန်သအောင် တစ်ဥာဏ်ရှိပေတဲ့၊ သန္ဓိနီပါ တပဲ့မနှစ်ဦးရယ်က၊ ကနွဲ့ကရ ပလူးကာ တကဲ့ဆရာ့ နှူးချင်ရော့သလာ့ ... (သြော်) ဒူးတကွကွ ဦးတချချ နှင့်၊ ဖူးကြတာမနား။ အမှုလာပုံ၊ ဇမ္ဗူမြန်မာဘုံမဖြင့်၊ တစ်အာရုံဖြေဖျော်တော်မူဘို့၊ ကဝေ အကျော်အမော် ကို ရွှေနားတော် သွင်းရပါတော့၊ ... (သြော်) အချင်းချင်းမမျှ၊ အတင်းထိထပြီး၊ ငြင်းကြခုံကြ၊ ဂဠုန်မတွေလို အုံတဖွဖွနှင့် စောင်းသယောင် မြောင်းသယောင် ခေါင်းဆောင်အမျိုးမျိုးတွေကြောင့်၊ တောင်ရိုး အကုန် အသရေညှိုးရတဲ့ပြင်၊ ချောင်မျိုးစုံ သဝေထိုးလုပါပေါ့၊ ရွှေဂိုးနှင့် ပြည်ရွှေတောင်မလို ဘီအေကောင်တွေ ကလဲ တစ်ကောင်တစ်လေမှ မရှိတာကြောင့်၊ က၀ိ ခုံတောတင်လို့မို့၊ ဒဂုံမော်တစ်ခွင် မှာ တမှိုင်းမှိုင်းမက်ရ တဲ့၊ စစ်ကိုင်းဘက် စခန်းဆီက၊ ကသိုဏ်းကွက်မှန်းစရာ ဘန်းရတနာ အများရယ်က၊ တရားနာပရစီလို့ ညညီလာ အခံမစဲမီပ၊ ဆရာ့ဋိကာ အလံမလှဲရအောင်၊ ... ဘန်းဗဟိုပျော်တွေမှာ၊ ကမ္မဋ္ဌာန်းကိုယ်တော်နှင့် နွှဲရပါလိမ့်၊ (အမယ်မင်း) အခွဲအတွဲနှစ်ရပ် အကွဲအပြဲ သတ်ကြမည့်၊ အဆဲဇာတ်နှစ်မူ အသွားကိုဖြင့် ... (အို ကျေးဇူးရှင်ကြီးရဲ့) အလဲလဲအထပ်ထပ် အကဲခတ်ခတ်ပြီး၊ ပွဲပြတ်တော်မူပါဘုရား။

ကျွန်ုပ်တို့သည် ဤသို့သော ကဗျာအသွားကို ကြားရသနဲ့။ အိုတပဲ့မအပေါင်း၊ သူတော်ကောင်းတို့၊ ယင်းသို့ သောအခါမှာ မေတ္တာကရုဏာ၊ သစစာအဓိဋ္ဌာန်တရားကိုသာ ပွားများကြပါ။ ဆရာမူကား ဘယ်သူ ဘယ်ဝါ ကိုယ့်ဒကာဟု ပမာမထား။ မမှားသော တရားသောဘက်က အချက်ကျကျ၊ လှလှပပ နိုင်ပါစေသတည်းဟု သစ္စာ အဓိဋ္ဌာန်မူမိကြောင်းများကို အောက်နားကပါရှိသည့် အနှီသည် လေးချိုးကဗျာ တစ်ပုဒ်ကို ခတ်သုတ် သုတ်ရေးသား၍ ပေးသနားလိုက်သောဟူ၏။

သစ္စာဓိဋ္ဌာန်ဘွဲ့ လေးချိုးကြီး

(၁)    လောကီလူ့ဘောင် အိမ်ထောင်သားကို မွေးကြတော့၊ သဘောသီသီ၊ နုသယောင် အရှိန်တပြောင် ပြောင် ကြွားလိုရေးတွေနှင့်၊ တရားဗြဟ္မစိုရ်ဝေးသူတို့ တစ်နွေးထဲ နွေးသကွယ် (အိုကွယ်) အများထိုခို အကြွေးတွေနဲ့ အေးလဲမအေးဘွယ်။

(၂)    သြော် ဒေါင်းတမျှို့ရယ်နှင့်၊ တကောင်းမြို့ဆီက၊ ပေါင်းဖို့ အကြံရှိပေတဲ့၊ သန္ဓိနီ ရဲမေ ဒကာမရယ် နှင့်၊ ရဲနေကျ ပြေဌာနီ ဘေဒါရီတို့က၊ နှစ်ထွေနှစ်ဖြာမညီ အနှီလို လျှောက်ပြန်သနဲ့၊ ... ဆရာ့နောမှာ ဒကာမ ပဒေသာပေါက်သလိုပ၊ နှစ်ယောက် နှစ်ဖြာ ကွဲချိန်ထင့်၊ အရောက်အလာမနည်းမူ၍ ...၊ ကမ္မဋ္ဌာန်း အလုပ် မတွင်ကျယ်အောင်၊ ဘန်းစမုန် ပလ္လင်ဝယ်ပြီးပြန်ပေါ့၊ ခွဲဖို့ တွဲဖို့ နှစ်လီနှစ်သွယ်ပေနော်ကွယ်၊ မနဲသမို့ အဲအနို့ ပွဲသို့ စည်တယ်။

(၃)     လ ဧပြီ ၉ရက်အဆန်းတွင်ဖြင့်၊ မြန်မာ့ရွှေပြည် သတိုးအဆက်လွမ်းလောက်အောင်၊ အညှိုးမပျက် အကြမ်းတွေနှင့်၊ အခွဲမတွဲ တပည့်အနယ်နယ်  ပွဲကြည့်မကွယ်ကြည့်မယ်လို့ တကယ်နှစ်ကယ်ကြည်း၊ (အိုကွယ်) မဲထည့်မယ် မထည့်မယ်နှင့် နှစ်သွယ်နှစ်နည်း။

(၄)    ကောင်းချီးသင်္ခါ၊ (ဒေါင်း)ထီးယာဉ်သာဘို့၊ ဂေါင်းကြီးတွေတင်ရာက၊ ပေါင်းပေါင်းစည်းစည်း မကြင် နာတဲ့၊ အင်ပါယာဆိုတဲ့ ခေတ်တွင်ဖြင့်၊ အ ကြင်အခါ မလျှိုတဲ့ တပဲတွေရဲ့၊ ထိုထိုအဖွဲ့ မချစ်သာသနှင့်၊ အဆစ်မပါချင်မို့လဲ၊ အပြစ်အရာရာ မြင်လို့မို့၊ ဆရာသခင် ကရုဏာပွားသူက၊ ... ဇမ္ဗုခေတ်မြန်မာမှာ သစ္စာ မေတ္တာကလဲ ပါးချိန်မို့၊ ... (သြော်) ယခုအဖြစ် မသာမယာမှာ ဘသူ့မှ မချစ်ပါဘု၊ ဥပေက္ခာထားရော့မယ် လို့၊ ဓမ္မဓိဋ္ဌာန်ဆုပန်လို့ တောင်းရပါတော့၊ ဆရာ့ဟိတ်တခံ ကုသလံအပေါင်းတို့ကြောင့်၊ ... (အမယ်မင်း) မကောင်းသောသဘောနှင့် လောင်းအရှောတို့မှာဖြင့်၊ ခယောင်းပေါတဲ့ ပြောင်းတော ထိုအထက်၊ အိုနပျက် နအမြက်မ၀သလိုပ၊ အရှက်တရရနှင့်၊ တမှိုင်မှိုင်တတွေတွေ ညီးလောက်အောင်၊ ... (အိုမယ်စန္ဒာရဲ့) မကောင်းသလော၊ ကောင်းသလောတွေနှင့် ၄င်းနှစ်လော နှစ်ဗိုလ်ထွက်ကြတော့၊ ကောင်းသော ဟိုတစ် ဖက်မှ အကွက်ကျကျ (ဇက်)ခွခွပြီး၊ အထက်က နိုင်စေသတည်း။

ဤသည်တို့ကား
(၁)    လေးပါးပါယ်ရွာ၊ လားဘို့ရာကို၊ မြစ်တား ဆုံးမခြင်း
(၂)    ခြောက်ပါးနတ်ရွာ၊ သွားဘိုငှာကို၊ ကောင်းစွာညွှန်ပြခြင်း
(၃)    မကြားတောင်းသော၊ ထုံးဟောင်းနည်းနာ၊ မှတ်ဘို့ရာကို၊ ထင်စွာ ဟောပြခြင်း
(၄)    ရှိနေရာရာ၊ ဘေးရန်ကွာအောင်၊ မေတ္တာဝေငှခြင်း
(၅)    အရန်အတား၊ မြတ်တရားကို၊ သင်ကြားပြသခြင်း တည်းဟူသော ဆရာ ရသေ့ရဟန်းတို့က မှီးငြမ်း သောဒကာဒကာမတို့အား၊ ပြောလား ဟောလား လုပ်အပ်တဲ့ ကျင့်ဝတ် ၆ ပါးတို့နှင့် အညီပင်တည်း။

သခင်ကိုယ်တော်မှိုင်း
(နာယက)
ဘုရင့်ဆွေတော်မျိုးတော်အသင်း
ဗမာ့နိုင်ငံရေးသုခမိန် ။ မောင်ထင် ။

ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံရေးကို သက်မွေးဝမ်းကျောင်း အလုပ်တစ်ခုပမာ ထင်မှတ်ကာ နိုင်ငံရေး လုပ်စားနေ ကြသောသူတို့ ပေါများလှ၏။ ထို့ကြောင့် သဘောတရားအားဖြင့် မပြည့်ဝဘဲ နောက်လိုက် စုနိုင်လျှင် လူထုအာဏာကို ရစမြဲဖြစ်သည်။ အာဏာရလာလျှင် ဘာမဆိုလုပ်၍ တင့်တယ်သည်ဟု ထင်မှတ် မှားနေကြ ၏။ ဤထင်မှတ်မှားခြင်းသည် နိုင်ငံ၏ ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်သည်မဟုတ်။

ကျွန်ုပ်တို့သည် အနောက်နိုင်ငံ နယ်ချဲ့သမားတို့နှင့် စစ်မြေပြင်တွင် နဖူးတွေ့ ဒူးတွေ့ခဲ့ရသော ၁၈၂၅ ခုနှစ် မှ စ၍ ၁၉၄၈ ခုနှစ် တိုင်အောင် လွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြရ၏။ နိုင်ငံတော်ကြီး ထင်း အစည်းပြေ သကဲ့ သို့ မဖြစ်ရအောင် ကြိုးပမ်းခဲ့ကြရ၏။ သို့သော် ထိုမျှ ရှည်လျားသောကာလ ပရိစ္ဆေဒ အတွင်း တွင် နိုင်ငံနှင့် လူမျိုးတို့အတွက် နိုင်ငံရေးလမ်းစဉ်ကို ချမှတ်ပေးသော နိုင်င့ရေး သုခမိန်ဟူ၍ မြန်မာ့မိုင်း တွင် များများစား စား မပေါ်ထွန်းခဲ့ချေ။ ယောအတွင်းဝန် ဦးဘိုးလှိုင်ကဲ့သို့သော ပုဂ္ဂိုလ်များ ထွန်းကားခဲ့ပါသည်ဟု လက်ညှိုး ထိုး၍ ပြရန်ရှိပါ၏။ သို့သော် ဦးဘိုးလှိုင်မှာ သူ၏ တော်လှန်ရေးဆန်သော နိုင်ငံရေး၊ အတွေးအခေါ်တို့ကြောင့် မကြာခဏ မင်းပြစ်မင်းဒဏ် သင့်လျက်ရှိရကား ရှေ့ဆောင်လမ်းပြ ပြုလုပ်နိုင်ခဲ့ စေကာမူ လူထု စည်းရုံးမှုကြီးကို မဆောင်ရွက်နိုင်ခဲ့ချေ။ ကင်းဝန် မင်းကြီးခေတ်၌ ဥရောပပြန် မြန်မာတို့ သည် ဥရောပတိုက်၏ နိုင်ငံရေးအဆင့်အတန်းကို မြင်ခဲ့ပြီးလျှင် မြန်မာမင်းအုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်း လဲရန် ကြံစည်အားထုတ်ခဲ့ကြ၏။ သို့သော် သီပေါခေတ်၌ ကင်းဝန်မင်းကြီးသည် မှန်းခြေမပေါက်ခဲ့ချေ။

ဗြိတိသျှခေတ် ၁၉၂၀ ပြည့်နှစ် တစ်ဝိုက်လောက်၌ လူထု တစ်ရပ်လုံး နိုးကြားထကြွ၍ လူထုစည်းရုံးမှုကြီး ပေါ်ပေါက်လာခဲ့ပါ၏။ ဂျီစီဘီအေ န၀မကွန်ဖရင့်သည် ဗိုလ်ချုပ်အောင်ဆန်းခေတ်၌ ပေါ်ပေါက်လာသော ဖဆပလ၏ တိုင်းပြည်ပြုလွှတ်တော်ပဏာမ ညီလာခံအတွက် ရှေ့ပြေးဖြစ်သည်ဟု ဆိုလောက်ပါ၏။ သို့သော် ဂျီစီဘီအေခေတ်၌လည်း နိုင်ငံရေး သုခမိန်ဟူ၍ မပေါ်ထွန်းနိုင်ဘဲ နိုင်ငံရေးကို ဆက်ကြေးရရေး အတွက်သော်လည်းကောင်း ကုမ္ပဏီထောင်၍ အုပ်စားရေးအတွက်သော်လည်းကောင်း။

ရာထူးရရေး အတွက်သော်လည်းကောင်း မဖွယ်မရာအသုံးချ၍ နိုင်ငံရေး လုပ်စားခြင်းတို့သာ လွှမ်းမိုးလာခဲ့ပြန်သော ကြောင့် နိုင်ငံရေးသုခမိန်အရာ၌ တည်သင့်သော ပုဂ္ဂိုလ်တို့သည်ပင်လျှင် တိမ်ကော၍ သွားကြရကုန်သည်။ ထိုခေတ်က ပေါ်ပေါက်ခဲ့သော အစိုးရနှင့် မဆက်ဆံရေး ၀ါဒ၊ အာဏာဖီဆန်ရေးဝါဒ၊ အခွန်မပေးရေးဝါဒ၊ အုပ်ချုပ်ရေး တိုက်ဖျက်ရေးဝါဒတို့မှာ မြန်မာပြည်က အိန္ဒိယပြည်မှ ကာဗွန်စက္ကူခံ၍ ပုံတူကူးချသော ၀ါဒများ သာလျှင် ဖြစ်ခဲ့၏။ မြန်မာ့ အခြေအနေမှန်ကို သုံးသပ်၍ ထိုအခြေအနေမှန်အပေါ်၌ တည်ဆောက်သော သဘောတရားဟူ၍ မထွန်းခဲ့ချေရကား ဒိုင်အာခီ အုပ်ချုပ်ရေး၏ နည်းပရိယာယ်တို့ကြောင့် ၀ံသာနု ဂျီစီဘီ အေ ၂၁ ဦး၊ လှိုင်ပုကျော် ဂျီစီဘီအေ၊ ဦးစိုးသိမ်း ဂျီစီဘီအေ၊ ဦးစုဂျီစီဘီအေ၊ မော်မြင့်ဗြဲပါတီ၊ ပြည်သူ့ပါတီ၊ မျိုးချစ်ပါတီ၊ ဆင်းရဲသား ၀ံသာနုပါတီစသဖြင့် တဖြည်းဖြည်း အစိတ်စိတ် အမြွှာမြွှာကွဲကာ လူထုသည် ထင်း အစည်းပြေသကဲ့သို့ ပြေလာခဲ့သည်။

နိုင်ငံရေး ခေါင်းဆောင် ရင့်မကြီးတို့ ယင်းကဲ့သို့ ကွဲကြ ပြဲကြသောအခါ လူငယ်များ ကြီးမှူးသည့် ဒို့ဗမာ အစည်းအရုံးဟူ၍ ပေါ်လာခဲ့ပေသည်။ သို့သော် ထိုလူငယ်များလည်း လူကြီးတို့၏ ခြေရာကို နင်းကာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်လာပြန်သည်။
ဤအချိန်တွင် တက္ကသိုလ်သမဂ္ဂမှ မောင်အောင်ဆန်းသည် နိုင်ငံရေးစခန်း ထလေသည်။ တက္ကသိုလ်သမဂ္ဂ မှ ဒို့ဗမာအစည်းအရုံးသို့ မောင်အောင်ဆန်း ကူးပြောင်းလာခဲ့ရာတွင် လူငယ်တို့၏ အင်အားစုသည် စည်းရုံး ၍ လာခဲ့သည်။
ထိုအချိန်ကား ၁၉၃၈ ခု အောက်တိုဘာလဖြစ်သည်။ မြန်မာတစ်မျိုးသားလုံးသည် ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရေးကို နိုင်ငံရေးစနစ်ဖြင့် ကြိုးပမ်းခဲ့ကြသည်။ ယင်းသို့ ကြိုးပမ်းခဲ့ကြသည်မှာ ငါးထောင်စား ရာထူးတွင် အဆုံးသတ်ကြလေသည်။

မောင်အောင်ဆန်းကား ယင်းကဲ့သို့ ငါးထောင်စာရာထူးတွင် ခြေကုန်နေသော နိုင်ငံရေးကို လွတ်လပ်ရေး ကြိုးပမ်းမှုဟု မယူဆချေ။ နိုင်ငံရေးစနစ်အရ ကြိုးပမ်းမှုသည် ကျွန်ခေတ်၌ သံသရာရှည်ဖို့သာ ဖြစ်မည်ဟု အယူ ရှိခဲ့သည်။ ၁၉၃၈ ခုနှစ် အောက်တိုဘာလ၌ မောင်အောင်ဆန်းက ဒို့ဗမာ အစည်းအရုံးသို့ ၀င်ခဲ့သည် မှာအခြားကြောင့်မဟုတ်၊ ဒို့ဗမာအစည်းအရုံးသည် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်ပြီးလျှင် လက်ရုံးရည် ကို အားကိုးကာ စစ်စိတ် စစ်မာန်ဝင်နေသော အစည်းအရုံးဖြစ်သည်ဟု ယူဆသော ကြောင့် ဖြစ်သည်။

ဤနိုင်ငံရေးအမြင်သည် ယခုခေတ် လယ်ယာမြေ ပြည်သူပိုင် ပြုလုပ်ရေးအတွက် လမ်းခင်းပေးသော အမြင် ဟု ဆိုနိုင်ပါ၏။ သို့သော် လူမျိုးနှင့် နိုင်ငံလွတ်လပ်ရေးအတွက် ပြည့်စုံသောအမြင် မဟုတ်သေး။ ထို့ကြောင့် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းကား ...
ဆရာစံ သူပုန်ဟူ၍ အဘယ်ကြောင့် ပေါ်လာရပါသနည်း။

ကုလား မြန်မာ အဓိကရုဏ်း၊ မြစ်ပွားသော အကြောင်းရင်းကား အဘယ်နည်း။
မြန်မာ တို့ ၏ အခြေခံ လူ့ဘောင်အဖွဲ့အစည်းကား မည်သို့ပါနည်း။
မြန်မာ့စီးပွားရေးသည် မည်သည်ကို အခြေခံ ပြုပါသနည်း။
အင်ပိုင်ယာ ၀ါဒ သမားတို့၏ ဗျူရိုကရေစီသည် မြန်မာတို့အပေါ်၌ မည်သို့ ဖိစီးနေပါသနည်း။
တစ်မျိုးသားလုံး နှင့်ဆိုင်သော လူထုစည်းရုံးမှုကို မည်သို့ လှုံ့ဆော်ရပါမည်နည်း။

ဆူးအက်တူးမြောင်း ဖွင့်သည်နှင့်တစ်ပြိုင်နက် ချစ်တီးများကို ဖိတ်ခေါ်လာသော မြေယာစနစ်ကို မည်သို့ တော်လှန်မည်နည်းဟူသော အချက်တို့ကို ဆန်းစစ်ကြည့်လိုသည်။
၁၉၃၉ ခုနှစ်တွင် ဒို့ဗမာ အစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်န်းသည် ဒို့ဗမာအစည်းအရုံး ၏ ပေါ်လစီနှင့် လုပ်ငန်းစဉ် ညွှန်ကြားချက်တို့ကို ဖတ်ရှုကြခဲ့ပါလျှင် ထိုအချိန်က သခင်အောင်ဆန်း၏ အတွေးအခေါ်တို့တွင် အထက်ပါ မေးခွန်းများ ပေါ်ပေါက်ခဲ့သည်။ ထိုပေါ်ပေါက်လာသော မေးခွန်းများ၏ အဖြေကိုလည်း ရှာဖွေ၍ တွေ့ခဲ့သည်ဟူသော အချက်တို့သည် ပေါ်လွင်လာပေလိမ့်မည်။

သခင်အောင်ဆန်း၏ အမြင်သည် မည်သို့ ရှိခဲ့သနည်း။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဤခေတ်၌ ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအတွေးအခေါ်များကို လေ့လာရန်အလို့ငှာ ဗိုလ်ချုပ်ပြောဆိုခဲ့သော မိန့် ခွန်းများ၊ ဗိုလ်ချုပ်ရေးသားခဲ့သော ကြေညာစာတမ်းများ၊ အဆိုကြမ်းများ၊ လုပ်ငန်းစဉ်များ စသည်တို့ကို ရှာ ဖွေစုဆောင်းထားဖို့လိုပေသည်။ ယခု ကျွန်တော် တင်ပြရသည်မှာ များသောအားဖြင့် စိတ်မှတ်နှင့်သာဖြစ် သည်။ စနစ်တကျ လေ့လာဖို့ရာမှာ စနစ်တကျ သုတေနပြုဖို့ လိုပေသည်။ ယခု ဤဆောင်းပါးအဖို့ကား ကျွန်တော် မှတ်မိသော ၁၉၃၉ ခု ဒို့ဗမာ အစည်းအရုံး လုပ်ငန်းစဉ် ကြေညာစာတမ်း။ ၁၉၄၅ ခု ဗိုလ်ချုပ်၏ ပြောချက်များ၊ ၁၉၄၆ ခု ဗိုလ်ချုပ်၏ ဖဆပလ လုပ်ငန်းစဉ်နှင့် အခြား မိန့်ခွန်းများကို အခြေတည်၍ ပြောရပေ လိမ့်မည်။

မြန်မာ့လူ့ဘောင် အဖွဲ့အစည်းသည် သက်ဦးဆံပိုင် ဘုရင်စနစ်၌ အခြေတည်ခဲ့သည်။ ပဒေသရာဇ် ဧကရာဇ် စနစ်၌ အရင်းတည်ခဲ့သည် ဟူသည်တို့ကို ဗိုလ်ချုပ်သည် အသိအမှတ်ပြုခဲ့၏။ သို့သော် ဗိုလ်ချုပ်က ဤ အခြေအနေကို သဘောပေါက်သည်မှာ နိုငငံခြားမှ အယူအဆတို့ကို အခြေခံခဲ့သည်မဟုတ်။ မိမိနိုင်ငံ၏ အခြေကို မိမိ လေ့လာပြီးမှ သဘောပေါက်ခြင်းဖြစ်၏။ ထို့ကြောင့် ၁၉၄၅ ခုနှစ် ဟောပြောပွဲတစ်ခုတွင် မြန်မာ့နိုင်ငံ၏ ကံကျွေးစနစ်ဟူသည်မှာ အနောက်နိုင်ငံနှင့်မတူဘဲ လူတန်းစားတစ်ရပ်က အခြားလူတန်းစား တစ်ရပ်ကို စီးပွားရေး ချယ်လှယ်ခြင်းမရှိကြောင်း ပဒေသရာဇ် ဏကရာဇ်ခေတ်၌ပင် မျိုးရိုးကို မလိုက်ဘဲ ပညာအရည်အချင်းကို လိုက်၍ ရာထူးဌာနန္တရများကို ခန့်အပ်ကြောင်း၊ မြန်မာမိန်းမတို့၌ လွတ်လပ်မှုနှင့် တန်းတူ အခွင့်အရေး ရှိကြောင်း၊ လူထုစီးပွားရေးမှာ သမ၀ါယမသဘောကို အခြေခံ၍ ပြည်တွင်းဖူလုံမှု အပေါ်၌ တည်ရှိခဲ့ကြောင်း စသည်ဖြင့် ပတ်ဝန်းကျင် အခြေအနေမှန်ကို နိုင်ငံရေး သုခမိန် ပီသစွာ သုံးသပ် ခဲ့သည်။

ဤအခြေမှန်ကို မြင်သောကြောင့်သာလျှင် ၁၉၃၉ ခုနှစ်က တောင်သူလယ်သမားစည်းရုံးမှု၊ အလုပ်သမား စည်းရုံးမှုတို့ကို လှုံ့ဆော်ရန် လိုအပ်ကြောင်းဖြင့် ဗိုလ်ချုပ်သဘောပေါက်ခဲ့ခြင်းဖြစ်၏။ စည်းရုံးရာ၌လည်း ၉၁ ဌာန အုပ်ချုပ်ရေး၏ အပြစ်တို့ကို လူထုနားလည် သလောပေါက်စေ၏။ ၉၁ ဌာန၏ အပြစ်တို့ကို ကုစားရန် အလို့ငှာ တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းရန် တောင်းဆိုခဲ့၏။ ထိုတိုင်းပြု ပြည်ပြုလွှတ်တော် ဖွဲ့စည်းပါမှ ပြည်သူလူထု၏ ဆန္ဒအလျောက် ဖြစ်ပေါ်လာသော အုပ်ချုပ်ရေး အခြေခံဥပဒေကို အတည်ပြုနိုင်မည် ဖြစ်သည်ကိုလည်း လူထုအား နားလည်သလောပေါက်စေ၏။

ဤသို့မှ တိုင်းပြုပြည်ပြုလွှတ်တော်ကို ဖွဲ့စည်း မပေးနိုင်ပါက ဗြိတိသျှ အုပ်ချုပ်ရေးကို အပြုတ်တိုက်ရန် ကျောင်းသူ ကျောင်းသား အမျိုးသမီးတောင်သူ လယ်သမား၊ အလုပ်သမား လူလတ်တန်းစား စသည့် လူထု ၏ အစိတ်အပိုင်းအားလုံးက အကြီးအကျယ် သပိတ်မှောက်ကြဖို့ရာ ဒို့ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်းက လှုံ့ဆော်ခဲ့ လေသည်။ သခင်အောင်ဆန်း အမြင်၌ ဗြိတိသျှ အုပ်ချုပ်ရေး သည် အဆင့်သုံးဆင့်ရှိသည်။ ပထမအဆင့် မှာ ဗြူရိုကရေစီ၊ ဒုတိယအဆင့်မှာ ဒိုင်အာခီ၊ တတိယ အဆင့်မှာ အမြင်ကောင်းအောင် ပိုမိုမွမ်းမံခြယ်လှယ် ထားသော ဒိုင်အာခီ (၉၁ ဌာနအုပ်ချုပ်ရေး) ဟူ၍ မြင်လေသည်။ ထိုအဆင့်သုံးဆင့်ကို ဖြိုရန် လူထုစည်းရုံး မှုသာလျှင် ရှိသည်ကို ၁၉၃၉ ခုနှစ် ဒို့ဗမာ အစည်းအရုံး ကြေညာစာတမ်း၌ အတည့်အလင်း ပြဆိုခဲ့ပေ သည်။

ထိုခေတ်အမြင်နှင့် ကြည့်လျှင် လက်ရုံးရည် အားကိုးဖြင့် နိုင်ငံရေး ကြိုးပမ်းရမည်ဟူသည်မှာ စိတ်လိုက် မာန်ပါ ပြုကျင့်တတ်သော လူငယ်တို့၏ မိုက်ရူးရဲအလုပ်သာဖြစ်သည်ဟု ဆိုကြရပေမည်။ စင်စစ် ထိုခေတ် က လူကြီးများ သာမက လူငယ်များကပါ ဤကဲ့သို့ ဆိုခဲ့ကြ၏။ သို့သော် နိုင်ငံရေးအတွေးအခေါ် အမြော် အမြင်ရှိသူ မောင်အောင်ဆန်းအဖို့ကား လက်ရုံးအားကိုးဖြင့် သိမ်းပိုက်ထားသော နိုင်ငံကို လက်ရုံးအားကိုး ဖြင့်သာ လွတ်လပ်အောင် ဆောင်ရွက်ရမည်ဟု ပိုင်းဖြတ်ထားသည်။ ဤခေတ်၌ကား ဤသို့ မောင်အောင် ဆန်း ပိုင်းဖြတ်ထားသော အတွေးအခေါ်တို့သည် အခြေအနေဖြင့် ဟပ်မိသည်ဟု ၀န်ခံကြရပေပြီ။

ဤမျှနှင့်ပင် မောင်အောင်ဆန်းအား နိုင်ငံရေးသုခမိန်ဟု ဘွဲ့ထူးတပ်ရမည်လော၊ မဟုတ်ပါ။ နိုင်ငံရေး သုခမိန်အရာသို့ ရောက်စေသော အခြားအတွေးအခေါ်များ ရှိပါသေးသည်။
ဒို့ဗမာ အစည်းအရုံး၌ တစ်နှစ်မျှ အလုပ်လုပ်ခဲ့သောအခါ သခင်အောင်ဆန်းသည် မြန်မာ့နိုင်ငံရေးသဘော တရားများကို ထပ်မံမြင်လာပြန်သည်။
ထိုခေတ်က မြန်မာနိုင်ငံရေးသမား လက်ဟောင်းကြီးတို့သည် မြန်မာအမျိုးသား ကြီးပွားရေး မူရင်းကို ချခဲ့ကြ သည်။

