Thursday, August 29, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၁)

,


အောင်ဆန်းအက်တလီနှင့် ဗမာပြည်

၁၉၄၇ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပမည့် " တိုင်းပြည်ပြုလွှတ်တော်" ရွေးကောက်ပွဲ မကျင်းပမီ ရက် အနည်းငယ် အလိုတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူရေးသားထားသော " အောင်ဆန်းအက်တလီ နှင့် မြန်မာပြည်" ခေါင်းစဉ်ဖြင့် ဆောင်းပါးကို " အိုးဝေ " သတင်းစာဖြင့် ဗမာ့ခေတ်၊ မြန်မာ့အလင်း၊ ဂျာနယ်ကျော်၊ ဟံသာဝတီ၊ သူရိယ၊ လွတ်လပ်ရေး၊ သံတော်ဆင့် စသည့် မြန်မာနေ့စဉ် သတင်းစာတို့တွင် တစ်နေ့တည်း တစ်ရက် တည်းပြိုင်တူထည့်သွင်း ဖော်ပြပေးရန် ကျွန်တော့် အား တာဝန်ပေးခဲ့ပါသည်။

သတင်းစာတိုက် အားလုံးလိုလိုမှ ပုဂ္ဂိုလ်များမှာ ကျွန်တော်နှင့် ခင်မင်ရင်းနှီးစွဲရှိသည့်အတိုင်း ဆရာကြီး၏ ဆန္ဒ ကို ရှင်းလင်း ပြောပြချဉ်းကပ်ပါသော်လည်း ညှိနှိုင်းမရအောင် ဖြစ်ခဲ့ရပါသည်။ သို့နှင့် ဤဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ " အောင်ဆန်းအက်တလီနှင့် မြန်မာပြည် " ဆောင်းပါးသည် ကျွန်တော့်ထံတွင် နှစ် ပေါင်း ၄၀ နီးပါး သောင်တင်၍ နေခဲ့ပါသည်။
ဆရာကြီး ၏ စေတနာမေတ္တာကို ဖော်ပြထားသော ထို ဆောင်းပါးလက်ရေးစာမူကို မူရင်းအတိုင်း ဒဂုန်မဂ္ဂ ဇင်း တွင်ဖော်ပြပေးနိုင်ရန်ပေးပို့ လိုက်ပါသည်။

ဆောင်းပါးထဲတွင် ဆရာကြီး၏ " အလင်္ကာဒွေးချိုးကြီး" ပါရှိပါသဖြင့် မြန်မာကဗျာလေ့လာလိုသူများ၊ ဆရာကြီး ၏ စာများကို မြတ်နိုးခုံမင်ကြသော မြန်မာစာဖတ် ပရိသတ်ကြီးမှာ ဆရာကြီး၏ လက်ရေးမူနှင့် ရေးထိုး ထားသော လက်မှတ်ကိုလည်း အမှတ်တရအနေဖြင့် ထိန်းသိမ်းထားသင့်ကြသည်ဟုလည်း ယူဆ ပါ သည်။
ထို့ကြောင့် ဒဂုန်မဂ္ဂဇင်းမှ တစ်ဆင့်ဖော်ပြပေးခြင်းဖြင့် မြန်မာစာဖတ် ပရိသတ်ကြီးအတွက် အကျိုး မုချ ရှိမည် ဟု ယုံကြည်ပါသည်။
အောင်ဆန်းအက်တလီနှင့် မြန်မာပြည်

၁၉၄၇ ခုနှစ်၊ ဧပြီလ။ ၇ ရက်နေ့တွင် ကျင်းပမည့် " တိုင်းပြည်ပြုလွှတ်တော်" ရွေးကောက်ပွဲ ကျင်းပမီ ရက် အနည်းငယ် အလိုတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူရေးသားထားသော " အောင်ဆန်း အက်တလီ နှင့် မြန်မာပြည်" ခေါင်းစဉ်ဖြင့် ဆောင်းပါးကို " အိုးဝေ" သတင်းစာဖြင့် ဗမာ့ခေတ်၊ မြန်မာ့အလင်း၊ ဂျာနယ်ကျော်၊ ဟံသာဝတီ၊ သူရိယ၊ လွတ်လပ်ရေး။ သံတော်ဆင့် စသည့် မြန်မာ နေ့စဉ် သတင်းစာတို့တွင် တစ်နေ့တည်း၊ တစ်ရက်တည်း ပြိုင်တူထည့်သွင်း ဖော်ပြပေးရန် ကျွန်တော့် အား တာဝန်ပေးခဲ့ပါသည်။

သတင်းစာတိုက် အားလုံးလိုလိုမှ ပုဂ္ဂိုလ်များမှာ ကျွန်တော်နှင့် ခင်မင်ရင်းနှီးစွဲရှိသည့်အတိုင်း ဆရာကြီး၏ ဆန္ဒ ကို ရှင်းလင်း ပြောပြချဉ်းကပ်ပါသော်လည်း ညှိနှိုင်းမရအောင် ဖြစ်ခဲ့ရပါသည်။ သို့နှင့် ဤဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ " အောင်ဆန်းအက်တလီနှင့် မြန်မာပြည် " ဆောင်းပါးသည် ကျွန်တော့်ထံတွင် နှစ်ပေါင်း ၄၀ နီးပါးသောင်တင်၍ နေခဲ့ပါသည်။
ဆရာကြီး၏ စေတနာမေတ္တာကို ဖော်ပြထားသော ထိုဆောင်းပါးလက်ရေးစာမူကို မူရင်းအတိုင်း ဒဂုန်မဂ္ဂဇင်း တွင်ဖော်ပြပေးနိုင်ရန် ပေးပို့လိုက်ပါသည်။

ဆောင်းပါးထဲတွင် ဆရာကြီး၏ " အလင်္ကာဒွေးချိုးကြီး " ပါရှိပါသဖြင့် မြန်မာကဗျာလေ့လာလိုသူများ၊ ဆရာကြီး ၏ စာများကို မြတ်နိုးခုံမင်ကြသော မြန်မာစာဖတ် ပရိသတ်ကြီးမှာ ဆရာကြီး၏ လက်ရေးမူနှင့် ရေးထိုးထားသော လက်မှတ်ကိုလည်း အမှတ်တရအနေဖြင့် ထိန်းသိမ်းထားသင့်ကြသည်ဟုလည်း ယူဆ ပါသည်။
ထို့ကြောင့် ဒဂုန်မဂ္ဂဇင်းမှ တစ်ဆင့်ဖော်ပြပေးခြင်းဖြင့် မြန်မာစာဖတ် ပရိသတ်ကြီးအတွက် အကျိုးမုချ ရှိမည် ဟု ယုံကြည်ပါသည်။

အောင်ဆန်းအက်တလီနှင့်မြန်မာပြည်

ယခုအခါ ကျွန်ုပ်တို့ဗမာပြည်တွင် အာကင်သို့သော အောင်ဆန်းအက်တလီစာချုပ်နှင့်အညီ ဤမည်သော တိုင်းပြု ပြည်ပြု ရွေးကောက်ပွဲကြီးနှင့် စပ်လျဉ်း၍ ယင်းသို့သော ဖဆပလ။ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ တစ်သီး ပုဂ္ဂလ၊ သခင်၊ ထို့ပြင် တလော စော-စိန်-မော်-ပေါ်တို့ မလျော်သော ရန်ဖြစ်မှုကြီးကို ပြီးငြိမ်းစေလို သော ဆန္ဒဖြင့် ကာလဟ ၀ိနိစ္ဆယဋီကာစာကျမ်းကို ကြိုးပမ်းတော်မူလေသောအကြံဖြင့် အဟံ၊ အရည်းပီပီ၊ ခရီးလည်လျက်၊ ယောဂီဓလေ့၊ တောမှီမွေ့မဟဲ့လို့၊ လောကီဓလေ့ ပစ်ခွာခဲ့ပြီ။

