Thursday, November 14, 2013

ကျွန်တော်တို့နိုင်ငံကြီးက အဲဒီလိုလားဗျာ

,

သိပ်မကြာသေးခင်က မြေပဲပြုတ်ရောင်းတဲ့ ကလေးတစ်ယောက်ဆီက ကျွန်တော်မြေပဲပြုတ်ဝယ်စား တယ်။ မြေပဲပြုတ်ငါးရာဖိုးဆိုတာ သိပ်အများကြီး မဟုတ်ပေမယ့် ကျွန်တော်တို့နှစ်ယောက် စားမယ်ဆို လည်း စားလို့ရတဲ့ ပမာဏရှိပါတယ်။ ဒါပေမဲ့ဒီကလေးကနောက်ထပ် ငါးရာဖိုးယူပါလား။ သူပိုထည့်ပေး ပါမယ်လို့ စကားဆိုလာပါတယ်။ ခက်ပြီလို့စိတ်ထဲတွေးရင် သူ့ကိုလည်းအားတုံ့အားနာ ဖြစ်လာတယ်။
ဒါဆိုလည်း ဒီလိုလုပ်ကွာ ပိုတဲ့ပိုက်ဆံကို ပြန်မအမ်းနဲ့တော့လို့ ပြောလိုက်မိတယ်။ အဲဒီမှာ ချက်ချင်းဒီ ကလေးက ကျွန်တော့်ကို ပိုက်ဆံငါးရာပြန်ပေးတယ်။ ကျွန်တော့်စိတ်ထဲ ဒီကလေးအားနာနေလို့ ဖြစ်မှာပဲဆိုပြီး ပိုငွေကိုယူဖို့ ထပ်တိုက်တွန်းပေးမယ့်မယူဘူး။ လုံးဝမယူဘူး။ နောက်ထပ်ငါးရာဖိုး ဝယ်ပါ လားဆိုတဲ့ကလေးက ပိုက်ဆံငါးရာကိုပေးတဲ့ အချိန်မှာဘာကြောင့် မယူတာလဲ။ ကျွန်တော်ပေးတဲ့ငါး ရာကို ဒီကလေးငြင်းပယ်ရတဲ့အကြောင်းရင်းက ဘာလဲဆိုတာ ကျွန်တော်တော်တော်လေး သိချင်သွား တယ်။
ဒါနဲ့ ဘာကြောင့်မယူတာလဲလို့ မေးကြည့်တော့သူက ခပ်လှမ်းလှမ်းမှာ သူ့လိုမြေပဲပြုတ်ရောင်းနေတဲ့ ကလေးတစ်ယောက်ကို လက်ညှိုးထိုးပြတယ်။ သူလက်ညှိုးထိုးပြတဲ့ကလေးက သူ့ထက်ကိုယ်လုံး ကိုယ်ထည်ထွားပေမယ့် သူ့လိုပဲအသက်ဆယ်နှစ်ဝန်းကျင်လောက်ပဲ ရှိဦးမှာ။ "သူနဲ့သားနဲ့က ဒီနေ့တစ် သောင်းခွဲဖိုးပြည့်အောင် အရင်ရောင်းနိုင်တဲ့ သူကမုန့်ဖိုးတစ်ထောင်ရမှာ။ အခုသားက တစ်သောင်းခွဲ ပြည့်ဖို့ ငါးရာပဲလိုတာ။ ဦးတို့တစ်ထောင်ဖိုး ဝယ်ရင်ပြည့်ပြီတဲ့။ အခုလည်း ပြည့်ပြီမဟုတ်လားလို့ ကျွန်တော်ကဆိုတော့ သူအဲဒီလိုတော့ မလိုချင်ကြောင်းပြောတယ်။ ပြီးတော့ကျွန်တော်တို့ ဝိုင်းကနေ သူထွက်သွားတယ်။ ကျွန်တော်တို့မှာ ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ ဒီကလေးကို ငေးကြည့်ပြီး တိတ်ဆိတ်နေကြတယ်။
ဒီကလေးက ကလေးဆိုပေမယ့် လူကြီးဆန်တဲ့ အတွေးအခေါ်ရှိတယ်။ ပြိုင်ဘက်ပေါ်မှာ သစ္စာရှိတယ်။ ရဲရင့်တယ်၊ ပြတ်သားတယ်၊ သူ့အလုပ်အပေါ် သူသစ္စာထားတယ်။ အရောင်းသမားကောင်း စိတ်ဓာတ် ရှိတယ်။ မြေပဲရောင်းတယ်၊ မဝယ်ဘူးဆို ဝယ်အောင်ကြိုးစားကြည့်တယ်။ ပိုက်ဆံကို အလကားမယူ ဘူး။ ဘယ်လောက်မြတ်နိုးဖွယ်ကောင်းလဲ။ လူကြီးလူကောင်းဆန်ဆန် ရပ်တည်ဆုံးဖြတ်နိုင်တဲ့ ကလေး။