" မြန်မာပြည်သည် လယ်ယာကိုင်းကျွန်းကိုအားထားရသော ပြည်ဖြစ်၍ မှီခိုအားထားရန် အရေးအကြီးဆုံး သော အချက်သည် ကောက်ပဲသီးနှံ ထွန်းကား၍ ဈေးကောင်းကောင်းနှင့် ရောင်းနိုင်ခြင်းပင်ဖြစ်၏ "
" လယ်သမားတို့၏ လက်၌ လယ်ခြေယာခြေ မရှိသလောက်ဖြစ်၍ နိုင်ငံခြားသား ချစ်တီးများနှင့် ဓနရှင်တို့ လက်ထဲသို့ လယ်ခြေ ယာခြေ ရောက်ကုန်ပြီ။ ထိုဘေးမှ ကာကွယ်ရန် လိုနေသည်။"
" ယခု အုပ်ချုပ်ရေးအရ ပြည်သူတို့ တင်မြှောက်သော အမတ်တို့က မြေသိမ်းဥပဒေလုပ်နိုင်သည်"
သခင်အောင်ဆန်း၏ နိုင်ငံရေးသုံးသပ်ချက်တို့မျာ ဗြိတိသျှ နယ်ချဲ့၏ အရှိုက်ကို ထိုးလိုက်ခြင်းဖြစ်၏။ ဗြိတိသျှ တို့သည် သခင်အောင်ဆန်း၏ နိုင်ငံရေးကျားကွက်ကို တစေ့တစောင်း မြင်သဖြင့် များစွာ တုန်လှုပ် ထိတ်လန့်ကြ၏။ အထူးသဖြင့် လွတ်လပ်ရေးကို လိုလားကြသော နိုင်ငံရေးပါတီအားလုံးတို့၏ "လွတ်မြောက်ရေးတပ်ဦး" ၌ သခင်အောင်ဆန်းသည် ခြေသည်းလက်သည်း ဖြစ်လာသောအခါ ဗြိတိသျှ တို့ သည် သခင်အောင်န်းအား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ လိုက်လံဖမ်းဆီးလေသည်။

သို့သော် သခင်အောင်ဆန်း၏ နိုင်ငံရေး အတွေးအခေါ်၌ လွတ်လပ်ရေးကို ကျွန်ုပ်တို့ချည်း ပြည်တွင်းရေး တစ်ရပ်အနေဖြင့် အတွင်းကြိတ်တိုက်၍မရ၊ နိုင်ငံခြားဝါဒဖြန့်၍ နိုင်ငံခြားအကူအညီဖြင့် တိုက်ယူရမည်။ ဂျပန်သည် မြန်မာနိုင်ငံကို ကျူးကျော်လာနိုင်သည်။ သို့သော် ဂျပန်၏ ကျူးကျော်မှုကို မိမိတို့က ဦးအောင် လွတ်လပ်ရေး ကြေညာခြင်းဖြင့် ခံတိုက်နိုင်ရမည်ဟူ၍ စဉ်းစားထားခဲ့သည်။ ဒေါက်တာဘမော်နှင့် ဒေါက်တာသိန်းမောင် တို့က သခင်အောင်ဆန်းအား ဂျပန်အကူအညီကို ယူကြည့်ပါဟု ပြောသည်။ သခင် အောင်ဆန်း ကား တရုတ်သော၊ ယိုးဒယားသော၊ ဂျပန်သော ရွေးချယ်ရန် အချိန်မရချေ။ ရရာ အကူအညီကို ယူမည်ဟု သန္နိဋ္ဌာန် ချမှတ်ခဲ့သည်။ သို့သော် တရုတ်ပြည်ကို ခြေဦးလှည့်၍ တရုတ်ထံမှ အကူအညီ တောင်း ရန် ပို၍ ရည်သန်ခဲ့သည်။ အခြေအနေအရ တရုတ်နှင့် ဖူးစာမဆုံရဘဲ ဂျပန်နှင့် ဖူးစာ ဆုံခဲ့ရ၏။

ဂျပန်၏ အကူအညီကို ယူခဲ့စေကာမူ၊ ဂျပန်၏ ကတိမတည်မှုကြောင့် ကျွန်ုပ်တို့သည် ဂျပန်ကို ပြန်ချမည် ဟူသော သဘောတရားကိုလည်း မောင်အောင်ဆန်းသည် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသောအခါ တစ်နေ့ တခြား ပိုမို၍ မြင်လာခဲ့၏။

ဂျပန်ကို ခံချရာ၌လည်း ဗိုလ်ချုပ်၏ စစ်ဥပါယ်မှာ နိုင်ငံရေးသုခမိန်ဆန်လှပေသည်။ ဂျပန်ကို ချကြရတော့ မည်ဟု ပိုင်းဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဗိုလ်ချုပ်သည် ၁၃ ရာစုနှစ်က ကျွန်ုပ်တို့ မြန်မာအမျိုးသား လူထု တစ်ရပ်လုံး အုံကြွကာ ပြောက်ကျားတိုက်ခိုက်နည်းစနစ်ဖြင့် ကျူးကျော်သူ ကူဗလိုင်ခန်ကို မြန်မာနိုင်ငံ မှ နှင်ထုတ်ခဲ့သည့် နည်းပရိယာယ်ကို တွေးမိလေသည်။ ထို့ပြင် ၁၇ ရာစုနှစ်က အလောင်းဘုရား သည် မြန်မာနိုင်ငံတော်၏ စည်းရုံးမှုကို ရလေအောင် ရန်သူတို့အား ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့ရပုံ ကိုလည်း ဗိုလ်ချုပ်သတိရမိသည်။ နောက်ဆုံး၌ အခြေအနေမှန်ကို ကြည့်၍ တွေးတော တတ်သော အမြော် အမြင်ကြောင့် ဗိုလ်ချုပ်၏ တော်လှန်ရေးသည် အောင်မြင်ခဲ့လေသည်။

ဂျပန်တော်လှန်ရေးကြီး အောင်မြင်ခဲ့ပြီးသော် မြန်မာနိုင်ငံတော် အက်ဥပဒေပုဒ်မ ၁၃၅ ကို တော်လှန်၍ လွတ်လပ်ရေးကို ကြိုးပမ်းဖို့ရာ အခြေအနေပေါ်လာခဲ့ပြန်သည်။ ထိုအခါ ဗိုလ်ချုပ်သည် ၁၉၃၉ ခုနှစ် ဒို့ဗမာ အစည်းအရုံး၏ လုပ်ငန်းစဉ်ကြေညာချက်သည် ၁၉၃၉ ခုနှစ် ဒို့ဗမာ အစည်းအရုံး၏ လုပ်ငန်းစဉ် ကြေညာချက် ကို အစဉ်အလာမပျက်စေဘဲ ဆက်လက်သုံးစွဲသွားပြန်သည်။ ဤသို့ ပြောရခြင်း မှာ အခြားကြောင့်မဟုတ်။ ၁၉၄၆ ခု ဇန်န၀ါရီ ၁၂ ရက်နေ့စွဲနှင့် ဖဆပလလုပ်ငန်း အစီအစဉ်ကြေညာချက်မှာ ဗိုလ်ချုပ် သည် သခင်အောင်ဆန်း ဘ၀က ကြေညာခဲ့သော လုပ်ငန်းစဉ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် သဘော သွားချင်း အလားတူ ဖြစ်သောကြောင့်ပေတည်း။

အထက်ဖော်ပြခဲ့သော ဖဆပလလုပ်ငန်းစဉ်၌ ဗိုလ်ချုပ်သည် သခင်အောင်ဆန်းဘ၀က နိုင်ငံရေး အတွေး အခေါ်တို့ကို လက်တွေ့ အသုံးချသည်ဟုလည်း ဆိုနိုင်သည်။ လွတ်လပ်ရေးကြိုးပမ်းရာ၌ " လွတ်လပ်ရေး ကို လိုလားနှစ်သက်သော လူမျိုးများနှင့် ယဉ်ကျေးမှုတွင်လည်းကောင်း၊ နိုင်ငံရေးတွင်လည်းကောင်း၊ ပိုမို ရင်းနှီးစွာ ဆက်သွယ်နိုင်စေရန် စီစဉ်ရမည်" ဟူ၍လည်းကောင်း။ " အင်ဒိုနီးရှားနှင့် အင်ဒိုချိုင်းနားပြည်များရှိ အမျိုးသားလွတ်လပ်မှု လုပ်ငန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နှိမ်နင်းချုပ်ချယ် ကျွန် တမယ်မျှ ဖြစ်နေကြရသော လူမျိုး အပေါင်းတို့၏ လွတ်လပ်မှုလုပ်ငန်းကြီးနှင့် ရင်းနှီးစွာ ဆက်သွယ် နိုင်အောင် စီစဉ်ရမည်" ဟူ၍လည်း ကောင်း။ ဖဆပလ ကြေညာခဲ့သည်မှာ သခင်အောင်ဆန်း ဘ၀က ယူဆ ထားသော " နိုင်ငံခြား အဆက် သွယ်ယူ" သည့် သဘောတရား၏ အဆက်ဖြစ်ပေသည်။

ထိုမျှမကသေး၊ လူထုတပ်ပေါင်းစု ဖြစ်စေရန်အလို့ငှာ ဖဆပလ၏ နိုင်ငံရေးလုပ်ငန်းများ၌ " မြန်မာနိုင်ငံ ပြန် လည်တည်ဆောက်ရေး၊ နိုင်ငံသစ် စီမံဖန်တီးရေးကိစ္စများကို ပါတီသဘော နိုင်ငံရေး သဘော မသက် ရောက်သော အဖွဲ့များက ဆောင်ရွက်ရမည်။ သို့မှသာလျှင် ဤကိစ္စများတွင် တတ်ကျွမ်း နားလည် သူများ နှင့် အစိုးရအမှုထမ်းများလည်း ဤ အမျိုးသားလုပ်ငန်းကြီးတွင် ပါဝင်ဆောင်ရွက်နိုင်ကြပေလိမ့်မည်" ဟု ဖော်ပြ ထားသည်။ ဤစကားကို ကျွန်တော် အကျယ်ချဲ့၍ အဓိပ္ပာယ်ဖော်ပြနေစရာ မလိုချေ။ ဗိုလ်ချုပ်၏ သဘောတရား တို့သည် မည်မျှမှန်ကန်နေသည်ကို ဤခေတ်လူထုသည် လက်တွေ့ သိရှိနေကြပြီး ဖြစ်လိမ့် မည်ဟု ကျွန်တော် ယုံကြည်သည်။

ထို့ပြင် လွတ်လပ်ရေး ကြိုးပမ်းမှု၌ ရခိုင်၊ မွန်၊ ကရင်စသော အမျိုးသားများနှင့်တကွ တောင်တန်းသား အားလုံးတို့အပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ထားရှိသော စေတနာသည် သန့်ရှင်းမှန်ကန်သည်ကိုလည်း မည်သူမျှ စောဒက မတတ်နိုင်ကြချေ။ ဖဆပလ လုပ်ငန်းစဉ် ကြေညချက်၌ အမျိုးသား လူနည်းစု များသည် လူများစု အခွင့်အရေးကို ရထိုက်သည်ဟု ဖော်ပြထားသည်ဟု ဗိုလ်ချုပ်၏ အမြော်အမြင် ကြီးမှု ကို ထင်ရှား စေသည်။ လူနည်းစုတို့သည် လူအများစုတို့၏ အခွင့်အရေးကို တန်းတူရနိုင်သည့်နောက် လူနည်းစု အခွင့် အရေးဟု ပြောနေရန် အကြောင်းမရှိတော့ပြီ။

ဤမှန်ကန်သော စေတနာ အကျိုးဆက်ကြောင့် ဗိုလ်ချုပ်က " လွတ်လပ်ရေး တစ်နှစ်အတွင်း ရရမည်" ဟု ကြုံးဝါးလိုက်သောအခါ မြေပြန့်သားရော တောင်တန်းသားပါ ဗိုလ်ချုပ်၏နောက်တွင် မားမားမတ်မတ်ရပ်၍ တညီ တညွတ်တည်း ရှိခဲ့လေသည်။ မြန်မာနှင့် သွေးနီးသော အမျိုးသားတို့ကို မဆိုထားဘိဦး၊ တစ်ခေတ် က ရန်သူဖြစ်ခဲ့ဖူးသော ဗြိတိသျှအမျိုးအနွယ်တို့ကိုပင်လျှင် ဗိုလ် ချုပ်သည် တစ်မြေတည်းနေ တစ်ရေတည်း သောက်သည်ဟူသော စိတ်ဓာတ်ဖြင့် တိုင်းရင်းသားချင်း အမျိုး တော်စပ်သည်ဟူသော သဘောတရား ကို ချမှတ်ပေးခဲ့လေသည်။
" ကျွန်တော့်ကို ခင်ဗျားတို့က လာပါဆိုလို့ ကျွန်တော်လာခဲ့ရတာပါပဲ။ အမျိုးဘာသာမရွေး ဒီတိုင်းပြည်က လူများရဲ့ ကြီးပွားချမ်းသာရေးကို ဆောင်ရွက်ဖို့တာဝန်ဆိုတာဟာ ကျွန်တော် ဆောင်ရွက်ရမယ့် တာဝန်ပါ ပဲ။ ကျွန်တော် ဘ၀တစ်သက်လျာမှာ ဒီတာဝန်ကို အစဉ်ဆောင်ရွက်သွားရဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့စစ်အတွင်း မှောင်အတိကျနေသလို ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ ခင်ဗျားတို့ (အင်္ဂလိပ်ကပြား) လူစု ထဲက မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ လူတွေဟာ တစ်ခါမျှ မကြုံခဲ့ဖူးတဲ့ အတိဒုက္ခကို ကြုံခဲ့ရပါတယ်။ ခင်ဗျား တို့ ဒုက္ခဖြစ်ရတာတွေ သိရတော့ဝမ်းနည်းမိပါတယ်။ စိတ်လဲ နာကျည်းမိပါတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ဒုက္ခ တွေ ပြေရာပြေကြောင်းကို ကျွန်တော့် ဘာသာ ကျွန်တော် တတ်နိုင်တဲ့နည်းနဲ့ ဟိတ်ဟန်မထုတ်ဘဲ ဆောင်ရွက်ခဲ့ပါတယ်။ ကိုင်း ယခု ခင်ဗျားတို့က ဒီကိုလာပြီး မိန့်ခွန်းပေးပါဆိုတော့ ကျွန်တော် မှန်တာ တွေကို အမှန်အတိုင်း အစီရင်ခံခဲ့ပါပြီ။ ကျွန်တော်တို့ တိုင်းပြည်ဟာ လွတ်လပ်တော့မယ်။ ကမ္ဘာကြီးဟာ အကြီး အကျယ် ပြောင်းလဲနေပါတယ်။

ဒီလို ပြောင်းလဲနေတဲ့ အခြေအနေမှာ ခင်ဗျားတို့ဟာ အသိတရားအသစ် တွေကို သိလာကြပြီး တန်ဖိုးအသစ်တွေကို နားလည်ကာ နိုးကြားလာဖို့လိုပါတယ်။ လွတ်လပ်တဲ့ မြန်မာနိုင်ငံဟာ ရှေ့ကို အလားအလာ အများကြီးရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံသားများအတွက် မြော်ကိုး စရာတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေရှိတာထက်ပိုပြီး အလုပ်အကိုင်တွေက များလာပါ လိမ့်မယ်။ ခင်ဗျားတို့ အထဲမှာ ဒီကိစ္စနဲ့အလားတူ အခြားကိစ္စများမှာ စိုးရိမ်ကြောင့်ကြ ဖြစ်နေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားတို့သာ ဒီတိုင်းပြည်မှာရှိတဲ့ လူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ဖြစ်ပါ တယ် ဆိုတာကို ပြကြရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ ဘာမျှကြောင့်ကြစရာရှိဖို့ မလိုဘူးဆိုတာကို ကျွန်တော် ယခုပြောခဲ့ပါတယ် "

ဗိုလ်ချုပ်သည် အထက်ပါ စကားရပ်တို့ကို ၁၉၄၆ ခု ဒီဇင်ဘာလတွင် အင်္ဂလိပ်မြန်မာ အမျိုးသား ကောင်စီ ၏ အစည်းအဝေး၌ ပြောကြားခဲ့၏။ နိုင်ငံရေးသုခမိန်ပီသစွာ ဣနြေ္ဒရရဖြင့် စေတနာ အရင်းခံ အမှန်တို့ကို စိတ် အားထက်သန်စွာ ပြောကြား ဗိုလ်ချုပ်သည် ကရင်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကယားစသော အမျိုးသားများ ၏ အသည်းစွဲသာမက အင်္ဂလိပ် မြန်မာအမျိုးသားတို့၏ အသည်းစွဲလည်း ဖြစ်ခဲ့ လေသည်။ ယနေ့တိုင် အင်္ဂ လိပ်မြန်မာအမျိုးသားတို့သည် ဗိုလ်ချုပ်၏ စကားကို နားထဲ၌ စွဲ၍ နေကြလေသည်။
လွတ်လပ်ရေး ရခဲ့ပြီဟုဆိုလျှင် ငြိမ်းချမ်းရေးကို ရရတော့မည်ဟု ဗိုလ်ချုပ်သည် မျှော်ကိုးခဲ့၏။ ဗိုလ်ချုပ် တောင့်တသော ငြိမ်းချမ်းရေးမှာ သင်္ချိုင်းထဲက ငြိမ်းချမ်းရေးမဟုတ်။ လွတ်လပ်ရေး၊ တိုးတက်ရေးနှင့် ကြီး ပွားချမ်းသာရေးကို ဖန်တီးမည့်ငြိမ်းချမ်းရေးသာလျှင် ဖြစ်ဘိ၏။

ဗိုလ်ချုပ် လွန်ခဲ့သည်မှာရှစ်နှစ်ရှိပြီ။ မြန်မာနိုင်ငံသားတို့ အဖို့ကား ဗိုလ်ချုပ်လွန်ခဲ့သည်မှာ မနေ့တစ်နေ့ ကလို လို ထင်မိကြ၏။ ဗိုလ်ချုပ်ကို ချစ်သည့် ဇောဖြင့် အများပင် တမ်းတကြ၏။ သို့သော် ဗိုလ်ချုပ်၏ အတွေးအခေါ် တို့ကိုကား သတိရမှ ရကြပေလိမ့်မည်။ စင်စစ် ဗိုလ်ချုပ်သည် နုပျိုသောအရွယ်၌ နိုင်ငံရေး ကို ဆောင်ရွက်ခဲ့သော်လည်း သူ၏အတွေးအခေါ်တို့မှာ ၀ါရင့်သော နိုင်ငံရေးသုခမိန်တို့၏ အတွေးအခေါ် မျိုး ဖြစ်ရကား ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင် ဆန်သော ဗိုလ်ချုပ်၏ အတွေးအခေါ်များ ရင့်သန်ခဲ့သည့်နည်းတူ လူထု၏ စဉ်းစားဥာဏ်လည်း ရင့်သန်လာကြစေရန် လူထုတစ်ရပ်လုံး ကြိုးစားသင့်လှပေသည်။ နိုင်ငံရေးသမား ပေါသလောက် နိုင်ငံရေးသုခမိန် ရှားလှသော ဤနိုင်ံငံ တွင် နိုင်ငံရေးသုခမိန်များထွန်းပေါ်လာပါစေရန် ရည်သန်၍ ကျွန်တော် မှတ်မိသမျှ ဗိုလ်ချုပ်၏ ဟော ပြောချက် ကြေညာချက်၊ မိန့်ကြားချက်တို့ကို ယခုတင်ပြပါသည်။ ဗိုလ်ချုပ်ကို ၂၀ ရာစုနှစ် မြန်မာ့နိုင်ငံရေး သုခမိန်ဟု ကျွန်တော် ယူဆလျှင် ယုတ္တိတန်၏။ မတန်၏ကို စာရှုသူ တို့ ဂဏသေချာ ပိုင်းခြား ဝေဖန်နိုင်ကြ ပါစေသတည်း။

ဆက်ရန်
Read more →

Wednesday, August 28, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁ဝ)

,

သခင်အောင်ဆန်း၏ ကိုယ်ရေးရာဇ၀င်အကျဉ်းနှင့်

နိုင်ငံရေးလှုပ်ရှားမှုများအား
မှတ်တမ်းတင်ထားချက် အမှတ်(၅)

ထုတ်ပြန်သောနေ့စွဲ ၁ ရက်၊ ဇန်န၀ါ၇ီလ၊ ၁၉၄၁ အမှတ်(၅) သခင်အောင်ဆန်း

အဖအမည် ။ နတ်မောက် မှ ဦးဖာ
မွေးရပ်။ နတ်မောက်
မွေးနှစ်။ ၁၉၁၅
ယခုနေရပ်။ အမှတ် ၇၆၊ ရေကျော်လမ်း၊ ရန်ကုန်
အလုပ်အကိုင်။ မရှိ
ပုံသဏ္ဍာန်များ။
အရပ်အမြင့်။ ၅ ပေ ၅ လက်မ
ကိုယ်နေဟန်။ ပိန်သည်၊ ကိုင်းသည်
ဆံပင်။ နက်၊ ရှည်၊ နောက်ပြန်ဖြီး ဘယ်ခွဲ၊ တစ်ခါတစ်ရံသာ သပ်သပ်ရပ်ရပ် ဖြီးထားသည်။
မျက်ခုံး။ သေးသွယ်သည်
မျက်လုံး။ ညို၍ကျဉ်းသည်
နှာဖူး။ မြင့်၊ ကျယ်၊ နောက်ဘက်သို့ အနည်းငယ်ယိုင်သည်
အမြင်။ ကောင်းသည်
နှာခေါင်း။ ဖြောင့်သည်၊ နှာဝဖျားကျယ်သည်၊ အတွင်းဘက်သို့နှာရောင်ကောက်သည်
ပါးစပ်။ စိစိပိတ်ထားသည်၊ နှုတ်ခမ်းထော်သည်
သွားများ။ သန့်ရှင်း၍ ပုံမှန်ဖြစ်သည်။
လက်ချောင်းများ။ ရှည်၍ တွဲကျသည်။
နားရွက်များ။ ကြီးသည်၊ ကားသည်၊ နားထင်အသားများသည်
မျက်နှာ။ ဘဲဥပုံ မေးကျဉ်းသည်
အသားရောင်။ ဗမာတစ်ယောက်အတွက် မမည်း၊ မဖြူ သာမန်ဖြစ်သည်။
မုတ်ဆိတ်။ မရှိ
နှုတ်ခမ်းမွှေး။ မရှိ

ထူးခြားချက်များ။ စကားပြောမြန်သည်၊ ခေါင်းငုံ့ကာ လမ်းမြန်မြန်လျှောက်တတ်သည်၊ လုံချည်တိုတို ၀တ်သည်၊ သုန်သုန်မှုန်မှုန် အမူအရာရှိသည်။
ဝတ်နေကျ။ ရိုးရိုးဗမာအ၀တ်၊ တစ်ခါတစ်ရံ ဗလေဇာအင်္ကျီဝတ်သည်။

ကောင်းစွာမှတ်မိကြသော အရာရှိများ။   ရန်ကုန်မြို့ ဗမာပြည်ရာဇ၀တ်မှုခင်းစုံစမ်းဌာနမှ အင်စပက်တော် ဦးစိုးမြင့်၊ ဆပ်အင်စပက်တာခေါ် ရာဇ၀တ်အုပ်မောင်ငွေဆိုင်၊ မောင်မောင်သစ်၊ မောင်လှမောင်၊ အိပ်စီ-မောင်သန်းညွန့်၊ မှုခင်း။

ကိုယ်ရေးရာဇ၀င်အကျဉ်း။   နတ်မောက်မြို့တွင် ၁၉၁၅ ခုနှစ်တွင် မွေးဖွားသည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရသည်။ တက္ကသိုလ်တွင် ဆူပူလှုပ်ရှားရာ၌ သူခေါင်းဆောင်ခဲ့သည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်ကို သူစည်းရုံးခဲ့သည်ဟု အကြီးအကျယ် သံသယဖြစ်ခဲ့ရသည်။ ၁၉၃၆-၃၇ ခုနှစ်အတွက် တက္ကသိုလ်သမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ်လည်း ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ဤတာဝန်များကို ထမ်းဆောင် နေစဉ် အင်္ဂလန်၊ ဆွစ္စလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် စသောနိုင်ငံများမှ ကျောင်းသားသမဂ္ဂများနှင့် အဆက် အသွယ် ရခဲ့သည်။ အမျိုးသားနေ့၊ အုပ်ချုပ်ရေးသစ် တိုက်ဖျက်သောနေ့ စသော များစွာသော နိုင်ငံရေး ဆန္ဒပြပွဲများ တွင် အတူတူတွဲဖက်လုပ်ကိုင်ရင်း သခင်များနှင့် ရင်းရင်းနှီးနှီးဖြစ်လာခဲ့သည်။ သူ၏ ဟောပြောချက် များသည် နယ်ချဲ့စနစ်ကို ရှုတ်ချပြစ်တင်ရေးနှင့် အရင်းရှင်စနစ်ကို ရှုတ်ချပြစ်တင် ရေးများသာ ဖြစ်ခဲ့သည်။

၃၀၊ စက်တင်ဘာ ၁၉၃၈ နေ့တွင် သူ ဥပဒေတန်းတက်ရောက်သင်ကြားနေသော တက္ကသိုလ်ကောလိပ်မှ ထွက်လာခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်မှလည်း နုတ်ထွက်ခဲ့သည်။ တိုင်း ပြည် အကျိုးစီးပွား အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် ထိုသို့ ဆောင်ရွက်ဖို့ အချိန်ပိုရရန် သူတက္ကသိုလ် မှ ထွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာတိုက်များသို့ ကြေညာချက်တစ်ခုပို့ခဲ့သည်။ သူသည် ဗဟိုဌာနချုပ် တို့ဗမာအစည်းရုံး၏ တွဲဖက် အတွင်းရေးမှူးအဖြစ် စတင်ဆောင်ရွက်သည်။ ၁၉၃၈ ခုနှစ်မှာပင် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်လာခဲ့သည်။

ဇန်န၀ါရီလ ၁၉၃၉ ခုတွင် ရန်ကုန်တွင် အထွေထွေမငြိမ်မသက်ရှိမှုနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ အရေးပေါ် လုံခြုံရေး ဥပဒေအရ ဖမ်းဆီးခံရပြီး ၁၅ ရက် ထိန်းသိမ်းခြင်းခံခဲ့ရသည်။
၆ ရက်မှ ၉ ရက်ဧပြီလ ၁၉၃၉ နေ့အထိ မော်လမြိုင်တွင် ကျင်းပခဲ့သော ဌာနချုပ်၊ တို့ဗမာအစည်းအရုံး၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ၌ လုပ်ငန်းကိစ္စများ စီစဉ်တကျဆောင်ရွက်ရန် သူ့တာဝန်ဖြစ်ခဲ့ သည်။ အလုပ်သမားရေးဆိုင်ရာ၊ တောင်သူလယ်သမားရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် စစ်ကြီးတစ်ရပ်ဖြစ် ပေါ်လာခဲ့လျှင် ဗြိတိသျှတို့အား မကူညီရန်ဆုံးဖြတ်ချက်များကို တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်း ရေးမှူးအဖြစ် သူ့ကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

၁၃ ရက်၊ ဧပြီလ၊ ၁၉၃၉ နေ့တွင် သူသည် ကျိုက္ခမီ၌ အရင်းရှင်စနစ်။ နယ်ချဲ့စနစ်တို့ကို ပြစ်တင်ရှုတ်ချ သည့် တရားတစ်ပွဲဟောပြောခဲ့သည်။ ၂၀ ရက် မေ ၁၉၃၉ ခုတွင် ကျောက်တန်း၌ တို့ဗမာဝါဒကို သူရှင်းလင်းဖွင့်ပြဟောပြောခဲ့သည်။
မေ၊ ၁၉၃၉ တွင် သူ့အား " မီးတုတ်ဗိုလ်" များ၏ သင်တန်းတွင် ပို့ချပေးရန် တာဝန်ပေးခဲ့သည်။ မီးတုတ်ဗိုလ် များ၏ တာဝန်များမှာ ၀ါဒပြန့်ပွားရေးလုပ်ငန်းများလုပ်ရန်နှင့် စွန့်စွန့်စားစား လုပ်ဖို့ အကြောင်းများ ပေါ်ပေါက်လာပါက လုပ်ကြရန်ဖြစ်သည်။

ဇွန်လ၊ ၁၉၃၉ တွင် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းပြီး ဗဟိုဌာနချုပ် တို့ဗမာအစည်းအရုံး၏ " တို့ဗမာဝါဒနှင့်စည်းမျဉ်း" ပြန်လည်ပြုပြင်ရေးသားခဲ့သည်။ ၄င်းကို ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်း အရုံး အမှုဆောင်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
၁၄ ရက်၊ ဇူလိုင်၊ ၁၉၃၉ ခုနေ့တွင် နိုင်ငံခြားဆက်ဆံရေးဌာနကိုပါ တာဝန်ခံလုပ်ကိုင်ရန် တာဝန်ပေးသည်။
၁၇ ရက်၊ သြဂုတ်လ၊ ၁၉၃၉ ခုနေ့တွင် မည်သည့်စစ်ပွဲတွင်မဆို ဗမာများက ဗြိတိသျှတို့အား မကူညီရန် နှင့် အကယ်၍ စစ်ကြီးဖြစ်လာခဲ့သော် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို ပြန်လုယူရန်အလေးအနက် ထပ်မံ ဖော်ပြသော ကြေညာချက်တစ်ရပ်ထုတ်ခဲ့သည်။

၂၇ ရက်၊ သြဂုတ်၊ ၁၉၃၉ နေ့တွင် ရန်ကုန်မြို့ သိမ်ဖြူရပ်ကွက်၌ တောင်သူလယ်သမားများကိစ္စကို ဘာမျှ ဆောင်ရွက်ပေးခြင်းမရှိသည့် ၀န်ကြီးချုပ်ဦးပု၏ အစိုးရအဖွဲ့ကို သူပြစ်တင်ရှုတ်ချဟောပြောခဲ့သည်။
၂၉ ရက်၊ သြဂုတ်လ၊ ၁၉၃၉ နေ့တွင် ဌာနချုပ်ဗဟိုတို့ဗမာအစည်းအရုံး အရေးပေါ်အစည်းအဝေးသို့ သူ တက်ရောက်ခဲ့သည်။ ဗြိတိသျှတို့အား ဗမာနိုင်ငံကို စစ်အတွင်းသို့ ဆွဲမသွင်းရန် တောင်းဆိုသော ဆုံးဖြတ် ချက်များချခဲ့ကြသည်။