ဟောဒီ မအေ့ချစ်စရာတို့နှင့် မြစ်အညာတစ်ခွင် အကြင်ဆိုသလိုနော် စစ်ကိုင်း၌ သခင်ကိုယ်တော်မှိုင်းဟု ရှင်ဘုရင် ကိုယ်တော်ကို၊ အကြင် အကြိုတော် အဆိုတော်တွေနှင့် အအိုတော် အပျိုတွေဝိုင်းသကဲ့သို့၊ ချောင်တိုင်း ချောင်တိုင်းမှာ သမုတ်အပ်သော အကျွန်ုပ်သည် အသမံ၊ မျက်ကြီးမာန်ကြီး ထန်သတည်းဟု ရန်မီးကိုမွှေးသဖြင့် မအေးသေး၊ မငြိမ်းသေးသော ကလဟံ၊ သူကတစ်ဖုံ၊ ငါကတစ်ဖုံနှင့် ငြင်းခုံစကား ခိုက်ပွားမာန်ယစ် ရန်ဖြစ် ခြင်းကို သမထေဒံ၊ သမထေ ဒေန၊ ရ လီသမထ ၀ိနယဟု ရသမြိုက်ဆေး မြန်းရေအေးဖြင့် သမံ၊ ရန်ကြီးအဟုတ်၊ မာန်မီးပုံကို ချက်ကုံဖြိုးကြွေ့၊ မိုဃ်းဓလေ့သို့ ခိုးငွေ့မသန်း၊ တိုး၍ ဖျားချမ်းလေ အောင် ငြိမ်းဖျမ်းတော်မူထသော ဇနဉ္စ၊ အောင်လံတလူလူ တန်ဆောင်ထူလျှက် အောင်သူများထီး အောင်သီးချွေဆွက် ဘုရားမြတ်ကို လည်းကောင်း အစရှိသည်ဖြင့် ရေးနေတုန်း တန်းလန်း မှာ အင်္ဂလိပ်နှင့်ပူးပေါင်းချင်တဲ့၊ တကောင်းသူမ သီလရင် သန္ဓနီနှင့်၊ ရုရှားနှင့် တွဲချင်ပေသော သရေခေတ္တာသူ ရသေ့မ ဘေဒါရီတို့က ဤသို့သော အောက်ပါ ဒွေးချိုးကြီး အလင်္ကာဖြင့် ဆရာ့ကို လျှောက်ထားကြပုံဖြင့်။ အဘယ်သို့ လျှောက်ထားပါသနည်းဟူမူ

အလင်္ကာဒွေးချိုးကြီး

တစ်ခေတ်မှာ သာပါတယ်၊ ချစ်စရာတကယ် နေခြည်မညို့နိုင်တဲ့၊ ရွှေပြည်မြို့သူ ဘေဒါရီ ဒကာမရယ်နှင့်၊ ရွှေအညာဆီဌာနမှာ မြို့တကောင်း သံသယတွင်ုမှ၊ မျှို့ကောင်းဖန်သအောင် တစ်ဥာဏ်ရှိပေတဲ့၊ သန္ဓိနီပါ တပဲ့မနှစ်ဦးရယ်က၊ ကနွဲ့ကရ ပလူးကာ တကဲ့ဆရာ့ နှူးချင်ရော့သလာ့ ... (သြော်) ဒူးတကွကွ ဦးတချချ နှင့်၊ ဖူးကြတာမနား။ အမှုလာပုံ၊ ဇမ္ဗူမြန်မာဘုံမဖြင့်၊ တစ်အာရုံဖြေဖျော်တော်မူဘို့၊ ကဝေ အကျော်အမော် ကို ရွှေနားတော် သွင်းရပါတော့၊ ... (သြော်) အချင်းချင်းမမျှ၊ အတင်းထိထပြီး၊ ငြင်းကြခုံကြ၊ ဂဠုန်မတွေလို အုံတဖွဖွနှင့် စောင်းသယောင် မြောင်းသယောင် ခေါင်းဆောင်အမျိုးမျိုးတွေကြောင့်၊ တောင်ရိုး အကုန် အသရေညှိုးရတဲ့ပြင်၊ ချောင်မျိုးစုံ သဝေထိုးလုပါပေါ့၊ ရွှေဂိုးနှင့် ပြည်ရွှေတောင်မလို ဘီအေကောင်တွေ ကလဲ တစ်ကောင်တစ်လေမှ မရှိတာကြောင့်၊ က၀ိ ခုံတောတင်လို့မို့၊ ဒဂုံမော်တစ်ခွင် မှာ တမှိုင်းမှိုင်းမက်ရ တဲ့၊ စစ်ကိုင်းဘက် စခန်းဆီက၊ ကသိုဏ်းကွက်မှန်းစရာ ဘန်းရတနာ အများရယ်က၊ တရားနာပရစီလို့ ညညီလာ အခံမစဲမီပ၊ ဆရာ့ဋိကာ အလံမလှဲရအောင်၊ ... ဘန်းဗဟိုပျော်တွေမှာ၊ ကမ္မဋ္ဌာန်းကိုယ်တော်နှင့် နွှဲရပါလိမ့်၊ (အမယ်မင်း) အခွဲအတွဲနှစ်ရပ် အကွဲအပြဲ သတ်ကြမည့်၊ အဆဲဇာတ်နှစ်မူ အသွားကိုဖြင့် ... (အို ကျေးဇူးရှင်ကြီးရဲ့) အလဲလဲအထပ်ထပ် အကဲခတ်ခတ်ပြီး၊ ပွဲပြတ်တော်မူပါဘုရား။

ကျွန်ုပ်တို့သည် ဤသို့သော ကဗျာအသွားကို ကြားရသနဲ့။ အိုတပဲ့မအပေါင်း၊ သူတော်ကောင်းတို့၊ ယင်းသို့ သောအခါမှာ မေတ္တာကရုဏာ၊ သစစာအဓိဋ္ဌာန်တရားကိုသာ ပွားများကြပါ။ ဆရာမူကား ဘယ်သူ ဘယ်ဝါ ကိုယ့်ဒကာဟု ပမာမထား။ မမှားသော တရားသောဘက်က အချက်ကျကျ၊ လှလှပပ နိုင်ပါစေသတည်းဟု သစ္စာ အဓိဋ္ဌာန်မူမိကြောင်းများကို အောက်နားကပါရှိသည့် အနှီသည် လေးချိုးကဗျာ တစ်ပုဒ်ကို ခတ်သုတ် သုတ်ရေးသား၍ ပေးသနားလိုက်သောဟူ၏။

သစ္စာဓိဋ္ဌာန်ဘွဲ့ လေးချိုးကြီး

(၁)    လောကီလူ့ဘောင် အိမ်ထောင်သားကို မွေးကြတော့၊ သဘောသီသီ၊ နုသယောင် အရှိန်တပြောင် ပြောင် ကြွားလိုရေးတွေနှင့်၊ တရားဗြဟ္မစိုရ်ဝေးသူတို့ တစ်နွေးထဲ နွေးသကွယ် (အိုကွယ်) အများထိုခို အကြွေးတွေနဲ့ အေးလဲမအေးဘွယ်။