အရွယ်ငယ်ပေမယ့် သူရတဲ့အခွင့်အရေးဟာ ရယူသင့်ရယူထိုက်တဲ့ အခွင့်အရေးလာဆိုတာကို ခွဲခြားဆုံးဖြတ်နိုင်တယ်။ ဒီကလေးလေးကျောင်းနေလား၊ မနေလားကျွန်တော်တို့မသိဘူး။ ဒီကလေးနေ တဲ့ ပတ်ဝန်းကျင်က ဘယ်လိုရှိလဲဆိုတာလည်း ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ ဒီကလေးက သူရနေတဲ့ အခွင့်အရေးဟာ သူယူသင့်၊ မယူသင့် ချက်ချင်းဆုံးဖြတ်နိုင်တယ်။ သူ့ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ်ကိုတော့ ကျွန်တော်တို့သိလိုက်၊ မြင်လိုက်ရတယ်။ လူကြီးဆန်တဲ့ ကလေးတစ်ယောက်က မြေပဲပြုတ်ရောင်းနေရပေမယ့် ကလေးဆန်တဲ့လူကြီးတွေက ကတ္တီပါထက်မှာ အဆီတစ်ထပ်၊ အသား တစ်ထပ်နဲ့။ ကျွန်တော်တို့ နိုင်ငံကြီးက အဲဒီလိုလား။ တစ်ဘဝလုံးကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားတွေအ တွက် သမာသမတ်ကျကျ ပေးဆပ်လုပ်ကိုင်ခဲ့သူတွေ သေတော့လိုက်ပို့မယ့် သူမရှိဘူး။ လွမ်းသူ့ပန်း ခြင်းမရှိဘူး။
ဖွေးဖွေးလှုပ်နေတဲ့ လွမ်းသူ့ပန်းခြင်းတွေ၊ ကားတွေ၊ လူတွေ၊ ပြည့်လျှံနေတဲ့ သတင်းစာထဲက ဝမ်းနည်း ကြေကွဲခြင်းကြော်ငြာတွေ၊ ဘယ်သူသေတာလဲ၊ ဘယ်သူတွေက ဝမ်းနည်းကြေကွဲကြတာလဲ သေသူ တွေရဲ့အကြောင်းနဲ့ ဝမ်းနည်းကြေကွဲကြသူတွေရဲ့ အကြောင်းကိုစဉ်းစားမိပြန်တော့ ကျွန်တော်တို့နိုင်ငံ ကြီးက အဲဒီလိုလားလို့။ အချိန်အတော်များများမှာ ကျွန်တော်တို့က ကိုယ်ပေးတာထက် ပိုလိုချင်ကြ တယ်။ ဒီထက်ပိုဆိုးတာက ဘာကိုမျှမပေးဘဲလိုချင်တဲ့စိတ်၊ မက်မောတဲ့စိတ်တွေများနေတာပဲ။ အခွင့် အရေးဟာ ကိုယ်နဲ့ထိုက်တန်၏မတန်၏ မစဉ်းစားဘူး။ ကိုယ်ရသင့်တဲ့ အခွင့်အရေးလား၊ မရသင့်တဲ့ အခွင့်အရေးလားဆိုတာ မဆင်ခြင်တဲ့ အပြင်အခွင့်အရေးရဖို့ နည်းလမ်းပေါင်းစုံကို အရှက်မဲ့အသုံးပြု နေကြတာ၊ ခက်တာက လူမှုပတ်ဝန်းကျင် အတော်တော်များများက ဒီလိုကိစ္စကို လောကအမှန်တရား တစ်ခုလိုခံယူကျင့်သုံးနေကြတာက တော်တော်ဆိုးဝါးပါတယ်။ ကျွန်တော်တို့နိုင်ငံလို အဘက်ဘက်က နွမ်းပါးချွတ်ခြုံကျနေတဲ့ တိုင်းပြည်မှာ စိတ်ဓာတ်တွေကပါ အောက်တန်းကျနေဦးမယ်ဆိုရင် ကျွန်တော် တို့မှာဘာများ ကျန်နိုင်ဦးမှာလဲ။ စာရိတ္တ ပျက်စီးယိုယွင်းနေတဲ့သူတွေ များသထက်များလာတဲ့ တိုင်းပြည်တစ်ခုမှာ ဘာကိုအကောင်းဆုံးမျှော်လင့်လို့ရမှာတုန်း။ အပြောနဲ့ အလုပ်နဲ့ မညီတဲ့သူတွေ၊ အလုပ်နဲ့အပြောနဲ့တခြားစီဖြစ်နေတဲ့ သူတွေ၊ အားကောင်းမောင်းသန်ဖြစ်နေတဲ့ ဒီတိုင်းပြည်၊ ဒီနိုင်ငံ ကြီးမှာ ဘယ်လိုလုပ်ကောင်းမွန်တဲ့ အနာဂတ် ရှိနိုင်မှာတုန်း။ ရိုးရိုးကျင့်မြင့်မြင့်ကြံပြီး ကိုယ့်နိုင်ငံ၊ ကိုယ့် တိုင်းပြည်ကိုအကောင်းဆုံး အလုပ်အကျွေးပြုခဲ့တဲ့သူတွေ အနေမလှ၊ အသေမလှဖြစ်နေတဲ့ နိုင်ငံမျိုးက ဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်နိုင်မှာတုန်း။ ကိုယ်သာကောင်းစားရေးဝါဒတွေ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ တိုင်းပြည်က ဘယ်လိုလုပ်ပြီးအေးချမ်းနိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းတဲ့လမ်းကို ရှာတွေ့နိုင်မှာလဲ။
ကိုယ်တိုင်က စံနမူနာကောင်း မဖြစ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ စံနမူနာကောင်း မရှိဘူး။ ဒီနေရာမှာ နယ်မြို့လေးတစ်မြို့ကနေ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဖို့ကြိုးစားခဲ့တဲ့ ကျောင်းသားတစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။ သူ့နာမည်က မောင်လပြည့်၊ မိဘတွေက သူ့အတွက် တက္ကသိုလ်ဝင် တန်းဖြေနိုင်ဖို့ တော်တော်ခက်ခက်ခဲခဲ ကြိုးစားပေးထားပုံရပါတယ်။ မောင်လပြည့်ရဲ့ ကျောင်းသားဘဝ က တကယ့်ကိုနွမ်းနွမ်းပါးပါး။ သူ့မှာ အခြားကျောင်းသားတွေလို ကျောင်းသားဘဝမှာ လိုအပ်တဲ့ အထောက်အပံ့ ကောင်းကောင်းကို မရရှာဘူး။ မုန်းစားဆင်းချိန်တွေ၊ ထမင်းစားချိန်တွေမှာ မောင်လပြည့် ပျောက်နေတတ်တယ်။ ဒါကိုသူ့ဆရာက သတိထားမိတယ်။ အဲဒီအချိန်တွေမှာ မောင်လပြည့်ဘာလို့ ပျောက်နေတာလဲဆိုတော့ သူ့မှာမုန့်စားဖို့အတွက် ပိုက်ဆံမရှိဘူး။ ထမင်းစားချိန် ကျပြန်တော့လည်း သူ့အိမ်က ထမင်းဟင်းလာမပို့နိုင်ဘူး။ သူ့သူငယ်ချင်းတွေက သူ့ကိုစားဖို့သောက်ဖို့ ခေါ်ရင်လည်း အမြဲငြင်းပယ်လေ့ရှိတယ်။ ယုတ်စွအဆုံးသူ့အကြောင်းကို ရိပ်စားမိတဲ့သူ့ဆရာက မောင်လပြည့်ကို မုန့်စားဖို့၊ ထမင်းစားဖို့နည်းလမ်းအမျိုးမျိုးနဲ့ ကမ်းလှမ်းဖိတ်ခေါ်ပေမယ့် သူကတော့ အမြဲလိုလို ငြင်းပယ်လေ့ရှိတယ်။