စက်တင်ဘာ၊ ၁၉၃၉ ခုမှစ၍ နိုင်ငံအနှံ့ ဗမာ့လက်ရုံးတပ်(အပျော်တမ်းတပ်)များ ဖွဲ့စည်းတည်ထောင်ရေးကို သူအထူးအာရုံစိုက်လုပ်ကိုင်ခဲ့သည်။
၂၃ ရက်၊ အောက်တိုဘာ၊ ၁၉၃၉ နေ့တွင် ဗဟိုဌာနချုပ်တို့ ဗမာအစည်းအရုံးသည် အဖွဲ့တစ်ခုအဖြစ်ပါဝင် နေသော ဗမာ့ထွက်ရပ်ဂိုဏ်းခေါင်းဆောင်များ အစည်းအဝေးသို့ သူတက်ရောက်ခဲ့ပါသည်။ ထိုအစည်းအဝေး၌ ဗမာ့ထွက်ရပ်ဂိုဏ်းဝင်များသည် ရာထူးလက်မခံပါဟု ကတိများပေးကြရန် တိုက်တွန်း ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

၁၁ ရက်၊ နိုဝင်ဘာ၊ ၁၉၃၉ နေ့တွင် ပုသိမ်ထောင်အတွင်းရှိ အထူးလိုလားချက်များ မရရှိသဖြင့် အစာငတ်ခံ တိုက်ပွဲဝင်နေကြသော သခင်အကျဉ်းသားများ၏ တောင်းဆိုချက်တို့ကို မလိုက်လျောဘဲရှိနေသည့် အစိုးရ အားကန့်ကွက်ရန်နှင့် ပြည်သူ့လွတ်လပ်ခွင့်များကို ချုပ်ချယ်လျက်ရှိခြင်းကို ကန့်ကွက်ရန် မိမိတို့ အရပ်ဒေသ များ၌ အစည်းအဝေးများပြုလုပ်ဖို့ အစည်းအရုံးခွဲများသို့ သူညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

၁၂ ရက် နိုဝင်ဘာလ ၁၉၃၉ နေ့တွင် သခင်များသည် ဗမာ့ထွက်ရပ်ဂိုစ်း၌ ပါဝင်နေခြင်းသည် လွတ်လပ်ရေး ရရှိရန်အတွက်ဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်၌ကျင်းပသော အစည်းအဝေးတစ်ခုတွင် သူရှင်းလင်း ပြောဟောခဲ့သည်။ ၃ ရက်နှင့် ၅ ရက်၊ ဒီဇင်ဘာ၊ ၁၉၃၉ နေ့များတွင် " ပါတော်မူနေ့"နှင့် အမျိုးသားနေ့များ ကျင်းပရန် သူစီစဉ်ခဲ့ပါသည်။
ဒီဇင်ဘာလ ၁၉၃၉ မှ ဇန်န၀ါရီလ ၁၉၄၀ အထိ သူသည် ဗဟိုဌာနချုပ် တို့ဗမာအစည်းအရုံးဝါဒ ဖြန့်ချိရေး လုပ်ငန်းတို့ကို အပြင်းလုပ်ခဲ့ပါသည်။ မန္တလေးမြို့၊ မုံရွာမြို့နှင့် အခြားအရပ်များတွင် တို့ဗမာဝါဒကို အကျယ် ဖွင့်ဟောပြောခဲ့ပြီး ကွန်မြူနစ်ဝါဒအတွက်လည်း ဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတက်ရောက်ကြသူများအား စစ်ဖြစ်လာလျှင် လွတ်လပ်ရေးရရှိအောင် အခွင့်အရေးကို အရယူ ကြဖို့ တိုက်တွန်းဟောပြောခဲ့သည်။

၁၃ ရက်နှင့် ၁၄ ရက်၊ ဇန်န၀ါရီလ၊ ၁၉၄၀ နေ့များတွင် တောင်ငူမြို့၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးညီလာခံသို့ သူတက်ရောက်ခဲ့သည်။ လယ်မလုပ်သောသူများ လက်ဝယ်ရောက်ရှိနေသော လယ်မြေအားလုံးကို လျော်ကြေးမပေးဘဲ အစိုးရကသိမ်းယူရေး၊ အချို့သော နိုင်ငံရေး အကျဉ်းသားများအား အစိုးရက "ခ" အတန်း အခွင့်အရေးများ မပေးဘဲ ထားသည်ကို ပြစ်တင်ရှုတ်ချရေး၊ မိမိတို့၏ အင်အားကိုပြသည့်အနေဖြင့်ဆန္ဒပြပွဲများ စည်းဝေးပွဲများ ပြုလုပ်ရေး အစရှိသော ဆုံးဖြတ်ချက်များကို ချခဲ့ကြပါသည်။ သူ့ကိုလည်း ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး၏ အလုပ်အမှုဆောင်တစ်ဦးအဖြစ် ခန့်ထားခဲ့ကြပါသည်။

၁၄ ရက်၊ ဇန်န၀ါရီ၊ ၁၉၄၀ နေ့တွင် ကိုယ့်မင်းကိုယ်ချင်း (လွတ်လပ်ရေး)သည် ဌာနချုပ်ဗဟို တို့ဗမာ အစည်းအရုံး၏ ပန်းတိုင်ဖြစ်ကြောင်း တောင်ငူမြို့၌ သူကြေညာခဲ့သည်။
၂၂ ရက်၊ ဇန်န၀ါရီလ၊ ၁၉၄၀ နေ့တွင် ရန်ကုန်စီရင်စု၊ တို့ဗမာအစည်းရုံး အထွေထွေ အတွင်းရေးမှူး သခင် စံထွန်းလှအား ရန်ကုန်တွင် အာဏာဖီဆန်ရေး လုပ်ငန်းများလုပ်ရေးအတွက် ပြင်ဆင်မှုများပြုလုပ်ရန် သူညွှန်ကြားခဲ့ပါသည်။

၂၆ ရက်၊ ဇန်န၀ါရီလတွင် ရန်ကုန်မြို့ မြေနီကုန်း၌ ကျင်းပပြုလုပ်သော အစည်းအဝေးတစ်ခု၌ သူဟောပြော ခဲ့ပါသည်။ အစည်းအဝေးတက်ရောက်ကြသူများအား ယခုစစ်ကြီးအတွင်း၌ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ကို ပြန်၍ရယူရန် စည်းလုံးညီညွတ်ကြဖို့ သူမေတ္တာရပ်ခံခဲ့ပါသည်။
၂၆ ရက်နှင့် ၃၀ ရက်၊ ဇန်န၀ါရီလနှင့် ၁ ရက်၊ ဖေဖော်ဝါရီနေ့များတွင် မန္တလေးမြို့ သံဃာတော်များ၏ ညီညွတ်ရေးကြိုးပမ်းမှုအတွက် ကျင်းပသောအစည်းအဝေးများသို့ အခြားအဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်များနှင့်အတူ သူတက်ရောက်ခဲ့ပါသည်။

၂၅ ရက်၊ ဖေဖော်ဝါရီနေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်းက ဦးစီးကျင်းပသော လူ ၆၀၀ ခန့် ပါဝင်သော စီတန်းလမ်းလျောက် ဆန္ဒပြပွဲတွင် သူပါဝင်ခဲ့ပြီး အဓိဋ္ဌာန်စာတမ်းကို ခေါင်းဆောင်များကိုယ်စား ဖတ်ကြားခဲ့ ပါသည်။ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ ကျောင်းသားများ၊ အမျိုးသမီးများတို့သည် စည်းရုံး ညီညွတ်ကြလျက် မိမိတို့၏ အသီးသီးသော တိုက်ပွဲငယ်ကလေးများကို လွတ်လပ်ရေးအတွက်တိုက်သည့် တိုက်ပွဲအရေးတော်ပုံကြီးအဖြစ် ပေါင်စည်းလုပ်ကိုင်သွားကြမည်ဟု အဆိုပါ အဓိဋ္ဌာန်ချက်တွင် ဖော်ပြပါရှိ လေသည်။

၁၉၄၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင် ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသားကွန်ဂရက် နှစ်ပတ် လည်အစည်းအဝေး (Indian National Congress, Ramgarh) သို့ တက်ရောက်လေ့လာရန် ရန်ကုန်မှ အိန္ဒိယသို့ ထွက်ခွာလာခဲ့ပါသည်။ ကွန်ဂရက် အစည်းအဝေးပြီးသည့် နောက် အိန္ဒိယပြည်နယ် အသီးသီးသို့ သူခရီးလှည့်လည်ခဲ့ပါသည်။ ၂၉ ရက် မတ်လ ၁၉၄၀ နေ့တွင် ဒေလီမြို့ ဟိန္ဒူကောလိပ်နှင့် ဗမာပြည်သူတို့က ဗြိတိသျှနယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရာ၌ မိမိတို့နိုင်ငံ၏ လုပ်ငန်းအချင်းချင်းပေါင်း စပ်ပေးသွားနိုင်ရေးအတွက် နည်းလမ်းများရှာဖွေရန်ဖြစ်ကြောင်း ပြောခဲ့ပါသည်။

၁၉၄၀ ပြည့်နှစ် မတ်လ ၃၀ရက်နေ့တွင် အနောက်မြောက်နယ်စပ် ပတ်ရှဝါပြည်နယ် (Peshawar) သို့ သူရောက်ခဲ့ပြီး ဆာမိုင်ကယ်အို ဒွိုင်းယား (Sir Micheal O'Dawyer) ကို လုပ်ကြံသတ်ဖြတ်ရန် စေ့ဆော်ပေးခဲ့သော စိတ် ဓာတ်ကို သူချီးကျူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ၁၉၄၀ ပြည့်နှစ် ဧပြီလ ၂ ရက်နေ့တွင် (Lahore) မြို့၌ လွတ်လပ်ရေးကို အကြမ်းမဖက်ဘဲရနိုင်မည်မဟုတ်ကြောင်း သူပြောခဲ့ပါသည်။

၁၉၄၀ ပြည်၊ မေ၊ ၁ ရက်နေ့တွင် သူရန်ကုန်သို့ပြန်ရောက်ပါသည်။
ဇွန် ၁ ရက်၊ ၁၉၄၀ တွင် ဟင်္သာတစီရင်စု ဇလွန်မြို့တွင် သူ အစည်းအဝေးတစ်ခု၌ ဟောပြောခဲ့ပါသည်။ ပြည်သူများဆင်းရဲဒုက္ခအတိကြုံတွေ့နေရခြင်းမှာ ဗြိတိသျှနယ်ချဲ့စနစ် အရင်းရှင် စနစ်တို့ကြောင့်ဖြစ်သည် ဟု ပြောနိုင်ကြောင်းနှင့် ဗြိတိသျှတို့၏ ချယ်လှယ်ညှဉ်းပန်းမှုအကြောင်းကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။ ဗြိတိသျှတို့သည် ဗမာပြည်သူတို့၏ တကယ့်ရန်သူအစစ်ဖြစ်ကြောင်းကိုလည်း ပြောခဲ့သည်။

စစ်ကြီးနှင့် ပတ်သက်၍ ပြောရာ၌ ဂျာမနီသည် စစ်နိုင်ရန် သေချာသလောက်ဖြစ်နေ၍ ဗမာ နိုငငံသည် မင်းမဲ့နိုင်ငံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် အခွင့်ကောင်းကြီး ပင် ဖြစ်ကြောင်း သူကထောက်ပြခဲ့ပါသည်။ ယခုအခါတွင် အာဏာဖီဆန်ရေး တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးဖြစ်၍ ထိုလုပ်ငန်းအတွက် ရန်ပုံငွေများကောက်ခံလျက် ရှိနေပြီဖြစ်ကြောင်းလည်း သူကြေညာပြောဆိုခဲ့ပါသည်။ ဤဟောပြောချက်များအတွက် သူ့အားရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)အရ တရားစွဲ၇န် သဘောတူအမိန့် ရယူခဲ့ပါသည်။

သူသည် သီဟိုဠ်နိုင်ငံမှ သမာသမတ် (ကွန်မြူနစ်)ပါတိ Lanka Samasmajist (Communist) Party ၀င် သီဟိုဠ်အမျိုးသား အေ၊ စီ၊ ၀ီရသကေရ (A.C. Weeraskera) နှင့် အဆက်အသါယ်ရရှိပြီး ထိုသူအားဂုဏ်ပြု သည့်အနေဖြင့် ၁ ရက်၊ ဇွန်လ၊ ၁၉၄၀ နေ့တွင် ဌာနချုပ် ဗဟိုတို့ဗမာအစည်းရုံး၌ လက်ဖက်ရည်ပွဲတစ်ခုတည်ခင်းခဲ့သည်။ ၁၉၄၀ ပြည့်၊ ဇွန်လ၊ ၁၂ ရက်နေ့တွင် ၀ီရသကေရကသီဟိုဠ် နိုင်ငံ တော်ကောင်စီဝင်ဖြစ်သော သီဟိုဠ်သမာသမတ်ပါတီကော်မတီအဖွဲ့ဝင်ဒီ၊ ပီ၊ အာဂုဏ၀ါဒ (D.P.R. Gunawardana)ထံသို့ စာတစ်စောင်ရေးပို့ရာ၌ သခင်အောင်ဆန်းသည် ဌာနချုပ်ဗဟိုတို့ဗမာ အစည်းအရုံး မှ အတိုးတက်ဆုံးသော အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၂ ရက်၊ ဇွန်၊ ၁၉၄၀ နေ့တွင် ဇလွန်မြို့၌ ကျင်းပသော ဟင်္သာတစီရင်စု တို့ဗမာအစည်းအရုံး နှစ်ပတ်လည် ညီလာခံတွင်မူ မိန့်ခွန်းတို့ကို တစ်ခုပြောကြားခဲ့သည်။ ဗြိတိသျှတို့ စစ်ပွဲတိုက်နေရခြင်းကို အခွင့်ကောင်း တစ်ရပ်အနေနှင့်အရယူပြီး လွတ်လပ်ရေးအတွက် ထိထိရောက်ရောက် လုပ်ကိုင်ဖို့ အရေးကြီးကြောင်းကို အလေးအနက်ပြောပြခဲ့သည်။ ထို့နောက် တို့ဗမာဝါဒကို သူရှင်းပြပြီး လာရောက်နားထောင်ကြသူများအား တို့ဗမာအစည်းရုံးကို အားပေးထောက်ခံကြရန် တိုက်တွန်းခဲ့သည်။

ထိုည ထိုနေရာ၌ ကျင်းပသော နိုင်ငံရေးတရားပွဲ၌ ပရိသတ်အား တို့ဗမာအစည်းအရုံးကို အားပေးထောက်ခံ ကြရန် တိုက်တွန်းပြန်ပါသည်။ အစည်းအရုံးဝင်များသည် လုံးဝလွတ်လပ်ရေးရရှိဖို့ အခွင့်ကောင်းကို ထိထိ ရောက်ရောက်အသုံးချလျက် လုပ်ကိုင်နေကြသည်ဖြစ်ကြောင်း ပြောဟောပါသည်။

၁၉၄၀ ပြည့်နှစ်၊ ဇွန်လ၊ ၃ ရက်နေ့တွင် ဟင်္သာတစီရင်စု ဇလွန် ပုလိပ်ဌာနပိုင် ဒေါင့်ကြီးတွင် တရားတစ်ပွဲ ဟောခဲ့ပါသည်။ မကွေးတိုင်းမင်းကြီး၏ ဒါဘာပွဲ၌ (၁) သူတို့၏ အရပ်ဒေသကို ဗမာပြည်ထဲထည့်သွင်းရန်၊ ၉၂) အမျိုးသားများအား အင်္ဂလိပ်-မြန်မာ ၂ ဘာသာ ပညာသင်ကြားပေးရန် နှင့် (၃) ဆပ်ဒီဝီဇံအတွင်း တို့ ဗမာအစည်းအရုံးများ ထူထောင်ခြင်းကို မနှောင့်ယှက်ရန် တောင်းဆိုခဲ့၍ ကန်ပက်လက်ဆပ်ဒီဝီဇံမှ ချင်း အမျိုးသားများ အဖမ်းခံကြရသည်ဟု ပြောပြပါသည်။

၅ ရက်၊်ဇွန်လ၊ ၁၉၄၀ နေ့တွင် သူ့ကို တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ်ဖြင့် တက္ကသိုလ်ကျောင်းသား များက အပြိုင်အဆိုင်မရှိ ရွေးကောက်တင်မြှောက်ခဲ့ပါသည်။
၁၅ ရက်၊ ဇွန်လ၊ ၁၉၄၀ နေ့တွင် တက္ကသိုလ်သမဂ္ဂခန်းမ၌ တက္ကသိုလ်ကျောင်းသားများသမဂ္ဂက တင်မြှောက်ထားသော တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးအနေဖြင့် တက္ကသိုလ် ကျောင်းသားသစ် များအား မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ကျောင်းသားသမဂ္ဂ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြပြီး မကျေနပ်ချက်၊ နစ်နာချက်များရှိလျှင် သူမှတစ်ဆင့် ပြောပြနိုင်ကြောင်း၊ သူ့အနေဖြင့် ကျောင်းသားများ အကျိုးစီးပွားကို သူအတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ချောက်-သခင်ဖိုးလှကြီး၊ မြင်းခြံ-သခင်မေအောင်နှင့် မန္တလေးသခင်လေးတို့ထံမှ နဂါးနက်အသင်း၏ ဌာန ချုပ်ကို မြင်းခြံမြို့မှ မန္တလေးမြို့သို့ ရွှေ့ပြောင်းခြင်းနှင့်ပတ်သက်၍ စာတစ်စောင်ပေးခဲ့ပါသည်။ သူတို့က တိုင်းပြည်အတွက် အသက်ပေးဆောင်ရွက်မည့် သူရဲကောင်းတစ်ဦးလိုအပ်နေရာ သခင်အောင်ဆန်းသည် ထိုသူရဲကောင်းပင်ဖြစ်သည်ဟု ယူဆကြောင်း အသင်းအပေါ် သစ္စာစောင့်သော ကျောင်းသား ၅၀ စုပေး မည်ဖြစ်ကြောင်း စာထဲတွင် ဖော်ပြထားပါသည်။ ဗြိတိသျှတို့ကို အင်္ဂလန်သို့ ပြန်ခေါ်ယူမည်ဖြစ်၍ မိမိတို့ လုပ်ငန်းကို အပြီးသတ်လုပ်ကိုင်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း ထကြွကြရန် အချိန်ကောင်းဆိုက် ရောက်လာပြီဖြစ်ကြောင်းဖြင့် ၄င်းစာကို အဆုံးသတ်ထားပါသည်။

၁၉၄၀ ပြည့်နှစ်၊ ဇွန်လ၊ ၂၉ ရက်နေ့တွင် တို့ဗမာ အစည်းအရုံးခွဲများသို့ သခင်ခေါင်းဆောင်များကို ဖမ်းဆီး နေခြင်းကို ကန့်က်ွသည့် အစည်းအဝေးပွဲများ၊ ဇူလိုင်လ ပထမပတ်အတွင်း ပြုလုပ်ကြရန် ညွှန်ကြားချက် တစ်ရပ်ထုတ်ခြ့ပါသည်။ ဥပဒေငြိစွန်း၍ သခင်များ၏ ပဉ္စမအကြိမ် ညီလာခံ၏ ဆုံးဖြတ်ချက်များကို ဖတ်ကြားရန် အသင့်ရှိကြသော လူ ၁၀၀၀ ခန့် ရှာဖွေစုဆောင်းကြရန်လိုကြောင်း၊ ထိုဆုံးဖြတ်ချက်များကို အပျံ့နှံ့ဆုံးပျံ့နှံ့အောင် လုပ်ရန်လိုကြောင်း စွန့်စွန့်စားစား အနစ်နာခံပြီးလုပ်ကြမည့် အစည်းရုံးဝင်များ စည်း ရုံးသိမ်းသွင်းရန်လိုကြောင်း၊ ဗမာ့လက်ရုံးတပ်များ ထူထောင်ရန်လိုကြောင်း လွတ်လပ်ရေး ရန်ုံငွေကောက် ခံကြရန်လိုကြောင်း ခေါင်းဆောင်မည့်သူများအတွက် သင်တန်းများဖွင့်လှစ်ပေးရန် လိုကြောင်း အစရှိသည် တို့ကိုပါ ထိုညွှန်ကြားချက်တွင် ဖော်ပြပါရှိပါသည်။

၂၉ ရက်၊ ဇွန်လ၊ ၁၉၄၀ နေ့တွင် သူ့အား ၁ ရက် ဇွန်လ ၁၉၄၀ နေ့က ဇလွန်မြို့၌ ဟောပြောခဲ့သော အစိုးရ အရေးယူနိုင်သည့် ဟောပြောချက်အရ ဟင်္သာတမြို့ ပထမတွဲဖက်တရားသူကြီးက ဖမ်းဆီးရန် ၀ရမ်းထုတ်ခဲ့ ပါသည်။ သူချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါသည်။ နောက်ပိုင်းတွင် သူ့အား တရားစွဲဆိုရန် အမှုကိုပိတ်လိုက်ပြီး ဖမ်းဆီးရန် ထုတ်ထားသောဝရမ်းကို ဖျက်လိုက်ပါသည်။ သူ့ကို အကြီးအကျယ်ထောက် ခံနေကြသော တက္ကသိုလ်ကျောင်းသားများ မကျေမနပ် ဆူပူလာမငများ တိုးတက်လာခြင်းသည် ထိုအမှု ပိတ်လိုက်ရခြင်း၏ အကြောင်းတစ်ကြောင်းဖြစ်ပါသည်။ သူ့ကို ၁၉၄၀ နှစ်ကုန်အထိ ခြေရာခံ၍မရပါ။ သူတရုတ်ပြည်ရောက်နေကြောင်း ရရှိသောသတင်းများက ညွှန်ပြခဲ့ပါသည်။ တစ်ဦးသော သတင်းပေးက သူ့အား တရုတ်သူလျှိုတစ်ဦးဟု သံသယရှိသဖြင့် အေမွိုင်မြို့တွင် ဂျပန်တို့က ဖမ်းဆီးလိုက်ပြီဟု ပြောပါ သည်။

၁၉၄ နိုဝင်ဘာလထဲတွင် သူသည် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုက်ပါသည်။ ၁၉၄၀ ပြည့်နှစ်၊ နိုဝင်ဘာလ။ ၂၆ ရက်မှ သတင်းစာတိုက်များသို့ ပေးပို့သော သတင်းတွင် သူ ဤသို့နုတ်ထွက် လိုက်ခြင်းမှာ နိုင်ငံရေးလုပ်ငန်းများဖြင့် မအားအောင်ဖြစ်နေသောကြောင့်ဟု ဖော်ပြပါသည်။

သူ၏ ရိုးသားဖြောင့်စင်းမှုနှင့်စပ်လျဉ်း၍ သဘောထားများ ကွဲလွဲကြပါသည်။ သူ၏ အယူအဆများသည် မှန် သည်၊ အလွန်စိတ်အားသန်စွာ ယုံကြည်သူဖြစ်သည်ဟု အချို့က ပြောကြပါသည်။ တခြားသူများကလည်း သူသည် စိတ်တိုပြီးအပြစ်ပြော၊ ဘုပြော၊ ဘောက်ပြောသာ ပြောနေပြီး ဆူပူလှုံ့ဆော်ရေးသည် အကျိုးရှိ သောအလုပ်ဟု ယုံကြည်နေသူဖြစ်သည်ဟု ပြောကြပါသည်။ မည်သည့် အယူအဆသည် မှန်စေတော့၊ သူ သည် ဌာနချုပ်ဗဟို၊ တို့ဗမာ အစည်းရုံး အထွေထွေအတွင်းရေးမှူးအနေဖြင့် အလွန်ကြိုးစားလုပ်ကိုင်သူဖြစ် သည်။ တို့ဗမာ အစည်းအရုံး၏ ထုတ်ပြန်ချက်များကို သူကိုယ်တိုင် ရေးသားခဲ့ပြီး ၄င်းတို့တွင် ဖော်ပြပါရှိသော သဘောအယူအဆများနှင့် ညွှန်ကြားချက်များမှာ သူ၏ လက်ရာများပင်ဖြစ်ရန်ရှိပေသည်။ တို့ဗမာအစည်းအရုံးသည် ယနေ့ ကြောက်စရာကောင်းသော ဖျက်ဆီးရေးလှုပ်ရှားမှုကြီးအဖြစ် ကြီးထါား ရောက်ရှိလာခြင်းမှာ အများအားဖြင့် သခင်အောင်ဆန်းနှင့် အခြားသခင်တို့ကြောင့်ပင်ဖြစ်သည်ကို သံသယ ဖြစ်စရာမရှိပါ။ (၁၉၄၀ နှစ်ကုန် အထိ ပြုစုထားသည်)

အမှတ်(၅)
ထုတ်ဝေသောနေ့စွဲ ၁ ရက်၊ ဇန်န၀ါရီ ၁၉၄၂
ရန်သူတော်စာရင်းဝင် အမှတ်(၅)၏ နောက်ဆက်တွဲသမိုင်း

သခင်အောင်ဆန်း
သခင်အောင်ဆန်းဘယ်မှာရှိသည်ကို ယနေ့အထိ အတိအကျ မသိရသေးပါ။ သူသည် ဂျပန်ပြည်တွင် ရောက်နေပြီဟူသော ခိုင်မာလှသော ကောလဟလသတင်းများ ဖြစ်နေပါသည်။
၁၉၈၇ ခု၊ ဇူလိုင် စစ်ပြန်မဂ္ဂဇင်း၊ ဗြိတိသျှအစိုးရ၏ ရန်သူတော် အမှတ်(၅) သခင်အောင်ဆန်း
Read more →

Tuesday, August 27, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၉)

,


အနှစ် နှယ်ဆယ် မှန်းဆတယ်

ခင်ဗျားတို့ကသာ အတင်းလုပ်တဲ့အခါမှာ အဆင်သင့်ရှိရမှာပဲ။ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာဆိုသလို ကိစ္စ မပြီးသေးသော် ကျွန်တော်တို့ စိတ်အားမလျှော့ရသေးဘူး။ အရင်တစ်ခါကျွန်တော် ပြောခဲ့သလို နိုင်ငံ ရေးဘက်ကနေပြီးတော့ကာ မဟုတ်တဲ့နေရာမှာ ဆူတာပူတာကတော့ ပိုလာသလို ဖြစ်နေတယ်။ အဲဒီလို မဟုတ်တဲ့ နေရာမှာ ဆူပူသောင်းကျန်းမှုတွေကို ဗမာပြည်မှာရှိတဲ့ လူ တွေက အားလုံးကူညီဝိုင်းဝန်းဖို့လို တယ်။ ဘယ်သူ့ကိုမှ အားပေးဖို့ မလိုဘူး။

သို့သော်လည်း ဗမာပြည်ရဲ့ လွတ်လပ်ရေး။ တိုင်းပြည်လူထုရဲ့ ညီညွတ်ရေးလုပ်တဲ့နေရာမှာ ယခုထက်ပိုပြီး ဆထက်ထမ်းပိုးတိုးပြီး အလုပ်လုပ်ကြဖို့လိုတယ်။ အလုပ်လုပ် တဲ့နေရာမှာ ကျွန်တော်တို့ ဖဆပလ အဖွဲ့ချုပ်ကြီးက လုပ်တဲ့နေရာမှာ လိုသေးတယ်။ ကျွန်တော် မကျေနပ် သေးဘူး။ ကျွန်တော်တို့အားလုံး အလုပ် လုပ်ကြဖို့လိုတယ်။ ဒီလိုလုပ်မှသာလျှင် လွတ်လပ်ရေးဆိုတာ ကျွန်တော်တို့ ရည်မှန်းထားတဲ့ အချိန်ပိုင်း အတွင်းမှာရမယ်။ ရပြီးတဲ့နောက် ရှေ့ကိုနင်းကန်ပြီး ဆက်လက်ပြီး အလုပ်လုပ်နိုင်မှ အနှစ် နှစ်ဆယ်လောက်ကြာတဲ့အတွင်းမှာ တန်ကာကျမယ်။

ကုဋေ ကုဋာ ကုန်သွယ်ရာ

ထပ်ပြီး ကျွန်တော် ရှင်းပြချင်သေးတယ်။ ဥပမာအားဖြင့် ပညာရေးကို ကြည့်မယ်ဆိုရင် ပညာရေးမှာ ကျွန်တော်တို့ ဗမာပြည်ဟာ အရင်စစ်မဖြစ်ခင်ကထက် အောက်ကျနောက်ကျဖြစ်နေတယ်။ အင်မတန် အောက်ကျနောက်ကျဖြစ်နေတော့ အခမဲ့မူလတန်းပညာမသင်မနေရ ဥပဒေလုပ်ပေးပါလို့ ပြောတယ်။ ဥပဒေ လုပ်ပေမဲ့ ဘယ်လောက်ကြိုးစားမှ ဘယ်လောက်ကြာမှ အဲဒီလိုအခမဲ့ မူလတန်း မသင်မနေရပညာ ဆိုတာ ဟာ ဗမာတစ်ပြည်လုံး ရွာတိုင်းမြို့တိုင်းမှာ ဖြစ်မလဲဆိုရင် အနှစ်နှစ်ဆယ်လောက်ကြာမှဖြစ်မယ်။

အခုရှိတဲ့ ဆရာတွေက အင်မတန်နည်းနေတယ်။ ဒီဆရာတွေကို သင်ရမဲ့ ကောလိပ်ကျောင်းသားတွေ၊ နော်မံကျောင်းတွေ တိုင်းပြည်တစ်ပြည်လုံးမှာ ဒီကျောင်းတွေ၊ အဆောက်အဦတွေရှိရမယ်။ ဒီကျောင်းတွေ မှာ သုံးရမဲ့ ကိရိယာတန်ဆာပလာ ပစ္စည်းတွေ၊ ခဲတံ၊ စာအုပ်၊ ကျောက်သင်ပုန်း စုံစုံလင်လင်ရှိရမယ်။ အဲဒီ အတွက် အဲဒါတွေအတွက် ဘယ်လောက်ကုန်မလဲဆိုရင် ကုဋေပေါင်း အများကြီးချီပြီး ကုန်မယ်။ အဲဒါ အနှစ် နှစ်ဆယ်လောက် ကျုံးလုပ်ပါမှ ဗမာပြည်တစ်ပြည်လုံး အခမဲ့မူလတန်းပညာ မသင်မနေရဆိုတာ ရွာ တိုင်းမြို့တိုင်းမှာ ဖြစ်နိုင်မယ်။

