Friday, December 6, 2013

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း

,


ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။

ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။

ရာသီအကြိုဝေဒနာ ဆိုသည်မှာ

လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြိုဝေဒနာလို့ ခေါ် ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာ တွေကို စားချင်စိတ်ပြင်းပြ တာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ် ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှု များတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ် ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာသွား တတ်ပါတယ်။

ရာသီအကြိုဝေဒနာကို ဘာကြောင့် မိန်းကလေးတချို့ကပဲ ခံစားရတာလဲ

ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေး တစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ် ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက် စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုကြတာပါ။ ရာသီ မလာခင် စားသောက်တဲ့ တချို့ အစား အသောက်တွေကြောင့်လည်း ဝေဒနာဖြစ်ပေါ်တယ် လို့ ဆိုကြပါတယ်။

ရာသီအကြိုဝေဒနာသက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံများများ၊ ဟင်းသီးဟင်းရွက်များများ ပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင် ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့်လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်ဒ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက်မှီဝဲတာ က တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာ လို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ်တင်ပေးတာကြောင့် ကြွက်သားတွေကို အနားရ စေပြီး ဗိုက်အောင့်တာကို သက်သာစေ ပါတယ်။

- ရာသီအကြိုဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်ဆေးကို ဆောင်ထားပါ။

- ရာသီအကြိုဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။

ရာသီသွေးဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ

ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ကို သိနားလည် ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ သိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါနေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝ၀ အိပ်ပါ - ရာသီလာစဉ် ပင်ပန်း နွမ်းနယ်မှုပြေလျော့စေဖို့ အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။

(၃) အာဟာရပြည့်ဝအောင် စားပါ - ရာသီသွေး ဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှုအဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်း နိုင်အောင် အစိမ်းရောင်ဟင်းရွက်၊ အနီရောင်အ သား၊ တိရစ္ဆာန် ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီပါ ဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အခက်အခဲတွေ့ ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်း လွယ်အိတ်ထဲမှာ Non-Recycle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲ ဆောင်ထားပါ။ ပြီးရင် အမျိုးသမီးလစဉ် သုံးပစ္စည်း ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီး လစဉ်သုံး ပစ္စည်းကို လေးနာရီ ခြောက်နာရီ ခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။
Read more →

Tuesday, November 19, 2013

ထွန်းအိန္ဒြာဗို ကားရိုက် ဘာကြောင့် နားရတယ်

,

 
ထွန်းအိန္ဒြာဗို, ရုပ်ရှင်, ဂီတ
အကယ်ဒမီ ထွန်းအိန္ဒြာဗိုကို ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တဦးအဖြစ် ဤသို့ တွေ့ရသည် (ဓာတ်ပုံ – ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ facebook စာမျက်နှာမှ)
အခုတလောမှာ အကယ်ဒမီ မင်းသမီး ထွန်းအိန္ဒြာဗိုတယောက် ရုပ်ရှင်ဇာတ်ကားတွေ မရိုက်တော့ဘူး ဆိုတဲ့ အသံတွေ ထွက်ပေါ်နေပါတယ်။ တကယ်လည်း သူ ရုပ်ရှင်ရိုက် နားထားတာ ၆ လလောက်ကျော်ပြီလို့ သိရပါတယ်။
ဒါပေမယ့် ထွန်းအိန္ဒြာဗိုကတော့ ရုပ်ရှင်လုံးဝ မရိုက်တော့တာ မဟုတ်ဘူး၊ သူနဲ့ သင့်လျော်တဲ့ ဇာတ်ရုပ်မတွေ့သေးလို့သာ မရိုက်တာပါလို့ ဧရာဝတီကို ပြောပါတယ်။
“ကျမက အပျိုကြီး၊ အဒေါ်၊ အစ်မ၊ ယောက္ခမ ဆိုတဲ့ ဇာတ်ရုပ်တွေကိုပဲ သရုပ်ဆောင် နေရတော့တာ။ မင်းသား သရုပ်ဆောင်သာ လွဲသွားတာ ကျမ ရိုက်ရတာ ဒါပဲ ဖြစ်နေတော့ ကိုယ်တိုင်ကကို မရိုက်ချင်တော့ဘူး။ အဲဒီလိုပဲ ကျမ အသက်အရွယ်နဲ့ အပြင် ကာရိုက်တာနဲ့ တကယ်ကိုက်ညီတဲ့ ဇာတ်ရုပ်မျိုး လာရင်ရိုက်မယ်၊ မလာရင် မရိုက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။ ကျမ အလုပ်က နားလား၊ မနားဘူးလားမေးရင်၊ ကျမစိတ်ကြိုက်ကား လာရင် ရိုက်မယ်၊ မလာရင် မရိုက်ဘူးပဲ။ အခုအထိ မလာတဲ့ အတွက် ရိုက်ကိုမရိုက်တာ ခြောက်လကျော်ပြီ” လို့ သူက ဆိုပါတယ်။
အသက် ၄၇ နှစ်ရှိပြီ ဖြစ်တဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ သူ့အသက်အရွယ်နဲ့ နေ့စဉ် ရှုတင်သွားနေရတာလည်း သိပ် သဘာဝမကျတော့ဘူးလို့ ခံစားလာရကြောင်း ပြောပါတယ်။
“ကျမ မိသားစုနဲ့ သားလေးကိုလည်း အချိန်ပေးစရာတွေ၊ ကိစ္စတွေရှိတယ်” လို့လည်း ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
သူ့အနေနဲ့ ကိုယ်တိုင် ဇာတ်ကားထုတ်လုပ် ရိုက်ကူးဖို့ အစီအစဉ် မရှိပေမယ့်လည်း အနုပညာ အလုပ်ကို အဆက်အသွယ် မဖြတ်ကြောင်း၊ ၀ါသနာပါတဲ့ အနုပညာအလုပ်တွေမှာ ဇာတ်လမ်းကောင်းတွေ လာငှားရင် ရိုက်မယ် ဆိုတဲ့အကြောင်း ဆက်ပြောပါတယ်။
“ကိုယ့်ဘာသာကိုယ်တော့ ဇာတ်လမ်းကို လိုက်ရှာ မနေပါဘူး” လို့ သူက ဆိုပါတယ်။ သရုပ်ဆောင် အလုပ်ကို ဇာတ်ရုပ်ကောင်းကောင်း တွေ့မှ လုပ်မယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုဟာ ဂီတအတွက် တကိုယ်တော် အခွေ ထွက်နိုင်ဖို့တော့ ကြိုးစားနေတယ်လို့ သိရပါတယ်။
“အခွေ ထွက်ဖို့က လုပ်နေတာတော့ ကြာပြီ။ အရင်ရွေးထားတဲ့ သီချင်းတွေကို အခု မကြိုက်တော့ဘူး။ ပထမကတော့ ကိုယ်ပိုင် သံစဉ်တွေချည်းပဲ လုပ်ဖို့ ရည်ရွယ်ထားတာ။ ရွေးချယ်တဲ့နေရာမှာ ကျမ အသံနဲ့ မကိုက်တာတွေ တွေ့ရတော့ ရွေးရတာ ဘောင်ကျဉ်းသွားတယ်။ ဒါကြောင့် အခွေထွက်ရင်တော့ ကော်ပီတွေလည်း ပါရင်ပါမယ်၊ စီးရီး ခေါင်းစဉ်တော့ မပေးရသေးဘူး။ ၁၁ ပုဒ်လောက် ပါမယ်။ အရင်က ကျွန်မဆိုနေကျ Pop ပုံစံတွေပါပဲ” လို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
အရင်နှစ်က အကယ်ဒမီပေးပွဲမှာ ကော်ပီဇာတ်ကား တကား အကယ်ဒီ မရခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဧရာဝတီက မေးမြန်းရာမှာ သူက “သရုပ်ဆောင်ကတော့ ကော်ပီကို သရုပ်ဆောင်ရင် သူဘယ်လောက် တူအောင်လုပ်နိုင်လဲ၊ တူအောင် လုပ်နိုင်ပြီး ပရိသတ်ကို ဖမ်းစားနိုင်ရင် ပေးသင့်ပါတယ်။ ကော်ပီကားကြီးကို ဇာတ်ကားဆု ပေးတာတော့ မဖြစ်သင့်ဘူးပေါ့။ဒီနှစ် အကယ်ဒမီပေးပွဲမှာ ကျမ ကားတွေတော့ ပါပါတယ်။ အကယ်ဒမီ ရလောက်မှာတော့ မဟုတ်တဲ့အတွက် သက်သက် သွားအားပေးမှာပါ” လို့ ဖြေပါတယ်။
အကယ်ဒမီ ထွန်းအိန္ဒြာဗိုက လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးရဲ့ အဖွဲ့ဝင်နေရာမှာ ပါဝင်နေပေမယ့်လည်း ဆက်လုပ်ဖို့ ဆန္ဒ မရှိတော့တဲ့အတွက် ထွက်စာတင်ဖို့ ဆုံးဖြတ်ထားတယ် လို့လည်း သိရတယ်။
“ကျမထက် သိတဲ့တတ်တဲ့ သူတွေ အများကြီး ရှိတဲ့အတွက် ကျမ နေရာမှာ တခြားသူ တယောက် အစားထည့်လိုက်ရင် ပိုကောင်းမယ်လို့ တွေးမိတယ်။ ကျမက ဘာမှ သိပ်မကျွမ်းကျင် ဘူးလေ။ အစည်းအဝေးတွေ သွားရင် ကိုယ့်နေရာက အလကား ဖြစ်နေတယ်လို့ ခံစားရတယ်။ အခုတော့ ထွက်စာတင်ဖို့ ဆုံးဖြတ်ထားတယ်။ အခုတော့ အစည်းအဝေး မတက်ချင်လို့ ရှောင်နေတယ်။ နောက်ပိုင်းလည်း သူတို့ ကျမကို ထုတ်မှာပါ” လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
အခု လက်ရှိ အချိန်မှာ အကယ်ဒမီ ထွန်းအိန္ဒြာဗိုဟာ မိသားစုနဲ့ သားငယ်အတွက် အချိန်ပိုပေးရင်း အင်္ဂလိပ်စာကို ပိုလေ့လာ ဖြစ်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်ရေး အဖွဲ့မှာ အဖွဲ့ဝင်တဦး အဖြစ် ပါဝင်လုပ်ကိုင် ပေးနေတဲ့ သူက “အဲဒီ အဖွဲ့မှာလည်း ကျမက တောက်တိုမယ်ရပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကတော့ အခုအချိန်မှာ ဇာတ်ညွှန်းကိစ္စ အားလုံး ပြီးစီးသွားပြီ ဖြစ်ပြီး ရိုက်ကူးဖို့အတွက် နိုင်ငံခြား ဒါရိုက်တာ တယောက်ကို ရှာနေပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နေရာမှာ သရုပ်ဆောင်မယ့် သူ၊ ဒေါ်ခင်ကြည် နေရာမှာ သရုပ်ဆောင်မယ့် သူတွေကို ရွေးချယ်ပြီး လိုအပ်တဲ့ သင်တန်းတွေ တက်ခိုင်းထားပေမယ့် နိုင်ငံခြားသား ဒါရိုက်တာ ရလာခဲ့ရင် သူတို့ စိတ်ကြိုက် ဖြစ်မဖြစ်ကိုတော့ မပြောတတ်သေးဘူးလို့ ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
“နိုင်ငံတကာ အဆင့်အထိ မှန်းထားတဲ့အတွက် နိုင်ငံခြား ဒါရိုက်တာနဲ့ ရိုက်မှာပါ။ ကျမတို့က တခြား ဘာကိစ္စမှ ဝင်မစွက်ဖက် ပေမယ့်၊ မြန်မာ့ အမြင်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ လွဲချော်နေတာတွေ ပါလာရင်၊ တွေ့ရရင်တော့ ကျမတို့က ဝင်ပြောမှာပါ” လို့ ထွန်းအိန္ဒြာဗိုက ရှင်းပြပါတယ်။