မောင်လပြည့်မှာ ခိုင်မာတဲ့စိတ်ဓာတ်ကောင်းကောင်းရှိပေမယ့် တစ်ခါတစ်ရံသူ့ကိုယ်သူ စိတ်ပျက်နေ တာကို သူ့ဆရာက ရိပ်စားမိတယ်။ သူ့ဆရာက သူ့ကိုဒီလိုအကြံဉာဏ်ပေးတယ်။ "မင်းကသူများ ကျောင်းသားတွေလို မင်းကိုယ်မင်း ကံမကောင်းဘူးလို့ တွေးတယ်။ အေးဟုတ်တယ်။ မင်းကံမကောင်း ဘူး။ မင်းသူတို့လို အဝတ်အစား ကောင်းကောင်းမဝတ်နိုင်ဘူး။ သူတို့လိုအစားအသောက် မစားနိုင် ဘူး။ သူတို့မိဘတွေက အထောက်အပံ့ကောင်းကောင်းပေးနိုင်သလို၊ မင်းမိဘတွေက မပေးနိုင်ဘူး။ ဒါပေမဲ့မင်းလုပ်နိုင်တာနှစ်ခုရှိတယ်။ မင်းဘဝမှ အောင်မြင်ဖို့ဉာဏ်နဲ့ ဝီရီယနှစ်ပါးကို ပြင်းပြင်းထန်ထန် လျှောက်နိုင်အောင် အားထုတ်ရမယ်။ ဒါမှ မင်းသွားချင်တဲ့ခရီးကို ရောက်မှာ"။ မောင်လပြည့်က သူ့ဆရာပြောတဲ့အတိုင်း အားထုတ်တယ်။ သူ့ဆရာကလည်း မောင်လပြည့်လိုအပ်ချက်တွေကို သူတတ်နိုင်သလောက် ကူညီဖြည့်ဆည်းပေးတယ်။ ကူညီတယ်ဆိုတဲ့နေရာ မောင်လပြည့်ဘယ်သူပေး ပေး ယူတတ်တဲ့ အလေ့အထမရှိတော့ သူ့ဆရာကဆုအနေနဲ့ ချီးမြှင့်ခဲ့တာ။ မောင်လပြည့်ကလည်း သူလက်ခံထားရတဲ့အခြေအနေ ခက်ခက်ခဲခဲထဲမှာ စာမေးပွဲကိုအောင်အောင် ဖြေဆိုနိုင်ခဲ့တယ်။ အခုသူ စစ်ကိုင်းကဆရာအတတ်သင်ကျောင်းမှာ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြေခဲ့ရတဲ့ မောင်လပြည့်၊ တစ်ချိန်မှာ ကျောင်းဆရာလေးတစ်ယောက် ဖြစ်လာမယ့် မောင်လပြည့်၊ သူ့ရဲ့ သမာသမတ်ကျတဲ့ စိတ်ဓာတ်၊ သူခက်ခက်ခဲခဲ ကြိုးစားသင်ယူခဲ့ရတဲ့ ပညာ။ ဒီပညာနဲ့ သူ့ဘဝကိုယ် သူရပ်တည်နိုင်ပါ့မလား။ သူ့ရဲ့ မိဘတွေကို ပြန်အလုပ်အကျွေး ပြုနိုင်ပါ့မလား။ မြေပဲပြုတ်ရောင်းတဲ့ ကလေး၊ မောင်လပြည့်၊ မောင်လပြည့်ရဲ့ ဆရာ။ သူတို့တစ်တွေအဖို့ ချမ်းသာဖို့ဆိုတာ ဝေလာဝေး။ နေ့စဉ်ဘဝမှာ တကယ်လို အပ်တာလေးလောက်ကို ခက်ခဲပင်ပန်းလွန်းအားကြီးနေတဲ့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံက အဲဒီလို နိုင်ငံ ကြီးလား။ လုပ်မယ်လို့တွေးနေ၊ အတုယူမှားနေတဲ့ လူငယ်မျိုးဆက်တွေများလာတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကရော။
ဟစ်တလာ၊ ချောင်ဆက်စကူတွေ၊ အီမယ်ဒါမားကို့စ်တွေ ဆက်ဒမ်ဟူစိန်တွေ၊ နရသီဟပတေ့မင်းတွေ သာ အောင်မြင်ခမ်းနားပြီး၊ သိပ်အားကောင်းနေမယ်ဆိုရင် ဒီနိုင်ငံက နိုင်ငံသူနိုင်ငံသားတွေရဲ့ ကံကြမ္မာက ဘယ်လိုလုပ်ပြီး အမှောင်ထဲကထွက်နိုင်မှာတုန်းဗျာ။
The Messenger Journal

0 comments to “ကျွန်တော်တို့နိုင်ငံကြီးက အဲဒီလိုလားဗျာ”

Post a Comment