Wednesday, August 28, 2013

သြဇာနှင့် အာဏာ

,



‘သြဇာ (Influence)’ ရှိသော်လည်း ‘အာဏာ (Power)’ မရှိလျှင် လည်းကောင်း၊ ‘အာဏာ’ ရှိသော်လည်း ‘သြဇာ’ မရှိလျှင် လည်းကောင်း မိမိတို့၏ ရည်မှန်းချက် ထားရှိသည့် မူဝါဒများမှာ အဟောသိကံ ဖြစ်ရတတ် သည်။

ဆိုလိုသည်မှာ ‘သြဇာ’ လည်းရှိ၊ ‘အာဏာ’ လည်းရှိသော နိုင်ငံရေးသမား များသည် ‘သြဇာ’ လည်း မရှိ၊ ‘အာဏာ’ လည်း မရှိသော နိုင်ငံရေးသမား များထက် ပိုမို စွမ်းဆောင်နိုင်လေ့ ရှိသည်ကို တွေ့မြင် ရသည်။

စင်ကာပူနိုင်ငံကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ရောက်ရှိအောင် ဖန်တီး စီမံ ခန့်ခွဲနိုင်ခဲ့သူ လီကွမ်းယူ သည် တစ်နည်းအားဖြင့် မိမိနိုင်ငံ၏ အနာဂတ်ကို ကြိုတင် မျှော်တွေးကာ အလုံးစုံ စီမံ ခန့်ခွဲနိုင်ခဲ့သူ တစ်ဦး ဖြစ်ခဲ့သလို တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ကနဦး စတင်ခဲ့သူ တိန့်ရှောင်ဖိန် သည်လည်း တရုတ်နိုင်ငံ၏ နိမ့်ကျနေခဲ့သော စီးပွားရေး အခြေအနေများ ကို မြှင့်တင်ပေးနိုင်ခဲ့သော တစ်နည်းအားဖြင့် သြဇာနှင့် အာဏာကို ပေါင်းစပ် အသုံးချနိုင်စွမ်း ရှိခဲ့သော ခေါင်းဆောင် တစ်ဦးအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့ သည်ကို တွေ့ရသည်။

သြဇာ ရှိသော်လည်း အာဏာ မရှိလျှင် မည်သို့မျှ မိမိ ရည်မှန်းချက်များကို အကောင်အထည် (အပြည့်အဝ) ဖော်ပေးနိုင်ရန် ခက်ခဲသလို အာဏာ ရှိသော်လည်း သြဇာ မရှိလျှင်လည်း ယင်းခေါင်းဆောင်တို့၏ စိတ်ကူး ယဉ်သော ရည်မှန်းချက်များသည် လက်တွေ့တွင် မည်သို့မျှ အကောင်အထည် မဖော်နိုင် (မအောင်မြင်နိုင်) တတ်ပေ။

မူဝါဒ ဟူသည် နိုင်ငံရေး ခေါင်းဆောင် တစ်ဦးနှင့်တစ်ဦး ထားရှိပုံချင်း မတူညီနိုင် (မတူညီတတ်) သလို၊ ယင်းမူဝါဒများကို အကောင်အထည် ဖော်ရာတွင်လည်း ချဉ်းကပ်ပုံချင်း မတူညီတတ်ပါ။

ဥပမာအားဖြင့် လက်ရှိ ပကတိ စီးပွားရေး အနေအထားများနှင့် အနာဂတ် ကာလတွင် ဖြစ်တည်လာ နိုင်ဖွယ်ရှိသော စီးပွားရေး အနေအထားတို့ကို ခြုံငုံ သရုပ်ခွဲခြင်း၊ မြန်မာ့ စီးပွားရေးနှင့် ကမ္ဘာ့ စီးပွားရေး အပြန်အလှန် ချိတ်ဆက်နိုင်မှုကို အဖြေရှာခြင်း၊ ယနေ့ မြန်မာ့ စီးပွားရေးတွင် အဓိက စီးပွားရေး ပြဿနာကြီးများ (လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ နှစ်ခုလုံးကို ဖွံ့ဖြိုး တိုးတက်စေရန် လိုအပ်သော မူဝါဒပိုင်း ချိတ်ဆက်မှု၊ ပို့ကုန် သွင်းကုန် အမျိုးအစား ပြောင်းလဲလာမှုနှင့် ဆက်စပ်လာသော နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲမှု၊ ပို့ကုန် သွင်းကုန် ပမာဏ (Trade Volumes) သာမက ပို့ကုန် သွင်းကုန် ဖွဲ့စည်း တည်ဆောက်ပုံ (Trade Structure) ကို ပြောင်းလဲနိုင်ရန် လိုအပ်မှု၊ ဘဏ္ဍာရေး လိုငွေပြမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် လိုအပ်မှု စသဖြင့်) ကို မည်သည့်အချိန်တွင် မည်သို့သော မူဝါဒ အခြေခံများ (Policy Basement) နှင့် မူဝါဒ ကိန်းရှင်များ (Policy Variables) ကို အချိန်ကိုက် လုပ်ဆောင်ရန် လိုအပ်မည်နည်း ဟူသော အချက်များစွာသည် ဥပမာ အချို့ပင် ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံသည် ကမ္ဘာ၏ အာရုံ စူးစိုက်ခံနေရချိန် ဖြစ်သည်။ တစ်နည်းအားဖြင့် ရတောင့်ရခဲ အခွင့်အလမ်းကို ကြုံဆုံနေသော အချိန် လည်း ဖြစ်သည်။ အကယ်၍ ယင်းအခွင့်အလမ်းကို လက်လွတ်ခဲ့ပါက (မရယူနိုင်ပါက) နောက်နောင် မည်သို့သောအချိန်တွင် ဤအခွင့်အလမ်းမျိုး ရယူနိုင်မည် ဆိုသည်ကို မပြောနိုင်ပါ။

တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ အစရှိသော ဒေသတွင်း နိုင်ငံများသည်ပင်လျှင် ယင်းတို့ နိုင်ငံများ၌ ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် အမျိုးသား စီးပွားရေး အားကောင်းမောင်းသန် ဖွံ့ဖြိုးရေးအတွက် တစ်ခါတစ်ကြိမ် ကြုံကြိုက်ခဲ့ရသော အခွင့်အလမ်း (အခင်းအကျင်း) ကို ‘အရအမိ ယူနိုင်ခြင်း’ ဟူသော ယင်းနိုင်ငံ ခေါင်းဆောင် များ၏ အရည်အသွေးက ကမ္ဘာ့စီးပွားရေး သမိုင်းတွင် ထင်ကျန်ရစ်ခဲ့သည်ကို စီးပွားရေး လေ့လာသူတိုင်းက အသိအမှတ် ပြုထားသည်။

ဆိုလိုသည်မှာ နိုင်ငံတို့အကြား တည်ရှိသော မတူညီမှုများမှ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာလေ့ ရှိသော ပွတ်တိုက်မှုများ (Frictions) နှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အခြေအနေများမှ ဖန်တီး (ရံဖန်ရံခါ မမျှော်လင့်ဘဲ) ပေးလာသော အခွင့်အလမ်းများကို ရယူနိုင်စွမ်း ရှိသော နိုင်ငံများနှင့် ရယူနိုင်စွမ်း မရှိသော (ရယူလိုစိတ် မရှိသော) နိုင်ငံများ ဟူ၍ ရှိလာပြီး ယင်းနိုင်ငံတို့၏ အနာဂတ်ကို အမှတ်မထင် ပုံဖော်သွားခြင်း (ပုံသွင်းသွားခြင်း) ဖြစ်သည်ဟု စာရေးသူ ယူဆသည်။

ယနေ့ ဖွံ့ဖြိုး တိုးတက်သောနိုင်ငံ အဖြစ်သို့ ရောက်ရှိအောင် လုပ်ဆောင် ခဲ့သော နိုင်ငံများ ဖြစ်သည့် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံ စသည်တို့သည်လည်း အခွင့်အလမ်းကို အမိအရ ရယူနိုင်ခဲ့ (လက်မလွတ်တမ်း ရယူနိုင်ခဲ့) သော နိုင်ငံများ ဖြစ်သည်။ တင်စား ပြောရလျှင် ပင့်ကူအိမ်တွင် နားလာမည့် မိမိ၏ အစာကို မလွတ်တမ်း ဖမ်းယူနိုင်သော ပင့်ကူငယ် တစ်ကောင်ကဲ့သို့ပင် စူးစိုက်သော ဝီရိယနှင့် ဉာဏ်တို့ ပေါင်းစပ် စဉ်းစားထားခြင်းပင် ဖြစ်သည်။

အခွင့်အလမ်းများ ဟူသည့် မကြာခဏ ဖြစ်ပေါ်လာတတ်ခြင်း သဘောမျိုး မဟုတ်ပေ။ တစ်ခါတစ်ရံ မိမိ အခွင့်အလမ်းများသည် မိမိက ရယူနိုင်စွမ်း မရှိပါက တစ်ပါးသူများ (အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ) ထံသို့ ရောက်ရှိသွားတတ်သည်။ ဥပမာ-တစ်လောက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ စီးပွားရေးဖိုရမ် (WEF) တွင် အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများက အထူး စူးစူးစိုက်စိုက် အာရုံခံ လေ့လာသွားကြသည် ကို စာရေးသူ သတိပြုမိခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံတွင် မည်ရွေ့ မည်မျှသော အပြောင်းအလဲများ (နိုင်ငံရေး၊ စီးပွားရေး အထူးသဖြင့်) နှင့် မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများမှသည် ယင်းတို့၏ နိုင်ငံများသို့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ကောင်းကျိုးများ (Positive Impacts) နှင့် ဆိုးကျိုးများ (Negative Impacts) များကို ပေးစွမ်းနိုင်လေမည်နည်း ဟူသော အချက်ကို အဓိက ရှာဖွေ လေ့လာရန်လည်း ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ မိမိနိုင်ငံ၏ အကျိုးကို မဖော်ဆောင်နိုင်ပါက (မပေးစွမ်းနိုင် ပါက) တစ်ပါး နိုင်ငံများက ယင်းကို ရယူသွားနိုင်မည် ဆိုသည်က မေးစရာ ပင် မလိုပေ။

ထိုကဲ့သို့သော အခွင့်အလမ်းများတွင် အမြဲတစေ ဉာဏ်နှင့် နှလုံးရည် တိုက်ပွဲများ (ပြိုင်ဆိုင်မှုများ) ပူးတွဲ ပါလာလေ့ ရှိသည့်အတွက် မိမိ နိုင်ငံသား များ အကျိုးအများဆုံး ဖြစ်စေမည့် အမြော်အမြင် ကြီးမားမှုသည် လွန်စွာ အရေးကြီးသည်။

ယနေ့ မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း သြဇာနှင့် အာဏာ ပေါင်းစပ်ကာ အပြည့်အဝ အသုံးချ နိုင်သော အမြော်အမြင် ကြီးမားသော နိုင်ငံရေး ခေါင်းဆောင်များ အပေါ်တွင် မူတည်ပေလိမ့်မည်။

ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

0 comments to “သြဇာနှင့် အာဏာ”

Post a Comment