Read more →

လှိုင်သာယာမြို့နယ်တွင် ခိုးမှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးရမိ

,

ရန်ကုန်၊ နိုဝင်ဘာ ၁၉

၁၅.၁၁.၂၀၁၃ရက်နေ့ ၀၅၀၀အချိန်တွင် မမြမြသန်း(ရောင်း/၀ယ်)(ဘ)ဦးသောင်းတင်၊အမှတ်(၁၉၅၇)၊ကျန်စစ်သားလမ်း၊ရွှေလင်ဗန်းကျေးရွာ၊လှိုင်သာယာမြို့နယ်နေသူသည် အိမ်ရှေ့တံခါးပွင့်နေသည်ကိုတွေ့ရသဖြင့် နေအိမ်အတွင်းစစ်ဆေးရာ ဈေးရောင်းရာတွင်အသုံးပြုသည့် သေတ္တာငယ်အတွင်းထည့်ထားသော ငွေစက္ကူရောရာငွေကျပ် (၁၀၀၀၀) ပျောက်ဆုံးနေသည်ကိုတွေ့ရ၍ ထပ်မံစစ်ဆေးစဉ် အိပ်ယာခေါင်းရင်းတွင်ထားသည်
ရွှေထည်ပစ္စည်းနှင့်ငွေများထည့်ထားသောသေတ္တာမှာလည်းပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ နေအိမ်နှင့်မျက်နှာချင်းဆိုင်ရှိ နေအိမ်ခေါင်းရင်းမှ အဆိုပါပျောက်ဆုံးသေတ္တာအားပြန်လည်တွေ့ရှိရသဖြင့်စစ်ဆေးရငွေစက္ကူ (၃၈)သိန်းအနက် ငွေကျပ်(၂၉)သိန်းပျောက်ဆုံးနေသည့်အပြင် အလေးချိန် ၉ ပဲ ၁ရွေးရှိရွှေလက်ကောက်(၂)ကွင်း၊အလေးချိန် ၄ ပဲ ၇ ရွေးရှိ လက်စွပ်(၁)ကွင်း၊ ရွှေတန်ဘိုးငွေကျပ်(၁၀)သိန်းခန့်နှင့် စုစုပေါင်းတန်ဘိုး ငွေကျပ်(၃၉၁၀၀၀၀)မှာ
ပျောက်ဆုံးသွားခဲ့ သဖြင့် ခိုးယူသူအားစုံစမ်းအရေးယူပေးရန် မမြမြသန်းမှ လှိုင်သာယာမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် (ပ)၁၃၃၂/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီးတရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းစစ်ဆေးဆောင်ရွက်နေစဉ် ၁၈.၁၁.၂၀၁၃ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေသူ များဖြစ်သည့် ဝေလင်းထွန်း(ဘ)ဦးဇော်ဝင်းနှင့် အာကာထိုက်(ခ)ဘိုဘို (ဘ)ဦးခင်ထူး တို့ (၂)ဦးမှ ခိုးယူသွားကြောင်း စုံစမ်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ (၂)ဦးအား အခြားခိုးမှုများ ကျူးလွန်ထားခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Read more →