ကုန်း ရေ လေတပ် လွန်ရှိအပ်

နောက်ပြီး ကာကွယ်ရေးဘက်မှာ ကြည့်ပါဦး။ အခု ကျွန်တော်တို့ရှိတဲ့ စစ်တပ် ဗမာပြည်မှာ ဆူတာပူတာကို နှိမ်ဖို့လောက်တော့ လုံလောက်တယ်။ အဲဒီဆူတာပူတာကို စစ်တပ်ရော ပုလိပ်ရော နှစ်ဆပို့ထားတယ်။ အဲဒီလို နှစ်ဆပို့ထားရတဲ့အတွက် နှစ်ဆပိုပေးရတဲ့ စားရိတ်ကုန်တယ်။ အဲဒါဘယ်သူ့ဆီက ငွေနဲ့ပေးရလဲ ဆိုရင် ခင်ဗျားတို့ပေးတဲ့ အခွန်ငွေထဲကပေးရတယ်။ အဲဒါကြောင့် ဈေးတွေကြီးနေတယ်။

သို့သော်လည်းပဲ တိုင်းပြည်ကာကွယ်ဖို့ဘက်မှာ ကျွန်တော်တို့ စစ်တပ်တွေနဲ့မလုံလောက်သေးဘူး။ သံချပ်ကာ ကားတပ်ဆိုတာ မရှိသေးဘူး။ ဒီတပ်မျိုးဟာ အခုလိုဖြစ်တဲ့ စစ်ကြီးမျိုးမှာဆိုရင် တော်တော် တန်တန် ကြီးမား တဲ့ ရန်သူကလက်နက်ကောင်းကောင်းနဲ့ တိုက်လိုက်တယ်ဆိုရင် နာရီပိုင်းအတွင်းမှာ ရင်ဆိုင် တိုက်လိုက်ရင် ပြုတ်မယ်။ ကျွန်တော်တို့မှာရှိတာက ရေတပ်ဆိုတာ ဗန်းပြရေတပ်ပဲရှိသေးတယ်။ တကယ့်တကယ် ဘာမှ တိုင်းပြည်ကို မကာကွယ်နိုင်သေးဘူး။

လေတပ်ဆိုတာက အခုမှစတုန်းရှိသေးတယ်။ လေတပ်ဆိုလို့ရှိရင် ဒီတိုင်းပြည်မျိုးမှာရှိတဲ့ လေတပ်မျိုးမှာ အဖျင်းဆုံး လေယာဉ်ပျံငါးရာ (First Lino Plane) ရှိရမယ်။ အနည်းဆုံးစစ်ဖြစ်ဖြစ်ချင်း လေယာဉ်ပျံငါးရာ လောက်ရှိမှဖြစ်မယ်။ ဒါတောင်မှ လုံလောက်တယ်လို့ မပြောနိုင်ဘူး။ လေယာဉ်ပျံတစ်စင်းကို ဘယ်လောက် ကျသလဲ ဆိုရင် တော်တော့်ကိုပဲကျတယ်။ ငါးသိန်းတစ်သန်းလောက်ကျတယ်။ လေယာဉ်ပျံ အစင်းငါးရာ ဆိုရင် ခင်ဗျားတို့ပဲတွက်ကြည့်ပေတော့။

တစ်သန်းနဲ့တွက်ကြည့် ကုဋေငါးဆယ်ကုန်မယ်။ ကုဋေငါးဆယ်ကုန်ပြီးတဲ့နေ့ အဲဒီလေယာဉ်ပျံရဲ့ နောက်မှာက တစ်စင်းကို သုံးလေးစင်းအရံထားရမယ်။ နောက်မှက လေယာဉ်ပျံအဖျင်းဆုံး ငါးရာလောက် ရှိမှဖြစ်မယ်။ အဲဒါက ကုဋေငါးဆယ်အားလုံးပေါင်း ကုဋေ တစ်ရာသွားရော။ ပျက်တဲ့ လေယာဉ်ပျံတွေကို ပြင်ဖို့ အလုပ်ရုံတွေ၊ စက်ရုံတွေ၊ စက်ဆရာတွေရှိရမယ်။ ကိရိယာတွေရှိရမယ်။ အဲဒါတွေ အားလုံးတွက်ကြည့်လိုက်မယ်ဆိုရင် ကုဋေပေါင်းအများကြီးချီပြီး ကုန်မယ်။

ကျွန်တော်တို့တိုင်းပြည်က တစ်နှစ်တစ်နှစ်ကို ရတဲ့ဝင်ငွေက စစ်မဖြစ်ခင်က ကုဋေနှစ်ဆယ်အထိပဲရတယ်။ အခုစစ်ပြီးတဲ့အခါမှာ နှစ်ဆယ့်နှစ်ကုဋေပဲရမယ်။ ကျွန်တော်တို့ ဖြစ်ဖြစ်ညှစ်ညှစ်ရအောင်လုပ်မယ်ဆိုရင် ကျွန်တော် တို့ အမျိုးမျိုးစီမံကိန်းတွေနဲ့ လုပ်မယ်ဆိုလို့ရှိရင် ကုဋေသုံးဆယ်ဟာ လွန်ရောကျွံရောပဲ။ ကျွန်တော် တို့စီမံကိန်းတွေလုပ်တဲ့အခါမှာ အမြတ်အစွန်းက ချက်ချင်း ရချင်မှရမယ်။

အဲဒီလိုတိုင်းပြည်မှာ ၀င်ငွေကနည်းနေပြီးတော့ ကျွန်တော်တို့သုံးရမဲ့ဟာက လေတပ်မှာကြည့်မယ်ဆိုရင် ကုဋေ အဖျင်းဆုံး တစ် ရာ့ငါးဆယ်နှစ်ရာလောက်ကျမယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ စစ်တိုက်တဲ့ အချိန်အခါမှာ လူတစ်သန်း လောက် စစ်တပ်အင်အားရှိမှ ကောင်းမယ်။ အခုရှိနေတဲ့ စစ်တပ်ဟာ နှစ်သောင်းလောက်ပဲရှိတယ်။ နှစ် သောင်းလောက်ဆိုတာ (Army) ကိုပြောတာ၊ (Navy) ရေတပ်မပါဘူး။ (Airforce) လေတပ်မပါဘူး။ အဲဒီ နှစ်သောင်းလောက်ရှိတဲ့ စစ်တပ်တောင်မှ ငွေရှစ်ကုဋေလောက်ကုန်ရင် ကျွန်တော်တို့တိုင်းပြည် ကာကွယ် ရေးအတွက် အဖျင်းဆုံးစစ်သားတစ်သန်းလောက်စစ်ဖြစ်စမှာလိုတော့ ဘယ်လောက်ကုန်မလဲဆိုတာ ခင်ဗျားတို့ပဲ တွက်ကြည့်ကြ။

ညီညွတ်မှုအရေး ထိန်းသိမ်းပေး

အဲဒီတော့ ဒီငွေကျွန်တော်တို့ အမြန်ဆုံးရအောင် လုပ်ရမယ်။ နောက်တစ်ခါ စစ်ကြီးမဖြစ်ခင် အမြန်ဆုံးရ အောင် လုပ်ရမယ်။ အဲဒီအတောအတွင်း ဟိုနားကမထိတထိစတာ၊ ဒီနားက မထိတထိစတာ ကျွန်တော် တို့က ပြန်ပြီးချရလိမ့်အုံးမယ်။ ဒီလိုဆိုရင် ခင်ဗျားတို့ အားသွန်အားစိုက် အလုပ်လုပ်ရမယ်။ လွတ်လပ်ရေး ရသည့်တိုင်အောင် ကျပ်ပြည့်တင်းပြည့် မခံစားရဘူးမှတ်ပါ။ ကွန်မြူနစ်အစိုးရတက်တက်၊ ဆိုရှယ်လစ်အစိုး ရတက်တက်။ ဘာအစိုးရတက်တက် ခင်ဗျားတို့မလုပ်လို့ရှိရင်မဖြစ်ဘူးဆိုတာ ကျွန်တော် ရဲရဲကြီး ပြောချင် တယ်။

ခင်ဗျားတို့က လွတ်လပ်ရေးကိုလိုချင်ရင် ရနိုင်တဲ့စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ် ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် ရနိုင်လောက်တဲ့ ထူထောင်မှု ကိုလုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့ နောက်လည်းပဲ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားချင်တယ်။ ခံစား ချင်တယ်ဆိုရင် အလုပ်လုပ်ဖို့ စည်းကမ်းရှိကြဖို့ ခင်ဗျားတို့အခုတည်းက ခင်ဗျားတို့အကျင့်ဆိုးတွေ အကျင့် ဟောင်း တွေကို ပြင်ကြဖို့တော်ပြီ၊ ဖျောက်သင့်ပြီလို့ဆိုတာ ကျွန်တော် ဒီနေ့ ပြောခဲ့ချင်ပါတယ်။

ဆက်ရန်
Read more →

Monday, August 26, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၈)

,

ကျုပ်တို့အစိုးရလုပ်တဲ့ အချိန်အခါမျိုးမှာဖြစ်နေပါတယ်။ ကျုပ်တို့မှာ ချို့ယွင်းချက်တွေ အမြောက်အများ ရှိတယ်ဆိုတာ ကျုပ်တို့ကိုယ်တိုင်သိတယ်။ ဘယ်အစိုးရမှ ချို့ယွင်းချက်မရှိတဲ့ အစိုးရဆိုတာ မရှိဘူး။ တိုင်းပြည်မှာ စေတနာထားပြီးတော့ကာ တစ်ဆင့်ထက် တစ်ဆင့်တက်ပြိး လုပ်လာခဲ့တာ တိုးတက်သ လား။ မတိုးတက်ဘူးလားဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ နောက်ရက်များမကြာခင်လောက်ဆိုရင် သခင်နု ပြန်လာလို့ နောက်ရက်တော်တော်လေးကြာလို့ရှိရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအ လင်း ကြေညာနိုင်တဲ့ စာတမ်းမျိုး ထုတ်နိုင်ပါလိမ့်ဦးမယ်။ အဲဒီတော့ကာ ကျွန်တော်တို့ဟာ လွတ်လပ် ရေးလုပ်ငန်းမှာ ဘယ်ထိအောင် စခန်းတက်လာပြန်ပြီ။ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ဘယ်လို စခန်းတက်လာပြီဆိုတာ အစရှိသဖြင့် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။

အဲဒီတိုင်းပြည်ပြန်လည်ထူထောင်တဲ့ လုပ်ငန်းမှာတစ်ဆင့်ထက် တစ်ဆင့်တက်လာကာ လွတ်လပ်ရေး လုပ်ငန်းနဲ့ ပတ်သိက်ပြီး တစ်ဆင့်တက်လာတာကို ရက်များမကြာခင် ခင်ဗျားတို့မြင်ရပါလိမ့်မယ်။ အဲဒါ တွေကို မြင်ရရုံတင်မကဘူး၊ ကျွန်တော်တို့ ဒီအစိုးရနဲ့ အရင်တုန်းကရှိတဲ့ အစိုးရတွေ အကုန်လုံးယှဉ်ပြီး ကြည့်လိုက်မယ်ဆိုရင် ကျုပ်ပြောရဲတယ်။ အရင်တုန်းက ကျုပ်အတိအလင်းပြောတယ်။ လာဘ်စားတဲ့ တူတွေရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလိုလူတွေက အခုနေအခါမှာ တိုင်းပြည်ကို မိမိတို့ပါတီ ပြန်ပြီး အာဏာရအောင် ခြေထိုးကြတယ်။ ခြေထိုးကြတဲ့ကိစ္စမှာ အယောင်ယောင်အမှားမှားဖြစ်ကြတဲ့ လူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ရန်သူ နံပါတ် ၁ တွေ ဖြစ်တယ်။ အဲဒီရန်သူနံပါတ် ၁ တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ်ဆိုလို့ရှိရင် ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ပဲ ကြိုးကွင်းတပ်ကြပေတော့။

ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့ အစိုးရဖြစ်လာတာမဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့အစိုးရဖြစ်နေတာပဲ။ တိုင်းပြည်လူထု ယုံကြည်မှုမရှိဘူး.. မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး။ ထွက်မှာပါဘိ။ သို့သော်လည်း တစ်နှစ်လောက် ကျုပ်တို့ကိုစောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇဝင်ထဲ အရေးခံရမဲ့လူတွေ လား၊ ရာဇဝင်မှာ အဆဲခံရမယ့် လူစားတွေလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိပါလိမ့်မယ်။

လွတ်လပ်ရေးအဓိပ္ပာယ် သိကြဖွယ်

ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင်မြေက မပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ရှင်းပြခဲ့ချင်တယ်။ ခင်ဗျားတို့ ဘယ့်နှယ်စိတ်ကူးကြသလဲ။ ပဒေသာ ပင် နေ့ချင်းညချင်း ပေါက်တော့မလို ခင်ဗျားတို့ ထင်ကြလိမ့်မယ်။ တချို့ကလည်း ဂျပန်ခေတ်တုန်းက လွတ်လပ်ရေးရပြီဆိုပြီး ဘာလုပ်ကြသလဲဆိုရင် ဟင်္သာတနယ်ဘက်မှာတွေ့ခဲ့တယ်။ လွတ်လပ်ရေးရ တယ်ဆိုပြီး လူတကာသွားတဲ့လမ်းပေါ်မှာ ဆေးလှန်းတယ်။ အဲဒါ လွတ်လပ်ရေးမဟုတ်ဘူး။ အဲဒီဟာ က လမ်းသွား လမ်းလာလုပ်တဲ့ လူတွေကို နှောင့်ယှက်ရာရောက်တယ်။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ် က ကိုယ် တစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ လူတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေ၊ တခြားလူတွေရဲ့အကျိုး ကို မထိခိုက်ဘဲ နဲ့ လွတ်လွတ်လပ်လပ် ကိုယ့်အကျိုးအတွက်လုပ်နိုင်တာ လွတ်လပ်ရေးပဲ။

ကိုယ့်စီးပွားရေးလုပ်နေတဲ့နေရာမှာ တခြားလူတွေရဲ့အနှောင့်အယှက်မရှိစေရဘူး။ တခြားလူတွေရဲ့ အကျိုး ကို လည်း မထိခိုက်ဘူး။ တိုင်းပြည်ကိုလည်း မထိခိုက်ဘူးဆိုရင် လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့ အခြေအ နေမျိုး ရှိရမယ်။ အဲဒီတော့ တခြားလူတွေကို နှောင့်ယှက်တဲ့လွတ်လပ်ရေးဟာ လွတ်လပ်ရေးမဟုတ် ဘူး။ အဲဒါကို (License) ရမ်းကားမှုလို့ခေါ်တယ်။ အဲဒီတော့ လွတ်လပ်ရေးဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးဖြစ်တယ်။ လွတ်လပ်ရေးရတဲ့အခါ တိုင်းပြည်မှာ ပိုပြီး စည်းကမ်း ရှိဖို့လိုတယ်။ စည်းနဲ့ကမ်းနဲ့လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။ လွတ်လပ်ရေး ကြောင့် အခွင့်အရေးရလာတဲ့အခါ အခွင့်အရေးတွေ ပိုရတာတွေလည်း ပိုလာလိမ့်မည်။

ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်းက ဒီတိုင်းပြည်ကို ကာကွယ်ဖို့ အင်္ဂလိပ်အစိုးရရဲ့ တာဝန် ဖြစ်တယ်။ ဗမာ ပြည် လွတ်လပ်ရေးရတဲ့အခါမှာ ဗမာပြည်ကိုကာကွယ်ရမဲ့ တာဝန်ဟာ ကျွန်တော်တို့ တာဝန်ဖြစ်လာ မယ်။ အရင်တုန်းကလို အေးအေးဆေးဆေးနေလို့ မဖြစ်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်အစိုးရလုပ် တဲ့ လူတွေက တိုင်းပြည်ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းတယ် ဆိုရင် ဗမာတိုင်း၊ ဗမာတိုင်းအရွယ်ရောက်တဲ့ လူတွေမှန်သမျှ ကျန်းမာတဲံ လူမှန်ရင် စစ်ထဲမဝင်မနေရ။ စစ်မှုမထမ်းမနေရ ဆိုပြီး စံနစ်နဲ့ဖြစ်လာလိမ့်မယ်။ နှစ်နှစ်တန်သည်ဖြစ်စေ သုံးနှစ်တန်သည်ဖြစ်စေ စစ်ထဲမှာဝင်ရမယ်။ တိုက်ချင်မတိုင်ချင် ဝင်တိုက်ရမှာဘဲ။ အဲဒီဟာ လွတ်လပ်ရေးရတဲ့အခါမှာ  ဖြစ်မဲ့ တာဝန်မျိုး ပါပဲ။ အဲဒီလို ပဲ ဒီတိုင်းပြည် လွတ်လပ်တဲ့အခါမျိုးမှာ ယိုးဒယားပြည်လို ဖြစ်ချင်သလား။ တူရကီပြည် လိုဖြစ်ချင်သ လား။ အမေရိကန်ပြည်လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား။ ဆိုဗီယက်ပြည် လို ဖြစ်ချင် သလား။ အဲဒီလိုဖြစ်ချင်တာတွေဟာ တိုင်းပြည်မှာ အလုပ်မလုပ်ဘဲ မဖြစ်ဘူး။

ကြိုးကြိုးကုတ်ကုတ် လိပ်တွေလုပ်

အဲဒီတော့ကာ ဘိလပ်မှာစစ်ကြီးပြီးတဲ့အခါမှာ အင်မတန်မွဲနေတယ်။ မွဲနေတယ်ဆိုရင် အရင်တုန်းက သူ့တိုင်းပြည်က ထွက်တဲ့ကုန်က သူ့တိုင်းပြည်ကို ဝင်တဲ့ကုန်ထက် အဆပေါင်းများစွာပိုပြီးများနေတယ်။ အဲဒီလို များနေတဲ့အတွက် သူ့တိုင်းပြည်က လူတွေကို အတော်ကြီးချောင်ချောင်လည်လည် ဖြစ်အောင် ထား နိုင်တယ်။ ဒီစစ်ကြီးပြီးတဲ့နောက် အင်္ဂလိပ်အစိုးရအဖို့မှာဆိုရင် နိုင်ငံခြားမှာရှိနေတဲ့ သူတို့ကိုယ်တိုင် ငွေပင် ငွေရင်း စိုက်ထားတဲ့လုပ်ငန်းတွေကို အမေရိကန်ကိုရောင်းပစ်ရတယ်။ အကြွေးဆိုရင်လည်း ရွှေ ဒင်္ဂါး သန်းပေါင်း ထောင့်ငါးရာလောက်တင်နေတယ်။ အဲဒါတွေအပြင် နောက်ပြီးတော့ သူတို့တိုင်းပြည် မှာ ရှိနေတဲ့ ပစ္စည်းတွေကလည်း အတော်ပဲ ကုန်သွားတယ်။

ကုန်ရုံတင်မကဘူး။ နိုင်ငံခြားနဲ့ ကုန်ကူးတဲ့ နေရာမှာ ထွက်ကုန်က ဝင်ကုန်ထက် အများကြီး နည်းနေတယ်။
ဒီတော့ စစ်ပြီးတဲ့အခါမှာ ရှေးနဂိုအခြေအနေကို အမြန်ဆုံးပြန်ရအောင်ဆိုပြီးတော့ (တစ်နှစ်တည်းနဲ့ရဖို့၊ နှစ်နှစ်တည်း နဲ့ရဖို့မဟုတ်ဘူး။ လေးနှစ် ငါးနှစ် ခြောက်နှစ် ခုနစ်နှစ် ရှစ်နှစ် ကိုးနှစ် အဲဒီလိုလုပ်ယူရမယ်) အဲဒီလိုလုပ်တဲ့ကိစ္စမှာ "ရှင်နည်းရာ အဂ္ဂလူထွက်"ဆိုသလို ဖြစ်နေတယ်။ အင်မတန်ပဲ ရာသီဥတုက ဆိုး ဝါးပြီးတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ်ပျက်စီးတယ်။ သူတို့ရဲ့စီးပွားရေး အခြေအနေ ကို ထိခိုက် နေတော့ကာ နဂိုအခြေအနေကို အမြန်ဆုံးပြန်ရအောင်ဆိုပြီး သူတို့ဘာကြိုးစားနေသလဲ။ အင်္ဂလိပ် တွေ မဝယ်နိုင်ဘူး၊ မဝယ်ရဘူး၊ ဥပမာ အဝတ်အထည်တွေဆိုရင် အင်္ဂလိပ်ပြည်ကလုပ်တယ်။ အင်္ဂလိပ် တွေက လုပ်ပေမယ့် အင်္ဂလိပ်တွေကို တစ်ကိုယ်ကို နှစ်ထည်သုံးထည်ထက်ပိုပြီး မဝတ်ရဘူး။ လိုသလောက် ထက် ပိုပြီးမဝယ်ရဘူး။ (ကူပွန်)ဆိုတာတွေ ပေးတယ်။ အဲဒီလိုပေးပြီးတော့ ရောင်းတယ်။ အဲဒီ(ကူပွန်)ရှိမှ ဝယ်နိုင်တယ်။ အဲဒီလိုရောင်းချတယ်။ အဝယ်ခိုင်းတယ်။

နိုင်ငံခြား ကို ပိုတာတွေမှန်သမျှကို ပို့ပြီးရောင်းတယ်။ နိုင်ငံခြားက ဘိလပ်ကိုသွင်းတဲ့ပစ္စည်းတွေကျ တော့ လည်း အရင်ကလို အရမ်းမဲ့မသွင်းခိုင်းဘဲ လျှော့လျှော့ပေါ့ပေါ့သွင်းပြီးတဲ့နောက် နိုင်ငံခြားကသွင်း တဲ့ ပစ္စည်း တွေကို ချွေချွေတာတာနဲ့ အရင်ကထက် အများကြီးလျှော့ပြီး အသွင်းခိုင်းတယ်။ လျှော့ပြီး သုံးခိုင်း တယ်။ သူတို့ဆီမှာ အရင်တုန်းက စားရတဲ့ပေါင်မုန့်ဟာ အခုအခါမှာဆိုရင် အင်မတန်ကို လျှော့ ပြီး စားရတယ်။ အခုနေအခါမှာ ဒီလိုလုပ်မှနောက် လေးငါးခြောက်နှစ် ခုနစ်နှစ်ရှစ်နှစ်ရှိတဲ့အခါ အင်္ဂလိပ် ပြည် ဟာ နဂိုအခြေအနေကို ပြန်ရောက်ဖို့အကြောင်းရှိတယ်။ အဲဒီတော့ကာ အဲဒီလို ကျကျနနမလုပ်ဘဲ ဆိုရင် မရ နိုင်ဘူး။ တိုင်းပြည်ထူထောင်ဖို့ဆိုတာ လွတ်လပ်တဲ့တိုင်းပြည်ဖြစ်ငြားသော်လည်း အလုပ်လုပ် ရတယ် ဆိုတာ ခင်ဗျားတို့သိစေချင်တယ်။

ချွေချွေတာတာ ရုရှားမှာ

ဆိုဗီယက်ယူနီယံဆိုတဲ့ တိုင်းပြည်ဟာ တော်လှန်ရေးလုပ်ပြီးတုန်းက စစ်အတောအတွင်းမှာလုပ်တဲ့ ကွန်မြူနစ် စံနစ်ဆိုပြီး လုပ်တယ်။ စစ်ကြီးပြီ်းတဲ့နောက် (New Economic Policy) ဆိုတဲ့ သဘောနဲ့ စီးပွားရေး စံနစ်နဲ့ လုပ်ရတယ်။ နောက်ငါးနှစ်စီမံကိန်းတွေ ဆိုဗီယက်ယူနီယံမှာ လုပ်တယ်။ ငါးနှစ်စီမံ ကိန်းတွေ လုပ်တဲ့အခါမှာ ပထမစီမံကိန်းလုပ်တုန်းက တစ်နိုင်ငံလုံးရဲ့ အခြေအနေအားလုံးကို ခြုံပြီး၊ ရှေ့ ရှု့ပြီး လုပ်တော့ တစ်တိုင်းတစ်ပြည်လုံးကောင်းဖို့ ရှေ့ရှု့ပြီးလုပ်ရတဲ့အတွက် လူတွေစားချင်တိုင်း မစားရ ဘူး။ ဝတ်ချင်တိုင်း မဝတ်ရဘူး၊ နေချင်တိုင်း မနေရဘူး။ အဲဒီလိုဖြစ်နေရတယ် အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည် ကို ပြန်လည်ထူထောင်ကြမယ်ဆိုရင် (National Planing)ခေါ်တဲ့ အဲဒီလို စီမံကိန်းမျိုးနဲ့မလုပ် ဘဲ ကျွန်တော်တို့တိုင်းပြည် ဘယ်တော့မှမကြီးပွားနိုင်ဘူး။ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သိစေ ချင် တယ်။

အဲဒီတော့ ပဒေသာပင် မြေကပေါက်မလာနိုင်ဘူး။ ကျွန်တော်တို့ အလုပ်လုပ်မှ ပေါက်မယ်ဆိုတာ ခင်ဗျား တို့ နားလည်စေချင်တယ်။ လွတ်လပ်ရေးရပင် ရငြားသော်လည်း တိုင်းသူပြည်သားလူအများအ ပေါ် ကျရောက် လာမဲ့ တာဝန်တွေ ကျွန်တော်တို့မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရမဲ့ လွတ်လပ်ရေး ဟာ ဒီနေ့ ရပြီး နက်ဖြန်ခါ အခြားလက်ပြန်ပါသွားမယ်ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီလို လွတ် လပ်ရေးရတဲ့ အခါမှာ စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ်နှစ်ဆယ်လောက်ကြာမယ်။

ယိုးဒယားကိုရှု ပမာပြု

အဲဒီလို မလုပ်နိုင်လို့ရှိရင် ယိုးဒယားပြည်ရဲ့အဆင့်အတန်းတောင်မှ မီမှာမဟုတ်ဘူး။ ယိုးဒယားပြည် ဟာ လွတ်လပ်တဲ့ နိုင်ငံထဲမှာတော့ ညံ့ညံ့ပဲ။ သို့သော်လည်းပဲ ယိုးဒယားပြည်ဟာ ကျွန်တော်တို့ ဗမာ ပြည်နဲ့ စာရင် သာတာပဲ။ စစ်တပ်တွေ ကောင်းကောင်းရှိတယ်။ ရေတပ်တွေရှိတယ်။ လေတပ်တွေရှိ တယ်။ အဲဒီလို ဟာတွေ ယိုးဒယားပြည်က ရှိတယ်။ ကျွန်တော်တို့မှာတော့ အဲဒီလိုဟာတွေ မရှိသေးဘူး။ ကျွန်တော်တို့မှာ သုညက စပြီး အကုန်လုံးပြန်ပြီး အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဖြစ်တော့ ကျွန်တော်တို့ က တခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းရင် ကျုပ်တို့က ကျုပ်တို့က လေးငါးဆယ်လှမ်းလှမ်းမှ နောင် ဆယ်နှစ် ဆယ့်ငါးနှစ်လောက်ကြာလို့ရှိရင် တန်းတူညီတူဖြစ်နိုင်မယ်။ တန်းတူညီတူ မဖြစ်သမျှ ကာလ ပတ်လုံး တိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမဲ့လို့ ဟိုလူမြင်လည်း မျက်နှာချိုသွေးရ ဒီလူမြင်လည်း မျက်နှာချို သွေးရတဲ့ နိုင်ငံမျိုးဖြစ်မယ့်ဆိုတာ ခင်ဗျားတို့ကို အတိအလင်းပြောလိုက်မယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း ညီညွှတ်ရေး လူထုညီညွှတ်ရေးရှိဖို့ အရေးကြီးတယ်။ စားဖား တွေ ညီညွတ်ရေး ကို မလိုချင်ဘူး။

အောင်သည်အထိ ကြိုးစားဘိ

အခုဖြစ်နေတဲ့အခြေအနေအရ လွတ်လပ်ရေးကိစ္စကို ခန့်မှန်းပြောရမယ်ဆိုရင် လွတ်လပ်ရေးဟာ ရဖို့ အခြေအနေတော့ တော်တော်ပဲများတယ်ဆိုတာ ပြောချင်ပါတယ်။ ပြောပေမဲ့ ကျွန်တော်တို့ဗမာစကား လည်း ရှိတယ်။ အင်္ဂလိပ်စကားကတော့ Don't hollow till you out of the wood သစ်တောမြက်မည်း အတွင်းက မထွက်မိခင် ငါတော့ဘေးလွတ်ပြီလို့ မအော်ပါနဲ့။ ခြင်္သေ့မင်း ဥပမာလိုပြောရမယ်ဆိုရင် ခြင်္သေ့ များဟာ သားကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာငယ်တာ ပဓာနမထားပဲ ကြီးကြီးငယ်ငယ် လုံ့ လစိုက်တဲ့ နေရာမှာ အဲဒီအတိုင်းပဲ လုံ့လစိုက်သွားတယ်။ ကျွန်တော်တို့ဟာ အဲဒီထုံးစံအတိုင်း ကျွန် တော်တို့ဟာ ပန်းတိုင် ရောက်သည်အထိ အဲဒီထုံးစံအတိုင်း ကျွန်တော်တို့ဟာ ပန်းတိုင်ရောက်သည်အ ထိ ကျွန်တော်တို့ အောင်မြင်မယ် ထင်သည့် တိုင်အောင် ကြိုးစားမှုအားထုတ်မှု လုံ့လဝီရိယကို လျှော့လို့ မဖြစ်ဘူး။

