Monday, August 26, 2013

စစ်ခွေးတွေ မသိပါစေနဲ့

,
         ကျွန်တော် ရဲ့ ဇာတိ ကလေး မြို့ မှာ ရေကြီးရေလျှံ ဖြစ်တယ် ဆိုတဲ့သတင်း ရ ကတည်းကကျွန်တော် တော်တော် စိတ်ပူခဲ့ပါတယ်။ ဒါနဲ့ ပဲ တပ်က တပ်မှူး ကို ရှောင်တခင် ခွင့် ခံစားခွင့်ပြုဖို့တင်ပြရပါတယ်။ ကံကောင်းထောက်မ စွာနဲ့ ပဲ တပ် က စစ်ဆင်ရေး တာဝန် မထမ်းဆောင်ရသေးတဲ့အချိန်ကိုက်ဖြစ်နေတော့ ကျွန်တော် ခွင့် (၃)ရက် ရခဲ့ပါတယ်။

          ဒါနဲ့ ကျွန်တော် အိမ်ကို အမြန်ပြန်နိုင်ဖို့ ချက်ချင်း ကားလက်မှတ်ဖြတ်ရတယ်။အမှန်တော့ ကျွန်တော် မပြန်လို့ မဖြစ်တဲ့အကြောင်းက ရှိနေလို့ပါ။ ကျွန်တော် က မိဘ နှစ်ပါး ရဲ့ တစ်ဦးတည်းသော သား ။ ကျွန်တော် တပ်ထဲဝင်သွားကတည်းက အဖေနဲ့အမေ မှာပြုစု စောင့်ရှောက်မယ့် သူ မရှိဘူး။ ဒီကြားထဲ ကျွန်တော် အရှေ့မြောက်ပိုင်းတိုင်းမှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာပဲ အဖေ လေဖြတ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အိမ်ကို ပြန်ပြီး အဖေ့ကျန်းမာရေး အခြေအနေကို ဂရုမစိုက် ပေးခဲ့နိုင်ပါဘူး ။ ဒီတော့ အိမ်မှာ ရှိတဲ့ လူမမာ အဖေ နဲ့ အမေ့ကို ဒီသတင်းကြားကြားချင်း ဘယ်စိတ်ချနိုင် တော့မလဲဗျာ။ 



        ကျွန်တော် ဇာတိမြေကို ရောက်တော့  ဇာတိမြေက ရေအဖွေးသားနဲ့ ကျွန်တော် ကို ကြိုနေပါတယ်။ ကျွန်တော် ရောက်တဲ့အချိန်က နေ့ခင်း ၁ နာရီ နီးပါးလောက်ရှိပါပီ ။ကလေး ခါးစောင်းတင် ဖျာလိပ်ခေါင်းရွက် ထမိန်းမပြီး ကူးနေတဲ့ ကျွန်တော်တို့ ရပ်ကွပ်ထဲ ကသူတွေနဲ့  တပ်မတော် သားအချို့ ကို တွေ့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဖေးမ နေကြတာ မြင်တော့ "တပ်နဲ့ပြည်သူ လက်တွဲကူ ဖျက်ရန်ဟူသမျှ ချေမှုန်းကြ" ဆိုတဲ့ ဆောင်ပုဒ်လေး ကို ကျွန်တော် သတိရမိပါတယ်။ တကယ်လက်တွေ့ ကျွန်တော် မျက်မြင်မှာပဲ သဘာဝ အန္တရာယ်ကို အတူတွဲ ကျော်လွှားနေကြတယ်မဟုတ်လား။
နောက်တစ်ခုက စစ်တိုက်ရန် နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် ဆိုတဲ့  တာဝန်တစ်ခုကို သူတို့ ထမ်းဆောင်နေကြတာ မဟုတ်လား။ ဒါပေမယ့် ကျွန်တော် မြင်လိုက်တဲ့သူတို့ ရဲ့ ကူညီဖေးမ မှု တွေက တာဝန်တစ်ရပ် အရ မဟုတ်ပဲ တကယ် နှလုံးသား နဲ့ လုပ်နေကြတယ် ဆိုတာ ကျွန်တော် လည်းစစ်သား တစ်ယောက်မို့ အလိုလို ခံစားမိပါတယ်။ နောက်တော့ ရဲတပ်ဖွဲ့ဝင်တွေ ၊ မီးသတ် တပ်ဖွဲ့ဝင်တွေ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေလဲ တွေ့ရပါတယ်။ ကျွန်တော် အိမ်ရောက်သွားတော့ အဖေ နဲ့ အမေကို မတွေ့ရ တော့ဘူး ။ အိမ်က လဲ ဘုရားပုံပဲ နဲ့ အချို့လေးလေး လံလံ စားပွဲခုံ လိုဟာမျိုးတွေပဲ ကျန်တော့တယ်။ ကယ်ဆယ်ရေး စခန်းတစ်ခုခု ကိုရောက်နေပြီဆိုတာ ကျွန်တော် ချက်ချင်း နားလည် လိုက်ပါတယ်  ။ ဒါနဲ့ ကျွန်တော်လည်း နီးစပ်ရာ ဆွေမျိုးတွေကို မေးတော့ အောင်မင်္ဂလာ ဇာတ်ရုံဘက် မှာ ဆိုတာနဲ့ လိုက်သွားလိုက်တယ် ။