ဆေးလိပ်ဖြတ်ချင် သူများအတွက် စီးကရက်ဆိုင် ဖွင့်မည်ဟု မင်းသမီး ဆုပန်ထွာကပြော

,

ဆေးလိပ်ဖြတ်ချင်သူများအတွက် အီလက်ထရောနစ်စီးကရက်ဆိုင်ကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဟု မင်းသမီး ဆုပန်ထွာက မဇ္ဈိမသို့ ပြောကြားလိုက်သည်။ ယင်းဆိုင်နာမည်ကို "Vape city" ဟု အမည်ပေး ထားပြီး အမေရိကန်နိုင်ငံမှ ကုမ္ပဏီ၏ထုတ်ကုန်ပစ္စည်းကို အသုံးပြုသွားမည်ဖြစ်သည်။
“ဒီဆေးလိပ်က ဆေးလိပ်စွဲနေသူတွေအတွက် အများကြီးထိရောက်မှုရှိပါတယ်။ နောက်ပြီး ဖွာနေရင်လည်း အငွေ့ထွက်ရင်ဘေးနားကလူတွေအတွက်ရော၊ ကလေးတွေအတွက်ရော ထိခိုက်မှုမရှိပါဘူး။အဲယားကွန်း ခန်းမှာလည်းသောက်လို့ရပါတယ်။ ဆေးလိပ်ပြာလည်း ခြွေစရာမလိုပါဘူး။ နီကိုဒင်းလည်းမပါတော့ ထိခိုက်မှုမရှိပါဘူး၊ မီးခြစ်လည်း မလိုပါဘူး”ဟု မင်းသမီး ဆုပန်ထွာက ပြောကြားသည်။
ယင်းဆေးလိပ်သည် အမျိုးသားရော၊ အမျိုးသမီးများပါအသုံးပြုနိုင်ပြီး ဘက်ထရီအားထည့်သွင်းကာ သုံးစွဲ ရမည့် စီးကရက်ဖြစ်သည်။
ယင်းအီလက်ထရောနစ်စီးကရက်ဆိုင်ကို မြရိပ်ညိုရှိsport bar ဘေးတွင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး ယခုအခါတွင် C/112၊ ရွှေနှင်းဆီကန်လမ်း၊ ကိုးမိုင်၊ မရမ်းကုန်းတွင် ၎င်းထုတ်ကုန်ပစ္စည်းများကို ရောင်းချ လျက်ရှိသည်။
ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
By Mizzima
Read more →

***ဗုဒ္ဓသာသနာအတွက် အလားအလာ မ ကောင်းတော့ကြောင်း အင်းစိန် ရွာမဆရာတော် ဘုရားကြီး၏ သတိပေးချက်***

,

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ.(ဗဟို) မှဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော
အင်းစိန်ရွာမဆရာတော် အရှင်တိလောက ဘိဝံသ ဆရာတော်ကြီး၏ ယနေ့ ဗုဒ္ဓဘာသာ ခေါင်းဆောင်များအတွက် "သတိပေးချက်" " "ယနေ့ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်အများစုသည်........
၁။မြတ်ဗုဒ္ဓ ဘုရားဖြစ်ခါစက မိန့်ကြားခဲ့သော သာသနာပြုလမ်းစဉ်လိုက်သူ မရှိသလောက်ဖြစ်နေပြီ။

၂။မိမိနေရာ၌သာနေထိုင်ပြီးစာပေပို့ချနေခြင်းကို ပရိယတ္တိသာသနာပြုနေသည်ဟု ထင်နေကြသည်။

၃။ပြည်ပနိုင်ငံရောက်ရဟန်းတော်များသည်ပြည်ပမှာရောက်နေသည့်မိမိနိုင်ငံ သားဗုဒ္ဓဘာသာဝင်များ၏အကြည်ညိုခံသက်သက်ဖြင့်ကျေနပ်နေကြသည်။

၎။ဘာသာခြားများကို သီမ်းသွင်းသာသနာပြုနိုင်မှု မရှိသလောက်ရှားသည်။

၅။ပြည်တွင်းနေရဟန်း၊သာမဏေအများစုမှာလည်း ပရိယတ်၊ပဋ္ဋိပတ်နှင့်ကင်းကွာပြီး ယောင်ဝါးဝါး စားကာ သောက်ကာ အလကား အချိန်ဖြုန်းနေကြသည်။

၆။ဦးဆောင်ပုဂ္ဂိုလ်များနှင့်နောက်လိုက်များပါ မိမိရရှိသော လာဘ်လာဘများကို သာသနာအတွက်သုံးခြင်းထက် သာသနာအတွက် အကျိုးမများသည့် နေရာ၌ ဖြုန်းပစ်ကြသည်။

ရ။လာဘ်လာဘပေါများသည့် မြို.ကြီး ပြကြီးလိုနေရာဌာနများမှာသာ နေလိုကြသည်။

၈။သာသနာမရောက်သေးသည့်နယ်စွန်နယ်ဖျား လာဘ်လာဘ ရှားပါးသောနေရာများသို့ ကိုယ်ကျိုးစွန့် သွားရောက်သာသနာပြုလိုစိတ် မရှိကြ။

၉။လိုအပ်သည့် အဟောင်းပြုပြင်မှုထက် မလိုအပ်ဘဲ ဘုရားတည်၊ကျောင်းဆောက် စသောအဆောက်အဦးများဆောက်လုပ်ခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာ၊ပြည်သူ့ဘဏ္ဍာ၊ သာသနာ့ဘဏ္ဍာတို့ကိုဖြုန်းတီးပစ်ကြသည်။ဤသို့ သောပြုမူလုပ်ဆောင်နေခြင်းများသည် သာသနာတော်ပြန့်ပွားရေးအတွက် အလားအလာမကောင်းပါ။

