Monday, November 4, 2013

★အိုင်ဒီယိုလော်ဂျီသမိုင်း နိဂုံးချုပ်ချိန်နှင့် ဂုဏ်သိက္ခာမှစီးဆင်းလာသော ခွန်အားများ★

,
မှူးဇော်

နိဒါန်း
  
♦          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံတို့မှ ခေါင်းဆောင်များ စုဝေးရာ လိုင်ဇာအစည်း အဝေးသို့ နိုင်ငံတော်သမ္မတကြီးက သဝဏ်လွှာပေးပို့ခဲ့သည်။ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ချမှတ်နိုင်ရန်နှင့်  နိုင်ငံရေးဒိုင်ယာ လော့ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ထားရှိသော မျှော်လင့်ချက်ကို အထင်အရှားပြသခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော ပြည်တွင်းစစ်မီးလျှံတို့သည် နှစ်ပေါင်း(၆၀)ကျော် နိုင်ငံ  တည်ဆောက်ရေးကို ကြီးမားသည့် သက်ရောက်မှုများ ရှိခဲ့သည်။ တောင်ပံမဖြန့်နိုင်ရှာသည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ချိုးဖြူငှက်တို့သည်လည်း ငြိမ်းချမ်းရေးတေးကို မသီနိုင်ကြတော့ပါ။


အိုင်ဒီယိုလော်ဂျီသမိုင်း နိဂုံးချုပ်သည့်ခေတ်

♦          ငြိမ်းချမ်းရေးတည်ဆောက်ရေးသည် မလွယ်ကူလှ ဟု ခေတ်အဆက်ဆက် နားလည်မှတ်သားခဲ့ သော ငြိမ်းချမ်းရေးအတွေးအခေါ်တို့မှာ မဖြစ်မနေ အသွင်ကူးပြောင်းရန် လိုအပ်နေပြီ ဖြစ်သည်။ တိုင်း ပြည်ငြိမ်းချမ်းဖို့ အခြေခံဥပဒေကိုပင် ပြင်ဆင်ရေးအထိ လမ်းဖွင့်ထားပြီး ဖြစ်သော မျက်မှောက်နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံရေးအိုင်ဒီယိုလော်ဂျီတို့၏ တိုးတိုက်မှုများ မတွေ့ မမြင်ကြရတော့ပေ။ ကမ္ဘာ့ ငြိမ်းချမ်းရေးပိသုကာ ဦးသန့်လို ပုဂ္ဂိုလ်မျိုး ထွန်းကားရာ မြန်မာ့မြေသည် ယနေ့တိုင် စစ်မီးမငြိမ်းနိုင်သေး သည်မှာလည်း အမှန်ပင် ရင်နာစရာ ကောင်းနေသည်။ လွတ်လပ်ရေး ရရှိပြီးနောက် ဖြစ်ပေါ်ခဲ့ကြသော Ideology Clash များ၊ အကျိုးစီးပွားထိတိုက်တိုးမှုများသည် အမျိုးသားညီညွတ်ရေး ပြိုကွဲစေခဲ့သော အကြောင်းတရားများ ဟု ဆိုနိုင်ပေသည်။

♦          နိုင်ငံတော်သမ္မတကြီး လက်ထက် အမျိုးသားညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် သိသာထင်ရှားသည့် ခြားနားမှုမှာ အုပ်ချုပ်သူဘက်က ချမှတ်သည့် အိုင်ဒီယာကို အခြေခံသော၊ မိမိ စိတ်ကူးစံ Ideal ကို ချမှတ် တည်ဆောက်သော ကြိုတင်သတ်မှတ်ထားသည့် စားပွဲဝိုင်းမျိုး မဟုတ်ဘဲ သဘောထား ကွဲလွဲမှုများကို အသိအမှတ် ပြုသော လစ်ဘရယ်ပုံစံ ဖြစ်လာနေခြင်းပင် ဖြစ်သည်။ အဘိ ဓမ္မာကဲ့သို့ နက်ရှိုင်းကျယ်ပြန့်လှသည့် ဦးနှောက်မုန်တိုင်းဆင်ရာ အိုင်ဒီယာများကိုပင် ညနေခင်း လက်ဘက်ရည်ကြမ်းဝိုင်းတွင် ငြင်းကြခုန်ကြ အချီအချ ဖြစ်တတ်ခဲ့သော မြန်မာနိုင်ငံသားတို့သည် အိုင်ဒီ ယိုလော်ဂျီအားသန်သည် ဟု ဆိုက မှားမည် မထင်။