မလျှော့တမ်းအဟုတ် ဇွဲနှင့်လုပ်

ကျွန်တော်တို့ ဗမာတွေမှာ ချို့ယွင်းတာတစ်ခုရှိတယ်။ ဘာလဲဆိုရင် ဒါကလည်းပဲ ကျွန်တော်တို့ ကျွန် ဖြစ်ခဲ့ရတဲ့ အတွက် ဖြစ်ချင်မှဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက် ကိုသွားတဲ့ အခါမှာ လှေပြိုင်ပွဲတစ်ခုကြည့်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ပန်းတိုင်ကို မရောက်သေး ဘူး။ ရှေ့ကို နည်းနည်းနိုင်လာပြီဆိုရင် နိုင်နေတဲ့လှေက တက်ကိုထောင်တယ်။ ရှုံးတဲ့လှေကလည်း ပန်းတိုင် မရောက်သေးဘူး။ ကြိုးစားမယ်ဆိုရင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး ရှုံးမှာပါပဲ ကွာ ဆိုပြီးတော့ ခြေပစ်လက်ပစ်နဲ့ တက်မခပ်ချင်တော့ဘူး။ အဲဒါဟာ  တိုင်းပြည်ထူထောင်တဲ့နေရာမှာ အဲဒါက လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့စိတ်ဓါတ်မျိုးမဟုတ်ဘူး။ ဒါက ကျွန်ဖြစ်မဲ့စိတ်ဓါတ်မျိုးပဲ။ ဒီ စိတ်ဓါတ်မျိုး ရှိနေသမျှ ကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာပဲ။ အဲဒီလှေပြိုင်ပွဲတုန်းက လှေ တစ်လှေဟာ တက်ထောင် မိတာနဲ့ ပွဲတစ်ပွဲမှာ ရှုံးသွားတယ်။

ဘောလုံးပွဲကန်တဲ့အခါမှာလည်း ကိုယ်ကစပြီးဂိုးသွင်းရရင် အတော်ပဲ အားတက်လာတယ်။ နောက်တစ် ခါ တော်တော်လေး ဂိုးများလာတယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာတယ်။ တစ်ဖက်ကလည်း နောက်ဆုံးအပြီးသတ်ကျတော့မှ ကပ်ပြီး ဂိုးသွင်းသွားလို့ ရှုံးတာတွေ၊ သရေဖြစ်တာတွေကို ဘောလုံးပွဲ ရာဇဝင် မှာ ပြန်စဉ်းစားကြည့်ရင် တွေ့မှာပဲ။ ဒါတင်မကသေးဘူး။ သူတို့လူတွေက ပထမနာရီဝက်မှာ ၁၀ မိနစ်လောက်ကြာတော့ တော်တော်လေးကန်မိလို့ ဂိုးပြန်မသွင်းနိုင်သေးဘူးဆိုရင် လူကိုပြန်ချတာပဲ ကျွန်တော်တို့ဗမာပြည်မှာ အဲဒါ (sporting spirit)မရှိဘူး။ ဒါဘာလဲဆိုရင် ကျွန်တော်လည်း ဗမာတွေရဲ့ စိတ်ဓါတ် ထက်မြက်တယ်ဆိုတာ တစ်လွဲမှာ ဆံပင်ကောင်းနေတာပဲ။ တကယ့်နေရာမှာ အသုံးမကျဘူး။ ဗမာဗမာချင်း ချဖို့လိုချင်တယ်။ ပြန်လည်ထူထောင်ရေး လုပ်တဲ့နေရာမှာ အသုံးမချချင်ဘူး။ ဗမာအချင်း ချင်း ချဖို့ လုပ်ချင်တယ်။ ဒါတွေ လုပ်ချင်ရင် ဘယ်တော့မှ အကျိုးခံစားခွင့်ရှိမှာ မဟုတ်ဘူး။ လွတ်လပ် ရေးလည်း ကျကျနနလုပ်လို့မဖြစ်ဘူး။ အဲဒီလို စိတ်ဓါတ်မျိုးကို လုံးဝဖျောက်ဖျက်ပစ်ဖို့လိုတယ်။ ကျွန် တော်က ဘာလုပ်လုပ် နောက်ဆုံးတစ်နေ့ပြီးတဲ့အထိ ရှုံးမယ်ထင်သည်ဖြစ်စေ၊ နိုင်မယ်ထင်သည်ဖြစ်စေ မလျှော့တန်း ဇွဲနဲ့ လုပ်သွားမယ်။

ချီးမွမ်းဖွယ်ရာ နမူနာ

အင်္ဂလိပ်တွေက ကျွန်တော်တို့ကို အုပ်ချုပ်နေလို့ ကျွန်တော်တို့က မုန်းပေမဲ့လို့ အင်္ဂလိပ်တွေမှာ ချီးမွမ်း ပြီး နမူနာ တွေ ယူစရာအများကြီးရှိတယ်။ ပြီးခဲ့တဲ့စစ်ကြီးမှာ သူတို့အကျဉ်းအကျပ် ဘယ်လောက် ရောက်ခဲ့ သလဲ။ အဲဒီအကျဉ်းအကျပ်ထဲက သူတို့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အံကြိတ်ပြီး ခါးတောင်း ကျိုက်ပြီး ကြိုးစားခဲ့တယ်ဆိုတာ သူတို့ကိုကြည့်ပါ။ အခုလည်း သူတို့တိုင်းပြည်မှာ ကြပ်ကြပ် တည်းတည်းနေရတာကို လူတွေက မညည်းဘူးလားဆိုတော့ ပုထုဇဉ်သဘာဝ ညည်းတာပဲ။ ညည်းပင် ညည်း သော်လည်း စည်းနဲ့ကမ်းနဲ့ညည်းကြတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ စည်းကမ်းကို မရှိသ လောက် ဖြစ်နေတယ်။ ဒီမှာတော့ နိုင်ငံရေးလုပ်တဲ့နေရာတွေမှာ ယခုနေအခါမှာ နယ်ချဲ့သမားသဘော ကျမဲ့ အလုပ်မျိုး တွေ လုပ်နေတယ်။ အခုကျွန်တော် တိတိလင်းလင်း ပြောထားပါမယ်။

အင်အားငယ်လျှင် ငယ်မည်ပင်

ဗမာပြည်မှာ လူထုညီညွတ်ရေး တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးတွေဟာ မပြိုကွဲဘဲ ဘယ်သူမှ ဖောက်ထွင်းလို့မရလို့ရှိရင်၊ နောက်ပြီးတော့ လက်ဝဲသမားခေါ်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ် သထက် ညီညွတ်လာလို့ရှိရင် အဲဒါ အင်အားကြီးသလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ပိုကောင်း မယ်။ အင်အားငယ်ရင် ငယ်သလောက် ခင်ဗျားတို့လွတ်လပ်ရေးဟာ အခွင့်အရေးနည်းလာမယ်။ နောက်တစ်ခါ အဲဒီလိုနေရာမှာ နိုင်ငံရေးသမားတွေတချို့ ခြေထိုးတာတွေကို ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြရင်တော့ ခင်ဗျားတို့လွတ်လပ်ရေးရမှာ မဟုတ်ဘူး။ အိန္ဒိယပြည်မှာလို အခြေအနေမျိုး ရောက်လာမယ်။ အဲဒါ ခင်ဗျားတို့ သတိထားဖို့ ကောင်းပါတယ်။

ဗုံးဗောလအော မနှမြော

ဒီဟာတွေကို သတိထားပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ အနည်းငယ် ပြောပြချင် တယ်။ ဒီတိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဖြစ်နေတဲ့ အခြေအနေမှာ အင်မ တန်ပဲဆိုးနေတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ဒီကမ္ဘာစစ်ကြီးပြီးတဲ့နောက် ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေ ထဲမှာ ကျွန်တော်တို့တိုင်းပြည်လို "မိအေးနှစ်ခါနာ"ရှိတဲ့ တိုင်းပြည်မျိုးမရှိသေးဘူး။ ဂျပန်ဝင်လာတော့ လည်း စစ်မြေပြင်ဖြစ်တယ်။ အင်္ဂလိပ်ပြန်ဝင်လာတော့လည်း စစ်မြေပြင်ဖြစ်တယ်။ အဲ့ဒီလို မိအေးနှစ်ခါ နာဖြစ် တဲ့ ဗမာပြည်ဟာ အင်မတန်ပဲ စီးပွားရေးမှာ ပျက်စီးတယ်။

သူတို့ပြည်မှာ သွားကြည့်ပါ

အင်္ဂလိပ်ပြည်မှာလည်း စီးပွားရေးပျက်စီးတော့ အင်္ဂလိပ်လူမျိုးတွေက စီမံကိန်းတွေ ဘာတွေလုပ်တယ်။ သိပ်ပြီးတော့ ကျကျနနမရှိဘူး။ သို့သော်လည်း... ကျွန်တော်တို့တိုင်းပြည်နဲ့စာရင်တော့ စံနစ်က ပို ကောင်းတယ်။ ကြိုးကြိုးစားစားနဲ့ လေးငါးဆယ်နှစ်လောက်ကျရင် တကယ်ချောင်လည်လာအောင် ဝိုင်း ဝန်းပြီး ကြိုးစားနေကြတယ်။
ဆိုဗီယက်ယူနီယံမှာဆိုရင် စစ်ကြီးပြီးချင်း ငါးနှစ်စီမံကိန်းဆိုပြီး ခြိုးခြံဖို့လုပ်နေကြတယ်။ ဆိုဗီယက်ယူနီ ယံမှာ ရှေးကလို စားလိုက် သောက်လိုက် ချောင်ချောင်လည်လည် စားရသောက်ရ မရှိတော့ဘူး။ ပြန် ပြီး ချွေတာနေကြပြီ။ ဒါက နိုင်ငံခြားထွက်ကြည့်မှသိတယ်။

စစ်ဖြစ်နေတုန်းက ကျွန်တော် ဂျပန်ပြည် ရောက်ဖူးတယ်။ ဂျပန်ပြည်က လူတွေ ဗမာပြည်က လူတွေ လောက် အဝတ်အထည်ကို ပေါပေါများများ မဝတ်ရဘူး။ မစားရဘူး။ နေတဲ့နေရာမှာတော့ သပ်သပ် ရပ်ရပ် နေရတယ်။ ကျွန်တော်တို့ ဗမာပြည်က တော့ ဒီလိုမဟုတ်ဘူး။ ဘုံးဘောလအော စားသောက် နေထိုင်ကြတာပဲ။
အိန္ဒိယပြည်ကို သွားကြည့်ပါ။ ဟိုတယ်တွေကိုသွားရင် ၂၄ယောက်ထက်ပိုပြီး ကျွေးချင်လို့မကျွေးရဘူး။ ပေါင်မုန့် မရဘူး။ အာလူးတစ်ခု ပဲ ရတယ်။ နောက်ပြီး ဟင်းတစ်မယ်ထက် ပိုမရဘူး။ ကျွန်တော်တို့ဆီမှာ ဆန်းကဖီး ကို သွားလို့ရှိရင် ဟင်းတစ်မယ်တင်မကဘူး။ နှစ်မယ်၊ သုံးမယ်၊ လေးမယ် အကန့်အသတ်မရှိ စားချင်တိုင်း စားနိုင်တယ်။ အင်္ဂလန်ပြည်မှာ ဟိုမှာထမင်းမရဘူး။ ဆန်မရဘူး။ ပေါင်မုန့်ဆိုရင် အရင်က ထက် လျှော့ပေးတယ်။ အဲဒီလို ခြိုးခြံပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လုပ်နေကြတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကျပ်တယ်ကျပ်တယ်နဲ့ ပြောနေကြတယ်။ လူတွေက ဗုံးဗောလအော သုံးစွဲ နေကြ တုန်းပဲ။

ကျွန်တော်တို့ ဗမာပြည်မှာ ဆီမရှိလို့ မစားနိုင်ဘူးလို့ပြောကြတယ်။ ဆီမရှိလို့ မစားနိုင်တာမှန်ပါတယ်။ သို့သော်လည်းပဲ ဒီဆီကို ဘာအတွက်သုံးနေကြသလဲ။ ဗုံးဗောလအောသုံးသလား မသုံးဘူးလားဆိုတာ သွားကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့စိတ်ထဲမှာတော့ ဘာမှအရေးမကြီးလို့ထင်တယ်။ ခင်ဗျားတို့ ဆီတွေ ဗုံးဗောလအောသုံးတဲ့အတွက်ကြောင့် ကုလားပြည်က နှစ်စဉ်နှစ်စဉ် ဆီတွေ အမြောက်အမြား သွင်းနေ ရတယ်။ အဲဒါ ဈေးကြီးတဲ့အထဲမှာ အကြောင်းတစ်ရပ်ပဲ။

ပြီးတော့ ငရုတ် ကြက်သွန်ကိုကြည့်ပါ။ ဗမာပြည်မှာ ကိုယ့်ဘာသာကိုယ်စိုက်လို့မရဘူးလား။ ကျွန်တော် ဆိုရင် ကျွန်တော့အိမ်မှ စိုက်ထားတယ်။ အိမ်ရာကွက်လပ်ရှိတဲ့ နေရာမှာရှိတဲ့ လူတွေကစိုက်ကြပါလား။ ဒီလိုတော့ မစိုက်ကြဘူး။ ဈေးမှာ ဝယ်စားတော့ အဲဒီငရုတ်ကြက်သွန်တွေ ဘယ်ကလာသလဲ။ အိန္ဒိယ ပြည်က လာတယ်။ အိန္ဒိယပြည်ကလာတော့ အိန္ဒိယပြည်ကို ခင်ဗျားတို့ ပိုက်ဆံပေးနေရတယ်။ ဒီတိုင်း ပြည်မှာ ရနိုင်တဲ့ ပစ္စည်းကို တခြားနိုင်ငံက ဝယ်ရတဲ့အတွက် ဈေးတွေကြီးတယ်ဆိုတာဟာ အခုလို အ ကြောင်း မျိုးတွေကြောင့်ပဲ။

ဆက်ရန်
Read more →

Wednesday, August 21, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၇)

,


နောက်ဆုံးစကား မိန့်မြွက်ကြား

(ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်သည် မကွယ်လွန်မီ ရက်သတ္တပတ်ဖြစ်သော ၁၉၄၇ခု၊ ဇူလိုင်လ ၁၃ရက် နေ့တွင် ရန်ကုန်မြို့ မြိုကတော်ခန်းမဆောင် အပြင်ဘက်မှနေလျက် လူထု ပရိတ်သတ်ကြီးအား ဟောကြား သွားသော အောက်ပါမိန့်ခွန်းစကားသည်ကား "အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ" ဒေသနာဗမ္မ နှင့် အညီ "တိုင်းရင်းသားအပေါင်းတို့... မမေ့မလျေ့ကြကုန်လင့် အသိတရားနှင့် ပြည့်စုံကြကုန်" နောက်ဆုံးသတိပေးသွားသည့် မိန့်ခွန်းစကားပင်တည်း။)

ရည်ရွယ်ချက်အဓိက ရည်ညွန်းပြ
ယနေ့အစည်းအဝေးကတော့ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်တွေ ကိုယ့်နယ်ဆိုင်ရာ ပရိတ်သတ်ကို တိုင်းပြုပြည်ပြုလွှတ်တော် ဘာတွေလုပ်နေတယ်ဆိုတာကို အစီရင်ခံဖို့ အလုပ်ခိုင်းတာကဖြစ်လာတဲ့ အစည်းအဝေးပါပဲ။ တခြားနိင်ငံတွေမှာ လွှတ်တော်အမတ်တွေ ရယ်လို့ တိုင်းပြည်က တင်မြှောက် လိုက်တဲ့အခါ အဲဒီလွှတ်တော်အမတ်တွေက လွှတ်တော် အစည်းအဝေးမရှိတဲ့အခါ မျိုးမှာ မိမိတို့ အားလပ်ချိန်ရသမျှ အတောအတွင်းမှာ မိမိတို့ ရွေးကောက်တင်မြှောက်လိုက်တဲ့ နယ်ကိုပြန်သွားပြီးတော့ သူတို့ လွှတ်တော်မှာ ဘာဖြစ်နေတယ် ဘာလုပ်ခ့တယ်အစရှိသည်ဖြင့် အခြေအနေအရပ်ရပ်ကို ကိုယ့်နယ် ကို ပြန်ပြီး အစီရင်ခံတဲ့ ထုံးစံရှိပါတယ်။ အဲဒီထုံစံရှိတဲ့အတိုင်း ဗမာပြည်မှာလည်းပဲ ဒီထုံးစံ ဖြစ်စေချင်တဲ့ အတွက် ဖဆပလအဖွဲ့ချုပ်ရဲ့ တိုက်တွန်းချက်အရ တိုင်းပြုပ်ြညပြုလွှတ်တော်အမတ်တွေက ကိုယ့်နယ် ဆိုင်ရာ လူတွေကို ပြန်ပီါ် အစီရင်ံတဲ့ အဓိပ္ပာယ် မပါတော့ဘဲ နိုင်ငံရေးရှင်းတမ်း တရားပွဲတွေ လုပ်လာကြတယ်။အ ခုလည်းပဲ ဒီနေ့ကျင်းပတဲ့ နိုင်ငံရေးရှင်းတမ်းတရားပွဲကြီး ဖြစ်လာရတယ်။ ယနေ့ နိုင်ငံရေးရှင်းတမ်းဟာ ဖဆပလ အဖွဲ့ချုပ်ရဲ့ ဥက္ကဌအနေဖြင့်သာ မဟုတ်ဘဲနဲ့ ရန်ကုန်မြို့နယ် တစ်နယ်ကနေပြီး တင်မြှောက်လိုက်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အမတ်အဖြစ်နဲ့ထားပြီး ကျွန်တော် အခု စကားပြောလိုက်ပါတယ်။

တိုင်းပြုပြည်ပြုလွှတ်တော် ထင်ရှားပေါ်
ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာ ရှေးတုန်းက ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူတွေ အနည်းအကျဉ်း ကြားဖူးပေမဲ့ ဒီတစ်ခါမှပဲ တိုင်းပြည်ရဲ့ လူတွေက ရွေးကောက်တင်မြှောက်ရပြီးနောက် တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာဟာ ရှေးတုန်းက လုပ်နေကျ ဥပဒေပြုလွှတ်တော်ပဲလို့ ထင်နေကြတဲ့ လူတွေ အမြောက်အမြားရှိကြတယ်။ ပထမရှေးဦးစွာ  တိုင်းပြုပြည်ပြုလွှတ်တော်ဟာ ဘာလဲဆိုတာ သေသေချာချာ ကျကျနန ရှင်းလင်းပြောပြလိုပါတယ်။ အခုကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ဘာလဲဆိုတာ သေသေချာချာကျကျနန ရှင်းလင်းပြောပြလိုပါတယ်။ အခုကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ရယ်လို့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသလဲဆိုရင် အမတ်တွေစုံပြီး ဒီရန်ကုန်မြို့မှာ စုဝေးကြပြီးတဲ့ နောက် ဇွန်လ၁၀ရက်နေ့မှာ စတင်ကျင်းပတဲ့နေ့ကစပြီး တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာ ဖြစ်လာခဲ့ပါ တယ်။ အဲဒီအရင်တုန်းကေ၇ွးကောက်ပွဲပြီးပင်ပြီးငြားသော်လည်း တိုင်းပြုပြည်ပြု လွှတ်တော်ရယ် လို့ အဖွဲ့ကို မဖွဲ့စည်းနိုင်သေးပါဘူး။

သို့သော်လည်းပဲ ဒီတိုင်းပြုပြည်ပြုလွှတ်တော်ဟာကျွန်တော်တို့ ကမ္ဘာ့နိုင်ငံရေးရာဇ၀င်မှာ အင်မတန် ထူးဆန်းတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် တစ်မျိုးဖြစ်နေပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော် တွေဟာ တခြားနိုင်ငံတွေမှာလည်းပဲ အသီးသီးပေါ်ပေါက်ခဲ့ဖူးတယ်။ အဲဒီလိုပေါ်ပေက်ခဲ့တဲ့ အခါမှာလည်းပဲ အဲဒီတိုင်းပြည် တွေရဲ့ အခြေအနေအရ အမျိုးမျိုးပဲပေါ်ပေါက်ခဲ့တဲ့ ထုံးတမ်းသက်သေသာဓကတွေ ရှိပါတယ်။ အဲဒီတော့ သဘောတရားသက်သက်နဲ့ ကြည့်ပြိးပြောရမယ်ဆိုရင် တိုင်းပြုပြည်ပြု လွှတ်တော် ဘာအတွက် ပေါ်ပေါက်လာရသလဲဆိုရင် တိုင်းပြည်အသစ်တည်ဖို့ တိုင်းသစ်ပြည်သစ် နိုင်ငံသစ် တည်ထောင် ဖို့အတွက် ပေါ်ပေါက်လာ ရခြင်းဖြစ်သည်။ ကျွန်တော်တို့ ဗမာစာပေမှာ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာအစဆိုပြီးတော့ စတဲ့အခါတုန်းက မဟာသမ္မတမင်းမြှောက်ကြတယ်ဆိုပြီးတော့ လူတွေ၊ ကိုယ်စားလှယ်တွေ စုရုံးပြီးတော့ အဲဒိအစည်းအဝေးမျိုးဟာ ကမ္ဘာကြီးမှာ ပထမဆုံး တိုင်းပြုပြည်ပြုလွှတ်တော်ရယ်လို့ ဆိုရမှာဘဲ။ အဲဒီတော့ အဲဒီလိုပဲ နိုင်ငံအသစ်တည် ထောင်စရာ ရှိတဲ့အခါ မှာ တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာ ပေါ်လာစမြဲပဲ။

လွှတ်တော်ဆိုငြား အစားစား

နိုင်ငံအသစ်ဆိုတဲ့  သဘောကတော့ ကိုယ့်တိုင်းပြည်ကို တခြားနိုင်ငံကနေပြီးတော့ အုပ်စိုး လွှမ်းမိုးထားလို့ အဲ့ဒီလို အုပ်စိုး လွှမ်းမိုးခြင်းကို တွန်းလှန်ပယ်ချပြီးနောက် မိမိတို့တိုင်းပြည် မိမိတို့် အစိုးရ ကိုယ့်မင်း ကိုယ့်ချင်း တည်ထောင်ဖို့အတွက် တိုင်းပြုပြည်ပြုလွှတ်တော် လုပ်တာတစ်မျိုး။ နောက်တစ်မျိုးကတော့ ကျွန်တော်တို့ အားလုံး သတင်းစာတွေထဲမှာ ခဏခဏဖတ်နေရမှာပဲ။ ဆိုဗီယက်ယူနီယံခေါ်တဲ့ အဲဒီနိုင်ငံကြီး ဟာ လွန်ခဲ့တဲ့အနှစ် သုံးဆယ်လောက်က  တော်လှန်ရေးအကြီးအကျယ်ဖြစ်ခဲ့တယ်။ ဒီလို တော်လှန်ရေး ပြီးတဲ့ နောက်သူလည်း နိုင်ငံသစ်ဖြစ်လာတယ်လို့ ဆိုရမှာပဲ။ ခေတ်ဟောင်းခေတ်ဆွေးကို မှီခိုနေတဲ့ ဇာဘုရင်စံနစ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည်ဟောင်း၊ စံနစ်ဟောင်းကို တော်လှန် တွန်းဖယ် ပစ်ပြီးတဲ့နောက်  အသစ်ကျပ်ချွတ်ပြန် ပြီးတော့ တိုငက်းပြည်ကို စံနစ်တစ်မျိုးနဲ့တည်ထောင်တဲ့ အတွက် ကြောင့် အဲဒီနိုင်ငံသစ်က တစ်မျိုးဖြစ်တယ်။ ဒီနိုင်ငံသစ်ကတော့ အခြားလူမျိုးခြားအောက်မှာ ရောက်ပြီးမှ ဖြစ်လာတဲ့ နိုင်ငံသစ်မျိုးမဟုတ်ဘဲ ကိုယ့်လူမျိုးဖြစ်တဲ့ လူတန်းစားအချင်းချင်း ချု့ပ်ချယ်လွှမ်းမိုးမှုမှာ လွတ်မြောက် လာပြီးတဲ့နောက် နိုင်ငံသစ်တည်ထောင်ခြင်းဖြစ်တယ်။ အဲဒီတော့ နိုင်ငံသစ်ဆိုတာ အကြမ်း အားဖြင့် အဓိပ္ပာယ်နှစ်မျိုးဖြစ်တယ်။

ကျွန်တော်တို့ ဗမာပြည်ကို လက်အောက်ခံနိုင်ငံတွေအဖို့မှာ နိုင်ငံသစ်ဆိုတဲ့ သဘောဟာ လူမျိုးခြားများရဲ့ လက်အောက်က လွတ်မြောက်လာပြီးတဲ့နောက် ကိုယ့်ဟာကိုယ် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်အစိုးရနဲ့ ကိုယ့်မင်းကိုယ့်ချင်း တည်ထောင်တာကို ကျွန်တော်တို့ အဖို့မှာ နိုင်ငံသစ်လို့ဆိုရတယ်။ သို့သော် လွတ်လပ်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ ကိုယ်ယ့လူမျိုးအချင်းချင်း အုပ်စိုးတဲ့ တိုင်းပြည်တွေမှာတော့ ရှိနေတဲ့ အစိုးရစနစ်အဆောက်အဦ တစ်ခုလုံးကို ပြောင်းလဲဖျက်ဆီးပြီးတဲ့ နောက် အသစ်ကျပ်ချွတ်စံနစ်တစ်မျိုးနဲ့ တိုင်းသစ်နိုင်ငံသစ် တည်ထောင်ပုံကတစ်မျိုး၊ အဲလိုနှစ်မျိုးရှိတဲံအခါမှာ အဲဒီနှစ်မျိုးစလုံး ပေါ်ပေါက်တဲ့ အချိန်အခါမျိုးမှာ တိုင်းပြုပြည်ပြုလွှတ်တော်ဆိုတာ ထုံစံအားဖြင့် ပေါ်လာစမြဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ပေါ်လာ စမြဲဖြစ်သလဲဆိုရင် အဲဒီလိုတိုင်းပြည်သစ် နိုင်ငံသစ်ဖြစ်နေတော့ ပြန်ပြီး ဥပဒေ၊ စံနစ်တွေ အကုန် အသစ်ပြန်ပြီးတော့ ရေးဆွဲရမှာစြဖ်တော့ အခြေခံကစပြီး ပြုလုပ်ရမဲ့အတွက်ဖြစ်ပါတယ်။

ဥပမာအားဖြင့် ရှိနေတဲ့အိမ်ဟောင်းကို ပြင်ရန်အလုပ်မဟုတ်ဘဲ တစ်အိမ်လုံး ဖျက်ဆီးပြီးတဲ့နောက်  အဲဒီ ဖျက်ထားတဲ့ နေရာမှာ ထပ်ပြီး အိမ်သစ်ဆောက်တာနဲ့တူပါတယ်။ အဲဒီလို အိမ်အသစ်ဆောက်တဲ့အခါမှာ ဒီအိမ်သစ် ကို ဘယ်လိုစနစ် ဘယ်လိုစီမံကိန်းမျိုးနဲ့ တည်ဆောက်မယ်ဆိုပြီးော့ အင်ဂျင်နီယာ ဗိသုကာ အတတ်ဆရာ တွေက ပထမဦးစွာ အိမ်ပုံစံတွေ ရေးဆွဲပြီး ဒီပုံစံအရ ငွေဘယ်လောက် ကုန်ကျမယ်ဆိုတာ တွက်ချက်၊ သေသေချာချာ နေ့ကောင်းရက်မြတ်ရွေးပြီးမှ အိမ်သစ်ဆောက်သလိုပဲ။

အခု ကျွန်တော်တို့ နိုင်ငံအသစ်ကို ပြန်ပြီး တည်ထောင်ဖို့အတွက် တိုင်းပြုပြည်ပြုလွှတ်တော်က ပြန်ပြီး ဥပဒေသစ်စနစ်သစ် တွေ စီစသ်ရေးဆွဲရပါလိမ့်မယ်။ စီမံကိန်းချရပါလိမ့်မ်ယ။ အဲဒီလို တိုင်းပြည်သစ် နိုင်ငံသစ်ပုံစံဟာ ဘယ်လိုရှိသင့်တယ်ဆိုတာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရစမြဲပဲ...။ ဒါ့ကြောင့် တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ တာဝန်ဟာ နိုင်ငံသစ်ထူထောင်ဖို့ တာဝန်ဖြစ်တဲ့ အတိုင်း တိုင်းပြုပြည်ပြု လွှတ်တော်မျိုးဟာ သာမန်အားဖြင့် ပြောမယ်ဆိုရင် ဘယ်တိုင်းပြုပြည်ပြုလွှတ်တော်မဆို အချုပ်အာဏာ နဲ့ ပြည့်စုံတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မျိုးသာ ဖြစ်ရမယ်။ ဘာဖြစ်လို့လဲဆိုရင် ယခုအခါ နိုင်ငံသစ် တည်ထောင် ရမယ်...။ တည်ထောင်ရအောင် ဆိုလို့ရှိရင် အဲဒီ...နိုင်ငံသစ်ကို တည်ထောင်ဖို့အတွက် ပေါ်ပေါက် လာတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာနဲ့ ပြည့်စုံဖို့လိုပါတယ်။ အဲဒီလို အချုပ်အခြာ နဲ့မပြည့်စုံရင် ကိုယ်တည်ချင်တဲ့ နိုင်ငံမျိုးကို တည်လို့ရမှာမဟုတ်ပါဘူး။

ယခုကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ ကမ္ဘာ့နိုင်ငံရေး ရာဇ၀င်မှာအတော် ကလေး ထူးဆန်းတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားတိုင်းပြည်တွေမှာ ပေါ်ပေါက်လာခဲ့တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အခြေအနေနှင့် ကွာခြားနေတဲ့အချက်တွေ ရှိပါတယ်။ အဲဒီလို ကွာခြားမှုတွေကြောင့် ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာလည်း ထူးခြားနေတဲ့ အကြောင်းတွေ ရှိပါတယ်။