အရှင် တိလောကာဘိဝံသ (အင်းစိန် ရွာမ)
Read more →

Monday, November 18, 2013

ကထိန်အလှူခံ ဖျော်ဖြေရေး ယဉ်ကျေးမှု ပြောင်းလဲလာ

,


ကထိန်, ဘာသာရေး, ဂီတ, ယဉ်ကျေးမှု
ကထိန် အလှူခံပွဲ တခု (ဓာတ်ပုံ – စည်သူ)
ရန်ကုန်မြို့မှာ ကထိန်ရာသီရောက်ပြီဆိုရင် ကထိန်ပွဲတွေ ဖြစ်မြောက်အောင် အပြိုင်အဆိုင် အလှူခံတဲ့ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ ရပ်ကွက်လူငယ်၊ အသင်းအဖွဲ့တွေက အလှူခံထွက်ကြတဲ့အခါ အရင်လို မြန်မာသံစဉ်၊ ရိုးရာတီးလုံးတွေ၊ သီချင်းတွေ ဖွင့်ပြီး အလှူခံတဲ့ ဓလေ့ထက်  နိုင်ငံတကာတီးလုံးတွေ၊ DJ နဲ့ Remix တွေလို ဂီတတွေနဲ့ အလှူခံကြတာ ပိုများနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အလှူခံမှာ ဖွင့်နေကြတဲ့ သီချင်းတွေရဲ့  အဓိပ္ပာယ်ဟာ မြန်မာလိုပြန်ရင် ယဉ်ကျေးမှုမရှိဘဲ တော်တော်လေး နားမခံသာဘဲ ဘာသာရေးအမြင်နဲ့ ကြည့်ရင် မလျော်ညီတဲ့ သီချင်းတွေ ဖြစ်နေတယ်လို့ ဒေါပုံမြို့နယ်မှာ နေတဲ့ မမီးမီးက ဧရာဝတီကို ပြောပါတယ်။
“နိုင်ငံခြားသီချင်းတွေကို အဓိပ္ပာယ် မသိဘဲ ဖွင့်နေကြတာ တော်တော်ဆိုးတယ်။ ဥပမာ ဂျနီဖာလိုပက်ဇ်ရဲ့ On the Floor ဆိုတဲ့ သီချင်းက နိုက်ကလပ်တွေမှာ ဖွင့်သင့်တဲ့ သီချင်းမျိုး။ Hotel Room Service ဆိုတဲ့ သီချင်းမျိုးတွေ။ ပြီးတော့ အင်္ဂလိပ်လို Low, Low လို့ဆိုတဲ့ သီချင်းတပုဒ်ကို မြန်မာလို အသံလိုက်ထွက်ပြီး ဆိုနေကြတာ ကြားရတာ တော်တော်ဆိုးတယ်” လို့ မမီးမီးက သူရဲ့ အမြင်ကို ပြောပါတယ်။
ရန်ကုန်မြို့မှာ အလှူခံထွက်ကြတဲ့အခါ ကိုရီးယားအဆိုကျော် PSY ရဲ့ အိုပါဂန်းနမ်းစတိုင် သီချင်းကို အသံချဲ့စက်နဲ့ အသံကုန် ဖွင့်ကြောင်း၊ နေ့ညအချိန်မလပ် အလှူခံတော်တော်များများမှာ ဒီသီချင်းကို နှစ်နှစ်ခြိုက်ခြိုက်ဖွင့်ပြီး ဒီသီချင်းထဲက သရုပ်ဆောင်ရဲ့ ဟန်အတိုင်း မကတတ်ကတတ်နဲ့ လိုက်ကကြကြောင်း၊ တချို့ဆိုရင် အလှူခံထွက်ရင် သောက်စားမူးယစ် နေတာမျိုးတွေပါ ရှိကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့ ဒေါ်ဥမ္မာက ပြောပါတယ်။
“လှူဖို့ အလှူခံရင်တော့ မပြောပါဘူး။ တချို့ကြတော့ အလှူခံပြီးတော့ အဲဒီပိုက်ဆံထဲက အရက်ဝယ်သောက် နေတာမျိုးတွေကတော့ မကောင်းဘူးပေါ့လို့”  ဒေါ်ဥမ္မာက ဆက်ပြောပါတယ်။
အိုပါဂန်းနမ်းစတိုင် သီချင်းအပါအ၀င် သီချင်းအမြူးလေးတွေ ဖွင့်ရတာဟာ လူစိတ်ပါလာပြီး လှူချင်တန်းချင်လာအောင် လုပ်ရတာ ဖြစ်ပြီး အလှူခံလှည့်တဲ့အခါ ကတဲ့သူတွေကို မြူးအောင်၊ စိတ်ပါလက်ပါ ကချင်လာအောင် လုပ်ရတာဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရပ်ကွက်မှာ ဘုံကထိန်ဖြစ်မြောက်ရေး ဦးဆောင်အလှူခံတဲ့ ကိုသီဟက ဧရာဝတီကို ပြောပါတယ်။
“ဂန်းနမ်းစတိုင် သီချင်းက မြူးတယ်။ အဲတာကြောင့် လူများတဲ့နေရာရောက်ရင် ဂန်းနမ်းစတိုင်သီချင်း ဖွင့်ထည့်လိုက်တာပဲ။ တခါတလေ ဗီဗာဟိန်း၊ DJ သီချင်းတွေ ဖွင့်တယ်” လို့ ကိုသီဟက ဆိုပါတယ်။
ဘာသာရေး၊ ဓမ္မသီချင်းတွေ ဖွင့်ရင် အလှူခံငွေ နည်းနည်းပဲ ရတယ်လို့ အလှူလှည့်ခံတဲ့သူတွေက ယုံကြည်နေကြပြီး ဂီတအသံစုံနဲ့ ဖွင့်ပြီးအလှူခံတာ တရက်ကို မြန်မာကျပ်ငွေ ခြောက်သောင်းကနေ တစ်သိန်းထိရတယ်လို့ သိရပါတယ်။
အလှူခံထွက်တဲ့ အခါမှာလည်း တချို့ရပ်ကွက်တွေက ပေးမ၀င်တာမျိုးတွေရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကို တရက်ကြိုပြီး အကြောင်းကြားမှ ရပ်ကွက်ထဲ ဝင်ခွင့်ရလေ့ရှိကြောင်း၊ ကြိုတင် အကြောင်းမကြားမိလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၃၆) ရက်ကွက်မှာ သွားအလှူခံတဲ့အခါ မရဘဲ လှည့်ပြန်ခဲ့ရတာ ရှိကြောင်းလည်း ကိုသီဟက ပြောပါတယ်။
“သောက်တာစားတာ ရှိကြတာတော့ ဟုတ်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေပဲ။ သောက်တာစားတာကတော့ သိပ်မဆန်းတော့ဘူးလို့ ပြောရမယ်” လို့လည်း သူက ဆိုပါတယ်။
အခုလိုမျိုး သောက်စား အလှူခံနေတာမျိုးတွေ ဖြစ်မှာစိုးလို့ ကထိန်အလှူခံကို ကိုယ်ထူကိုယ်ထ အနေနဲ့ ဖြစ်အောင် ကထိန်ရာသီ မတိုင်ခင် လွန်ခဲ့တဲ့ လေးလလောက်က စပြီးတော့ ကိုယ့်ဂိတ်က တက္ကစီ ယာဉ်မောင်းတွေကို တယောက်လျှင် တရက် ၂၀၀ ကျပ်နဲ့ ကြိုပြီးတော့ အလှူခံထားလို့ တခြားနေရာတွေမှာ လိုက်ပြီးတော့ အလှူခံဖို့ မလိုတော့ဘူးလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရက်ကွက် ကုန်းထိပ်မှတ်တိုင် တက္ကစီဂိတ်က ကိုမြင့်နိုင်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ ဂိတ်မှာက တက္ကစီ ယဉ်မောင်း ၂၅ ဦးလောက် ရှိတယ်။ သူတို့ဆီက ငွေနဲ့ ကိုယ့်အသိ အိမ်လေးတွေမှာပဲ အလှူခံလိုက်တာ ၇ သိန်းကျော် ရတယ်။ အလှူမခံဘူးဆိုတာက အရက်သေစာသောက်စားမှာ၊ သရုပ်ပျက်တာမျိုးတွေ မဖြစ်စေချင်လို့” လို့ ကိုမြင့်နိုင်က ဆိုပါတယ်။
ကထိန်ပွဲဆိုတာဟာ တနှစ်မှာတခါ၊ တလမှာတကြိမ်၊ တကြိမ်မှာ တခါပဲဆိုသလို့ ပြုလုပ်ရတဲ့ ကာလဒါန တမျိုးဖြစ်ပြီး ဘုရားကိုယ်စား သံဃာတွေကို ပူဇော်တာဖြစ်လို့ တတ်နိုင်ရင် တရားနဲ့ ပူဇော်တာ၊ ပဌာန်းနဲ့ ပူဇော်တာမျိုးကသာ အကောင်းဆုံးလို့ တောင်ဥက္ကလာ (၂) ၀ိုင်းမှာ ရှိတဲ့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်က စာချဆရာတော် အရှင် ဥတ္တရက ဧရာဝတီကို မိန့်ပါတယ်။
“ပုံစံအမျိုးမျိုးနဲ့ အလှူခံကြတာက သူတို့ရဲ့ လုပ်ငန်းအပေါ်မှာ တက်ကြွအောင် လုပ်ကြတာပေါ့။ အတိုင်းအထက်လွန် သရုပ်ပျက်သွားတာမျိုး ဆိုရင်တော့ မကောင်းဘူးပေါ့။ ဆိုင်ကယ်တွေ၊ ကားတွေရှေ့မှာ အရုပ်ကြီးတကားကားနဲ့ ပိတ်ပြီး အတင်းအလှူခံတာမျိုးတော့ မကောင်းဘူးပေါ့” လို့ အရှင် ဥတ္တရက မိန့်ပါတယ်။
ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိ ကပ်လို့ရပြီး ကထိန် အကျိုးတရားကိုတော့ တပေါင်းလပြည့်နေ့အထိ ခံစားလို့ရတယ်လို့ သိရပါတယ်။
Read more →