သခင်စိုး၏ ရဲရဲနီသည့် ကွန်မြူနစ်၊ သခင်သန်းထွန်း၏  စစ်မှစစ်သည့် ကွန်မြူနစ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ မျှော်မှန်းခဲ့သည့် ဆိုရှယ်လစ်၊ ကိုကိုမောင်ကြီး ၏ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် ဤသို့ ဤနှယ် ပြင်းထန်သော အစွဲများသည်လည်း ယနေ့ခေတ် မြန်မာ့နိုင်ငံရေးတွင် နေလာနှင်းပျောက် ဖြစ်နေကြပြီ ဖြစ်သည်။ နိုင်ငံရေးပါရာဒိုင်းအပြောင်းအလဲတွင် နိုင်ငံရေးအတွေးအမြင်များကို အဓိကထားမှုများ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။ အိုင်ဒီယိုလော်ဂျီသမိုင်း နိဂုံး ချုပ်ခဲ့ပြီ ဖြစ်သည့် မြန်မာ့နိုင်ငံရေးသည် ဤသို့သော ခေတ်သစ်စနစ်သစ်တွင်မှာ အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်လျှင် မျက်မှောက်ခေတ်သမိုင်း ရိုင်းရာ ကျပေလိမ့်မည်။

Clash of Ideal

♦          နိုင်ငံတော်သမ္မတကြီးသည် ဒီမိုကရေစီ-ငြိမ်းချမ်းရေး-ဖွံ့ဖြိုးရေး ဟူသော နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ ပန်းတိုင်ကို တစ်ချိန်တည်းတစ်ပြိုင်တည်း လျှောက်လှမ်းသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး တာဝန်ယူစအချိန်တွင် ဒီမိုကရေစီကို အရင်သွားသည့် ဝါရှင်တန်ပုံစံ၊ ဖွံ့ဖြိုးရေးကို အရင်သွားသည့် ဘေကျင်းပုံစံ၊ ကြိုက်ရာ ပုံစံရွေး ဟူသော ဒီဘိတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံတည်ဆောက်ရေးမေးခွန်း ဖြစ်နေခဲ့ချိန်လည်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတော်သမ္မတကြီးသည် မူလကတည်းက တည်ရှိခဲ့သော Clash of Ideal ကို ဒိုင်ယာလော့ဖြင့် စေ့စပ်ညှိနှိုင်းခဲ့ပြီး မတူတာခွဲလုပ်၊ တူတာတွဲလုပ် ဟူသော ယဉ်ကျေးမှုအသစ်ကို ဖော်ဆောင်ခဲ့ရသည်။ နိုင်ငံရေးပါတီဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ပြီး ပင်မရေစီးဖြစ်သော လွှတ်တော်နိုင်ငံရေးသို့ ရောက်ရှိခဲ့ကြသည်။ ဤသည် မှာ Adjustment of Interest ကို ညှိယူသောနည်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရလာဒ်မှာ အားလုံး သိ သည့်အတိုင်းပင် ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး မျက်နှာစာတွင်တော့ ထိုမျှ မလွယ်ကူလှသလို စိန်ခေါ် မှုများမှာလည်း မနည်းမနော ရှိနေပေသည်။