ပြင်သစ်ပြည်မှာပုံပမာ

ဥပမာ....၊ အခြားတိုင်းပြည်တွေမှာ ပြင်သစ်ပြည် မှာ ဟိုးရှေးအခါတိုန်းက တော်လှန်ရေးဖြစ်ပြီးတဲ့နောက် တိုင်းပြုပြည်ပြု လွှတ်တော်ပေါ်လာခဲ့ဖူးတယ်။ အဲဒီလိုပေါ်လာတဲ့အခါမှာ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ဟာ အာဏာရပြီးသားဖြစ်နေတယ်။ အခုတစ်ခါ ဒီစစ်ကြီးပြီးတဲ့နောက် ဒီပြီးခဲ့တဲ့ စစ်ကြီးအတောအတွင်းမှာ ပြင်သစ်တွေဟာ ဂျာန်မာန်တွေကို ပြန်ပြီး တွန်းလှန်မောင်းထုတ်ပြီးတဲ့နောက် တိုင်းပြည်မှာ ပြန်ပြီးတော့ ဂျင်နရယ်ဒီဂေါ အစရှိသဖြင့် ပြန်ပြီးရောက်လာတဲ့အခါ သူတို့တိုင်းသစ်ပြည်သစ် နိုင်ငံသစ် ထူထောင်ရတယ်။ အဲဒီလိုထူထောင်တဲ့အခါမှာ တည်ထောင်ဖို့ရာအတွက် တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာ ထပ်ပြီးတော့ လုပ်ရတယ်။ အဲဒီလိုလုပ်တဲ့ တိုင်းပြုပြည် ပြုလွှတ်တော်မျိုးဟာ အာဏာ ရပြီးသား တိုင်းပြုပြည်ပြု လွှတ်တော်ဖြစ်တယ်။ အာဏာရပြီါ်သား တိုင်းပြုပြည်ပြုလွှတ်တော်ဟာ မိမိတို့ တိုင်းပြုပြည်ပြုလွှတ်တော်ကနေ ဆုံးဖြတ်တဲ့ကိစ္စမှန်သမျှကို ချက်ချင်းအတည်ဖြစ်စေပြီးတော့ တစ်တိုင်းပြည်လုံး က အာဏာစက်တည်အောင် ချက်ချင်းလုပ်နိုင် တယ်။

အမေရိကန် ပမာစံ

အမေရိကန်မှာဆိုရင် ပထမရှေးဦးစွာ အင်္ဂလိပ်လက်အောက်မှာ သူတို့လူတစ်မျိုးတည်း အဖြစ် နေကြပြီးတဲ့နောက် အင်္ဂလိပ်မှာရှိတဲ့ အင်္ဂလိပ်အစိုးရကို မကျေနပ်လို့ သူတို့တော်လှန်ပြီးတော့ လွတ်လပ်ရေး တိုက်ပွဲတွေ စစ်ပွဲကြီးတွေဆင်နွှဲပြီးတဲ့ အခါကျတော့ တိုင်းပြုပြည်ပြုလွှတ်တော် ကျင်းပတဲ့ အခါတုန်းက သူတို့မှာ အာဏာရပြီးသား အခြေအနေမှာ တိုင်းပြုပြည်ပြုလွှတ်တော် ကျင်းပတယ်။ သို့သော်လည်း ကျွန်တော်တို့ တိုင်းပြည်ကတော့ အခုတိုင်းပြုပြည်ပြု လွှတ်တော်ကျင်းပနေတဲ့အခါမှာ ကျွန်တော် တို့ တိုင်းပြည်က အာဏာရပြီးသား အခြေအနေတော့မဟုတ်သေးပါဘူး။

အိုင်ယာလန်ကို ပမာဆို

ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ရဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုရင် တောင်ပိုင်း အိုင်ယာလန် မှာ လွန်ခဲ့တဲ့ အနှစ်၂၇နှစ်လောက်တုန်းက ဖြစ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ တူပါတယ်။ အဲဒီ အိင်ယာလန် မှာ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးက ဘယ်လိဖြစ်သလဲဆိုရင် ပထမအင်္ဂလိပ်အစိုးရကို ကမ္ဘာစစ်ကြီး အတောအတွင်းမှာ ဆူပူပုန်ကန်တော်လှန်တာတွေဖြစ်ပြီး နောက်ဆုံးကျတော့ စစ်ကြီးပြီးတဲ့ နောက် သူပုန်ကိစ္စတွေဟာ ရပ်စဲသွားတယ် အဲဒီရပ်စဲသွားပြီးတဲ့ နောက်မှာ တစ်ခါ အင်္ဂလိပ်အစိုးရနဲ့ အိုင်ယာလန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး စာချုပ်ချုပ်ကြတယ်။ အဲဒီစာချုပ်ချုပ်ပြီးတဲ့နောက် သူတို့ တိုင်းပြု ပြည်ပြု လွှတ်တော်ဆိုတာ သူတို့ လုပ်တယ်။ လုပ်တဲ့အခါမှာ အိုင်ယာလန်ပြည်ဟာ အာဏာ မရသေးဘူး။

ဟိုအိုင်ယာလန်တုန်းက ပေါ်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မျိုးကတော့ကာ အမှန်စင်စစ် ဒိုမီနီယံ အဆင့်အတန်း ဖြစ်တဲ့ အုပ်ချု့်ရေးမျိုးကိုသာ ရေးဆွဲဖို့ဆိုတဲ့ သဘောမျိုးလောက်ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အခုရထားတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကတော့ ကိုယ်ကြိုက်ရာ ဆုံးဖြတ်ပြီး လုပ်နိုင်တယ်ဆိုတာကို အင်္ဂလိပ်အစိုးရက သဘောတူပြီးသား ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ ဒီနေရာ မှာ ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ထက် တစ်ပန်းသာနေတာ တွေ့ရတယ်။ အဲဒီ တော့ကာ ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အဲဒီအခြေအနေမျိုါ်မှာ ပေါ်လာပြးတော့ ဒီလိုထူးခြား တဲ့ အချက်တွေရှိပါတယ်။

အိန္ဒိယတိုင်း ယှဉ်ကာနှိုင်း

ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်က အချုပ်အခြအာဏာမရသေးဘူး၊ မရသေးဘူးဆိုတာက ရအောင်လုပ်တဲ့နည်းအမျိုးမျိုးရှိတယ်။ ဒါတွေက ကျွန်တော်နောက် ပြောပြပါဦးမယ်။ ဥပဒေသဘောကို ပြောမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အချုပ်အခြာအာဏာ မရသေးဘူး။ အချုပ်အခြာအခွင့်ရဲ့ အဆင့်အတန်းသာရသေးတယ် (Status) အဆင့်အတန်းကသာလျှင် ကျွန်တော်တို့ အချုပ်အခြာအာဏာလွှတ်တော်ရဲ့ အဆင့်အတန်းကရတယ်။ ရတဲ့သဘောက ယခု တိုင်းပြုပြည်ပြု လွှတ်တော် လုပ်ကြတယ်ဆိုရင် ဒီတိင်းပြုပြည်ပြုလွှတ်တော်ကို ဘုရင်ခံလာပြီးတော့ ရိုးရိုး ဥပဒေပြုလွှတ်တော်လို စကားမပြောနိုင်ဘူး။ တိုင်းပြုပြည်ပြု လွှတ်တော်တွေလို စကားမပြောနိုင်ဘူး၊ တိုင်းပြုပြည်ပြု လွှတ်တော်မှာ သူလာပြီး နားထောင်ချင်တယ်ဆိုရင် ဧည့်သည်အဖြစ်နဲ့ နားထောင်နိုင်တယ်။ ဘုရင်ခံအဖြစ်နဲကလာပြီးတော့ ကျွန်တော်တို့ကို ဘာလုပ်ပါညာလုပ်ပါဆိုပြီး မပြောနိုင်ဘူး။  ရိုးရိုး ဥပဒေပြုလွှတ်တော်ဆိုရင် သူလာပြီး စကားပြောနိုင်တယ်။ အခုအချုပ်အခြာ အခွင့်နဲ့ အဆင့်အတန်းသဘောမျိုးရောက်တော့ကာ ဒီတိုင်းပြုပြည်ပြုလွှတ်တော်ဟာ သူ့ဟာသူ လုပ်တဲ့နေရာမှာတော့ လွတ်လွတ်လပ်လပ်ရှိတယ်။ အဲ့ဒီလို လွတ်လွတ်လပ်လပ်ရှိတဲ့အတွက် (Status) အဆင့်အတန်းမှာ အချုပ်အခြာသဘောမျိုးရှိတယ်။

အဲဒီလိုဖြစ်နေတော့ အိန္ဒိယပြည်က တိုင်းပြုပြည်ပြုလွှတ်တော်ဟာ လွန်ခဲ့တဲ့ အခြေအနေတုန်းက ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်နဲ့ မခြားနားဘဲ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးရှိတယ်။ အခုတော့ အိန္ဒိယပြည်မျာ ပေါ်ပေါက်မဲ့ တိုင်းပြုပြည်ပြုလွှတ်တော်တွေဟာ ကျွန်တော်တို့ထက် ပိုပြီး အဆင့်သာသွားတယ်။ ဘယ်လိုသာသွားမလဲဆိုရင် အချုပ်အခြာအာဏာ အဆင့်အတန်းမှာသာမကဘဲနဲ့ အာဏာပါရတဲ အခြေအနေမျိုးရောက်သွားတယ်။ အဲ့ဒီတော့ ကျုပ်တို့ထက်သာတဲ့ဘက်ကလည်း သာတယ်။ သို့သော်လည်း သူတို့ လျော့တဲဘ်ကလည်း ဘယ်လိုလျော့သလဲဆိုရင် သူတို့ကို အင်္ဂလိပ်အစိုးရက ဒိုမီနီယံပေးတဲ့အခါမှာ ဒိုမီနီယံအဖြစ်နဲ့ ဘယ်လောက်ကြာအောင် နေရမလဲဆိုရင်ဟိန္ဒူ၊ မူဆလင် စေ့စပ်တဲ့နေရာမှာ ကြာရင် ကြာသလောက် နေရမယ်။ အင်္ဂလိပ်အစိုးရက မပေးချင်လို့မဟုတ်ဘူး။ သူတို့အချင်းချင်း မတည့်လို့နေရတာဖြစ်တယ်။

တစ်နှစ်ကတိစောင့်ကာကြည့်

အဲဒီတေ့ကာ ကျွန်တော်တို့ လွတ်လပ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဖဆပလအဖွဲ့ချုပ်က ၁၉၄၆ ခု ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ ပထမ ဖဆပလ မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံ အဖွဲ့ချုပ်ကြီးက ဗမာနိုင်ငံဟာ လုံးဝလွတ်လပ်ရေးကို လိုချင်တယ်၊ ဘယ်လို ဒိုမီနီယံ (Dominion) ကိုမှ မလိုချင်ဘူးဆိုပြီး ကျွန်တော်တို့ရည်ရွယ်ချက်အဖြစ်နဲ့ အတိအလင်း ကြေငြာခဲ့တယ်။ အဲဒီောကငြာခဲတဲ့အတိုင်းပဲ ကျွန်တော် တို့ မေလအတွင်းမှာ ကျင်းပခဲ့တဲ့ ဖဆပလပဏာမညီလာခံမှာ ကျွန်တော်တို့ဟာ ဗမာပြည်ကြီးကို လုံးဝ လွတ်လပ်ပြီး အချုပ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံအဖြစ်နဲ့ တည်ထောင်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။

နောက်ပြီးတော့ ဒီတိုင်းပြုပြည်ပြုလွှတ်တော်ကြီးမှာ ကျွန်တော်ကိုယ်တိုင်တင်သွင်းပြီးတော့ ကာ အချုပအ်အခြာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံတည်ထောင်မယ်ဆိုပြီး တင်သွင်းလို့ ဆုံးဖြတ်တောင် ပြီးပြီ။ ဒီတော့ ဖဆပလ အဖွဲ့ချုပ်လုပ်တဲ့ အလုပ်က အင်မတန်ရှင်းပါတယ်။ ကျွန်တ်ာတို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့အတိုင်း လုံးဝလွတ်လပ်ရေးကို ရအောင်လုပ်မယ်ဆိုတဲ့ အတိုင်း လုံးဝလွတ်လပ်ရေးကို ဆုံးဖြတ်ခဲ့တယ်။ ဒီတိုင်းပြည်ကို ကြေငြာထားတဲ့ လွတ်လပ်ရေးကို ရအောင်လုပ်မယ်ဆိုတာ လုပ်နေရက်ပဲ။ တစ်နှစ်လည်း မပြည့်သေးပါဘူး။ သို့သော် ပြည့်တယ်မပြည့်တယ်ဆိုတာမျိုးကတော့ အလျော့အပို နည်းနည်း ရှိချင်ရှိမယ်။ သို့သော်လည်း အဲဒီလို အချိန်အခါမျိုးမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဗမာပြည် ရဲ့ လွတ်လပ်ရေးကို ရအောင်မလုပ်နိုင်သေးဘူးဆိုလို့ရှိရင် ကျွန်တော်တို့တစ်ထစ်တက် ချင်တက်ရမယ်။ အဲဒီ အချိန်အခါကို မရောက်သေးဘူး။ အချိန်စေ့လို့ ဗမာပြည်ရဲ့ လွတ်လပ်ရေးကိုရအောင် မလုပ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ ကတိပျက်တယ်လို့ ဆိုနိုင်တယ်။ အဲဒီအချိန်အခါလည်း မရောက်သေးဘူး။

အဲဒီအချိန်အခါထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းနဲ့ ရအောင် ကြိုးစားနေတယ်။ ကြိုးစားနေရတဲ့ အတိုင်း ဒီလိုလုပ်နေတဲ့လုပ်ငန်းဟာ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ အခုနေအခါမှာ ဘယ်သူမှမပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေ မပြီးသေးဘူး။ အလုပ်တွေ ပြီးလာတဲ့နေ့ကျတော့ ကျွန်တော်တို့ လုပ်ငန်း ဟာ အောင်သလား မအောင်သလားဆိုတာ ခင်ဗျားတို့မြင်မှာပဲ။ အဲဒီလိုမြင်လာတဲ့အခါ ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လိုအဖွဲ့ချုပ်မျိုးလ။ အလုပ်လုပ်တဲ့အခါမှာ ဘယ်လိုလုပ်တယ်ဆိုတာကို မြင်လာမယ်။ အခုနေအခါမှာ ကျွန်တော်ကြီးကြီးကျယ်ကျယ်ပြောဖို့ မလိုပါဘူး။

ဆက်ရန်
Read more →

Tuesday, August 20, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၆)

,

ကျွန်ပညာနှင့် သခင်ပညာ
 လူကြီးနှင့် လူငယ်

တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွင် လူကြီးနှင့်လူငယ်ဟူ၍ အလုပ်သမား နှစ်မျိုးနှစ်စားရှိ လေသည်။ လူကြီး တို့ အဖို့မှာ ကောင်းမွန်သောနည်းလမ်းများကို ညွန်ပြနိုင်သည့် စွမ်းရည် သတ္တိရှိစေရမည်။ လူငယ်တို့ မှာလည်း ထိုသို့ညွန်ပြသည့်လမ်းကို တန်းတန်းဖြောင့်ဖြောင့် ကြောက်ရွံ့ခြင်း ကင်းဘိလျက် လိုက်ရဲရပေမည်။

ကိုအောင်ဆန်း

ယခု မြန်မာပြည်တွင်ကား လူကြီးများမှာလည်း စွမ်းရည်သတ္တိမရှိ၊ ဗလာချည်းဖြစ်နေသည် ကို တွေ့ရသည်။ လူငယ် တို့အား ကောင်းမွန်သော နမူနာပြရမည်ဖြစ်သော လူကြီးများစွာတို့ သည် ကလပ်တက်ခြင်း၊ ဖဲရိုက်ခြင်း၊ အမျိုးမျိုးကလိမ့်စေ့ငြမ်းဆင်သည့် အမှုမျိုးသာတွေ့ရ ၏။ သို့ဖြစ်ရကား အကယ်၍ ဆောင်ရွက်ချက်သောလူငယ်များမှာ ညွန်ပြသည့် အလင်း ရောင်ကင်းမဲ့ လျက်အမိုက်မှောင်ထဲတွင် ခြေစမ်း လက်စမ်း ဖြင့်သာ အချိန်ကုန်ရ လေသည်။

အချို့သောသူတို့က လူကြီးများကို ဆဲသည်ဟု လူငယ်တို့အား အပြစ်တင်ကြလေသည်။ သို့သော်လည်း ဤကိစ္စ မှာ လူငယ်နှင့်လူကြီး နှစ်ဦးနှစ်ဖက်စလုံး အပြစ်မကင်းကြပေ။ လူကြီးတို့မှာ ဖော်ပြခဲ့သည့်အတိုင်း ကောင်းမွန်သော လမ်းညွန်ပြခြင်းမရှိ။ လူငယ်တို့မှာ လူကြီးတို့၏ အပြစ်ကို ပြရုံမှတစ်ပါး အခြားအလုပ် ပြခြင်း မရှိသေး။
ကျွန်ုပ်တို့အဖို့မှာကား အိန္ဒိယြပြည်မှာ မဟတ္တမဂန္ဒီ၊ စီအာဒတ်၊ မိုတီလာနေရူး၊ တိလတ် အစရှိသူ တို့ကဲ့သို့ လည်းကောင်း၊ အိုင်ရာလန်ဒီဗလာရာ၊ အီတလီပြည် ဂရီဘောလဒီ၊ မစ်ဇနီတို့ကဲ့သို့လည်းကောင်း ကျကျနန ခေါင်းဆောင်နိုင်၍ ခေါင်းဆောင်မည့် မည်သည့် လူကြီးကိုမဆို နောက်လိုက်အဖြစ် လိုက်ပါ ဆောင်ရွက်ရန် အသင့်ပင်ရှိလေသည်။ ထိုသို့ ခေါင်းဆောင်နိုင်မည့်၊ ထိုသို့ခေါင်းဆောင်ရဲမည့် ပုဂိုလ်တစ်ဦး ထွက်ပါလေ။ စောင့်လျက် ကျွန်ုပ်တို့မျှော်မည်။

နာမည်ကြီးသည့် ဤတက္ကသိုလ်၌ လမ်းညွန်မည့်လူကြီးရှိလျှင် လူငယ်တို့သည် ရှေ့သို့တိုး တက်၍ လုပ်ငန်း ကို ထွင်နိုင်မည်ဖြစ်သည့်အပြင် မိမိတို့အလှည့်ကျရောက်သောအခါ ခေါင်းဆောင်သည့်လုပ်ငန်းကို မပင်မပန်း ဘဲ ထမ်းဆောင်နိုင်ပေလိမ့်မည်။ ကျွန်ုပ်တို့ လူငယ်တို့ကလည်း ထိုအချိန် ထိုအခါအတွက် ယခုကပင် အသင့်ပြင်ဆင်ထားရမည်။ ကြိုးစားအားထုတ် ရပေမည်။ အထူးသဖြင့် ကျွန်ုပ်တို့ တက္ကသိုလ် ကျောင်းသား များသည် ဤအ ရေးတွင်အချက်အချာဖြစ်လေသည်။

သို့ဖြစ်လင့်ကစား ယခုလက်ရှိ တက္ကသိုလ်ကျောင်းသားများမှာ နာမည်ဟီးသလောက် အဆံမရှိ ဖြစ်နေသည်ကို တွေ့ရပေသည်။ ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့သည် ယခု ရရှိနေသော ကျွန်ပညာ ကို အဟုတ်ကြီး မှတ်ထင်နေကြ၍ နထင်သွေးရောက်ပြီးလျှင် မြန်မာတို့ပြုသမျှကို ရှုံ့ချကဲ့ရဲ့ လိုသောစိတ်၊ လွတ်လပ်သော သခင်အလုပ်ကို ဂုဏ်နိမ့် သည်ထင်သော စိတ်တို့ကို မွေးမြူထားနှင့်သဖြင့် အထက် မရောက် အောက်မကျ ခွသမား များ ဖြစ်နေကြလေသည်။

ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့သည် ဟီရိသြတ္တပ္ပတရားကင်းမဲ့လျက် ၄င်းတရားကို ပင် နားမလည်နိုင်ရှိနေပေသေးသည်။ မကြောက်ရမည့်နေရာတွင် ကြောက်၍၊ မရှက်ရမည့် နေရာတွင် ရှက်နေသည် ကို တွေ့ရပေသည်။ နိုင်ငံခြားသားတို့ကိုမြင်လျှင် ဒူးတုန်ချင်သည့် စိတ်မပပျောက်သေး။ ဘောလုံးပွဲ တွင် ဆဲချင်၊ ဆိုချင်၊ သောင်းကျန်းချင်သည့် စိတ်ဓါတ်မှာ လည်း အထူးရှက်စရာ ကောင်းလေ သည်။ လွတ်လပ်သော အလုပ်ကို မခင်မင်၊ လွတ်လပ် သောဘ၀၏ တန်ဖိုးကိုမသိ၊ ထို့ကြောင့် လွတ်လပ်သော ဘ၀ကိုမတောင့်တ၊ မကြံဆရ အောင် မကြိုးစားကြဘဲ ရွှေရည်မွမ်းမံထားသော လှောင်ချိုင့် ထဲတွင် အပျော်ကြီးပျော်နေကြ ပေသည်။

ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့တွင် အလွမ်းနာသမားတို့ကား များလှစွာ၏။ သို့သော် တလွဲ လွမ်း နေသည်ကို တွေ့ရပေသည်။ သနားတတ်သောသူများကိုလည်းတွေ့ရပါ၏။ သို့ သော် တလွဲသနား နေကြပေသည်။ ချစ်ယောင်ဆောင်၍ သေအောင်သတ်တတ်သော ရန်သူတို့က အရှူအရှိုက်နှင့် ငိုချင်း ချသည်ကို မြင်ရသောအခါ ရင်ထဲတွင် ဖိုလှိုက်ဖိုလှိုက် နှင့် ၀မ်းနည်းသည့် စကားသံများကို ကြားရပေသည်။ ဘက်ရိုက် တော်သူ တစ်ယောက် မောပန်းနေ၍ ကောင်းမွန်စွာ မကစားနိုင်ရှာသည့်အခါ အတော်မသိသော လူထုကြီး သည် မဟာကရုဏာတော် အနန္တရှိလှ၍ စုတ်တသတ်သတ် ပြောဆိုကြသည်ကိုကား ကြားသိရ ပေသည်။

သို့ရာတွင် ကျွန်ုပ်တွင်းနစ်၍ ရတနာ၊ ရွှေ၊ ငွေ ဆုံးပါးပျက်စီးနေသော ကျွန်ုပ်တို့၏ တိုင်းပြည်အတွက်နှင့် နံနက်စာနံနက်၊ ညစာ ညရှာစားရသော များမြောင်လှစွာသော ဆင်း ရဲသားတို့အတွင်မူကား သနားခြင်း ကရုဏာတရားသည်ကား ခေါင်းပါးလှပေ၏တကား။ ဤသို့လျှင် ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားများမှာ ပညာ၏ အဆိုးအကောင်းတန်ဖိုးကို မဝေဖန်နိုင်ဘဲ ရှိလေသည်။
ကျွန်ုပ်ပညာနှင့် သခင်ပညာ ဤပညာ ၂မျိုးကို အချို့သူတို့မှာ နားမလည်ဘဲ ပြောနေကြပေသည်။ ဤပညာ ၂မျိုး ကို ရှင်းလင်းရန်မှာလည်း မလွယ်ကူလှပေ။ ကျမ်းတစ်စောင်တစ်ဖွဲ့နှင့်ရေးသားမှ ရှင်းလင်း မည့် အရာဖြစ်လေသည်။

အင်္ဂလန်၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ရှရားတိုင်းပြည်တို့်တွင် သင်ကြား သော ပညာရေး စနစ် တို့နှင့် အိန္ဒိယပြည်နှင့် မြန်မာပြည်တွင်ပေးအပ်သော ပညာရေးစနစ မှာ မိုးနှင့်မြေကြီးမျှ ကွာခြား နေသည်ကို တွေ့ရလေသည်။ ပညာသင်ကြားရေးရာတွင် သက်မွေးဝမ်းကြောင်း ပညာရပ်များအပြင် ရိုးရိုး သင်ကြားရာတွင်လည်း စွမ်းစွမ်းတမန် ကိုယ့်ထူးကိုယ်ချွန်လိုသည့် စိတ်နှင့်ထိုသို့ပြုနိုင်သည့် အရည်အချင်း တို့ကို ကျောင်းသား လူငယ်များမွေးမြူလာနိုင်အောင်  ပြုပြင်ပေးရမည်။

အိန္ဒယပြည်နှင့် မြန်မာပြည်ရှိ ပညာရေးစနစ်မှာ မူလတန်းအလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဟူ၍ အဆင့်လေးပိုင်းမျရှိလေသည်။ ရှိသောအဆင့်လေးပိုင်းတို့သည်လည်း ကောင်းမွန်ကျနစွာမရှိ၊ ဤမျှသော ပညာ ကို ကျွန်ုပ်တို့အားပေးရာတွင် သာရာစားတွေများ လာစေ၍ ကျွန်စိတ်၊ သဘောက် စိတ် ပေါက်သူများရှိလာအောင် ဖြစ်လေသည်။ ဤရည်ရွယ် ချက်မှာ အင်္ဂလိပ်ပညာကို အိန္ဒိယတွင် ပထမထွင်သူ (လောဒ်မက်ကောလေး) က လမ်းကြောင်းပြခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယဘုရင်ခံချုပ်တစ်ဦးဖြစ်သော (လော့ကာဇုံ) က လည်းအိန္ဒိယပြည်ရှိ ပညာရေးစနစ်ကို ချုပ်နိုင်သမျှချုပ်ရမည်ဟု မြွက်ကြားဖူးလေသည်။ အကြောင်းကား အင်ပိုင်ယာချဲ့ထွင်ရေးစနစ်ကို တည်တံ့ခိုင်မြဲစေရန် ဖြစ်လေသည်။

အင်ပိုင်ယာ ချဲ့ထွင်ရေးစနစ်သည် အရေးကြီးအရာပါသော ကိရိယာ လက်နက်ကြီးတစ်ခု ဖြစ်သည်ကို ၄င်း အင်ပိုင်ယာ ချဲ့ထွင်ရေး ကို မကြိုက်နှစ်သက်သူ အင်္ဂလိပ်လူမျိုးတချို့က အတိအလင်း ရေးသား ထားကြလေသည်။ အဝေးကြီးမရှာဘဲ အနီးကလေးဖြစ်သော (မြန် မာစာညွှန့်ပေါင်းကျမ်း) အချီးတွင်လည်း အင်ပိုင်ယာချဲ့ထွင် ရေးစနစ်နှင့် ပညာရေးစနစ် မည်သို့သက်ဆိုင်ကြောင်း အရိပ်အမြွက် မျှ ပြထား လေသည်။

သို့ပညာရေးစနစ်ကို အင်ပိုင်ယာချဲ့ထွင်ရေးစနစ်နှင့် တံသုတ်ကိုက်ညီလေအောင် မြန်မာ ပြည်၌ ပညာမသင် မနေရ ဥပဒေမထားရှိခြင်း၊ သင်ကြားရန် ဘာသာရပ်များမှာ အနည်းငယ် သာရှိ၍ အကုန်အစဉ် သင်မပေးခြင်း၊ ကျောင်းကန်အသီးသီးတို့တွင် ကလေးလူငယ်တို့အား အင်ပိုင်ယာ ချဲ့ထွင်ရေး စနစ်၏ ထောက်ပံ့သူ များများဖြစ်အောင် ပညာတတ်နည်းအောင် အမျိုးမျိုး အတားအဆီး အပိတ်အပင် များထားခြင်း တို့ ဖြစ်လေသည်။

ဥပမာတစ်ခုပြရသော် ယခု ကျွန်ုပ်တို့တက္ကသိုလ် ပညာရေးစနစ်မှာ (ဂျေဟောလဒိန်) (ကာဒီနယ်နယူးမင်း) (အဘရာဟင်ဖလက်နာ) (ဖရော်ဖက်ဆာဇင်မန်း) စသော ပုဂ်ဂိုလ် ကြီးတို့ ရေးသားချက်များမှာ အထူး ကွာခြားပြီးလျှင် အတွင်းရေးသိသူတို့သည် မည်မျှဆိုးဝါး သည်ကို သိကြရပေသည်။ တိုင်းပြည်ငွေ နှင့်ဆောက်၍ တိုင်းပြည်ရှိလူများအတွက် ကျောင်းဖြစ်သော်လည်း ကျွန်ုပ်တို့တက္ကသိုလ် (ယုဒသန် တက္ကသိုလ်ဆရာဖြစ်သင် အားလုံး ပေါင်းဆိုလိုသည်) မှာ တိုင်းသူပြည်သားတို့အား (ကလေးကို အရိပ် အရောင် ပြတယ် ဖိုးလ နတ်သား) မျှသာ ဖြစ်လေသည်။
တိုင်းသူပြည်သားများမှာ ဤပညာရေးတွင် ဘာမျှပြောပိုင်ဆိုပိုင်ခွင့်မရှိ။

တိုင်းသူပြည်သား က မြှောက်တင်သော ကိုယ်စားလှယ်အနည်းငယ်မျှ အုပ်ချုပ်ရေးတွင်ပါသော်လည်း တန်ခိုး အာဏာအလျဉ်းမရှိပေ။ တက္ကသိုလ်ကောင်စီ အစည်းအဝေးမှာ တစ်နှစ်တွင်တစ်ခါနှစ်ခါမျှ ပြုလုပ်၍ နာရီဝက် နှင့် အစည်းအဝေးမှ စာတမ်းများကို ၄င်းတို့ စီစဉ်သလို ဖတ်ပြပြီးလျှင် ပြီးဆုံးသွားသည်က များလေသည် ဟု ကျွန်ုပ်တို့ကြားရလေသည်။