(၂)    သြော် ဒေါင်းတမျှို့ရယ်နှင့်၊ တကောင်းမြို့ဆီက၊ ပေါင်းဖို့ အကြံရှိပေတဲ့၊ သန္ဓိနီ ရဲမေ ဒကာမရယ် နှင့်၊ ရဲနေကျ ပြေဌာနီ ဘေဒါရီတို့က၊ နှစ်ထွေနှစ်ဖြာမညီ အနှီလို လျှောက်ပြန်သနဲ့၊ ... ဆရာ့နောမှာ ဒကာမ ပဒေသာပေါက်သလိုပ၊ နှစ်ယောက် နှစ်ဖြာ ကွဲချိန်ထင့်၊ အရောက်အလာမနည်းမူ၍ ...၊ ကမ္မဋ္ဌာန်း အလုပ် မတွင်ကျယ်အောင်၊ ဘန်းစမုန် ပလ္လင်ဝယ်ပြီးပြန်ပေါ့၊ ခွဲဖို့ တွဲဖို့ နှစ်လီနှစ်သွယ်ပေနော်ကွယ်၊ မနဲသမို့ အဲအနို့ ပွဲသို့ စည်တယ်။

(၃)     လ ဧပြီ ၉ရက်အဆန်းတွင်ဖြင့်၊ မြန်မာ့ရွှေပြည် သတိုးအဆက်လွမ်းလောက်အောင်၊ အညှိုးမပျက် အကြမ်းတွေနှင့်၊ အခွဲမတွဲ တပည့်အနယ်နယ်  ပွဲကြည့်မကွယ်ကြည့်မယ်လို့ တကယ်နှစ်ကယ်ကြည်း၊ (အိုကွယ်) မဲထည့်မယ် မထည့်မယ်နှင့် နှစ်သွယ်နှစ်နည်း။

(၄)    ကောင်းချီးသင်္ခါ၊ (ဒေါင်း)ထီးယာဉ်သာဘို့၊ ဂေါင်းကြီးတွေတင်ရာက၊ ပေါင်းပေါင်းစည်းစည်း မကြင် နာတဲ့၊ အင်ပါယာဆိုတဲ့ ခေတ်တွင်ဖြင့်၊ အ ကြင်အခါ မလျှိုတဲ့ တပဲတွေရဲ့၊ ထိုထိုအဖွဲ့ မချစ်သာသနှင့်၊ အဆစ်မပါချင်မို့လဲ၊ အပြစ်အရာရာ မြင်လို့မို့၊ ဆရာသခင် ကရုဏာပွားသူက၊ ... ဇမ္ဗုခေတ်မြန်မာမှာ သစ္စာ မေတ္တာကလဲ ပါးချိန်မို့၊ ... (သြော်) ယခုအဖြစ် မသာမယာမှာ ဘသူ့မှ မချစ်ပါဘု၊ ဥပေက္ခာထားရော့မယ် လို့၊ ဓမ္မဓိဋ္ဌာန်ဆုပန်လို့ တောင်းရပါတော့၊ ဆရာ့ဟိတ်တခံ ကုသလံအပေါင်းတို့ကြောင့်၊ ... (အမယ်မင်း) မကောင်းသောသဘောနှင့် လောင်းအရှောတို့မှာဖြင့်၊ ခယောင်းပေါတဲ့ ပြောင်းတော ထိုအထက်၊ အိုနပျက် နအမြက်မ၀သလိုပ၊ အရှက်တရရနှင့်၊ တမှိုင်မှိုင်တတွေတွေ ညီးလောက်အောင်၊ ... (အိုမယ်စန္ဒာရဲ့) မကောင်းသလော၊ ကောင်းသလောတွေနှင့် ၄င်းနှစ်လော နှစ်ဗိုလ်ထွက်ကြတော့၊ ကောင်းသော ဟိုတစ် ဖက်မှ အကွက်ကျကျ (ဇက်)ခွခွပြီး၊ အထက်က နိုင်စေသတည်း။

ဤသည်တို့ကား
(၁)    လေးပါးပါယ်ရွာ၊ လားဘို့ရာကို၊ မြစ်တား ဆုံးမခြင်း
(၂)    ခြောက်ပါးနတ်ရွာ၊ သွားဘိုငှာကို၊ ကောင်းစွာညွှန်ပြခြင်း
(၃)    မကြားတောင်းသော၊ ထုံးဟောင်းနည်းနာ၊ မှတ်ဘို့ရာကို၊ ထင်စွာ ဟောပြခြင်း
(၄)    ရှိနေရာရာ၊ ဘေးရန်ကွာအောင်၊ မေတ္တာဝေငှခြင်း
(၅)    အရန်အတား၊ မြတ်တရားကို၊ သင်ကြားပြသခြင်း တည်းဟူသော ဆရာ ရသေ့ရဟန်းတို့က မှီးငြမ်း သောဒကာဒကာမတို့အား၊ ပြောလား ဟောလား လုပ်အပ်တဲ့ ကျင့်ဝတ် ၆ ပါးတို့နှင့် အညီပင်တည်း။

သခင်ကိုယ်တော်မှိုင်း
(နာယက)
ဘုရင့်ဆွေတော်မျိုးတော်အသင်း
ဗမာ့နိုင်ငံရေးသုခမိန် ။ မောင်ထင် ။

ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံရေးကို သက်မွေးဝမ်းကျောင်း အလုပ်တစ်ခုပမာ ထင်မှတ်ကာ နိုင်ငံရေး လုပ်စားနေ ကြသောသူတို့ ပေါများလှ၏။ ထို့ကြောင့် သဘောတရားအားဖြင့် မပြည့်ဝဘဲ နောက်လိုက် စုနိုင်လျှင် လူထုအာဏာကို ရစမြဲဖြစ်သည်။ အာဏာရလာလျှင် ဘာမဆိုလုပ်၍ တင့်တယ်သည်ဟု ထင်မှတ် မှားနေကြ ၏။ ဤထင်မှတ်မှားခြင်းသည် နိုင်ငံ၏ ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်သည်မဟုတ်။

ကျွန်ုပ်တို့သည် အနောက်နိုင်ငံ နယ်ချဲ့သမားတို့နှင့် စစ်မြေပြင်တွင် နဖူးတွေ့ ဒူးတွေ့ခဲ့ရသော ၁၈၂၅ ခုနှစ် မှ စ၍ ၁၉၄၈ ခုနှစ် တိုင်အောင် လွတ်လပ်ရေးကို ကြိုးပမ်းခဲ့ကြရ၏။ နိုင်ငံတော်ကြီး ထင်း အစည်းပြေ သကဲ့ သို့ မဖြစ်ရအောင် ကြိုးပမ်းခဲ့ကြရ၏။ သို့သော် ထိုမျှ ရှည်လျားသောကာလ ပရိစ္ဆေဒ အတွင်း တွင် နိုင်ငံနှင့် လူမျိုးတို့အတွက် နိုင်ငံရေးလမ်းစဉ်ကို ချမှတ်ပေးသော နိုင်င့ရေး သုခမိန်ဟူ၍ မြန်မာ့မိုင်း တွင် များများစား စား မပေါ်ထွန်းခဲ့ချေ။ ယောအတွင်းဝန် ဦးဘိုးလှိုင်ကဲ့သို့သော ပုဂ္ဂိုလ်များ ထွန်းကားခဲ့ပါသည်ဟု လက်ညှိုး ထိုး၍ ပြရန်ရှိပါ၏။ သို့သော် ဦးဘိုးလှိုင်မှာ သူ၏ တော်လှန်ရေးဆန်သော နိုင်ငံရေး၊ အတွေးအခေါ်တို့ကြောင့် မကြာခဏ မင်းပြစ်မင်းဒဏ် သင့်လျက်ရှိရကား ရှေ့ဆောင်လမ်းပြ ပြုလုပ်နိုင်ခဲ့ စေကာမူ လူထု စည်းရုံးမှုကြီးကို မဆောင်ရွက်နိုင်ခဲ့ချေ။ ကင်းဝန် မင်းကြီးခေတ်၌ ဥရောပပြန် မြန်မာတို့ သည် ဥရောပတိုက်၏ နိုင်ငံရေးအဆင့်အတန်းကို မြင်ခဲ့ပြီးလျှင် မြန်မာမင်းအုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်း လဲရန် ကြံစည်အားထုတ်ခဲ့ကြ၏။ သို့သော် သီပေါခေတ်၌ ကင်းဝန်မင်းကြီးသည် မှန်းခြေမပေါက်ခဲ့ချေ။