♦          ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေး ဟူသော ပန်းတိုင်များ တူညီနေကြပြီ ဖြစ်သော်လည်း နည်းလမ်းများတွင် အချင်းများနေမှုများမှာလည်း ဒီမိုကရေစီ၏ဗီဇသဘောဟု နားလည်ကြရန် လိုအပ်မည် ဖြစ်သည်။ မြန်မာ နိုင်ငံ၏ အသွင်ကူးပြောင်းရေးနှင့် ဒီမိုကရက်တိုင်ဇေးရှင်းသည် မည်သည့်ပုံစံနှင့်မျှ မျဉ်းတန်းသဘော ယူ၍ မရသောကြောင့် မြန်မာပုံစံ မြန်မာမော်ဒယ်သည် ဒီမိုကရေစီသဘောတရားများအတွက် အသစ်တစ်ရပ်ရပ် ဖြစ်လာပေလိမ့်မည်။ တိုင်းရင်းသားများ၏ ခေတ်အဆက်ဆက် ပျောက်ဆုံးခဲ့သည့် အိပ်မက်များကို ဖော် ဆောင်ရန် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောကြားထားပြီး ဖြစ်ရာ အိပ်မက်အတွက် စိတ်ကူးစံများ အကြေအလည် ညှိနှိုင်းနိုင်ရေးသာ အရေးကြီးမည် ဖြစ်သည်။ သယံဇာတကျိန်ဇာ ဟု နိုင်ငံတကာပဋိပက္ခ လေ့လာသူများက တံဆိပ်ကပ်ကြသည့် မငြိမ်းချမ်းသေးသော နယ်မြေဒေသများမှာလည်း သဘာဝသယံ ဇာတ အရင်းအမြစ်များ အုံနှင့်ကျင်းနှင့် ရှိနေကြသည်မှာ အမှန်ပင် ဖြစ်နေသည်။

သယံဇာတ မရှိသော ကြောင့် ဖွံ့ဖြိုးရေးပန်းတိုက်သို့ အချိန်တိုတိုအတွင်း လှမ်းလျှောက်နိုင်ခဲ့ကြကုန်သော တောင်ကိုရီးယား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဂျပန်တို့မှာ အာရှမော်ဒယ်အသစ်ကိုပင် ဖန်ဆင်းနိုင်ခဲ့ကြသည်။  သယံဇာတ ကြွယ်ဝမှုတို့ကြောင့် ပြည်တွင်းစစ်မီးသို့ သက်ဆင်းကြကုန်သော ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံများတွင်လည်း လက်နက်ကိုင်နိုင်ငံရေး၊ စစ်ဘုရင်ဝါဒများအကြား ပိတ်မိကာ  ဆင်းရဲတွင်း နစ်ခဲ့ကြရသည့် ခေတ်ပြိုင်သင် ခန်းစာများ မှိုလိုပေါက်အောင် ရှိနေကြသည်။ ဒီမိုကရေစီနှင့် တရားမျှတမှုတို့ ထူထောင်တည်ဆောက် နေကြသော လက်ရှိကာလသည် သင်ခန်းစာများကို သင်ခန်းစာများ ဟူ၍ ပီပီပြင်ပြင် သိမြင်နားလည် လာကြရန် အရေးကြီးနေပြီ ဖြစ်သည်။  