အချို့က မြည်မာပြည်ပညာရေးစနစ်တွင် ပညာတော်သင်စေလွှတ်ခြင်းကို ညွန်ပြကြ၏။ ပညာတော်သင် စေလွှတ်ခြင်း သည် စင်စစ်ကောင်းမွန်သော်လည်း ကျွန်ုပ်တို့ပြည်တွင် အသုံးပြုသည့် စနစ်မှာ အလွန်ညံ့ဖျင်း နေသည်။ တစ်နှစ်လျှင် ပညာတော်သင် ၁၂ယောက် မက တစ်ထောက်စေလွှတ်စေကာမူ ယခု စနစ်အရ လွှတ်သောပညာသင်သူတို့မှာ တစ်ရာ မှ တစ်ယောက်မြန်မာပြည်အား အကျိုးရှိအောင် ပြုလုပ်နိုင် သည့် အရည်အချင်းရှိ မည်မ ဟုတ်ပေ။

ပညာတော်သင်စေလွှတ်သည် ဆိုသည်မှာ ဘိလပ်ကိုပို့ခြင်းကို သာဆိုသည်မဟုတ်။ တစ်စုံ တစ်ခုသော အတတ်ပညာထွန်းကားရာသို့ ထိုအတတ်ကို အပြီးတိုင်မြောက်သင်လိုသူအား စေလွှတ်ခြင်းဖြစ်လေသည်။ သကြား လုပ်ငန်း သင်လိုသူအား သကြားလုပ်ငန်း အကြီး အကျယ်ပြုလုပ်ရာ ဌာနသို့လည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေး အတတ်သင်လိုသူအား ထိုအတတ်ပြန့်ပွားရေး ဌာနသို့လည်းကောင်း အချုပ်အချယ် မရှိဘဲ စေလွှတ်ခြင်းဖြစ်လေ သည်။ သို့မှာလျှင် တိုင်းပြည်ကြီးပွားနိုင်မည်။ ဤကား ကျွန်ုပ်ပညာနှင့် သခင်ပညာ ခွဲပြ ပုံတည်း။

မိဘများသို့

ပညာရေးနှင့် ပတ်သက်၍ မြန်မာပြည်ရှိ မိဘများထံသို့ ကျွန်ုပ်တို့အစီရင်ခံလိုသည်။ ယခုခေတ်ကြီး သည်ကား အပြိုင်အဆိုင်ခေတ်ကြီးဖြစ်သည်ကို ၄င်းတို့သိရှိကောင်း သိရှိကြ ပါလိမ့်မည်။ အပြိုင်အဆိုင် ခေတ်ကြီးတွင် ဟောင်းနွမ်းသော နည်းစနစ်မျိုးဖြင့် ကျွန်ုပ်တို့အ ရှည်သဖြင့် မတည်တန့်နိုင်ပါ။ အစိုးရ ရာထူး ဌာနန္တတို့အတွက်သာ မိမိတို့သားသမီးပညာ ရေး ကို ရှေးရှုပြု၍ ညွန်ကြားခြင်း မပြုပါလင့်။ အမျိုးနှင့် တိုင်းပြည် အကျိုးရှိစေမည့်လုပ်ငန်း များကို မိမိတို့သားသမီးများ ပြုလုပ်ခြင်းကို တားဆီးပိတ်ပင်ခြင်းမပြုဘဲ အားပေးကြစေ လိုပါ သည်။

ငွေအင်အားပြည့်စုံလျှင် မိမိတို့၏ သားသမီးများနှင့် သင့်တော်မည့်တိုင်းပြည်သို့ စေလွှတ် ခြင်းက ဤတက္ကသိုလ် သို့ချည်း စေလွှတ်ခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ကျွန်ုပ်တို့် ယူဆ မိပေသည်။ ဥပမာ ဆိုသော် ဂျပန်ပြည်သည် ယခုအခါတွင် စက်မှုပညာတွင် အလွန်ထွန်း ကား၍ အခြားတိုင်းပြည်များထက် ရာခိုင်နှုန်း ၅၀မျှ ပိုမို၍ ဂျပန်ဖြစ်ကုန်ပစ္စည်းတို့်ကို နိုင်ငံခြားသို့ တင်ပို့နိုင်လေသည်။ သို့ဖြစ်ရကား ဂျပန်ပြည်  သို့ မိမိတို့၏ သားသမီးများကို ပညာသင်စေလိုလျှင် ဤတက္ကသိုလ်တွင် ပညာသင်သည်ထက် အကျိုးရှိ မည်ဟု ကျွန်ုပ် ထင်ပေသည်။

ကျွန်ုပ်တို့ သိရသလောက်မှာ ဂျပန်ပြည်တွင် ပညာသင်ကြားရသည့် စားရိတ်သည်လည်း အလွန်ဆုံး တစ်လလျှင် ၁၀၀၊ ၁၅၀မျှ ကျမည်ဖြစ်ရာ ကျွန်ုပ်တို့ တက္ကသိုလ်တွင် ပညာသင် ကြားရသည့် စားရိတ်နှင့် များစွာမကွာပေ။ ထို့ကြောင့် မိမိတို့တစ်သက်မျှ ကောင်းစားသည် ကို မကြည့်ရှုဘဲ နောင်လာ နောင်သား များ၏ အကျိုးကို မျှော်ကိုး၍ မြန်မာပြည်ရှိ မိဘများ သည်မိမိတို့၏ သားသမီးတို့အား ကမ္ဘာတစ်ဖက်စွန်းပင် ဖြစ်စေကာမူ သောကနှင့်သံယော ဇဉ်ကို ဘေးချိတ်၍ စွန့်စားသင့်သည်။ ပညာရှိစေ သင့်သည်။ စီးပွားရှာစေသင့်သည်။ ဤသည်သာလျှင် ယခုခေတ်နှင့်ညီသော နည်းလမ်း ဖြစ်ပေသည်။

မှတ်ချက် ။ ။ ကိုအောင်ဆန်းတက္ကသိုလ် ကျောင်းသားဘ၀က တက္ကသိုလ်အိုးဝေမဂ္ဂဇင်း တွင် ရေးသားသော ကိုလိုနီ ခေတ် နှင့် ပက်သက်သော ဆောင်းပါးဖြစ်ပါသည်။ ထိုစဉ်ကရေး သားသော မူရင်းသတ်ပုံအတိုင်း ဖော်ပြ ထားပါသည်။

စာကိုး။ ။ အိုးဝေ၏ ရွှေရတုအဆင့် လက်ရွေးစင်စာအုပ်၊ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ အိုးဝေစာ ပေတိုက်။

ဆက်ရန်
Read more →

Monday, August 19, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၅)

,

ပြည်သူ့ထောက်ပံ့ရေး ဘုတ်အဖွဲ့၊ လယ်ယာစိုက်ပျိုးရေး ပရိုဂျက်များနှင့်ပတ်သက်၍ကား "ဒေသဆိုင် ရာ လိုအပ်ချက်ထက် ပိုလျှံနေသော သီးနှံများကို အစိုးရကဝယ်ယူမည်ဟု ကြေညာရမည်"ဟု အဆိုပြု ထားသည်။ "မက်လောက်သော ဈေးနှုန်းများပေးခြင်းဖြင့် ဈေးကွက်ကို အာမခံနိုင်ပါမှ အများဆုံး ကုန်ထုတ်လုပ်မှု နှင့် အခြေအနေမှန်ကို အမြန်ပြန်ရောက်မှုတို့ကို အားပေးရာရောက်မည်"ဟု အစိုးရက မျှော်လင့် သည်။ မက်လောက်သော ဈေးနှုန်းများဟုဆိုထားသည်။ ဤဈေးနှုန်းတို့မှာ လယ်သမားများကို ပေးဖို့လား သို့မဟုတ် ဗမာပြည် ကိုယ်စားလှယ်ဆိုသူများကို ပေးဖို့လား၊ လယ်ယာထွက်ပစ္စည်းများ၏ ဈေးနှုန်း ကို အစိုးရက သတ်မှတ်ပေးရေးကို ကျွန်တော်တို့သဘောတူပါသည်။

ဤသို့ သတ်မှတ်ပေးပါ ရန် စစ်မဖြစ်မီကာလကပင် ကျွန်တော်တို့ တောင်းဆိုခဲ့ကြ၍ မရခဲ့ကြခြင်း သာ ဖြစ်သည်။ ယနေ့ငွေကြေး ဖောင်းပွလာနေသောခေတ်တွင် ဈေးနှုန်းသတ်မှတ်မည်ဆိုသည်။ ဘယ်လို သတ်မှတ်ပါမည်နည်း။ ကမ္ဘာ့ ဈေးနှင့် စားသုံးသူတို့၏ဘဝကို အခြေခံ၍ အခြေခံထွက်ကုန်တို့၏ဈေးနှုန်းကို သတ်မှတ်ပေးရမည်ဆို သည်ကို ကျွန်တော်သဘောတူပါသည်။ သို့သော် ကျွန်တော်တို့ ဈေးနှုန်း သတ်မှတ်မှုများမပြုသေးမီ ငွေ စက္ကူဖောင်းပွနေသော ပြဿနာကို ပထမကိုင်တွယ်ရမည်။ ဤသို့ မလုပ်ပါက ဈေးနှုန်းသတ်မှတ်သည် ဆိုခြင်းမှာ ကျွန်တော်တို့လယ်သမားတို့၏လည်မျိုကို ညှစ်ခြင်းသာ ဖြစ်ပေတော့မည်။ ထိုအခါ ဘယ်လို ဖြစ်မည်နည်း။ လုယက်တိုက်ခိုက်မှုတို့ များပြားလာခြင်း၊ စစ်ပစ္စည်းများ ခိုး၍ အရောင်းအဝယ်ပြုခြင်း (ဤလုပ်ငန်းမှာ ယနေ့ပြောင်ပြောင်တင်းတင်းဖြစ်နေသည်)တို့ ဖြစ်လာမည်။

ကျွန်တော်တို့ ငွေစက္ကူ ဖောင်းပွမှုကို မည်သို့တိုက်ခိုက်နိုင်သနည်း။ ပထမဆုံး ကျွန်တော်တို့ ဆောင်ရွက် ရမည်မှာ ပြည်တွင်း ပြည်ပမှ ကုန်ပစ္စည်းများ၊ လွတ်လပ်စွာ ဝင်ရောက်လာနိုင်ရေး၊ ထိုကိစ္စအတွက် ကုန်ထုတ်လုပ်မှု၊ သယ် ယူပို့ဆောင်မှုတို့ကို ဆောင်ရွက်ပေး၍ အစိုးရက ဤတာဝန်အားလုံးကို မယူနိုင်ဟု ဆိုလျှင်လည်း စီးပွား ရေးအရ လွန်ကျွံမှုများဖြစ်မလာအောင် စောင့်ကြည့်ပေးနေရေးပင်ဖြစ်သည်ကို ကျွန်တော် တို့သိပြီးဖြစ် သည်။ ဤနေရာ၌ သွင်းကုန်ပို့ကုန်ကိစ္စ အကျုံးဝင်လာသည်။ ဤလုပ်ငန်းတို့မှာ လက်တွေ့အားဖြင့် အစိုးရ၏လက်ဝါးကြီးအုပ် လုပ်ငန်းဖြစ်လာမည်။

သို့သော် ဆိုဗီယက်ယူနီယံက ပြည်ပကုန်သွယ်မှု ချုပ် ကိုင်ထားသည့်သဘောမျိုးမဟုတ်သေး။ ကျွန်တော် တို့ ဆီမှာ အစိုးရက အတွေ့အကြုံမရှိသေးပါဟုဆို သောကြောင့် "ကိုယ်စားလှယ်"ဆိုသူများရှိလာသည်။ ကောင်းပြီ အစိုးရက လုပ်ငန်းကြီးတစ်ခုလုံးကို တာဝန်မယူနိုင်းသေးပါလျှင် ယခင် "လက်ဝါးကြီးအုပ် အဟောင်း" များကိုသာ ဘာကြောင့်ကိုယ်စားလှယ် အဖြစ် ခန့်ထားရမည်နည်း။ ကျွန်တော်တို့ ပြည်သူတွေ ကိုကော ကိုယ်စားလှယ်အဖြစ် အသုံးမပြုနိုင်ပေ ဘူးလား။ ကျွန်တော်တို့မှာ အတွေ့အကြုံမရှိသေးဟု ငြင်းချက် ထုတ်ကြပြန်သည်။ အတွေ့အကြုံမရှိ သေးဟုဆိုကာ ကျွန်တော်တို့သင်ယူနိုင်သည့် အခွင့်အရေး ကိုမပေးဘဲထားခဲ့သည်။

အရောင်းအဝယ် နှင့် ပတ်သက်၍ ဗမာများမလုပ်တတ်ရအောင် ဘယ်လောက်အခက်အခဲ အတားအဆီး ရှိပါသလဲ။ ဗမာ တို့အကြံဉာဏ်လိုသည်ဆိုက အစိုးရကမပေးနိုင်ဘူးလား။ ထိုမျှမကသေး ဂျပန် ငွေစက္ကူကို တန်ဖိုးမရှိဟု ကြေညာလိုက်ခြင်းကြောင့် ပြည်သူလူထုနှင့် အထူးသဖြင့် တောရပ်နေပြည်သူလူထုကြီးမှာ ကြီးစွာဒုက္ခ ရောက်ခဲ့ကြရသည်။ ဗမာပြည်တွင် ဂျပန်ငွေတရားမဝင်ဟု ကြေညာခဲ့သော်လည်း အာရှတိုက် အရှေ့ တောင်ပိုင်းရှိ အချို့ဂျပန်သိမ်းပိုက်ခဲ့ဖူးသော နိုင်ငံတို့၌ အတော်အတန်တန်ဖိုးပေးထားသည်ကို တွေ့ရ သည်မှာ ဆန်းကျယ်သည်။ ဗြိတိသျှအစိုးကဘယ်လိုလမ်းညွှန်မှုများအရ ဤသို့ဆုံးဖြတ်ခဲ့ပါသလဲ။

ထို တိုင်းပြည်တို့မှာ ဗြိတိသျှကိုလိုနီများမဟုတ်၍ စိတ်မဝင်စားသောကြောင့်လော၊ စစ်တိုက်ခိုက်မှုများ ရပ် စဲသွားပြီဖြစ်သောကြောင့် ရန်သူကငွေစက္ကူ အကန့်အသတ်မရှိထုတ်ဝေမည့် အန္တရာယ်လည်းမရှိတော့။ အခြားသော တိုင်းပြည်များမှာ ဆောင်ရွက်သလို ဗြိတိသျှအစိုးရက ဂျပန်ငွေစက္ကူအပေါ်တွင် သင့်တင့် သော တန်ဖိုးနှုန်းဘာကြောင့် မသတ်မှတ်ပေးနိုင်ပါသနည်း။ ထို့နောက် ဗမာပြည်သူတို့က ဂျပန်ထံမှ ရ သင့်ရထိုက်သည်များ ရရေးအတွက် သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းများတွင် စကားပြောရန် ဗမာပြည်ကိုယ်စားလှယ်အဖြစ် ဗြိတိသျှမဟုတ်ဘဲ ဗမာပြည်သူ့ကိုယ်စားလှယ်ကို စေလွှတ်ရေးအတွက် ဘာကြောင့်မစီစဉ်ပေးနိုင်ပါသနည်း။

ဗြိတိသျှနယ်ချဲ့တို့သည် ဗမာပြည်အတွင်း စီးပွားရေးဖက်ဆစ်စနစ်ယူသွင်းလာနိုင်ရေးအတွက် ဤသို့ အားဖြင့် အဆုံးမရှိ ငြင်းခုံပြောဆိုခဲ့ကြသည်။ ငွေ့ကြေးဖောင်းပွမှု ပြဿနာမှာလည်း ကျွန်တော်တို့တိုင်း ပြည်တွင် ဆိုးဝါးသောအတိုင်းအတာသို့ ရောက်လာလေပြီ။ အလုပ်လက်မဲ့များလည်း ပေါများလှပြီ။ ပြည်သူလူထုလက်တွင်လည်း ငွေမရှိ။ ဤအခြေအနေတို့နှင့်တကွ အခြားမြောက်မြားစွာသော အခြေအ နေတို့က မကောင်းသော စီးပွားရေးနိမိတ်လက္ခဏာများအဖြစ် ပြသလျက်ရှိသည်။ ဗြိတိသျှအစိုးရကား ကျွန်တော် တို့လိုသမျှ ပစ္စည်းတို့ကို အချိန်မီအဆင့်အတန်းမီနှင့် အလုံအလောက် ပို့မပေးနိုင်ပါဘဲလျက် နှင့် ကုန်ပစ္စည်းများ လွတ်လပ်စွာ ဝင်ထွက်ရေးအတွက် တံခါးဖွင့်ပေးရမည့်အစား အခြားတိုင်းပြည်တို့ နှင့် ကုလသမဂ္ဂကယ်ဆယ်ရေးအဖွဲ့တို့ (UNNRA)၏ပစ္စည်းတို့ကိုပင် မဝင်စေဘဲ ပိတ်ပင်ထားသည်။ သို့သော် ဤနည်းဖြင့် ဗြိတိသျှနယ်ချဲ့သမားသည် သူ့နေရာဟောင်းကိုပြန်လည်ရရှိနိုင်လိမ့်မည်မဟုတ်။

ဤနည်းမှာ သူတို့အဖို့ ပျက်စီးဆုံးရှုံးမည့်နည်းသာ ဖြစ်သည်။ သို့သော် သူတို့ဤအချက်ကို ဂရုမထား။ သူ့ကို ဂမူးရှူးထိုးဖြစ်နေကြသည်။ သူတို့အဖို့ နယ်ချဲ့စနစ်ဟောင်းကို ပြန်လည်အင်အားဖြည့် ပေးရ မည်။ သို့ဖြစ်၍လည်း ဗမာပြည်တွင်းသို့ စီးပွားရေးစနစ် သွတ်သွင်းလာရေးအတွက် လိုအပ်သော တရားဥပဒေခွင့်ပြုချက်များကို ဖန်တီးလာသည်။ ဤသည်တို့ကား အဘယ်ဟာများနည်း။
ကျွန်တော်အချိန်မရှိသဖြင့် ဘုရင်ခံအမည်ကိုသုံး၍ တရားသူကြီးတစ်ဦးပြုလုပ်လိုက်သော ဥပဒေအ နည်းငယ်ကိုသာ ဖော်ပြပါတော့မည်။

၁၉၄၃ ခုနှစ် အထူးတရားသူကြီးများ အက်ဥပဒေ(၅)အရ အထူးတရားသူကြီးတစ်ဦးကသာ သက်သေ ထွက်ချက် အတိုချုပ်ကို ရေးမှတ်ထားရမည်။ တရားခံတစ်ယောက်က သူပြလိုသော သက်သေပြပိုင်ခွင့် မရှိ။ တရားသူကြီး က လိုအပ်သည်ဟု ယူဆသော သက်သေများကိုသာ ခေါ်ယူစစ်ဆေးရမည်။

အခြားနည်းအားဖြင့်ဆိုသော သေဒဏ်ပေးနိုင်သောအမှုများကို စစ်ဆေးရာတွင် အထူးတရားသူကြီးက တရားခံကို အတိုနည်းအရ စစ်ဆေးမည်။ အတိုနည်းဆိုသည်မှာ အသေးအဖွဲ့အမှုများကိုသာ စစ်ဆေး သင့်သည်ဟု အများက ယူဆထားကြသည်။

အထူးတရားသူကြီးတစ်ဦး၏စီရင်ချက်ကို အယူခံ၍လည်းမရ။ အထက်ရုံးက ပြင်ဆင်၍လည်းမရ။ ပုဒ်မ ၆(၁)အရ၊  ဟိုက်ကုတ်လွှတ်တော်ကပင် ပြန်လည်ပြင်ဆင်မှုမပြုရ။ သို့သော် ပုဒ်မ ၇(၂)အရ၊ သေဒဏ် အပြစ်ပေးထားသောအခါတွင်ကား၊ ၎င်းအပြစ်ဒဏ်ကို ဟိုက်ကုတ်တရားသူကြီးတစ်ဦးက ပြန်လည်သုံး သပ်နိုင်ခွင့်ရှိသည်။ တစ်ခြားတနည်းအားဖြင့်ဆိုရသော် သေဒဏ်ခံရသော ပြစ်မှုမှတစ်ပါး တရားခံတစ် ဦးသည် သူ့အားပေးထားသော အပြစ်ဒဏ်ကို ပြန်လည်စောဒကတက်နိုင်သည့် နည်းလမ်းမရှိတော့ချေ။

၁၉၄၃ ခု၊ တရားရုံးများ အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၁၄အရ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်း  ရာဇဝတ်တရားသူကြီးတစ်ဦးဦးက ချမှတ်ပေးထားသော အပြစ်ဒဏ်ကို မည်သည့်တရားခံကမှ အယူခံ ခွင့်မရှိ။ အထူးအာဏာရ ရာဇဝတ်တရားသူကြီးတစ်ဦးက ချမှတ်ပေးထားသော အပြစ်ဒဏ်ကိုလည်း ထောင် ၅နှစ်ထက်မကျော်လွန်လျှင် မည်သည့်တရားခံကမှ အယူခံနိုင်ခွင့်မရှိ။ စက်ရှင်တရားသူကြီး၊ ရာ ဘက် စက်ရှင်တရားသူကြီးတစ်ဦးက ချမှတ်ပေးထားသော အပြစ်ဒဏ်ကို သေဒဏ်မဟုတ်လျှင် မည် သည့် တရားခံ ကမှ အယူခံနိုင်ခွင့်မရှိ။

ထောင် ၅ နှစ်ထက်ပိုခံရ၍ အယူခံသောအခါလည်း ဟိုက်ကုတ်ကို အယူခံရန်မဟုတ်၊ စက်ရှင်တရားသူ ကြီးထံ အယူခံရန်ဖြစ်၍ စက်ရှင်တရားသူကြီးဆိုသည်မှာ ယနေ့အဖို့ အထူးတရားသူကြီးပင်ဖြစ်၍ အယူ ခံမှုများကို ကောင်းစွာစဉ်းစားပိုင်းဖြတ်နိုင်လောက်အောင် အားလပ်ခြင်းမရှိပေ။

ပုဒ်မ ၁၄ အရ၊ ပုလိပ်ထံပေးသော ဖြောင့်ချက်ကိုသက်သေအဖြစ် တင်ပြနိုင်ခွင့်ရှိလာသည်။ အမှုစစ် ဆေးသော ပုလိပ်အရာရှိတစ်ဦးကိုပြောသည့်ထွက်ချက်နှင့် တရားခံကိုပြန်၍အရေးမယူရဆိုသော စည်း ကမ်းချက်ကိုလည်း ပုဒ်မ ၁၄အရ ပယ်ဖျက်ထားလိုက်သည်။ ဤသို့အားဖြင့် တရားလိုဘက်က (က) တ ရားခံသည် ပုလိပ်ရှေ့၌ ဖြောင့်ချက်ပေးသည်ဟုဖြစ်စေ၊ (ခ) တရားခံသည် အမှုစစ်ဆေးနေစဉ်အတွင်း မည်သို့မည်ပုံ ထွက်ဆိုသွားသည်ဟု သတ်သေတင်ပြနိုင်သည်။

ဤသို့သော သက်သေတရားမဝင်ရေး အတွက် ကန့်သတ်ချက်တို့မှာ (က) တရားခံ ထွက်ဆိုချက်ပေးသည်ဆိုသောအခါ ပုလိပ်အချုပ်အ နှောင်အတွင်းက ပေးခြင်မဟုတ်စေရ၊ (ခ) ပုလိပ်ကခြိမ်းခြောက်ခြင်း၊ မတရားသြဇာသုံးခြင်း မဟုတ်စေ ရတို့ပင် ဖြစ်ပေသည်။ ပုလိပ်တို့သုံးနေကျ လှည့်ကွက်မှာ တရားခံ၏ထွက်ဆိုချက်မရသေးမချင်း ဖမ်း ဆီးခြင်းမပြုသော လှည့်ကွက်ဖြစ်၍ တရားခံတစ်ဦးအဖို့ ပုလိပ်က ခြိမ်းခြောက်ပါသည်၊ မတရားသြဇာ သုံးပါသည်ဆိုသည်ကို သက်သေပြရန်မှာလည်း အလွန်ခက်ခဲသော အလုပ်ဖြစ်သည်။ ထောင်ကျသွား သော အမှုပေါင်းများစွာ စစ်ဆေးခဲ့ဖူးပါသည်ဟူသော မှတ်ချက်ကိုရယူလိုသည်။ မူမရှိသောအချို့ပုလိပ် စစ်ဆေးရေး အရာရှိတို့ လက်တွင် ဤဥပဒေသည် အန္တရာယ်များသော အာဏာများဖြစ်လေသည်။ ပုလိပ်အပြောနှင့် တရားခံ အပြောဟူ၍သာ ရှိပေတော့မည်။

ဗြိတိသျှ တရားစီရင်ရေးစနစ်သည် ဂျပန်ကင်ပေတိုင်စနစ်နှင့်တူလာပြီဟု ယခင်က ကျွန်တော်ပြောခဲ့ပြီ။ တစ်ထပ်တည်းတူနေပါပြီ။ အကြောင်းမှာမူ ဤဥပဒေပြင်ဆင်ချက်တို့ကြောင့် ပြည်သူလူထုမှာ မူမရှိ သော ပုလိပ်အရာရှိ တို့နှင့် ကလဲ့စားချေလိုကြသော တရားသူကြီးတို့၏နှိပ်စက်ညှဉ်းပမ်းမှုကို အချိန်မရွေး ခံရရန် အကာအကွယ်ကင်းမဲ့သောကြောင့် ဖြစ်လေသည်။ ခရိုင်အများအပြားတွင် အုပ်ချုပ်ရေးဘက်က တရားစီရင်ရေး ဘက်သို့ ဝင်ရောက်စွက်ဖက်နေမှု အမြောက်အမြားရှိသည်ကိုလည်း ကျွန်တော်တို့မသိ သည်မဟုတ်။ ဤဥပဒေတို့မှာ အရေးပေါ်ကာလအတွက် ယာယီမျှသာဖြစ်ပါသည်ဟု ငြင်းခုံကြလိမ့် မည်။

သို့သော် ကျွန်တော်တို့တိုင်းပြည်တို့၌ တိုက်ခိုက်မှုများရပ်စဲသွားပြီးနောက် လွတ်လပ်မှုများတိုးပွား ရရှိ လာနေပါလျက် ကျွန်တော်တို့တိုင်းပြည်တွင် အရေးပေါ်ကာလဟုအကြောင်းပြ၍ ပြည်သူလူထုထံမှ လွတ်လပ်မှုတို့ကို ရုပ်သိမ်းခဲ့လေသည်။ ဗြိတိသျှတို့သည် ဗမာပြည်ကိုကယ်တင်ရန် စေတရာကောင်း နှင့် ပြန်လာခြင်းဖြစ်ပါသည်ဟု ပါလီမန်မှတစ်ဆင့်နှင့် ထိပ်ဆုံးပုဂ္ဂိုလ်တို့မှတစ်ဆင့် ပြောကြားခဲ့ပါသည်။ ဤအရေးပေါ်ဥပဒေများ၊ စီးပွားရေးပရိုဂျက်များမှာ သူတို့၏ကောင်းသောစေတနာများပင် ဖြစ်ပါသ လော။ ဗမာပြည်၏လူဦးရေ ၁၇-သန်းအနက် လူ ၁၇-ယောက်လောက်သာ နားလည်နိုင်သောစကား ဖြင့် ဥပဒေအရာဆိုသည်မှာ နက်နဲရှုပ်ထွေးလှပါသည်ဟု လှီးလွှဲပြောနေ၍ အကျိုးထူးမည်မထင်ပါ။

ဤ နေရာ၌ ပထမအကြိမ်ကျင်းပခဲ့သော လူထုအစည်းအဝေးက သူတို့စီမံကိန်းများ၊ ပရိုဂျက်များကို ကြေ ညာရန်နှင့် ယင်းတို့ကို ပြည်သူ့ဆန္ဒအား စုံစမ်းတိုင်ပင်ပြီးမှ အတည်ပြုရန် တောင်းဆိုသောအခါ "ကျွန် တော်တို့ လေထီးနှင့်ဆင်း၍ ခင်ဗျားတို့နှင့်မတိုင်ပင်နိုင်ခဲ့ပါ"ဟု ဆင်ခြင်ပေးကြပြန်သည်။ ဤသို့သော ပြောဆိုမှုတို့သည် သူတို့၏ဂုဏ်သိက္ခာမြင့်မားလာစေလိမ့်မည်မဟုတ်။ ဗြိတိသျှဆန့်ကျင်ရေး စိတ်ဓာတ် ကိုသာ တိုးပွားစေလိမ့်မည်ဖြစ်ကြောင်း အာဏာကိုင်စွဲထားသူများအား သတိပေးလိုပါသည်။

ဤနည်းအားဖြင့် ဗြိတိသျှအစိုးရက ဗမာပြည်တွင်းသို့ စီးပွားရေးဖက်ဆစ်စနစ်သွတ်သွင်းလာရန် ကြံ စည်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် တရားဥပဒေအကာအကွယ်ဖြင့် အတင်းထိုးသွင်းရန် ကြံစည်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘုရင်ခံက တစ်ဦးချင်းအုပ်ချုပ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တရားဥပဒေအရဆို လျှင် ဘုရင်ခံ သည် ဗမာပြည်၏အာဏာရှင်ပင်ဖြစ်တော့သည်။
ဤသည်ပင် ဘုရင်ခံနှင့် ကျွန်တော်တို့၏သဘောကွဲလွဲချက်ဖြစ်သည်။

ကျွန်တော်တို့က မဖြစ်နိုင်သည် ကို တောင်းဆိုနေသည်မဟုတ်၊ သူကိုယ်တိုင်က ပြောကြားခဲ့ဖူး သည့်အတိုင်းနှင့် ကျွန်တော်တို့လို့အခြေ အနေမျိုးတွင် ကြားဖြတ်အစိုးရဆိုသည်မှာ ရှိရသည့် အတိုင်း အဓိကနိုင်ငံရေးအဖွဲ့တို့၏ ကိုယ်စားလှယ် များဖြင့် အမှုဆောင်အဖွဲ့ဖွဲ့ရန် တောင်းဆို နေကြခြင်း သာဖြစ်သည်။ ဤအမှုဆောင်အဖွဲ့သည် ဥပဒေ အရ ပြည်သူလူထုထံ စုပေါင်း တာဝန် ယူသော စနစ် ကျင့်သုံးခွင့် ရှိရန် တောင်းဆိုနေကြခြင်းသာဖြစ်သည်။

