Friday, August 30, 2013

ရုရှားနိုင်ငံက MIG-29K KUB အမျိုးအစား တိုက်လေယာဉ် ခြောက်စင်း အိန္ဒိယ လေတပ်သို့ လွှဲပြောင်း ပေးအပ်ရန် စီစဉ်

,


ရုရှားနှင့် အိန္ဒိယနိုင်ငံတို့ အကြား ချုပ်ဆိုထားသည့် သဘောတူညီချက် တစ်ရပ်အရ ရုရှားနိုင်ငံက ၎င်း၏ စတုတ္ထမျိုးဆက် MIG-29K KUB အမျိုးအစား ဂျက်တိုက်လေယာဉ် ခြောက်စင်းကို ယခုနှစ်အတွင်း ၌ အိန္ဒိယလေတပ်သို့ ထပ်မံလွှဲပြောင်း ပေးအပ်သွားမည်ဟု MIG လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက ထုတ်ဖော် ပြောကြားခဲ့ကြောင်း သြဂုတ် ၂၉ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရ သည်။ MIG ကုမ္ပဏီသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ကန်ထရိုက်စာချုပ်တစ်ရပ်ကို အိန္ဒိယ နိုင်ငံနှင့် ၂ဝ၁ဝ ပြည့်နှစ်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်အရ MIG-29K KUB တိုက်လေယာဉ် ၂၉ စင်းကို အိန္ဒိယလေတပ်သို့ ၂ဝ၁၅ ခုနှစ် အပြီး လွှဲပြောင်းပေးအပ်သွားရမည်ဖြစ် ကြောင်း သိရသည်။

MIG ကုမ္ပဏီ အနေဖြင့် ၂ဝ၁၂ ခုနှစ်အတွင်း၌ ၎င်းအမျိုးအစား လေယာဉ် လေးစင်းနှင့် ယခု နှစ်အတွင်း၌ တစ်စင်း အိန္ဒိယနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ နောက်ထပ် ခြောက်စင်း ထပ်မံလွှဲပြောင်း ပေးအပ်ရန် ကျန်ရှိနေသေးကြောင်း MIG လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် ဆာဂျီကိုရော့တ်ကော့ဗ်က သတင်းထောက်များကို ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ သဘောတူစာချုပ်သည် MIG ကုမ္ပဏီ နှင့် အိန္ဒိယနိုင်ငံတို့ အကြား ဒုတိယ အကြိမ်မြောက် ချုပ်ဆိုခဲ့သည့်စာချုပ် ဖြစ်ပြီး ၂ဝဝ၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပထမအကြိမ် သဘောတူစာချုပ်အရလည်း MIG-29 တိုက်လေယာဉ် ၁၆ စင်းကို ၂ဝ၁၁ ခုနှစ်အတွင်း၌ အိန္ဒိယ လေတပ်သို့ အပြီးသတ် လွှဲပြောင်းပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

0 comments to “ရုရှားနိုင်ငံက MIG-29K KUB အမျိုးအစား တိုက်လေယာဉ် ခြောက်စင်း အိန္ဒိယ လေတပ်သို့ လွှဲပြောင်း ပေးအပ်ရန် စီစဉ်”

Post a Comment