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးမည့် အခြေခံဥပဒေဟောပြောပွဲ ခွင့်ပြုချက်ရပြီ

,

နေပြည်တော်တွင် နိုဝင်ဘာ ၁၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲကို တရားဝင် ခွင့်ပြုချက်ရပြီဟု ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက မဇ္ဈိမကို ပြောသည်။


နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲအခမ်းအနားကို နိုဝင်ဘာလ၁၈ရက်၊ နံနက်၈နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပွဲကျင်းပခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟောပြောပွဲ ကျင်းပရေးကော်မတီ၏ လျှောက်လွှာကို ငြင်းပယ်မှုများရှိခဲ့သည်။ ယင်းအတွက် ဇမ္မူသီရိမြို့နယ်၊ ရဲတပ်ဖွဲ့ရုံးတွင် ဒေသအာဏာပိုင်များက ပွဲစီစဉ်ကျင်းပသူများကို ခေါ်ယူတွေ့ဆုံခြင်းများလည်း ရှိခဲ့သည်။

"ဟောပြောပွဲကျင်းပဖို့ တရားဝင်ခွင့်ပြုလိုက်တယ်လို့ နိုဝင်ဘာ၁၇ရက်၊ နံနက်က အာဏာပိုင်တွေက အကြောင်းပြန်ခဲ့တာပါ" ဟု ဦးမင်းသူက ပြောသည်။

နေပြည်တော်ကောင်စီရုံး၏ အနီးအနားတွင် ရှိနေခြင်း၊ ပွဲကျင်းပမည့် နေ့သည် ရုံးဖွင့်ရက်ဖြစ်နေခြင်းနှင့် ပွဲကျင်းပခွင့်လျှောက်ရာတွင် ပွဲစီစဉ်သူလက်မှတ်သာ ပါရှိပြီး ဟောပြောမည့်သူ၏ လက်မှတ် မပါရှိဟုဆိုကာ ငြင်းပယ်ခဲ့ခြင်းဖြစ်ပြီး ဇမ္မူသီရိမြို့နယ် ပြင်ပသို့ နေရာပြောင်းလဲကျင်းပပါက ခွင့်ပြုမည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက အကြောင်းပြန်ခဲ့ကြောင်း ဦးမင်းသူ၏ ပြောကြားချက်အရ သိရသည်။

၎င်းက ဆက်၍“ကျွန်တော်တို့ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှူးရုံးက ခေါ်ပါတယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်လို့ ကျွန်တော်တို့ ဒီနေရာကနေ မရွှေ့နိုင်ပါဘူးလို့ ပြန်လည်ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

ပွဲကျင်းပခွင့်အတွက် နိုဝင်ဘာလ ၁၃ရက်တွင် ခွင့်ပြုချက်တင်ပြခဲ့ခြင်းဖြစ်ပြီး ဒေသအာဏာပိုင်များက နိုဝင်ဘာလ ၁၄ရက်တွင် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၆ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ခံမှတစ်ဆင့် ဖိတ်ခေါ်သည့်အတွက် ဟောပြောပွဲကျင်းပရေးကော်မတီက သွားရောက်တွေ့ဆုံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲအခမ်းအနားများကို စက်တင်ဘာလမှစတင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြုလုပ်ခဲ့ရာ ထိုသို့ ကနဦးတားမြစ်ခံရခြင်းမျိုး မရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။
Read more →

Friday, November 15, 2013

ငါးကြီးဆီများ နှင့် အမျိုးသားရောဂါအန္တရာယ်

,

" ၂၀၁၁ ခုနှစ်တွင် ဆေးသိပ္ပံပညာရှင်များ၏ အသေးစိပ်ဓာတ်ခွဲစမ်းသပ်ချက်များအရ (က)အိုမီဂါ၃ ဖက်တီးအက်ဆစ် ဖြည့်စွက် စာငါးကြီးဆီများထဲတွင် မြင့်မားစွာပါရှိတဲ့ EPA နှင့် DPA ဗီတာမင်တို့ က အမျိုးသားများသုက်ရည်ဂလင်းကင်ဆာ ဖြစ်နိုင်ချေ အလားလာ ၄၅% ထိရှိစေကြောင်း၊ (ခ) အကယ်၍ DHA ဗီတာမင်အမြောက်အများပါသော အိုမီဂါ၃ ငါးကြီးဆီများက အဆိုပါ ကင်ဆာဖြစ်နိုင်ချေထက်အလားအလာထက်ပင် ၂-ဆမျှပိုကဲနေကြောင်း၊ (ဂ) ထို့ ပြင် အဆီများသောငါးကြီးတွေ လွန်ကဲစွာစား သောက်ခြင်းကလည်း ဖော်ပြပါကင်ဆာဖြစ်လာစေကြောင်း ” National Cancer Institute(ခေါ်)ကျမ္မာရေးဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့ခြင်းကို အင်တာနက်သတင်းလွှာ(Academic Journal)က ဇူလိုင် ၁၁၊ ၂၀၁၃ နေ့ ဒေသစံတော်ချိန် ၂း၀၀နာရီတိတိမှာ ထပ်ဆင့် ဖော်ပြထားပါတယ်။

++++++++++++++++++++++++++

ဆီးကျိတ်ကင်ဆာ(ခေါ်) အမျိုးသားများသုက်ရေဂလင်းကင်ဆာရောဂါ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အဓိကအကြောင်းရင်းကို ယ နေ့ အထိ ဆေးသိပ္ပံနည်းအရ ခိုင်လုံတဲ့အဖြေမထုတ်သေးနိုင်သော်လဲ၊ တိရိစ္ဆာန်အဆီလွန်ကဲစွာစားသုံးသူများ၊ အဖိုး/ဖခင် မျိုးရိုး စဉ်ဆက် ထိုကင်ဆာရှိသူများ၊ အစာအာဟာရချို့ တဲ့သူများမှာ ရောဂါဖြစ်နိုင်ချေပိုများပါတယ်လို့ ဆိုပါတယ်။