ဟော..တွေ့ပါပြီ ။ အထုပ်တွေ အိပ်ယာလိပ်တွေ ဘေးမှာ ကျုံ့ကျုံ့လေး ထိုင်နေတဲ့ အမေ ။ အမေ က ကျွန်တော်ကို မြင်တော့ ချက်ချင်းဆိုသလို မျက်နှာ ပြောင်းသွားတယ် ။ အမေ့ကြည့်ရတာ ဆံပင်တွေ ဘိုသီဘတ်သီ နဲ့ တော်တော်လေး စိတ်ညစ်နေပုံရတယ်။ မိသားစုအပေါ် ဘာမှ တာဝန်မကြေ နိုင်ခဲ့တဲ့ ကျွန်တော် ကို မြင်တော့ အမေ ၀မ်းသာ သွားတာကို ထုတ်မပြောလဲ ကျွန်တော် ခံစားရပါတယ်။ အမေ နဲ့အတူ အဖေ့ ကို မတွေ့ရတော့ ကျွန်တော် ထိပ်ခနဲ စိတ်ထဲ ဖြစ်မိတယ်။ သေသေချာချာမေးကြည့်တော့မှ ဟိုဘက် ခပ်လှမ်းလှမ်း မှာ ရှိတဲ့ အဖေ့ ကျန်းမာရေးအတွက် သွေးပေါင်ချိန် ၊ ဘာညာ လုပ်ပေးနေတယ်လို့ သိရမှ ကျွန်တော်စိတ်အေးသွားရတယ်။ဒါနဲ့ အဖေ့ ဆီကို အမေနဲ့ လိုက်သွားတော့ အဖေလည်း ကျွန်တော် တွေ့တာနဲ့ သူ့သားလေးပြန်လာတော့ ပျော်တာပေါ့။ဘေးနားမှာ နေ့လည်စာ ကို ၂ နာရီနီးပါးလောက်မှ စားဖို့ ပြင်နေတဲ့ ရဲဘော်လေး အချို့ ကိုတွေ့ရတယ်။အဲ့ဒီဘေးက စားပွဲမှာတော့ ဆေးဗိုလ်ကြီး တစ်ယောက်ကို တွေ့တယ်။ ဒါနဲ့ ကျွန်တော် လဲ ကျန်းမာရေးအဖွဲ့ က ဆေးဗိုလ်ကြီးနဲ့ ကျေးဇူးတင်ကြောင်း နဲ့ မိတ်ဆက်စကား ဆိုမလို့ပြင်တုန်းရှိသေးတယ်..