ကမ္ဘာမကြေ သီချင်းဖြင့် နိဒါန်းဖွင့်ခြင်း

♦          ကိုလိုနီလက်အောက်မှ ရုန်းထလွတ်မြောက်ပြီးစ မြန်မာနိုင်ငံသည် ခွင့်တူညီမျှ ဝါဒဖြူစင်သည့်မြေ ဖြစ်ရန် ကြွေးကြော်ခဲ့ကြသော်လည်း ဝါဒဖြူခြင်း၊ ဝါဒနီခြင်းတို့ဖြင့် Clash of Ideal ထောင်ချောက်သို့ ကျရောက်ခဲ့ရပေသည်။ အားပါလှသည်၊ မာန်ပါလှသည်၊ ဇာတိမာန်ထက်သန်စေသည် ဟု မိမိတို့အားလုံး ခံယူခဲ့ကြသော နိုင်ငံတော်သီချင်းပါ “ကမ္ဘာမကြေ” ဟူသော နိဒါန်းသည်ပင်လျှင် ဥဒါန်းမကြေစေသော ပြည်တွင်းစစ်ကို ဖန်တီးလေခဲ့ရော့သလား စဉ်းစားစရာ ဖြစ်နေသည်။ မည်သို့ပင် ဖြစ်စေ အိမ်နီးချင်းနိုင်ငံ များကိုပဲ ကြည့်ကြည့်၊ ဒေသတွင်းနိုင်ငံများကိုပဲ မျှော်မျှော် အောက်တန်းနောက်တန်းကျနေသော အခြေ အနေအရပ်ရပ်ကို အမှန်အတိုင်း သိမြင်ကြရန် လိုအပ်သည်။ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးတေးသံများ ဖုံးလွှမ်းနေပြီ ဟု မြင်ယောင်ကြည့်လျှင် စစ်မီးလျှံတို့ ဝင်းဝင်းတောက်နေသော နယ်စပ်ဒေသများ အစော ဆုံး နိုးထလာသည့် စီးပွားရေးဇုန်ကြီးများ ဖြစ်လာပေလိမ့်မည်။

♦          စိတ်ကူးစံ အမျိုးမျိုး ရှိကြကုန်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုင်းရင်း သားခေါင်းဆောင်များအနေဖြင့်လည်း Reality Analysis နှင့် Future Analysis ကို ကောင်းစွာ အသုံးချ၍ သန်း(၆၀)အနိုင်ရရှိရေးကို ရှေ့ရှုကြရန် မျှော်လင့်မိသည်။ ပွင့်လင်းလာသော ယနေ့ခေတ်တွင် သမိုင်း၏ လိုအပ်ချက်၊ သမိုင်း၏လမ်းညွှန်မှု စသည်တို့ မရှိသင့်တော့ပါ။  အမျိုးသားညီညွတ်ရေးကို မတည်ဆောက် နိုင်သရွေ့ နေ့လား ညလား မသိ ရေရေရာရာ မရှိနိုင်သော သန်း(၆၀)၏ အိမ်နိမ့်စံဘဝများ ကျွတ်တမ်းဝင် ကြဦးမည် မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအတွက် လက်ရှိရောက်ရှိနေကြသော ဆုံမှတ် ဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးသည် သမိုင်းအဆက်ဆက် မကြုံဖူးသော အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်သည်ကို သတိပြုကြစေလိုသည်။ ဖက်ဒရယ်ကို ခေါင်းခါခြင်းများ၊ ဒီမိုကရေစီအသံ နားပိတ်ထားခြင်းများ လားလားမျှ မရှိတော့သည့် ယခုရောက်ရှိနေသော နိုင်ငံရေးမြေညီကွင်းသည် ငြိမ်းချမ်းရေးအတွက် တံခါးခေါက်သံများ ပင် ဖြစ်နေသည်။

ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ

♦          နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံရေးပွတ်တိုက်မှုများသည် ဒီမိုကရေစီ၏ သဘောသဘာဝ ဟု ခံယူထားပြီး ပွတ်တိုက်မှုများကို ငြိမ်းချမ်းသော ဒိုင်ယာလော့ဖြင့် ဖြေရှင်းသွားသင့်သည် ဟု ယူဆထားသူ ဖြစ်သည်။ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် အသစ်ဖြစ်ထွန်းခဲ့သော မတူတာခွဲလုပ်-တူတာတွဲ လုပ်သည့် နိုင်ငံရေး ယဉ်ကျေးမှုသည် ၂၀၁၃ နှစ်ကုန်ပိုင်းသို့ ရောက်ရှိချိန်တွင် ခွဲလုပ်နေကြသော မတူသည်များကို ငြိမ်းချမ်းသော ဒိုင်ယာလော့ဖြင့် ဖြေရှင်းအဖြေရှာသော နိုင်ငံရေးယဉ်ကျေးမှုအသစ်သို့ ဆက်လက် ဆွဲတင်နေကြသည်မှာလည်း အမျိုးသားညီညွတ်ရေးအတွက် မျှော်လင့်စရာ များစွာ ကောင်းနေပေသည်။