ဆီးကျိတ်ကင်ဆာလက္ခဏာများမှာ သုက်ရည်ဂလင်းသိသိသာသာကြီးထွားလာခြင်း၊ ဆီးသွားရင်အားမရခြင်း၊ ပြတ်တောင်းပြတ် တောင်းဖြင့် ဆီးသွားရခက်ခဲခြင်း၊ ပုံမှန်ထက်မကြာခဏဆီးသွားပြီး အထူသဖြင့်ညဘက်မှာပို၍သွားခြင်း၊ ဆီးသွားစဉ်နာကျင်ခြင်း၊ သုက်ရည်ထဲသွေးပါခြင်း၊ တင်ပါး နှင့်တင်ပါးဆုံရိုးတို့ တွင် တဆစ်ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း စသည်တို့ ဖြစ်သည်။ အကယ်၍ ထိုလက္ခဏာများထဲမှ တစ်ခုမဟုတ်တစ်ခု ပေါ်လာပါက မပေါ့ဆဘဲ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ကြပါ။

ယနေ့ အင်္ဂလန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အမျိုးသားဦးရေပျမ်းမျှ ၄၁၀၀၀ ၀န်းကျင် ဆီးကျိတ်ကင်ဆာဖြစ်ပွားကြပြီး၊ ၁၁၀၀၀ ခန့်  က ထိုကင်ဆာဖြင့်ကွယ်လွန်နေကြရပါတယ်။ အမေရိကန်မှာလည်း အရေပြားကင်ဆာပြီးရင်၊ ဆီးကျိတ်ကင်ဆာက ဒုတိယအဖြစ် အများဆုံးလို့ ဆိုပါတယ်။ များသောအားဖြင့် အမျိုးသားများ အသက် ၅၀ ကျော်လာလျှင် ထိုကင်ဆာပေါ်လာတတ်လို့ သတိပြု ကြဖို့ လိုအပ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ) ထဲတွင်ပါရှိသော isothiocyanates ဓာတ်က ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ် ပေးပြီး၊ ခရမ်းချဉ်သီး/ဖရဲသီးစသည့်အနီရောင်အသီးတို့ က ၄င်းကင်ဆာဖြစ်နိုင်ချေအလားအလာကို လျော့ပါးသက်သာစေပါ တယ်။ ပင်လယ်စာ၊ ဂျုံ နှင့် ဂျုံထွက်ပစ္စည်းများ၊ ဆန်လုံးညို နှင့် ကွေကာအုတ်ထဲမှာပါရှိသော Selenium ကလည်း ယင်းကင်ဆာ ရောဂါကာကွယ်ပေးပြီး၊ ပဲပိစပ်က ဆီးကျိတ်ကင်ဆာအကျိတ်ကြီးထွားလာမှုကို သိသိသာသာနှေးကွေးစေပါတယ်။ ခနာကိုယ် အဆမတန်ဝခြင်းက ဆီးကျိတ်ကင်ဆာနဲ့  ဆက်စပ်မှုရှိတာကြောင့် ဥပမာ အမဲသားတို့ လို အနီရောင်အသားများ လျော့စား၍ ကိုယ်အလေးချိန်ချပေးသင့်ပါတယ်။ ကဖိန်းဓာတ်ပါသော ဖျော်ရည်များ နှင့် အယ်လ်ကိုဟောပါသော အဖျော်ယမကာတို့ လွန်ကဲ စွာသောက်စားခြင်းက သုက်ရည်ဂလင်းကိုကြီးထွားစေတာကြောင့် သင့်တင့်မျှတရုံသုံးဆောင်ကြပြီး၊ ဆီးကျိတ်ကင်ဆာရောဂါ ဆိုးကြီးမှ ကင်းဝေးနိုင်ကြပါစေကြောင်း မျှဝေလိုက်ရပါတယ်။