ကျွန်တော်တို့မူလတောင်းဆိုချက်များဖြစ်သော ဗမာအမျိုးသားချည်းသာ ပါဝင်သည့် အာဏာကုန်ရှိ သည့် အမျိုးသားအစိုးရဖွဲ့စည်းပေးရေး တောင်းဆိုချက်နှင့်စာလျှင် ကျွန်တော်တို့များစွာ လျှော့ပေးထား ပါသည်။ အရေးကြီး သော ဌာနများဖြစ်သည့် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ နယ်စပ်ဒေသ အုပ်ချုပ်ရေး တို့ကို ဘုရင်ခံ လက်တွင်ပင်ထားရန်နှင့် ဘုရင်ခံရွေးချယ်ခန့်အပ်သည့် ဗမာကိုယ်စားလှယ် ဗြိတိသျှ ကိုယ်စားလှယ် တို့ကိုပင် လက်ခံရန် ကျွန်တော်တို့သဘောတူသည်။

အလွန်အရေးကြီးသောဌာနတစ်ခု ဖြစ်သည့် ဘဏ္ဍာရေးဌာနကိုပင် ဘုရင်ခံခန့်အပ်သူအားပေးရန် ကျွန်တော်တို့ မတွန့်တိုပါ။ ကျွန်တော်တို့ ၏တစ်ခုတည်းသော တောင်းဆိုချက်မှာ တိုင်းပြည်ကို အုပ်ချုပ်ရန် သူတစ်ဦးတွင်သာ တာဝန်ရှိသည်မှာ တရားဥပဒေအရ မှန်ကန်သော်လည်း ထုံးတမ်းစဉ်လာအရ သူ့အုပ်ချုပ်မှု ကို ဒီမိုကရေစီကျစေရန် တောင်းဆိုခြင်းသာဖြစ်သည်။ သို့သော် ကျွန်တော်တို့ အမည်သွင်းသူ ကိုသာ ပြည်ထဲရေးဌာနပေးရမည် ဟူသော စည်းကမ်းချက်တစ်ခု ထပ်ထည့်ထားသည်။

ဤစည်းကမ်းချက်ထည့်ထားခြင်းမှာ ရန်ညှိုး ကြောင့်၊ ကလဲ့စားချေလိုသောကြောင့်၊ ယုတ်မာသော ရည်ရွက်ချက် ကြောင့်မဟုတ်။ ဤစည်းကမ်းချက် ထည့်ရခြင်းမှာ ဂျပန်ပြည်သို့ စေလွှတ်သော အမေရိကန် သံအမတ်ကြီး ဂျိုးဇက်ဂရူးပြောဖူးသကဲ့သို့ ကျွန်တော်တို့ လူပုဂ္ဂိုလ်ရာထူးအရ စိုးရိမ်သောကြောင့်မဟုတ်။ ကျွန်တော်တို့တိုင်းပြည်တွင် ဖြစ်ခဲ့ဖူး သော အစဉ်အလာများကြောင့်သာဖြစ်သည်။ ကျွန်တော်တို့အဆိုမှာ အားလုံး တွေ့မြင်ကြသည့်အတိုင်း အလွန်ပင်မျှတသော အဆိုဖြစ်သည်။ သို့သော် ဘုရင်ခံက အကြောင်းတစ်စုံတစ်ရာကြောင့် ထိုအဆိုကို လက်ခံနိုင်ခြင်းမရှိ။

ဤတွင် လိပ်ခဲတည်းလည်းဖြစ်နေကြသည်။ ကျွန်တော်တို့မှာ များစွာအှေလျှာ့ပေးခဲ့ သည်မှာလည်း ကျွန်တော် တို့မှာ အားနည်းသောကြောင့်မဟုတ်။ လွန်ခဲ့သော သုံးနှစ်ကျော်ကာလအ တွင်း များစွာ ပျက်စီးဆုံးရှုံးခြင်း ခံခဲ့ရပြီးသည့်အတွက် အခက်အခဲနှင့်တွေ့နေရသည့် ဤအချိန်မျိုးတွင် အပျက်သဘောလုပ်ငန်းမျိုး မလိုအပ်ဟု ကျွန်တောတို့ ယူဆသောကြောင့်သာဖြစ်သည်။ ဘုရင်ခံသည် အရေးပါသော ကိစ္စများကို ဥပဒေအရ ချုပ်ကိုင်ထားရုံမက ကာကွယ်ရေး၊ ဘဏ္ဍာရေးစသော အရေးပါ သည့် ဌာနများကိုပါ ချုပ်ကိုင်ထားမှန်းသိပါလျက် ဤအနည်းဆုံး တောင်းဆိုချက်ကိုသာ တောင်းဆိုခဲ့ သည်မှာ ကျွန်တော်တို့တိုင်းပြည်၏လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငြိမ်းချမ်းစွာ ဆောင်ရွက်လိုသော ဆန္ဒကိုပြသလိုသောကြောင့်သာဖြစ်သည်။

သို့သော် ဤအတိုင်းဖြစ်မလာ၊ အာ ဏာလက်ဝယ်ထားသူများသည် လှပသောသဘောထားတို့ကို လျှာဖျား ကလေးဖြင့်သာ ပြောဆိုနေကြ ပြီး တိုင်းပြည်တွင် စီးပွားရေးဖက်ဆစ်စနစ် ထူထောင်ရန် ကြိုးပမ်း နေကြသည်။ သူတို့သည် တကယ့် ဖြစ်ရပ်တို့ကို မကြည့်မမြင်ဘဲ တိုင်းပြည်၏အများဆန္ဒကို ပြောင်ပြောင် တင်းတင်း ဆန့်ကျင်နေရကြ သည်။ ကမ္ဘာအနှံ့အပြားတွင် ကျွန်တော်တို့အကြောင်း ပုတ်ခတ် နေကြသည်။ စဉ်းစား၍ ရသမျှသော နည်းလမ်းတို့ဖြင့် ကျွန်တော်တို့အင်အားကို ဖြိုခွင်းနေကြသည်။ ကျွန်တော်တို့ကို အသေးအဖွဲ ရန်စမှုများ ကို အကြိမ်ပေါင်းများစွာ ပြုလုပ်နေကြသည်။ ကျွန်တော်တို့ကား ရန်ဖက် ပြိုင်လိမ့်မည်မဟုတ်။ ကျွန် တော်တို့သာ အဆုံးကလျှင် နိုင်ရမည်ကို ကျွန်တော်တို့သိသည်။

ကျွန်တော်တို့အင်အားကို ကျွန်တော် တို့သိသည်။ ကျွန်တော်တို့ကို ဆွပေးနေစရာမလို။ ကျွန်တော်တို့သည် ကျွန်တော်တို့၏အချိန်ဇယားအ တိုင်း ပြည်သူလူထုအား အလိုအပ်သော ဆုံးရှုံးနစ်နာမှုများမဖြစ်စေရဘဲ လွတ်လပ်ရေးဆီကို ချီတက် မည်။ ကျွန်တော်တို့စဉ်းစားနေသော ပြဿနာမှာ ဤပြဿနာများ ပင်ဖြစ်သည်။ ဘုရင်ခံက အမှန်တရား ကို ရှောင်တိမ်း၍ ပရိယာယ်ကြွယ်ဝလိုက ကြွယ်ပါစေ။ နိုင်ငံရေး ပြောက်ကျား နည်းပရိယာယ်နှင့် စီးပွား ရေးဖက်ဆစ်စနစ် မဟာသေနင်္ဂဗျူဟာကို ကျင့်သုံးလိုပါက ကျင့်သုံး ပါစေ၊ ကျွန်တော်တို့မှာ မတုန်လှုပ်။ သူ၏နိုင်ငံရေးပြောက်ကျားနည်း ပရိယာယ်မှာ ကျဆုံးရမည် သာဖြစ်သည်။ ပြောက်ကျားနည်း အောင် မြင်ရန်မှာ ပြည်သူလူထု၏ ထောက်ခံမှုသာဖြစ်၍ သူကား ပြည်သူ့ ထောက်ခံမှုကို ရလည်းမရ၊ ရလည်း မရနိုင်။

သို့ဖြစ်လျှင် ကျွန်တော်တို့လုပ်ငန်းစဉ်မှာ အဘယ်နည်း။ ယင်းလုပ်ငန်းစဉ်တို့ကို မည်သို့အကောင်အ ထည်ဖော်မည်နည်း။ ကျွန်တော်တို့ ရည်မှန်းချက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်၍ ဤရည်မှန်းချက်အောင် မြင်ရေး အတွက် ဗြိတိသျှအစိုးရထံ ကျွန်တော်တို့တောင်းဆိုထားချက်မှာ အရွယ်ရောက်သူတိုင်း မဲပေး သော ရွေးကောက်ပွဲဖြင့် တိုင်းပြည်ပြုလွှတ်တော်ဖွဲ့စည်းရေးဖြစ်ကြောင်း အားလုံးသိကြပြီး ကြားဖြတ် ကာလ အတွင်း အမျိုးသားအစိုးရဖွဲ့၍ ဤအမျိုးသားအစိုးရက ဗမာပြည်သူလူထုလက်ထဲသို့ အာဏာလွှဲ ပြောင်းပေးရေး အတွက် လိုအပ်သည်ဟု ယူဆသော အစီအမံအားလုံးကို ဗြိတိသျှအစိုးရနှင့်ဆက်သွယ် ဆောင်ရွက် နိုင်သော အာဏာရှိစေရန်ဖြစ်သည်။

သို့သော် ဗြိတိသျှအစိုးရကမူ ကျွန်တော်တို့ကို အကန့် အသတ်မရှိသော ကာလအဆုံး၌ ဒိုမီနီယံအဆင့်အတန်းဖြစ်သောသူတို့၏ လောကနိဗ္ဗာန်ပေးပါမည်ဟု ဝိုးတိုးဝါးတား ကတိပေးထားသော စက္ကူဖြူ စာတမ်းကိုသာပေးခဲ့သည်။ ယခု ကျွန်တော်တို့တောင်းဆို ချက်တို့ကို ဗြိတိသျှ အစိုးရက မလိုက်လျောပါက ကျွန်တော်တို့ ဘာလုပ်ကြမလဲဟု မေးစရာရှိလာသည်။ ရွေးကောက်ပွဲ ကျင်းပမပေးလျှင် ဘာလုပ်ကြမလဲ။ ဗြိတိသျှအစိုးရက ဆန္ဒသာရှိခဲ့ပါလျှင် ရွေးကောက်ပွဲ ကို ဆောလျင်စွာ ပြုလုပ် မပေးနိုင်စရာ အကြောင်းမရှိ။ လိုအပ်သော ပြင်ဆင်မှုတို့ကို ခြောက်လအတွင်း အပြီးလုပ်နိုင်သည်။ မပြီးနိုင်ဟု ဗြိတိသျှအစိုးရက ဆိုလာပါက သက်သက်မဲ့ ဆင်ခြင်ပေးနေခြင်းသာ ဖြစ်လိမ့်မည်။

ရွေးကောက်ပဲါအတွက် ပြင်ဆင်စရာဘာမှမလိုပါ။ မဲဆန္ဒရှင်စာရင်းသာလျှင် ပြုလုပ်ရန်လို ပါသည်။ ရွေးကောက်ပွဲလုပ်နိုင်ရန်အတွက် လုံလောက်သော လမ်းပန်းဆက်သွယ်မှုလည်းရှိနေပါသည်။ ယခင်အခါ များက လမ်းပန်းဆက်သွယ်မှု အခြေအနေ ယခုထက်ဆိုးဝါးနေသည့်အကြားမှ ရွေးကောက် ပွဲများ ပြုလုပ်ခဲ့ဖူး ပါသည်။ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်းကိုလည်း လွယ်ကူစွာပင်လုပ်နိုင်ပါသည်။ ဤ ကိစ္စ အကြောင်း လည်း ကျွန်တော်တို့ကို ပြောခဲ့ဖူးပါပြီ။ ဤကွန်ဂရက်တွင်လည်း ထပ်မံတင်ပြပါဦးမည်။ ကျွန်တော် တို့ ထပ်ပြောရန်မလိုပါ။ အခြားသူများပြောပြီးခဲ့ပါပြီ။ မဲဆန္ဒရှင်စာရင်းကို ခြောက်လအတွင်း အပြီး လုပ်နိုင်ပါသည်။ ယခင်အခါများကလည်းကောင်း၊ အခြားဒေသတို့တွင်လည်းကောင်း ဖြစ်အောင် လုပ်ခဲ့ကြပါပြီ။ အခြားဘာပြင်ဆင်ရန်လိုပါသလဲ။ တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲကျင်းပနိုင် မည့် အခြေအနေ များ ဖန်တီးပေးရန်လိုပါသည်။ ကျွန်တော်တို့ သဘောတူပါသည်။

ကျွန်တော်တို့က တော့ ကဖျက်ယဖျက်လုပ်မည်မဟုတ်ပါ။ "တိုင်းပြည်မှာ ငြိမ်းချမ်းမှုရှိရမည်" မှန်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင် ယခင်ကလည်း ရှိခဲ့သော၊ ယခုလည်းရှိနေသော ဗြိတိန်ပြည်အပါအဝင် အခြားတိုင်းပြည် တို့တွင်လည်းရှိနေသော ဓားပြမှု အနည်းအကျဉ်းမှအပ ငြိမ်းချမ်းမှုရှိသည်ဟု ကျွန်တော်ဆိုချင်ပါသည်။ အရှေ့တိုင်းတွင် ကျွန်တော်တို့နိုင်ငံသည် ငြိမ်းချမ်းမှုအရှိဆုံးပင်ဖြစ်သည်။ ဤသို့ရှိပါလျက်နှင့် ရွေး ကောက်ပွဲ ကျင်းပမပေးလျှင်ကော၊ ထိုအခါ သမိုင်းဖြစ်စဉ်၏ယုတ္တိတရားက ကျွန်တော် တို့ အတွက် ဆုံး ဖြတ်ပေးလိမ့်မည်။ ကျွန်တော်တို့ပြည်သူအကူအညီနှင့် ကျွန်တော်တို့ပြည်ကို ပြန်လည်ထူထောင်ပါ မည်။

ဤကွန်ဂရက် တွင် လုပ်ငန်းစဉ်အကြမ်းတစ်ခု ကျွန်တော်တို့တင်ပြပါမည်။ ဤလုပ်ငန်းစဉ်အ ကြောင်း ကျွန်တော် မပြောလိုတော့ပါ။ အနည်းငယ်သာပြောလိုပါသည်။ လုပ်ငန်းစဉ်မှာ အတော်အတန် ပြည့်စုံ သော လုပ်ငန်းစဉ်ဖြစ်သော်လည်း ဤလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ ပထမပိုင်းတွင် ရည်မှန်း ချက်အလွန်အကျွံထား၍ မဖြစ်။ ကျွန်တော်တို့သည် သင့်တင့်သောနေရာမှ အစပြု၍ တစ်ဖြည်းဖြည်း ဖွံ့ ဖြိုးကျယ် ပြန့်လာစေရမည်။ ကျွန်တော်တို့လုပ်ငန်းကို သူ့အစီအစဉ်နှင့်သူ လုပ်၍ သက်သာချောင်ချိရေး၊ ထောက်ပံ့ရေး၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငြိမ်ဝပ်ပိပြားရေး၊ ပညာရေး၊ အိုးအိမ် ပြန်လည် ထူထောင်ရေး၊ ပြည်သူ့ကျန်းမာရေးတို့မှစ၍ တစ်စတစ်စ တိုးတက်ဆောင်ရွက်သွားရမည်။ ကျွန်တော် တို့ အောင်မြင်မှုအတွက် လိုအပ်သောအခါတိုင်းနှင့် ဖြစ်နိုင်သောအခါတိုင်းတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုသော အခြေခံမူကို ကျင့်သုံးကြရမည်။

ကျွန်တော်တို့ရွေးကောက်ပွဲတော့ ကျင်းပပေးပြီး တိုင်းပြည်ပြု လွှတ်တော်ဖွဲ့မပေးလျှင် ဘယ်လိုလဲ၊ ကျွန်တော့် အမြင်မှာ တိုင်းပြည်ပြုလွှတ်တော်မှာ မိုးပေါ်မှကျလာမည်မဟုတ်။ ဖြစ်ရပ်ဖြစ်စဉ်တို့အရ ပေါ် ထွက်ရမည် သာဖြစ်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲကျင်းပပေးလျှင် ပြည်သူတို့၏အကူအညီဖြင့် ရွေး ကောက်ပွဲ တွင် အနိုင်ရအောင်လုပ်ပြီး ဗြိတိသျှအစိုးရအား ကျွန်တော်တို့လိုလားချက်များကို ပေးရန်၊ မပေးက မပေးသည့်အလျောက် ဖြစ်ပေါ်လာမည့်ဂီတသံကို နာခံရန် အကြပ်ကိုင်ရမည်။

ကျွန်တော်တို့ ပြည်သူတို့၏ကံကြမ္မာကို ဖန်တီးနိုင်မည့် တရားဝင်ဆောင်ရွက်နိုင်သော အခွင့်အရေး များ မရရှိပါလျှင် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့အာဏာရရှိရေး၊ လွတ်လပ်ရေးအတွက် ပြန်လည် ထူထောင်သွား မည်။ ဤသို့ဆိုခြင်းအားဖြင့် အချို့လိုလားနေကြသည့် စင်ပြိုင်အစိုးရထူထောင်ရေးဟူသော တိုးတက်မှု မရှိသည့် သဘောတရားကို ကျင့်သုံးမည်ဟု ဆိုလိုခြင်းမဟုတ်။ ဤနည်းမှာ အနုမြူဗုံးထက် အင်အား ကြီးမားသော တစ်ခဲနက်သော ပြည်သူ့သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူလူထုသည် သူတို့၏တည်ဆောက်နိုင်မှု စွမ်းအားနှင့် သမိုင်းတွင်ပါဝင်ရမည့် အခန်းကို ကောင်း စွာသဘောပေါက်စွာနှင့် စုစည်းစည်းရုံးမိပြီဆိုလျှင် ဤပြည်သူတို့၏ထိုးစစ်ကို မည်မျှကြီးမားသော အသက်မရှိသည့် ရုပ်ဝတ္ထုအင်အားကမှ ခုခံနိုင်စွမ်းရှိတော့မည်မဟုတ်။
(၄)

ဤကိစ္စနှင့်တစ်ဆက်တည်း နိုင်ငံတွင်းရှိ ပြည်သူအားလုံးကို ကျွန်တော်တို့ အမျိုးသားပန်းတိုင်အရောက် ချီတက်ရေးအတွက် စုစည်းစည်းရုံးရမည့် တာဝန်အကြောင်းပြောရန် လိုအပ်လာပါသည်။ ပထမဆုံး ဆောင်ရွက်ရမည့်ကိစ္စကား အမျိုးသားညီညွတ်ရေးပင်ဖြစ်သည်။ ယနေ့ အမျိုးသားညီညွတ်ရေးကို သရုပ်ဆောင်သည့် (ဖဆပလ)အဖွဲ့ကြီးရှိပြီ။ ဤအဖွဲ့ကြီးကို ကျွန်တော်တို့ပိုမိုသိပ်သည်း ဖွံ့ဖြိုးအောင်၊ စနစ်တကျဖြစ်အောင် ဆောင်ရွက်ရမည်။ အဖွဲ့ကြီးအား ဖွဲ့စည်းအုပ်ချုပ်မည့် ပုံသဏ္ဍာန်နှင့် ပိုမိုကောင်း မွန်တိုးတက်စေမည့် အစီအစဉ်တို့ကို ကျွန်တော်တို့အကြံပေးတင်ပြခဲ့ပြီ။ သို့သော် ဤနေရာ၌ အမျိုး သားညီညွတ်ရေးဆိုသည်မှာ ဘာဖြစ်သည်၊ ဘယ်လိုပုံသဏ္ဍာန်ရှိရမည်ဆိုသည့်အကြောင်းကို ဆွေးနွေး လိုပါသည်။ အမျိုးသားညီညွတ်ရေးဆိုသည်မှာ ထိပ်ပိုင်းညီညွတ်ရေးကိုသာ ဆိုလိုခြင်းမဟုတ်။ လူမျိုးမ ရွေး၊ ဘာသာမရွေး၊ ကျားမမရွေး၊ ဂိုဏ်းဂဏပါတီမရွေး၊ အမျိုးသားတာဝန်နှင့် အမျိုးသားရည်မှန်းချက် များအတွက် အပြောနှင့်သာမဟုတ်။ အလုပ်တွင်ပါ ညီညွှတ်သော ညီညွတ်ရေးကို ဆိုလိုခြင်းဖြစ်သည်။

ညီညွတ်ရေးပုံသဏ္ဍာန်နှင့်ပတ်သက်၍ကား ပါတီအားလုံးသည် မိမိတို့၏ပါတီတို့ကို အမျိုးသားအဖွဲ့ကြီး နှင့် လုံးဝပူးပေါင်းပစ်ရမည်ဟူသော အယူအဆမျိုးလည်းရှိသည်။ ဤအယူအဆမျိုးရှိသူများ၏ ပါတီများ တည်ရှိနေက အမျိုးသားလှုပ်ရှားမှုကြီး၏အင်အားလျော့ပါးစရာရှိသည်ဟု တကယ်ပင်စိုးရိမ်နေကြ သည်။ သို့သော် ကျွန်တော်တို့ ဤပြဿနာကို လက်တွေ့ပြဿနာအဖြစ် ချဉ်းကပ်ရန်လိုသည်။ ပါတီ ဆိုသည်မှာ ကျွန်တော်နားလည်ထားသလို လောလောဆယ်ပြဿနာများနှင့်ပတ်သက်၍ အယူအဆတူ ကြသူ အလုပ်သမားဖြစ်စေ၊ လယ်သမားဖြစ်စေ၊ အခြားလူတန်းစားဖြစ်စေတို့၏ တိကျသော အကျိုးစီး ပွားကို ကိုယ်စားပြုကြသူတို့၏ပေါင်းစည်းထားရာဖြစ်သည်ဆိုပါမူ ဤပါတီများကို ဖျက်သိမ်းလိုက်သည် ဆိုစေကာမူ လက်တွေ့တွကင် ဆက်လက်တည်ရှိနေမည်သာ ဖြစ်လေသည်။

 အရေးကြီးသည့် အချက် မှာ သူတို့တည်ရှိသင့် မတည်ရှိသင့်ဆိုသော အချက်မဟုတ်ဘဲ သူတို့က အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင်သည့် ပါတီရေးလုပ်ငန်းများ မပြုလုပ်ကြရေးသာဖြစ်သည်။ အမျိုးသား ပြဿာနာ တိုင်းတွင် သူတို့သည် ဂိုဏ်းဂဏစိတ်ကင်းရှင်းစွာဖြင့် အတူတကွ တညီတညွတ်တည်း လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုသည်။ ပါတီအနေနှင့် သူတို့၏ လုပ်ရမည့်လုပ်ငန်းမှာ ယခုကွန်ဖရင့်ကဲ့သို့သော အမျိုးသားအဖွဲ့အ စည်းကြီး၏ကိုယ်စားလှယ်များအား သူတို့အတွေးအခေါ်ကို လက်ခံလာအောင် ကြိုးပမ်းရေးသာဖြစ် လေသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့အခန်းမှာ ပညာပေးရေးအခန်းသာဖြစ်၍ ပါတီလုပ်ငန်း ဆောင်ရွက်ရေး အခန်းမဖြစ်စေရ။

 ဤသို့သာ ဖြစ်ပါလျှင် ပါတီများတည်ရှိနေ၍ ကျွန်တော်တို့အဖွဲ့အ စည်းကြီး အင်အားနည်းသွားလိမ့်မည် မဟုတ်။ ဤနည်းအားဖြင့် ပိုမို၍မြင့်မားသော ညီညွတ်ရေး ပုံ သဏ္ဍာန်တစ်ခုအဖြစ် တစ်ခဲနက် ဖွံ့ဖြိုး တိုးတက် နိုင်စေလိမ့်မည်။ ဤသည်သာလျှင် ကျွန်တော်တို့၏ အခြေခံလုပ်ငန်းတစ်ခုဖြစ်သည်။

ထို့နောက် ကျွန်တော်တို့ဝါဒဖြန့်ချီရေး၊ စည်းရုံးရေး၊ ပြန်လည်ထူထောင်ရေးတို့နှင့်ပတ်သက်သော မြောက်မြားစွာသော ပြဿနာများကို ကိုင်တွယ်ရမည်။ ဤကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်း ပြည် အတွက် တာဝန်ယူလိုစိတ်ရှိသောသူ၊ တာဝန်ယူရန် အရည်အချင်းရှိသောသူ၊ စီမံတတ်သူ၊ လုပ် ငန်း အကောင်အထည်ဖော်တတ်သူ၊ လုပ်ငန်းအကောင်အထည်ဖော်မည့် သူများအား လေ့ကျင့်ပေးနိုင် သူများ ကျွန်တော်တို့ လိုလားသည်။ တစ်နည်းအားဖြင့်ဆိုသော် ကျွန်တော်တို့မှာ နိုင်ငံရေးနှင့် စီးပွားရေး တာဝန် များ စီမံကိန်းချရေး၊ ညွှန်ကြားရေး၊ လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် ကောင်းစွာ တည်ဆောက်ထားသော ဗဟိုဌာနချုပ်တစ်ခုရှိရမည်။

ဤကိစ္စအတွက် အရည်အချင်းပြည့်စုံသော ပြည် သူများအနက်မှ မိမိတို့၏လုပ်အားကို တိုင်းပြည်လက်သို့ အပ်လိုသော စေတနာ့ဝန်ထမ်းများ အများအ ပြားလိုသည်။ သို့ဖြစ်၍ ယခု ကျွန်တော်က စိတ်ဆန္ဒရှိသူများသည် ကျွန်တော်တို့အဖွဲ့ကြီးတွင် လာ ရောက်တာဝန်ယူကြပါရန်၊ ၎င်းတို့၏ အမည်စာရင်းပေးသွင်းကြပါရန်၊ ကျွန်တော်တို့လုပ်ငန်းဆောင်ရွက် ရာတွင် ဘယ်လိုကူညီသည်၊ ဘယ်လောက် ကူညီနိုင်သည်ကို ပြောကြပါရန် ဖိတ်ခေါ်လိုက်ပါသည်။ သူတို့၏ဆောင်ရွက်မှုတို့ကို ကျေးဇူး တင်စွာဖြင့် လက်ခံပြီး တိုင်းပြည်အနေနှင့် ထာဝစဉ်သတိရနေလိမ့် မည်သာ ဖြစ်သည်။

သို့သော် ဤမျှနှင့်မရသေး။ ဤဗဟိုဌာနချုပ်ကြီးတွင် ဝါဒဖြန့်ချိရေးလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများလုပ်ရန်အတွက် ခေတ်မီကိရိယာတန်ဆာပလာနှင့် နည်းစနစ်များ လိုသေးသည်။ သို့ ဖြစ်၍ ကျွန်တော်တို့အဖို့ နောက်ဆုံးနှင့် အရေးအကြီးဆုံးသောပြဿနာ၊ ရန်ပုံငွေဆိုသော ပြဿနာသို့ ရောက်လာသည်။ ကျွန်တော်တို့မှာ ရန်ပုံငွေတောင်တင်းစွှာိရမည်။ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ လာနိုင်လောက်မည့် ရန်ပုံငွေကိုရနိုင်မည့် နည်းလမ်းများကို ရှာရမည်ကတော့ အမှန်ပင်ဖြစ် သည်။ သို့သော် ရှေးဦးစွာ ဤအဖွဲ့ကြီးကို ရန်ပုံငွေထောက်ပံ့ရန်မှာ ပြည်သူတို့တာဝန်ဖြစ်သည်။ ဤအ ဖွဲ့ကြီး မှာ အမှန်အားဖြင့် ပြည်သူတို့အဖွဲ့ကြီးသာဖြစ်သည်။

ဤသည်တို့မှာ ကျွန်တော်တို့ ရင်ဆိုင်နေကြရသော တာဝန်များဖြစ်သည်။ သို့ဖြစ်၍ ဤတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြစို့ဟု ယခု ဖိတ်ခေါ်လိုက်သည်။ ကျွန်တော်တို့ ကံကြမ္မာကို ကျွန်တော် တို့ဘာသာ ဖန်တီးနိုင်စွမ်း၊ ဖျက်ဆီးနိုင်စွမ်းရှိသည်။ အဓိကအားဖြင့် ကိုယ်၏တည်ဆောက်မှုစွမ်းအားကို ကိုယ်သံသယမဖြစ်ကြနှင့်။ ဤစွမ်းအားမှာ တောင်များကိုလည်းကောင်း၊ မိုးကောင်းကင်ကိုလည်း ကောင်း ရွှေ့ပြောင်းနိုင်စွမ်းရှိသည်။ ကိုယ့်အင်အားကိုကိုယ်သိ၍ ၎င်းအင်အားဖြင့်သမိုင်း၏ဘီးတို့ကို စ နစ်တကျ လည်ပတ်လေအောင် ခိုင်မြဲစွာဆက်စပ်ပေးပြီးသော ကျွန်တော်တို့ပြည်သူတို့၏ ညီညွတ်သော ဆန္ဒနှင့် ဉာဏ်ပညာ တို့ကို မည်သည့်မိုးမြေက ခုခံတားဆီးနိုင်စွမ်းရှိပါမည်နည်း။ ကျွန်တော်တို့မှာ စနစ် ကျသော တိုးတက်မှု အတွက် ဆောင်ရွက်နေကြပြီဖြစ်သည်။ ပြည်သူလူထု၏စိတ်ရောကိုယ်ပါ ပူးပေါင်း ဆောင်ရွက်မှု ဖြင့် ကျွန်တော်တို့၏လွတ်လပ်ရေးကို ငြိမ်းချမ်းစွာနှင့်ဆောလျင်စွာရယူမည်ဖြစ်သည်။

ဆက်ရန်
Read more →