♦          အမျိုးသားညီညွတ်ရေး မရှိသမျှ ကာလပတ်လုံး ဟိုလူ့အောက်ကျို့ရ ဒီလူ့အောက်ကျိုးရ ဖြစ်နေ ဦးမည် ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ စကားသည် ယနေ့အချိန်အထိ မှန်ကန်နေဆဲ ဖြစ်နေသည်မှာ လည်း လွတ်လပ်ရေးမရခင်ကတည်းက တည်ရှိခဲ့ကြကုန်သော “ကွဲရာဇဝင်” နှင့် “ချသမိုင်း”များကို ယနေ့ ခေတ်တိုက် ဆက်လက်သယ်ဆောင်နေကြသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ ကြွေးကြော်သံများ ကြွေး ကြော်ခဲ့ကြသော ဂိုဏ်းဃနနိုင်ငံရေးနှင့် အကွဲအပြဲအစဉ်အလာများကို ဆင်ခြင်ဥာဏ်ဖြင့် ပယ်ရှားနိုင်ကာမှ တန်ကာကျပါမည်။

♦          ဆိုဗီယက်အုပ်စုနှင့် အမေရိကန်အုပ်စုတို့ ကမ္ဘာ့မြေပုံများကိုင်၍ အားပြိုင်ခဲ့ကြသော စစ်အေး တိုက်ပွဲ ဇာတ်ရှိန်အမြင့်မားဆုံးအချိန်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရ သော ပန်းတနော်သား မြန်မာသံအမတ်ကြီး ဦးသန့်အား သီဟိုဠ် သံအမတ်ကြီးက ဤသို့ ညွှန်းဆိုခဲ့ သည်။

“အတ္တတံခွန်ထူခြင်း၊ ရန်လိုခြင်းနှင့် လက်သီးလက်မောင်းတန်းလျက် အာဘောင်အာရင်းသန်ခြင်း တို့ကို ခွန်အား ဟု ယူဆကြသော ဤခေတ်ကြီးတွင် ဦးသန့်၌ ရှိသော ခွန်အားမှာ တစ်သီးတစ်သန့် ခြားနားနေ၏။ ဦးသန့်၏ခွန်အားမှာ တည်ငြိမ်သောဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အား ဖြစ်သည်။”  

ကမ္ဘာစစ်ကြီး ဖြစ်ပွားနိုင်သော မီးတောက်များကို မြန်မာနိုင်ငံသား ဦးသန့်သည် တည်ငြိမ်သော ဂုဏ် သိက္ခာမှ စီးဆင်းလာသော ခွန်အားတို့ဖြင့် ဖြေရှင်းအောင်နိုင်ခဲ့သည်။

♦          ဦးသန့်ကို မွေးဖွားခဲ့သော မငြိမ်းချမ်းသေးသည့် မြန်မာ့မြေတွင် အမျိုးသားညီညွတ်ရေးနှင့် အမျိုးသား တည်ဆောက်ရေးအတွက် လတ်တလော လိုအပ်နေသည်မှာ စစ်ကိုခုံမင်သော၊ စစ်ဘုရင်အလံ တော်များ မဟုတ်ရဘဲ တည်ငြိမ်သောဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများသာ ဖြစ်ပေလိမ့်မည်။ လက်ရှိနိုင်ငံရေးခေါင်းဆောင်များ အားလုံးအနေဖြင့် သန်း(၆၀)အနိုင်ရရှိရေးအတွက် တည်ငြိမ်သော ဂုဏ်သိက္ခာမှ စီးဆင်းလာသော ခွန်အားများ ပေးသနားရန်သာ မျှော်လင့်မိပေသည်။

0 comments to “★အိုင်ဒီယိုလော်ဂျီသမိုင်း နိဂုံးချုပ်ချိန်နှင့် ဂုဏ်သိက္ခာမှစီးဆင်းလာသော ခွန်အားများ★”

Post a Comment