ဗြိတိသျှခေတ် ၁၉၂၀ ပြည့်နှစ် တစ်ဝိုက်လောက်၌ လူထု တစ်ရပ်လုံး နိုးကြားထကြွ၍ လူထုစည်းရုံးမှုကြီး ပေါ်ပေါက်လာခဲ့ပါ၏။ ဂျီစီဘီအေ န၀မကွန်ဖရင့်သည် ဗိုလ်ချုပ်အောင်ဆန်းခေတ်၌ ပေါ်ပေါက်လာသော ဖဆပလ၏ တိုင်းပြည်ပြုလွှတ်တော်ပဏာမ ညီလာခံအတွက် ရှေ့ပြေးဖြစ်သည်ဟု ဆိုလောက်ပါ၏။ သို့သော် ဂျီစီဘီအေခေတ်၌လည်း နိုင်ငံရေး သုခမိန်ဟူ၍ မပေါ်ထွန်းနိုင်ဘဲ နိုင်ငံရေးကို ဆက်ကြေးရရေး အတွက်သော်လည်းကောင်း ကုမ္ပဏီထောင်၍ အုပ်စားရေးအတွက်သော်လည်းကောင်း။

ရာထူးရရေး အတွက်သော်လည်းကောင်း မဖွယ်မရာအသုံးချ၍ နိုင်ငံရေး လုပ်စားခြင်းတို့သာ လွှမ်းမိုးလာခဲ့ပြန်သော ကြောင့် နိုင်ငံရေးသုခမိန်အရာ၌ တည်သင့်သော ပုဂ္ဂိုလ်တို့သည်ပင်လျှင် တိမ်ကော၍ သွားကြရကုန်သည်။ ထိုခေတ်က ပေါ်ပေါက်ခဲ့သော အစိုးရနှင့် မဆက်ဆံရေး ၀ါဒ၊ အာဏာဖီဆန်ရေးဝါဒ၊ အခွန်မပေးရေးဝါဒ၊ အုပ်ချုပ်ရေး တိုက်ဖျက်ရေးဝါဒတို့မှာ မြန်မာပြည်က အိန္ဒိယပြည်မှ ကာဗွန်စက္ကူခံ၍ ပုံတူကူးချသော ၀ါဒများ သာလျှင် ဖြစ်ခဲ့၏။ မြန်မာ့ အခြေအနေမှန်ကို သုံးသပ်၍ ထိုအခြေအနေမှန်အပေါ်၌ တည်ဆောက်သော သဘောတရားဟူ၍ မထွန်းခဲ့ချေရကား ဒိုင်အာခီ အုပ်ချုပ်ရေး၏ နည်းပရိယာယ်တို့ကြောင့် ၀ံသာနု ဂျီစီဘီ အေ ၂၁ ဦး၊ လှိုင်ပုကျော် ဂျီစီဘီအေ၊ ဦးစိုးသိမ်း ဂျီစီဘီအေ၊ ဦးစုဂျီစီဘီအေ၊ မော်မြင့်ဗြဲပါတီ၊ ပြည်သူ့ပါတီ၊ မျိုးချစ်ပါတီ၊ ဆင်းရဲသား ၀ံသာနုပါတီစသဖြင့် တဖြည်းဖြည်း အစိတ်စိတ် အမြွှာမြွှာကွဲကာ လူထုသည် ထင်း အစည်းပြေသကဲ့သို့ ပြေလာခဲ့သည်။

နိုင်ငံရေး ခေါင်းဆောင် ရင့်မကြီးတို့ ယင်းကဲ့သို့ ကွဲကြ ပြဲကြသောအခါ လူငယ်များ ကြီးမှူးသည့် ဒို့ဗမာ အစည်းအရုံးဟူ၍ ပေါ်လာခဲ့ပေသည်။ သို့သော် ထိုလူငယ်များလည်း လူကြီးတို့၏ ခြေရာကို နင်းကာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်လာပြန်သည်။
ဤအချိန်တွင် တက္ကသိုလ်သမဂ္ဂမှ မောင်အောင်ဆန်းသည် နိုင်ငံရေးစခန်း ထလေသည်။ တက္ကသိုလ်သမဂ္ဂ မှ ဒို့ဗမာအစည်းအရုံးသို့ မောင်အောင်ဆန်း ကူးပြောင်းလာခဲ့ရာတွင် လူငယ်တို့၏ အင်အားစုသည် စည်းရုံး ၍ လာခဲ့သည်။
ထိုအချိန်ကား ၁၉၃၈ ခု အောက်တိုဘာလဖြစ်သည်။ မြန်မာတစ်မျိုးသားလုံးသည် ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရေးကို နိုင်ငံရေးစနစ်ဖြင့် ကြိုးပမ်းခဲ့ကြသည်။ ယင်းသို့ ကြိုးပမ်းခဲ့ကြသည်မှာ ငါးထောင်စား ရာထူးတွင် အဆုံးသတ်ကြလေသည်။

မောင်အောင်ဆန်းကား ယင်းကဲ့သို့ ငါးထောင်စာရာထူးတွင် ခြေကုန်နေသော နိုင်ငံရေးကို လွတ်လပ်ရေး ကြိုးပမ်းမှုဟု မယူဆချေ။ နိုင်ငံရေးစနစ်အရ ကြိုးပမ်းမှုသည် ကျွန်ခေတ်၌ သံသရာရှည်ဖို့သာ ဖြစ်မည်ဟု အယူ ရှိခဲ့သည်။ ၁၉၃၈ ခုနှစ် အောက်တိုဘာလ၌ မောင်အောင်ဆန်းက ဒို့ဗမာ အစည်းအရုံးသို့ ၀င်ခဲ့သည် မှာအခြားကြောင့်မဟုတ်၊ ဒို့ဗမာအစည်းအရုံးသည် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်ပြီးလျှင် လက်ရုံးရည် ကို အားကိုးကာ စစ်စိတ် စစ်မာန်ဝင်နေသော အစည်းအရုံးဖြစ်သည်ဟု ယူဆသော ကြောင့် ဖြစ်သည်။

ဤနိုင်ငံရေးအမြင်သည် ယခုခေတ် လယ်ယာမြေ ပြည်သူပိုင် ပြုလုပ်ရေးအတွက် လမ်းခင်းပေးသော အမြင် ဟု ဆိုနိုင်ပါ၏။ သို့သော် လူမျိုးနှင့် နိုင်ငံလွတ်လပ်ရေးအတွက် ပြည့်စုံသောအမြင် မဟုတ်သေး။ ထို့ကြောင့် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းကား ...
ဆရာစံ သူပုန်ဟူ၍ အဘယ်ကြောင့် ပေါ်လာရပါသနည်း။

ကုလား မြန်မာ အဓိကရုဏ်း၊ မြစ်ပွားသော အကြောင်းရင်းကား အဘယ်နည်း။
မြန်မာ တို့ ၏ အခြေခံ လူ့ဘောင်အဖွဲ့အစည်းကား မည်သို့ပါနည်း။
မြန်မာ့စီးပွားရေးသည် မည်သည်ကို အခြေခံ ပြုပါသနည်း။
အင်ပိုင်ယာ ၀ါဒ သမားတို့၏ ဗျူရိုကရေစီသည် မြန်မာတို့အပေါ်၌ မည်သို့ ဖိစီးနေပါသနည်း။
တစ်မျိုးသားလုံး နှင့်ဆိုင်သော လူထုစည်းရုံးမှုကို မည်သို့ လှုံ့ဆော်ရပါမည်နည်း။