"ဗိုလ်ကြီး ဗိုလ်ကြီး "

ဆိုတဲ့ အသံနဲ့ အမော တကော ရောက်လာတဲ့  ရဲဘော်တစ်ယောက် ရဲ့ အသံကို လူမမြင်ပဲကြားနေရတယ်။ နောက်တော့ တဲလေးထဲကို လှမ်းဝင်လာပြီး

          "ဒေါ်လေးမေလှ တော်တော် နေမကောင်းလို့ အဲ့တာဗိုလ်ကြီးကို အမြန်လာပင့်တာပါ"

ဆိုတဲ့ စကား အဆုံးမှာပဲ ထမင်းစားဖို့ ပြင်နေရာကနေ "အေးဒါဆိုလဲ သွားတာပေါ့ကွာ" ဆိုပြီး ထထွက် သွားပါလေရော။ သူတို့ရဲ့ဟန်ပန် အမူအရာတွေ ကြည့်ပြီး ကျွန်တော်မှာ ၀မ်းလည်းသာရတယ် ၊ စိတ်မကောင်းလည်း ဖြစ်မိပါတယ် ။ ဒေါ်လေးမေလှ ကိုသွားကြည့်ပြီး ပိုက်ဆံရမှာလဲ မဟုတ်သလို ပေးရင် ယူမှာ မဟုတ်ပါဘူး။ ပြီးတော့ ချက်ချင်း ထလိုက်သွားတဲ့ ဆရာဝန်၊ ထမင်းစားရသေးတဲ့ ပုံမပေါ်တဲ့  တစ်ကိုယ်လုံး ရေစိုရွှဲနေတဲ့ ရဲဘော်တစ်ယောက် က မျိုးချစ်စိတ်ဓာတ် အပြည့်နဲ့ ကြရာတာဝန်ကို စေတနာပါပါ ထမ်းဆောင်နေကြတာ တွေ့ရတော့ ၀မ်းသာ မိတယ်။ ဘယ်အရာ မဆို  စေတနာ ပါရင် အဆိပ်တောင် ချိုတယ်လို့ ဆိုစမှတ်ရှိတယ်မဟုတ်လား ။ စိတ်မကောင်း ဖြစ်မိတာကတော့.. ဒီအကြောင်းအရာတွေ ကို ဘယ်ပြည်တွင်း သတင်းစာ ၊ ဘယ်ဂျာနယ် မှာ မှ ရေးသားဖော်ပြတာတွေ မရှိတဲ့ အပြင် အွန်လိုင်း စာမျက်နှာအချို့မှာ "တပ်မတော်မှ ရေဘေးသင့်ပြည်သူတွေကို အတင်းအဓမ္မရွေ့ပြောင်း" ဆိုတဲ့ ခေါင်းစဉ် နဲ့ သူအောက်က ကွန်မင့်တွေမှာ စစ်ခွေးတွေ ၊ လူယုတ်မာတွေ ဆိုတဲ့ မှတ်ချက်တွေကို သူတို့ကတော့  သူတို့ကို အကောင်းမမြင် ပေးရင်တောင် အဲ့လိုမှတ်ချက် ပေးလိမ့်မယ်လို့ ထင်မှာမဟုတ်ပါဘူး။ ကျွန်တော် ရဲ့ဘေးနာမှာ သားမောင်  ပြန်လာလို့ ပျော်နေတဲ့ အဖေနဲ့ အမေရဲ့ ဖောင်ဖွဲ့စကားတွေကို နားက မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေရင်း ကျွန်တော် ရဲ့ စိတ်ထဲမှာတော့ မကျန်းမမာ ဖြစ်နေတဲ့ ဒေါ်လေးမေလှ နဲ့ ထမင်းတောင် မစားနိုင်ပဲ ချက်ချင်း ထလိုက်သွားတဲ့  စစ်ဆရာဝန် ၊   တစ်ကိုယ်လုံး ရေစိုရွှဲနေတဲ့ ရဲဘော် တို့ ကျန်းမာ ချမ်းသာကြပါစေ လို့ မေတ္တာပို့ရင်း သူတို့ကို အင်တာနက် စာမျက်နှာတွေပေါ်မှာ အချို့လူတွေက စစ်ခွေးတွေ ၊ အမျိုးယုတ်တွေလို့ ခေါ်တာ သူတို့မသိပါစေနဲ့ ၊ သူတို့ ပြန်မကြားပါစေနဲ့လို့သာ ဆန္ဒပြုရင်းဖြင့်------

0 comments to “စစ်ခွေးတွေ မသိပါစေနဲ့”

Post a Comment