(တင်ထက်ထက်ဇော်....မျှဝေသည်)
Read more →

Thursday, November 14, 2013

ကျွန်တော်တို့နိုင်ငံကြီးက အဲဒီလိုလားဗျာ

,

သိပ်မကြာသေးခင်က မြေပဲပြုတ်ရောင်းတဲ့ ကလေးတစ်ယောက်ဆီက ကျွန်တော်မြေပဲပြုတ်ဝယ်စား တယ်။ မြေပဲပြုတ်ငါးရာဖိုးဆိုတာ သိပ်အများကြီး မဟုတ်ပေမယ့် ကျွန်တော်တို့နှစ်ယောက် စားမယ်ဆို လည်း စားလို့ရတဲ့ ပမာဏရှိပါတယ်။ ဒါပေမဲ့ဒီကလေးကနောက်ထပ် ငါးရာဖိုးယူပါလား။ သူပိုထည့်ပေး ပါမယ်လို့ စကားဆိုလာပါတယ်။ ခက်ပြီလို့စိတ်ထဲတွေးရင် သူ့ကိုလည်းအားတုံ့အားနာ ဖြစ်လာတယ်။
ဒါဆိုလည်း ဒီလိုလုပ်ကွာ ပိုတဲ့ပိုက်ဆံကို ပြန်မအမ်းနဲ့တော့လို့ ပြောလိုက်မိတယ်။ အဲဒီမှာ ချက်ချင်းဒီ ကလေးက ကျွန်တော့်ကို ပိုက်ဆံငါးရာပြန်ပေးတယ်။ ကျွန်တော့်စိတ်ထဲ ဒီကလေးအားနာနေလို့ ဖြစ်မှာပဲဆိုပြီး ပိုငွေကိုယူဖို့ ထပ်တိုက်တွန်းပေးမယ့်မယူဘူး။ လုံးဝမယူဘူး။ နောက်ထပ်ငါးရာဖိုး ဝယ်ပါ လားဆိုတဲ့ကလေးက ပိုက်ဆံငါးရာကိုပေးတဲ့ အချိန်မှာဘာကြောင့် မယူတာလဲ။ ကျွန်တော်ပေးတဲ့ငါး ရာကို ဒီကလေးငြင်းပယ်ရတဲ့အကြောင်းရင်းက ဘာလဲဆိုတာ ကျွန်တော်တော်တော်လေး သိချင်သွား တယ်။
ဒါနဲ့ ဘာကြောင့်မယူတာလဲလို့ မေးကြည့်တော့သူက ခပ်လှမ်းလှမ်းမှာ သူ့လိုမြေပဲပြုတ်ရောင်းနေတဲ့ ကလေးတစ်ယောက်ကို လက်ညှိုးထိုးပြတယ်။ သူလက်ညှိုးထိုးပြတဲ့ကလေးက သူ့ထက်ကိုယ်လုံး ကိုယ်ထည်ထွားပေမယ့် သူ့လိုပဲအသက်ဆယ်နှစ်ဝန်းကျင်လောက်ပဲ ရှိဦးမှာ။ "သူနဲ့သားနဲ့က ဒီနေ့တစ် သောင်းခွဲဖိုးပြည့်အောင် အရင်ရောင်းနိုင်တဲ့ သူကမုန့်ဖိုးတစ်ထောင်ရမှာ။ အခုသားက တစ်သောင်းခွဲ ပြည့်ဖို့ ငါးရာပဲလိုတာ။ ဦးတို့တစ်ထောင်ဖိုး ဝယ်ရင်ပြည့်ပြီတဲ့။ အခုလည်း ပြည့်ပြီမဟုတ်လားလို့ ကျွန်တော်ကဆိုတော့ သူအဲဒီလိုတော့ မလိုချင်ကြောင်းပြောတယ်။ ပြီးတော့ကျွန်တော်တို့ ဝိုင်းကနေ သူထွက်သွားတယ်။ ကျွန်တော်တို့မှာ ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ ဒီကလေးကို ငေးကြည့်ပြီး တိတ်ဆိတ်နေကြတယ်။
ဒီကလေးက ကလေးဆိုပေမယ့် လူကြီးဆန်တဲ့ အတွေးအခေါ်ရှိတယ်။ ပြိုင်ဘက်ပေါ်မှာ သစ္စာရှိတယ်။ ရဲရင့်တယ်၊ ပြတ်သားတယ်၊ သူ့အလုပ်အပေါ် သူသစ္စာထားတယ်။ အရောင်းသမားကောင်း စိတ်ဓာတ် ရှိတယ်။ မြေပဲရောင်းတယ်၊ မဝယ်ဘူးဆို ဝယ်အောင်ကြိုးစားကြည့်တယ်။ ပိုက်ဆံကို အလကားမယူ ဘူး။ ဘယ်လောက်မြတ်နိုးဖွယ်ကောင်းလဲ။ လူကြီးလူကောင်းဆန်ဆန် ရပ်တည်ဆုံးဖြတ်နိုင်တဲ့ ကလေး။
အရွယ်ငယ်ပေမယ့် သူရတဲ့အခွင့်အရေးဟာ ရယူသင့်ရယူထိုက်တဲ့ အခွင့်အရေးလာဆိုတာကို ခွဲခြားဆုံးဖြတ်နိုင်တယ်။ ဒီကလေးလေးကျောင်းနေလား၊ မနေလားကျွန်တော်တို့မသိဘူး။ ဒီကလေးနေ တဲ့ ပတ်ဝန်းကျင်က ဘယ်လိုရှိလဲဆိုတာလည်း ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ ဒီကလေးက သူရနေတဲ့ အခွင့်အရေးဟာ သူယူသင့်၊ မယူသင့် ချက်ချင်းဆုံးဖြတ်နိုင်တယ်။ သူ့ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ်ကိုတော့ ကျွန်တော်တို့သိလိုက်၊ မြင်လိုက်ရတယ်။ လူကြီးဆန်တဲ့ ကလေးတစ်ယောက်က မြေပဲပြုတ်ရောင်းနေရပေမယ့် ကလေးဆန်တဲ့လူကြီးတွေက ကတ္တီပါထက်မှာ အဆီတစ်ထပ်၊ အသား တစ်ထပ်နဲ့။ ကျွန်တော်တို့ နိုင်ငံကြီးက အဲဒီလိုလား။ တစ်ဘဝလုံးကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားတွေအ တွက် သမာသမတ်ကျကျ ပေးဆပ်လုပ်ကိုင်ခဲ့သူတွေ သေတော့လိုက်ပို့မယ့် သူမရှိဘူး။ လွမ်းသူ့ပန်း ခြင်းမရှိဘူး။
ဖွေးဖွေးလှုပ်နေတဲ့ လွမ်းသူ့ပန်းခြင်းတွေ၊ ကားတွေ၊ လူတွေ၊ ပြည့်လျှံနေတဲ့ သတင်းစာထဲက ဝမ်းနည်း ကြေကွဲခြင်းကြော်ငြာတွေ၊ ဘယ်သူသေတာလဲ၊ ဘယ်သူတွေက ဝမ်းနည်းကြေကွဲကြတာလဲ သေသူ တွေရဲ့အကြောင်းနဲ့ ဝမ်းနည်းကြေကွဲကြသူတွေရဲ့ အကြောင်းကိုစဉ်းစားမိပြန်တော့ ကျွန်တော်တို့နိုင်ငံ ကြီးက အဲဒီလိုလားလို့။ အချိန်အတော်များများမှာ ကျွန်တော်တို့က ကိုယ်ပေးတာထက် ပိုလိုချင်ကြ တယ်။ ဒီထက်ပိုဆိုးတာက ဘာကိုမျှမပေးဘဲလိုချင်တဲ့စိတ်၊ မက်မောတဲ့စိတ်တွေများနေတာပဲ။ အခွင့် အရေးဟာ ကိုယ်နဲ့ထိုက်တန်၏မတန်၏ မစဉ်းစားဘူး။ ကိုယ်ရသင့်တဲ့ အခွင့်အရေးလား၊ မရသင့်တဲ့ အခွင့်အရေးလားဆိုတာ မဆင်ခြင်တဲ့ အပြင်အခွင့်အရေးရဖို့ နည်းလမ်းပေါင်းစုံကို အရှက်မဲ့အသုံးပြု နေကြတာ၊ ခက်တာက လူမှုပတ်ဝန်းကျင် အတော်တော်များများက ဒီလိုကိစ္စကို လောကအမှန်တရား တစ်ခုလိုခံယူကျင့်သုံးနေကြတာက တော်တော်ဆိုးဝါးပါတယ်။ ကျွန်တော်တို့နိုင်ငံလို အဘက်ဘက်က နွမ်းပါးချွတ်ခြုံကျနေတဲ့ တိုင်းပြည်မှာ စိတ်ဓာတ်တွေကပါ အောက်တန်းကျနေဦးမယ်ဆိုရင် ကျွန်တော် တို့မှာဘာများ ကျန်နိုင်ဦးမှာလဲ။ စာရိတ္တ ပျက်စီးယိုယွင်းနေတဲ့သူတွေ များသထက်များလာတဲ့ တိုင်းပြည်တစ်ခုမှာ ဘာကိုအကောင်းဆုံးမျှော်လင့်လို့ရမှာတုန်း။ အပြောနဲ့ အလုပ်နဲ့ မညီတဲ့သူတွေ၊ အလုပ်နဲ့အပြောနဲ့တခြားစီဖြစ်နေတဲ့ သူတွေ၊ အားကောင်းမောင်းသန်ဖြစ်နေတဲ့ ဒီတိုင်းပြည်၊ ဒီနိုင်ငံ ကြီးမှာ ဘယ်လိုလုပ်ကောင်းမွန်တဲ့ အနာဂတ် ရှိနိုင်မှာတုန်း။ ရိုးရိုးကျင့်မြင့်မြင့်ကြံပြီး ကိုယ့်နိုင်ငံ၊ ကိုယ့် တိုင်းပြည်ကိုအကောင်းဆုံး အလုပ်အကျွေးပြုခဲ့တဲ့သူတွေ အနေမလှ၊ အသေမလှဖြစ်နေတဲ့ နိုင်ငံမျိုးက ဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်နိုင်မှာတုန်း။ ကိုယ်သာကောင်းစားရေးဝါဒတွေ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ တိုင်းပြည်က ဘယ်လိုလုပ်ပြီးအေးချမ်းနိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းတဲ့လမ်းကို ရှာတွေ့နိုင်မှာလဲ။
ကိုယ်တိုင်က စံနမူနာကောင်း မဖြစ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ စံနမူနာကောင်း မရှိဘူး။ ဒီနေရာမှာ နယ်မြို့လေးတစ်မြို့ကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဖို့ကြိုးစားခဲ့တဲ့ ကျောင်းသားတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။ သူ့နာမည်က မောင်လပြည့်၊ မိဘတွေက သူ့အတွက် တက္ကသိုလ်ဝင် တန်းဖြေနိုင်ဖို့ တော်တော်ခက်ခက်ခဲခဲ ကြိုးစားပေးထားပုံရပါတယ်။ မောင်လပြည့်ရဲ့ ကျောင်းသားဘဝ က တကယ့်ကိုနွမ်းနွမ်းပါးပါး။ သူ့မှာ အခြားကျောင်းသားတွေလို ကျောင်းသားဘဝမှာ လိုအပ်တဲ့ အထောက်အပံ့ ကောင်းကောင်းကို မရရှာဘူး။ မုန်းစားဆင်းချိန်တွေ၊ ထမင်းစားချိန်တွေမှာ မောင်လပြည့် ပျောက်နေတတ်တယ်။ ဒါကိုသူ့ဆရာက သတိထားမိတယ်။ အဲဒီအချိန်တွေမှာ မောင်လပြည့်ဘာလို့ ပျောက်နေတာလဲဆိုတော့ သူ့မှာမုန့်စားဖို့အတွက် ပိုက်ဆံမရှိဘူး။ ထမင်းစားချိန် ကျပြန်တော့လည်း သူ့အိမ်က ထမင်းဟင်းလာမပို့နိုင်ဘူး။ သူ့သူငယ်ချင်းတွေက သူ့ကိုစားဖို့သောက်ဖို့ ခေါ်ရင်လည်း အမြဲငြင်းပယ်လေ့ရှိတယ်။ ယုတ်စွအဆုံးသူ့အကြောင်းကို ရိပ်စားမိတဲ့သူ့ဆရာက မောင်လပြည့်ကို မုန့်စားဖို့၊ ထမင်းစားဖို့နည်းလမ်းအမျိုးမျိုးနဲ့ ကမ်းလှမ်းဖိတ်ခေါ်ပေမယ့် သူကတော့ အမြဲလိုလို ငြင်းပယ်လေ့ရှိတယ်။
မောင်လပြည့်မှာ ခိုင်မာတဲ့စိတ်ဓာတ်ကောင်းကောင်းရှိပေမယ့် တစ်ခါတစ်ရံသူ့ကိုယ်သူ စိတ်ပျက်နေ တာကို သူ့ဆရာက ရိပ်စားမိတယ်။ သူ့ဆရာက သူ့ကိုဒီလိုအကြံဉာဏ်ပေးတယ်။ "မင်းကသူများ ကျောင်းသားတွေလို မင်းကိုယ်မင်း ကံမကောင်းဘူးလို့ တွေးတယ်။ အေးဟုတ်တယ်။ မင်းကံမကောင်း ဘူး။ မင်းသူတို့လို အဝတ်အစား ကောင်းကောင်းမဝတ်နိုင်ဘူး။ သူတို့လိုအစားအသောက် မစားနိုင် ဘူး။ သူတို့မိဘတွေက အထောက်အပံ့ကောင်းကောင်းပေးနိုင်သလို၊ မင်းမိဘတွေက မပေးနိုင်ဘူး။ ဒါပေမဲ့မင်းလုပ်နိုင်တာနှစ်ခုရှိတယ်။ မင်းဘဝမှ အောင်မြင်ဖို့ဉာဏ်နဲ့ ဝီရီယနှစ်ပါးကို ပြင်းပြင်းထန်ထန် လျှောက်နိုင်အောင် အားထုတ်ရမယ်။ ဒါမှ မင်းသွားချင်တဲ့ခရီးကို ရောက်မှာ"။ မောင်လပြည့်က သူ့ဆရာပြောတဲ့အတိုင်း အားထုတ်တယ်။ သူ့ဆရာကလည်း မောင်လပြည့်လိုအပ်ချက်တွေကို သူတတ်နိုင်သလောက် ကူညီဖြည့်ဆည်းပေးတယ်။ ကူညီတယ်ဆိုတဲ့နေရာ မောင်လပြည့်ဘယ်သူပေး ပေး ယူတတ်တဲ့ အလေ့အထမရှိတော့ သူ့ဆရာကဆုအနေနဲ့ ချီးမြှင့်ခဲ့တာ။ မောင်လပြည့်ကလည်း သူလက်ခံထားရတဲ့အခြေအနေ ခက်ခက်ခဲခဲထဲမှာ စာမေးပွဲကိုအောင်အောင် ဖြေဆိုနိုင်ခဲ့တယ်။ အခုသူ စစ်ကိုင်းကဆရာအတတ်သင်ကျောင်းမှာ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြေခဲ့ရတဲ့ မောင်လပြည့်၊ တစ်ချိန်မှာ ကျောင်းဆရာလေးတစ်ယောက် ဖြစ်လာမယ့် မောင်လပြည့်၊ သူ့ရဲ့ သမာသမတ်ကျတဲ့ စိတ်ဓာတ်၊ သူခက်ခက်ခဲခဲ ကြိုးစားသင်ယူခဲ့ရတဲ့ ပညာ။ ဒီပညာနဲ့ သူ့ဘဝကိုယ် သူရပ်တည်နိုင်ပါ့မလား။ သူ့ရဲ့ မိဘတွေကို ပြန်အလုပ်အကျွေး ပြုနိုင်ပါ့မလား။ မြေပဲပြုတ်ရောင်းတဲ့ ကလေး၊ မောင်လပြည့်၊ မောင်လပြည့်ရဲ့ ဆရာ။ သူတို့တစ်တွေအဖို့ ချမ်းသာဖို့ဆိုတာ ဝေလာဝေး။ နေ့စဉ်ဘဝမှာ တကယ်လို အပ်တာလေးလောက်ကို ခက်ခဲပင်ပန်းလွန်းအားကြီးနေတဲ့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံက အဲဒီလို နိုင်ငံ ကြီးလား။ လုပ်မယ်လို့တွေးနေ၊ အတုယူမှားနေတဲ့ လူငယ်မျိုးဆက်တွေများလာတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကရော။
ဟစ်တလာ၊ ချောင်ဆက်စကူတွေ၊ အီမယ်ဒါမားကို့စ်တွေ ဆက်ဒမ်ဟူစိန်တွေ၊ နရသီဟပတေ့မင်းတွေ သာ အောင်မြင်ခမ်းနားပြီး၊ သိပ်အားကောင်းနေမယ်ဆိုရင် ဒီနိုင်ငံက နိုင်ငံသူနိုင်ငံသားတွေရဲ့ ကံကြမ္မာက ဘယ်လိုလုပ်ပြီး အမှောင်ထဲကထွက်နိုင်မှာတုန်းဗျာ။
The Messenger Journal
Read more →

ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရရှိ ...

,
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် ၁၁ နာရီ ၁၅ မိနစ်နာရီ၊ လှိုင်သာယာမြို့နယ် အလင်းပဒန်ကျေးရွာ အမှတ် ၃/၄ ရှိ ကျော်ဆန်းဦး ပိုင်ဆိုင်သည့် SKY အအေးခန်းဧည့်ရိပ်သာသို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ၀င်းနိုင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိပြီး ၀င်ရောက်ရှာဖွေရာ တည်းခိုခန်းအမှတ် ဘီ-၁၅ တွင် တည်းခိုနေထိုင်သည့် တင်မောင် အသက် ၃၄ နှစ်၊ ဘ - ဦးစံဝင်း၊ ကျောင်းရပ်ရွာ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်နေသူထံမှ pvc ပိုက်ဖြင့် ပြုလုပ်ထားသည့် ယမ်းတောင့်နှစ်တောင့်၊ ယမ်းထည့်ထားသည့် ပုလင်း ၂ လုံး အပါအ၀င် စုစုပေါင်း စပ်ဆက်ပစ္စည်း ၁၄ မျိုးအား ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးချိန်တွင် အမည်မသိသူ တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးရမိ တရားခံအား သက်ဆိုင်ရာမှ စစ်ဆေးနေကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သူအား စုံစမ်းဖော်ထုတ်ကြောင်း သတင်းရရှိသည်။
(မြင့်ဦး/မင်္ဂလာဒုံမြို့နယ်)
Read more →