ဆူးအက်တူးမြောင်း ဖွင့်သည်နှင့်တစ်ပြိုင်နက် ချစ်တီးများကို ဖိတ်ခေါ်လာသော မြေယာစနစ်ကို မည်သို့ တော်လှန်မည်နည်းဟူသော အချက်တို့ကို ဆန်းစစ်ကြည့်လိုသည်။
၁၉၃၉ ခုနှစ်တွင် ဒို့ဗမာ အစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်န်းသည် ဒို့ဗမာအစည်းအရုံး ၏ ပေါ်လစီနှင့် လုပ်ငန်းစဉ် ညွှန်ကြားချက်တို့ကို ဖတ်ရှုကြခဲ့ပါလျှင် ထိုအချိန်က သခင်အောင်ဆန်း၏ အတွေးအခေါ်တို့တွင် အထက်ပါ မေးခွန်းများ ပေါ်ပေါက်ခဲ့သည်။ ထိုပေါ်ပေါက်လာသော မေးခွန်းများ၏ အဖြေကိုလည်း ရှာဖွေ၍ တွေ့ခဲ့သည်ဟူသော အချက်တို့သည် ပေါ်လွင်လာပေလိမ့်မည်။

သခင်အောင်ဆန်း၏ အမြင်သည် မည်သို့ ရှိခဲ့သနည်း။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဤခေတ်၌ ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအတွေးအခေါ်များကို လေ့လာရန်အလို့ငှာ ဗိုလ်ချုပ်ပြောဆိုခဲ့သော မိန့် ခွန်းများ၊ ဗိုလ်ချုပ်ရေးသားခဲ့သော ကြေညာစာတမ်းများ၊ အဆိုကြမ်းများ၊ လုပ်ငန်းစဉ်များ စသည်တို့ကို ရှာ ဖွေစုဆောင်းထားဖို့လိုပေသည်။ ယခု ကျွန်တော် တင်ပြရသည်မှာ များသောအားဖြင့် စိတ်မှတ်နှင့်သာဖြစ် သည်။ စနစ်တကျ လေ့လာဖို့ရာမှာ စနစ်တကျ သုတေနပြုဖို့ လိုပေသည်။ ယခု ဤဆောင်းပါးအဖို့ကား ကျွန်တော် မှတ်မိသော ၁၉၃၉ ခု ဒို့ဗမာ အစည်းအရုံး လုပ်ငန်းစဉ် ကြေညာစာတမ်း။ ၁၉၄၅ ခု ဗိုလ်ချုပ်၏ ပြောချက်များ၊ ၁၉၄၆ ခု ဗိုလ်ချုပ်၏ ဖဆပလ လုပ်ငန်းစဉ်နှင့် အခြား မိန့်ခွန်းများကို အခြေတည်၍ ပြောရပေ လိမ့်မည်။

မြန်မာ့လူ့ဘောင် အဖွဲ့အစည်းသည် သက်ဦးဆံပိုင် ဘုရင်စနစ်၌ အခြေတည်ခဲ့သည်။ ပဒေသရာဇ် ဧကရာဇ် စနစ်၌ အရင်းတည်ခဲ့သည် ဟူသည်တို့ကို ဗိုလ်ချုပ်သည် အသိအမှတ်ပြုခဲ့၏။ သို့သော် ဗိုလ်ချုပ်က ဤ အခြေအနေကို သဘောပေါက်သည်မှာ နိုငငံခြားမှ အယူအဆတို့ကို အခြေခံခဲ့သည်မဟုတ်။ မိမိနိုင်ငံ၏ အခြေကို မိမိ လေ့လာပြီးမှ သဘောပေါက်ခြင်းဖြစ်၏။ ထို့ကြောင့် ၁၉၄၅ ခုနှစ် ဟောပြောပွဲတစ်ခုတွင် မြန်မာ့နိုင်ငံ၏ ကံကျွေးစနစ်ဟူသည်မှာ အနောက်နိုင်ငံနှင့်မတူဘဲ လူတန်းစားတစ်ရပ်က အခြားလူတန်းစား တစ်ရပ်ကို စီးပွားရေး ချယ်လှယ်ခြင်းမရှိကြောင်း ပဒေသရာဇ် ဏကရာဇ်ခေတ်၌ပင် မျိုးရိုးကို မလိုက်ဘဲ ပညာအရည်အချင်းကို လိုက်၍ ရာထူးဌာနန္တရများကို ခန့်အပ်ကြောင်း၊ မြန်မာမိန်းမတို့၌ လွတ်လပ်မှုနှင့် တန်းတူ အခွင့်အရေး ရှိကြောင်း၊ လူထုစီးပွားရေးမှာ သမ၀ါယမသဘောကို အခြေခံ၍ ပြည်တွင်းဖူလုံမှု အပေါ်၌ တည်ရှိခဲ့ကြောင်း စသည်ဖြင့် ပတ်ဝန်းကျင် အခြေအနေမှန်ကို နိုင်ငံရေး သုခမိန် ပီသစွာ သုံးသပ် ခဲ့သည်။

ဤအခြေမှန်ကို မြင်သောကြောင့်သာလျှင် ၁၉၃၉ ခုနှစ်က တောင်သူလယ်သမားစည်းရုံးမှု၊ အလုပ်သမား စည်းရုံးမှုတို့ကို လှုံ့ဆော်ရန် လိုအပ်ကြောင်းဖြင့် ဗိုလ်ချုပ်သဘောပေါက်ခဲ့ခြင်းဖြစ်၏။ စည်းရုံးရာ၌လည်း ၉၁ ဌာန အုပ်ချုပ်ရေး၏ အပြစ်တို့ကို လူထုနားလည် သလောပေါက်စေ၏။ ၉၁ ဌာန၏ အပြစ်တို့ကို ကုစားရန် အလို့ငှာ တိုင်းပြုပြည်ပြု လွှတ်တော်ဖွဲ့စည်းရန် တောင်းဆိုခဲ့၏။ ထိုတိုင်းပြု ပြည်ပြုလွှတ်တော် ဖွဲ့စည်းပါမှ ပြည်သူလူထု၏ ဆန္ဒအလျောက် ဖြစ်ပေါ်လာသော အုပ်ချုပ်ရေး အခြေခံဥပဒေကို အတည်ပြုနိုင်မည် ဖြစ်သည်ကိုလည်း လူထုအား နားလည်သလောပေါက်စေ၏။

ဤသို့မှ တိုင်းပြုပြည်ပြုလွှတ်တော်ကို ဖွဲ့စည်း မပေးနိုင်ပါက ဗြိတိသျှ အုပ်ချုပ်ရေးကို အပြုတ်တိုက်ရန် ကျောင်းသူ ကျောင်းသား အမျိုးသမီးတောင်သူ လယ်သမား၊ အလုပ်သမား လူလတ်တန်းစား စသည့် လူထု ၏ အစိတ်အပိုင်းအားလုံးက အကြီးအကျယ် သပိတ်မှောက်ကြဖို့ရာ ဒို့ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်းက လှုံ့ဆော်ခဲ့ လေသည်။ သခင်အောင်ဆန်း အမြင်၌ ဗြိတိသျှ အုပ်ချုပ်ရေး သည် အဆင့်သုံးဆင့်ရှိသည်။ ပထမအဆင့် မှာ ဗြူရိုကရေစီ၊ ဒုတိယအဆင့်မှာ ဒိုင်အာခီ၊ တတိယ အဆင့်မှာ အမြင်ကောင်းအောင် ပိုမိုမွမ်းမံခြယ်လှယ် ထားသော ဒိုင်အာခီ (၉၁ ဌာနအုပ်ချုပ်ရေး) ဟူ၍ မြင်လေသည်။ ထိုအဆင့်သုံးဆင့်ကို ဖြိုရန် လူထုစည်းရုံး မှုသာလျှင် ရှိသည်ကို ၁၉၃၉ ခုနှစ် ဒို့ဗမာ အစည်းအရုံး ကြေညာစာတမ်း၌ အတည့်အလင်း ပြဆိုခဲ့ပေ သည်။

