ကွမ်းအစ် တလုံး၊ ယောင်တထုံးနှင့်
ရင်ဖုံး အင်းကျီ၊ ဖျင် ပင်နီနှင့်
ယောထည် ပုဆိုး၊ မင်ကြောင်ထိုးနှင့်
အဖိုး က၀ိ၊ ပညာရှိ။
က၀ိ၏ ဥာဏ်၊ ရဲစွမ်းမှန်လည်း
တော်လှန်ရာ၌ ထက်ခဲ့၏။
က၀ိ၏ ဓား၊ နှုတ်စကားလည်း
ထောင်ထားရာ၌ ထက်ခဲ့၏။
က၀ိ၏ သွေး၊ ကျွန်နံ့  ဆေး၍
အားမွေးရာ၌ ထက်ခဲ့၏။
သူ့ ကျွန်မခံ၊ မျိုးမာန် မချ
မခ, သူ့ အောက်၊ မမြှောက် သူ့ လက်
မမက် ကျွန်ဆု၊ မမှု ကျွန်ဘွဲ့ 
မငဲ့ ကိုယ်ကျိုး၊ ဤအဖိုးကား
အမျိုးနှင့်တူ၊ အေးတူပူမျှ
သူ့ ဘ၀ကို
သမ ရောမွှေ ခဲ့လေပြီ။
အဖိုး၏ သွေး၊ အမျိုး သွေးတည့်။
အဖိုး၏ စိတ်၊ အမျိုး စိတ်တည့်။
အဖိုး၏ ဂုဏ်၊ အမျိုး ဂုဏ်တည့်။
အဖိုး သေလည်း
ဤမြေ ဤရွာ၊ ဤနေရာကို
မခွါ ခွဲချေ၊ စောင့်ရှောက် လေအံ့။
အဖိုး မသေ၊ ရှိပါ ချေလည်း
ဤမြေ ဤရွာ၊ ဤနေရာကို
မခွါ ခွဲချေ၊ စောင့်ရှောက် လေအံ့။
မြန်မာ ပြည်သား၊ လူအများတို့ 
နွမ်းပါးသောခါ၊ အဖိုး လာ၍
သာမှု နာမှု၊ သူကြည့်ရှုအံ့။
မြန်မာ ပြည်သား၊ လူအများတို့ 
ကြီးပွားသောခါ၊ အဖိုး လာ၍
ဝမ်းသာပြုံးတုံ့ ၊ ကွမ်းရာ မြုံ့ အံ့။
အဖိုးမေတ္တာ၊ စေတနာနှင့်
သစ္စာ ဥာဏ်ရောင်၊ နေနှယ် ပြောင်၍
ပြည်ထောင် တလွှား၊ ဝေးမြေ ခြားတိုင်
ထင်ရှား ကျော်စော ခဲ့လေပြီ။
အဖိုး မသေ၊ တို့ မသေနိုင်
တို့ ပြည်မသေ၊ ဖိုးမသေနိုင်
ဂဟေ စွဲသို့  မြဲပြီတည်း။
တင်မိုး (လှေတစင်းနှင့် သီချင်းသည်။ ၁၉၆၃)