Thursday, August 29, 2013

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြသူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ

,
အရပ်သား အစိုးရသစ် လက်ထက်တွင် ပြဋ္ဌာန်းလိုက်သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် ဆန္ဒ ထုတ်ဖော်သူ ခြောက်ဦးကို ရန်ကုန်တိုင်း ဒေသကြီးမှ မြို့နယ် ခုနစ်မြို့ရှိ ရဲစခန်း များက ခွင့်ပြုချက် မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထားကြောင်း ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးသန်းဆွေက ပြောကြားသည်။
ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် နည်းဥပဒေတွင် ပါရှိသော ခွင့်ပြုချက် မယူဘဲ ဆန္ဒ ထုတ်ဖော်သူ များကို တရားစွဲဆိုနိုင်သည့် ပုဒ်မ ၁၈ ကို ပယ်ဖျက်ပေးရန် သြဂုတ်လ ၂၇ ရက်နေ့က စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ လသာ၊ ကျောက်တံတား၊ ပန်းပဲတန်း မြို့နယ်များကို လှည့်လည် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။ ဆန္ဒပြ လမ်းလျှောက်ခဲ့သူများကို မြို့နယ် ခုနစ်မြို့နယ် ရဲစခန်းများမှ တာဝန်ရှိသူ များက စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ခွင့်ပြုချက် မတောင်းခံဘဲ ဆန္ဒ ထုတ်ဖော်မှု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို အရေးယူ သွားမည် ဖြစ်ကြောင်း လသာမြို့နယ် ရဲစခန်းမှ ရဲမှူး ဦးတင်သိန်းက ပြောကြားသည်။
ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး အတွက် မျိုးဆက်သစ် လူငယ်များအဖွဲ့ Generation Youth၊ ဒီမိုကရေစီ အင်အားစုနှင့် အလုပ်သမား သမဂ္ဂများသည် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မွန်းလွဲ ၂ နာရီတွင် ကမာရွတ်မြို့နယ်၊ မြေနီကုန်းမှ ကျောက်တံတား မြို့နယ် မဟာဗန္ဓုလ ပန်းခြံရှေ့သို့ ဆန္ဒပြ လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဆန္ဒ ထုတ်ဖော်ခြင်းသည် နိုင်ငံတော် အုပ်ချုပ်ရေးပိုင်း ကို နှောင့်ယှက်ခြင်း မဟုတ်ကြောင်း အလုံမြို့နယ် ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူ ဦးစည်သူက ဆိုသည်။
“သမ္မတကြီးက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးနေတဲ့ အချိန်မှာ ပုဒ်မ ၁၈ ဆိုတာ မရှိသင့်တော့ ဘူး” ဟု နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့မှ အဖွဲ့ဝင် ဦးမြင့်အောင်က ပြောကြားသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် တစ်နိုင်ငံလုံးတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူ ၇၀ကျော် ရှိပြီး အကျဉ်းချ ခံရသူ ၁၂ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

0 comments to “ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြသူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ ”

Post a Comment