ထိုခေတ်အမြင်နှင့် ကြည့်လျှင် လက်ရုံးရည် အားကိုးဖြင့် နိုင်ငံရေး ကြိုးပမ်းရမည်ဟူသည်မှာ စိတ်လိုက် မာန်ပါ ပြုကျင့်တတ်သော လူငယ်တို့၏ မိုက်ရူးရဲအလုပ်သာဖြစ်သည်ဟု ဆိုကြရပေမည်။ စင်စစ် ထိုခေတ် က လူကြီးများ သာမက လူငယ်များကပါ ဤကဲ့သို့ ဆိုခဲ့ကြ၏။ သို့သော် နိုင်ငံရေးအတွေးအခေါ် အမြော် အမြင်ရှိသူ မောင်အောင်ဆန်းအဖို့ကား လက်ရုံးအားကိုးဖြင့် သိမ်းပိုက်ထားသော နိုင်ငံကို လက်ရုံးအားကိုး ဖြင့်သာ လွတ်လပ်အောင် ဆောင်ရွက်ရမည်ဟု ပိုင်းဖြတ်ထားသည်။ ဤခေတ်၌ကား ဤသို့ မောင်အောင် ဆန်း ပိုင်းဖြတ်ထားသော အတွေးအခေါ်တို့သည် အခြေအနေဖြင့် ဟပ်မိသည်ဟု ၀န်ခံကြရပေပြီ။

ဤမျှနှင့်ပင် မောင်အောင်ဆန်းအား နိုင်ငံရေးသုခမိန်ဟု ဘွဲ့ထူးတပ်ရမည်လော၊ မဟုတ်ပါ။ နိုင်ငံရေး သုခမိန်အရာသို့ ရောက်စေသော အခြားအတွေးအခေါ်များ ရှိပါသေးသည်။
ဒို့ဗမာ အစည်းအရုံး၌ တစ်နှစ်မျှ အလုပ်လုပ်ခဲ့သောအခါ သခင်အောင်ဆန်းသည် မြန်မာ့နိုင်ငံရေးသဘော တရားများကို ထပ်မံမြင်လာပြန်သည်။
ထိုခေတ်က မြန်မာနိုင်ငံရေးသမား လက်ဟောင်းကြီးတို့သည် မြန်မာအမျိုးသား ကြီးပွားရေး မူရင်းကို ချခဲ့ကြ သည်။

" မြန်မာပြည်သည် လယ်ယာကိုင်းကျွန်းကိုအားထားရသော ပြည်ဖြစ်၍ မှီခိုအားထားရန် အရေးအကြီးဆုံး သော အချက်သည် ကောက်ပဲသီးနှံ ထွန်းကား၍ ဈေးကောင်းကောင်းနှင့် ရောင်းနိုင်ခြင်းပင်ဖြစ်၏ "
" လယ်သမားတို့၏ လက်၌ လယ်ခြေယာခြေ မရှိသလောက်ဖြစ်၍ နိုင်ငံခြားသား ချစ်တီးများနှင့် ဓနရှင်တို့ လက်ထဲသို့ လယ်ခြေ ယာခြေ ရောက်ကုန်ပြီ။ ထိုဘေးမှ ကာကွယ်ရန် လိုနေသည်။"
" ယခု အုပ်ချုပ်ရေးအရ ပြည်သူတို့ တင်မြှောက်သော အမတ်တို့က မြေသိမ်းဥပဒေလုပ်နိုင်သည်"
သခင်အောင်ဆန်း၏ နိုင်ငံရေးသုံးသပ်ချက်တို့မျာ ဗြိတိသျှ နယ်ချဲ့၏ အရှိုက်ကို ထိုးလိုက်ခြင်းဖြစ်၏။ ဗြိတိသျှ တို့သည် သခင်အောင်ဆန်း၏ နိုင်ငံရေးကျားကွက်ကို တစေ့တစောင်း မြင်သဖြင့် များစွာ တုန်လှုပ် ထိတ်လန့်ကြ၏။ အထူးသဖြင့် လွတ်လပ်ရေးကို လိုလားကြသော နိုင်ငံရေးပါတီအားလုံးတို့၏ "လွတ်မြောက်ရေးတပ်ဦး" ၌ သခင်အောင်ဆန်းသည် ခြေသည်းလက်သည်း ဖြစ်လာသောအခါ ဗြိတိသျှ တို့ သည် သခင်အောင်န်းအား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ လိုက်လံဖမ်းဆီးလေသည်။

သို့သော် သခင်အောင်ဆန်း၏ နိုင်ငံရေး အတွေးအခေါ်၌ လွတ်လပ်ရေးကို ကျွန်ုပ်တို့ချည်း ပြည်တွင်းရေး တစ်ရပ်အနေဖြင့် အတွင်းကြိတ်တိုက်၍မရ၊ နိုင်ငံခြားဝါဒဖြန့်၍ နိုင်ငံခြားအကူအညီဖြင့် တိုက်ယူရမည်။ ဂျပန်သည် မြန်မာနိုင်ငံကို ကျူးကျော်လာနိုင်သည်။ သို့သော် ဂျပန်၏ ကျူးကျော်မှုကို မိမိတို့က ဦးအောင် လွတ်လပ်ရေး ကြေညာခြင်းဖြင့် ခံတိုက်နိုင်ရမည်ဟူ၍ စဉ်းစားထားခဲ့သည်။ ဒေါက်တာဘမော်နှင့် ဒေါက်တာသိန်းမောင် တို့က သခင်အောင်ဆန်းအား ဂျပန်အကူအညီကို ယူကြည့်ပါဟု ပြောသည်။ သခင် အောင်ဆန်း ကား တရုတ်သော၊ ယိုးဒယားသော၊ ဂျပန်သော ရွေးချယ်ရန် အချိန်မရချေ။ ရရာ အကူအညီကို ယူမည်ဟု သန္နိဋ္ဌာန် ချမှတ်ခဲ့သည်။ သို့သော် တရုတ်ပြည်ကို ခြေဦးလှည့်၍ တရုတ်ထံမှ အကူအညီ တောင်း ရန် ပို၍ ရည်သန်ခဲ့သည်။ အခြေအနေအရ တရုတ်နှင့် ဖူးစာမဆုံရဘဲ ဂျပန်နှင့် ဖူးစာ ဆုံခဲ့ရ၏။

ဂျပန်၏ အကူအညီကို ယူခဲ့စေကာမူ၊ ဂျပန်၏ ကတိမတည်မှုကြောင့် ကျွန်ုပ်တို့သည် ဂျပန်ကို ပြန်ချမည် ဟူသော သဘောတရားကိုလည်း မောင်အောင်ဆန်းသည် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသောအခါ တစ်နေ့ တခြား ပိုမို၍ မြင်လာခဲ့၏။

ဂျပန်ကို ခံချရာ၌လည်း ဗိုလ်ချုပ်၏ စစ်ဥပါယ်မှာ နိုင်ငံရေးသုခမိန်ဆန်လှပေသည်။ ဂျပန်ကို ချကြရတော့ မည်ဟု ပိုင်းဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဗိုလ်ချုပ်သည် ၁၃ ရာစုနှစ်က ကျွန်ုပ်တို့ မြန်မာအမျိုးသား လူထု တစ်ရပ်လုံး အုံကြွကာ ပြောက်ကျားတိုက်ခိုက်နည်းစနစ်ဖြင့် ကျူးကျော်သူ ကူဗလိုင်ခန်ကို မြန်မာနိုင်ငံ မှ နှင်ထုတ်ခဲ့သည့် နည်းပရိယာယ်ကို တွေးမိလေသည်။ ထို့ပြင် ၁၇ ရာစုနှစ်က အလောင်းဘုရား သည် မြန်မာနိုင်ငံတော်၏ စည်းရုံးမှုကို ရလေအောင် ရန်သူတို့အား ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခဲ့ရပုံ ကိုလည်း ဗိုလ်ချုပ်သတိရမိသည်။ နောက်ဆုံး၌ အခြေအနေမှန်ကို ကြည့်၍ တွေးတော တတ်သော အမြော် အမြင်ကြောင့် ဗိုလ်ချုပ်၏ တော်လှန်ရေးသည် အောင်မြင်ခဲ့လေသည်။

ဂျပန်တော်လှန်ရေးကြီး အောင်မြင်ခဲ့ပြီးသော် မြန်မာနိုင်ငံတော် အက်ဥပဒေပုဒ်မ ၁၃၅ ကို တော်လှန်၍ လွတ်လပ်ရေးကို ကြိုးပမ်းဖို့ရာ အခြေအနေပေါ်လာခဲ့ပြန်သည်။ ထိုအခါ ဗိုလ်ချုပ်သည် ၁၉၃၉ ခုနှစ် ဒို့ဗမာ အစည်းအရုံး၏ လုပ်ငန်းစဉ်ကြေညာချက်သည် ၁၉၃၉ ခုနှစ် ဒို့ဗမာ အစည်းအရုံး၏ လုပ်ငန်းစဉ် ကြေညာချက် ကို အစဉ်အလာမပျက်စေဘဲ ဆက်လက်သုံးစွဲသွားပြန်သည်။ ဤသို့ ပြောရခြင်း မှာ အခြားကြောင့်မဟုတ်။ ၁၉၄၆ ခု ဇန်န၀ါရီ ၁၂ ရက်နေ့စွဲနှင့် ဖဆပလလုပ်ငန်း အစီအစဉ်ကြေညာချက်မှာ ဗိုလ်ချုပ် သည် သခင်အောင်ဆန်း ဘ၀က ကြေညာခဲ့သော လုပ်ငန်းစဉ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် သဘော သွားချင်း အလားတူ ဖြစ်သောကြောင့်ပေတည်း။

အထက်ဖော်ပြခဲ့သော ဖဆပလလုပ်ငန်းစဉ်၌ ဗိုလ်ချုပ်သည် သခင်အောင်ဆန်းဘ၀က နိုင်ငံရေး အတွေး အခေါ်တို့ကို လက်တွေ့ အသုံးချသည်ဟုလည်း ဆိုနိုင်သည်။ လွတ်လပ်ရေးကြိုးပမ်းရာ၌ " လွတ်လပ်ရေး ကို လိုလားနှစ်သက်သော လူမျိုးများနှင့် ယဉ်ကျေးမှုတွင်လည်းကောင်း၊ နိုင်ငံရေးတွင်လည်းကောင်း၊ ပိုမို ရင်းနှီးစွာ ဆက်သွယ်နိုင်စေရန် စီစဉ်ရမည်" ဟူ၍လည်းကောင်း။ " အင်ဒိုနီးရှားနှင့် အင်ဒိုချိုင်းနားပြည်များရှိ အမျိုးသားလွတ်လပ်မှု လုပ်ငန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နှိမ်နင်းချုပ်ချယ် ကျွန် တမယ်မျှ ဖြစ်နေကြရသော လူမျိုး အပေါင်းတို့၏ လွတ်လပ်မှုလုပ်ငန်းကြီးနှင့် ရင်းနှီးစွာ ဆက်သွယ် နိုင်အောင် စီစဉ်ရမည်" ဟူ၍လည်း ကောင်း။ ဖဆပလ ကြေညာခဲ့သည်မှာ သခင်အောင်ဆန်း ဘ၀က ယူဆ ထားသော " နိုင်ငံခြား အဆက် သွယ်ယူ" သည့် သဘောတရား၏ အဆက်ဖြစ်ပေသည်။

ထိုမျှမကသေး၊ လူထုတပ်ပေါင်းစု ဖြစ်စေရန်အလို့ငှာ ဖဆပလ၏ နိုင်ငံရေးလုပ်ငန်းများ၌ " မြန်မာနိုင်ငံ ပြန် လည်တည်ဆောက်ရေး၊ နိုင်ငံသစ် စီမံဖန်တီးရေးကိစ္စများကို ပါတီသဘော နိုင်ငံရေး သဘော မသက် ရောက်သော အဖွဲ့များက ဆောင်ရွက်ရမည်။ သို့မှသာလျှင် ဤကိစ္စများတွင် တတ်ကျွမ်း နားလည် သူများ နှင့် အစိုးရအမှုထမ်းများလည်း ဤ အမျိုးသားလုပ်ငန်းကြီးတွင် ပါဝင်ဆောင်ရွက်နိုင်ကြပေလိမ့်မည်" ဟု ဖော်ပြ ထားသည်။ ဤစကားကို ကျွန်တော် အကျယ်ချဲ့၍ အဓိပ္ပာယ်ဖော်ပြနေစရာ မလိုချေ။ ဗိုလ်ချုပ်၏ သဘောတရား တို့သည် မည်မျှမှန်ကန်နေသည်ကို ဤခေတ်လူထုသည် လက်တွေ့ သိရှိနေကြပြီး ဖြစ်လိမ့် မည်ဟု ကျွန်တော် ယုံကြည်သည်။

ထို့ပြင် လွတ်လပ်ရေး ကြိုးပမ်းမှု၌ ရခိုင်၊ မွန်၊ ကရင်စသော အမျိုးသားများနှင့်တကွ တောင်တန်းသား အားလုံးတို့အပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ထားရှိသော စေတနာသည် သန့်ရှင်းမှန်ကန်သည်ကိုလည်း မည်သူမျှ စောဒက မတတ်နိုင်ကြချေ။ ဖဆပလ လုပ်ငန်းစဉ် ကြေညချက်၌ အမျိုးသား လူနည်းစု များသည် လူများစု အခွင့်အရေးကို ရထိုက်သည်ဟု ဖော်ပြထားသည်ဟု ဗိုလ်ချုပ်၏ အမြော်အမြင် ကြီးမှု ကို ထင်ရှား စေသည်။ လူနည်းစုတို့သည် လူအများစုတို့၏ အခွင့်အရေးကို တန်းတူရနိုင်သည့်နောက် လူနည်းစု အခွင့် အရေးဟု ပြောနေရန် အကြောင်းမရှိတော့ပြီ။

ဤမှန်ကန်သော စေတနာ အကျိုးဆက်ကြောင့် ဗိုလ်ချုပ်က " လွတ်လပ်ရေး တစ်နှစ်အတွင်း ရရမည်" ဟု ကြုံးဝါးလိုက်သောအခါ မြေပြန့်သားရော တောင်တန်းသားပါ ဗိုလ်ချုပ်၏နောက်တွင် မားမားမတ်မတ်ရပ်၍ တညီ တညွတ်တည်း ရှိခဲ့လေသည်။ မြန်မာနှင့် သွေးနီးသော အမျိုးသားတို့ကို မဆိုထားဘိဦး၊ တစ်ခေတ် က ရန်သူဖြစ်ခဲ့ဖူးသော ဗြိတိသျှအမျိုးအနွယ်တို့ကိုပင်လျှင် ဗိုလ် ချုပ်သည် တစ်မြေတည်းနေ တစ်ရေတည်း သောက်သည်ဟူသော စိတ်ဓာတ်ဖြင့် တိုင်းရင်းသားချင်း အမျိုး တော်စပ်သည်ဟူသော သဘောတရား ကို ချမှတ်ပေးခဲ့လေသည်။
" ကျွန်တော့်ကို ခင်ဗျားတို့က လာပါဆိုလို့ ကျွန်တော်လာခဲ့ရတာပါပဲ။ အမျိုးဘာသာမရွေး ဒီတိုင်းပြည်က လူများရဲ့ ကြီးပွားချမ်းသာရေးကို ဆောင်ရွက်ဖို့တာဝန်ဆိုတာဟာ ကျွန်တော် ဆောင်ရွက်ရမယ့် တာဝန်ပါ ပဲ။ ကျွန်တော် ဘ၀တစ်သက်လျာမှာ ဒီတာဝန်ကို အစဉ်ဆောင်ရွက်သွားရဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့စစ်အတွင်း မှောင်အတိကျနေသလို ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ ခင်ဗျားတို့ (အင်္ဂလိပ်ကပြား) လူစု ထဲက မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ လူတွေဟာ တစ်ခါမျှ မကြုံခဲ့ဖူးတဲ့ အတိဒုက္ခကို ကြုံခဲ့ရပါတယ်။ ခင်ဗျား တို့ ဒုက္ခဖြစ်ရတာတွေ သိရတော့ဝမ်းနည်းမိပါတယ်။ စိတ်လဲ နာကျည်းမိပါတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ဒုက္ခ တွေ ပြေရာပြေကြောင်းကို ကျွန်တော့် ဘာသာ ကျွန်တော် တတ်နိုင်တဲ့နည်းနဲ့ ဟိတ်ဟန်မထုတ်ဘဲ ဆောင်ရွက်ခဲ့ပါတယ်။ ကိုင်း ယခု ခင်ဗျားတို့က ဒီကိုလာပြီး မိန့်ခွန်းပေးပါဆိုတော့ ကျွန်တော် မှန်တာ တွေကို အမှန်အတိုင်း အစီရင်ခံခဲ့ပါပြီ။ ကျွန်တော်တို့ တိုင်းပြည်ဟာ လွတ်လပ်တော့မယ်။ ကမ္ဘာကြီးဟာ အကြီး အကျယ် ပြောင်းလဲနေပါတယ်။

ဒီလို ပြောင်းလဲနေတဲ့ အခြေအနေမှာ ခင်ဗျားတို့ဟာ အသိတရားအသစ် တွေကို သိလာကြပြီး တန်ဖိုးအသစ်တွေကို နားလည်ကာ နိုးကြားလာဖို့လိုပါတယ်။ လွတ်လပ်တဲ့ မြန်မာနိုင်ငံဟာ ရှေ့ကို အလားအလာ အများကြီးရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံသားများအတွက် မြော်ကိုး စရာတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေရှိတာထက်ပိုပြီး အလုပ်အကိုင်တွေက များလာပါ လိမ့်မယ်။ ခင်ဗျားတို့ အထဲမှာ ဒီကိစ္စနဲ့အလားတူ အခြားကိစ္စများမှာ စိုးရိမ်ကြောင့်ကြ ဖြစ်နေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားတို့သာ ဒီတိုင်းပြည်မှာရှိတဲ့ လူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ဖြစ်ပါ တယ် ဆိုတာကို ပြကြရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ ဘာမျှကြောင့်ကြစရာရှိဖို့ မလိုဘူးဆိုတာကို ကျွန်တော် ယခုပြောခဲ့ပါတယ် "

ဗိုလ်ချုပ်သည် အထက်ပါ စကားရပ်တို့ကို ၁၉၄၆ ခု ဒီဇင်ဘာလတွင် အင်္ဂလိပ်မြန်မာ အမျိုးသား ကောင်စီ ၏ အစည်းအဝေး၌ ပြောကြားခဲ့၏။ နိုင်ငံရေးသုခမိန်ပီသစွာ ဣနြေ္ဒရရဖြင့် စေတနာ အရင်းခံ အမှန်တို့ကို စိတ် အားထက်သန်စွာ ပြောကြား ဗိုလ်ချုပ်သည် ကရင်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကယားစသော အမျိုးသားများ ၏ အသည်းစွဲသာမက အင်္ဂလိပ် မြန်မာအမျိုးသားတို့၏ အသည်းစွဲလည်း ဖြစ်ခဲ့ လေသည်။ ယနေ့တိုင် အင်္ဂ လိပ်မြန်မာအမျိုးသားတို့သည် ဗိုလ်ချုပ်၏ စကားကို နားထဲ၌ စွဲ၍ နေကြလေသည်။
လွတ်လပ်ရေး ရခဲ့ပြီဟုဆိုလျှင် ငြိမ်းချမ်းရေးကို ရရတော့မည်ဟု ဗိုလ်ချုပ်သည် မျှော်ကိုးခဲ့၏။ ဗိုလ်ချုပ် တောင့်တသော ငြိမ်းချမ်းရေးမှာ သင်္ချိုင်းထဲက ငြိမ်းချမ်းရေးမဟုတ်။ လွတ်လပ်ရေး၊ တိုးတက်ရေးနှင့် ကြီး ပွားချမ်းသာရေးကို ဖန်တီးမည့်ငြိမ်းချမ်းရေးသာလျှင် ဖြစ်ဘိ၏။

ဗိုလ်ချုပ် လွန်ခဲ့သည်မှာရှစ်နှစ်ရှိပြီ။ မြန်မာနိုင်ငံသားတို့ အဖို့ကား ဗိုလ်ချုပ်လွန်ခဲ့သည်မှာ မနေ့တစ်နေ့ ကလို လို ထင်မိကြ၏။ ဗိုလ်ချုပ်ကို ချစ်သည့် ဇောဖြင့် အများပင် တမ်းတကြ၏။ သို့သော် ဗိုလ်ချုပ်၏ အတွေးအခေါ် တို့ကိုကား သတိရမှ ရကြပေလိမ့်မည်။ စင်စစ် ဗိုလ်ချုပ်သည် နုပျိုသောအရွယ်၌ နိုင်ငံရေး ကို ဆောင်ရွက်ခဲ့သော်လည်း သူ၏အတွေးအခေါ်တို့မှာ ၀ါရင့်သော နိုင်ငံရေးသုခမိန်တို့၏ အတွေးအခေါ် မျိုး ဖြစ်ရကား ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟုဆိုလျှင် ပညာရှင် ဆန်သော ဗိုလ်ချုပ်၏ အတွေးအခေါ်များ ရင့်သန်ခဲ့သည့်နည်းတူ လူထု၏ စဉ်းစားဥာဏ်လည်း ရင့်သန်လာကြစေရန် လူထုတစ်ရပ်လုံး ကြိုးစားသင့်လှပေသည်။ နိုင်ငံရေးသမား ပေါသလောက် နိုင်ငံရေးသုခမိန် ရှားလှသော ဤနိုင်ံငံ တွင် နိုင်ငံရေးသုခမိန်များထွန်းပေါ်လာပါစေရန် ရည်သန်၍ ကျွန်တော် မှတ်မိသမျှ ဗိုလ်ချုပ်၏ ဟော ပြောချက် ကြေညာချက်၊ မိန့်ကြားချက်တို့ကို ယခုတင်ပြပါသည်။ ဗိုလ်ချုပ်ကို ၂၀ ရာစုနှစ် မြန်မာ့နိုင်ငံရေး သုခမိန်ဟု ကျွန်တော် ယူဆလျှင် ယုတ္တိတန်၏။ မတန်၏ကို စာရှုသူ တို့ ဂဏသေချာ ပိုင်းခြား ဝေဖန်နိုင်ကြ ပါစေသတည်း။

ဆက်ရန်

0 comments to “စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၁)”

Post a Comment