Saturday, November 2, 2013

တာဝန်သိလျှင် - တာဝန်ရှိသည်

,


      လက်ရှိသမ္မတ အနေနဲ့ အစိုးရ သက်တမ်းစတင်တဲ့ အချိန်က စပြီး ပြည်တွင်းစစ် ငြိမ်းသတ်နိုင်ရေး ၊ အဆုံးသတ်နိုင်ရေးအတွက် ဇောက်ချလုပ်ခဲ့သည်မှာ အားလုံးယုံမှားသံသယ ရှိမည်မထင်ပါ။အဘယ်ကြောင့်ဟု ထင်ပါသနည်း။မောင်ဘ အနေနဲ့ ဥာဏ်မှီသဘောက်စဉ်းစားရရင်ပင် လက်ရှိသမ္မတဟာစစ်ဘက်ရာထူးကြီးတစ်ဦး ဖြစ်ခဲ့ခြင်းဆိုတဲ့အကြောင်းအရာဟာလည်း ပြည်တွင်းစစ်ငြိမ်းသတ်ရေး ၊ အဆုံးသတ်ရေး အတွက် အကြောင်းများစွာ ထဲက တစ်ခုဖြစ်မည် ထင်ပါသည်။ အဘယ်ကြောင့် ဆိုသော် စစ်ကိုမုန်းသောသူမှာ စစ်သားများသာ ဖြစ်သည်ဟု ပင်ဆိုရမည်ဖြစ်သည်။ဒါကြောင့်လည်း သမ္မတ အနေနဲ့ အင်အားတိုက် ငြိမ်ချမ်းရေးတည်ဆောက်ရေး ၊ ပြည်တွင်းအဆုံးသတ်ရေး ကို နိုင်ငံတိုးတက်ရေးအတွက် တက်လှမ်းရမယ့် လှေကားထစ်တစ်ခု သဖွယ် အလေးထားဦးတည် နေသည်မှာ သိသာလှပါသည်။သို့သော် တိုင်းရင်သား လက်နက် ကိုင်တွေ ဆယ်စု နှစ်  ငါးခုကျော် စွဲကိုင် ခဲ့တဲ့ လက်နက်အပေါ်လည်း ရန်ငါဆဲ
သံယောဇဉ် ပြတ်ရန်လိုပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအပေါ် မျက်နှာသာပေးသင့်သည့်အချိန်ကို အသိအမှတ်ပြုလက်ခံရမည်ဖြစ်သည်။လက်သီးဆုပ်ထားလျှင် လက်ဆွဲနှုတ်ဆက်လို့မရဘူးဆိုတဲ့ မဟတ္တမဂန္ဓီ ရဲ့ အဆိုလို  သမ္မတ နဲ့ ငြိမ်းချမ်းရေး စင်တာ အပါအ၀င် အဖွဲ့အစည်းပေါင်းများစွာ က မည်သို့ပင် လက်ဆွဲနှုတ်ဆက်ရန်ပြင်ဆင်နေပါစေ တစ်ဖက်မှ လက်သီးဆုပ်ထားလျှင် ဤအခြင်းအရာမှာ သက်သက် အချိန်ဖြုန်းခြင်းဟု သာ ခေါင်းစဉ်ထွက်လာမည်ဖြစ်သည်။ထို့ကြောင့်နှစ်ဦးနှစ်ဖက် အနေဖြင့်မိမိတို့၏ ပျက်ကွက်ခဲ့မှုတွေအပေါ် အတ္တတွေအသာချ လို့ ပြုပြင်ဖာထေးကြရမည့် အချိန်ကာလပဲဖြစ်ပါသည်။နှစ်ဦးနှစ်ဖက်ဟု ဆိုသည့်အတိုင်း ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် နှစ်ဖက်အဖွဲ့အစည်းများမှာ တာဝန်ရှိသည်သာဖြစ်သည်။သို့မှ မဟုတ်ပဲ ရတုန်းလေး လက်တစ်ဆုံးနှိက်လိုက်မယ် ဆိုတဲ့ စိတ်ကူးစိတ်သန်းနဲ့ လက်ဖြန့်မလို့ လက်သီးဆုပ်မလို့နဲ့ အခွင့်အရေးယူ အမြတ်ထုတ်ရန် မြေခွေးချောင်း ချောင်းနေလျှင်ဖြင့် ရလဒ်ကောင်းများ ထွက်လာနိုင်မည် မဟုတ်သလို သမိုင်းတရားခံအဖြစ်လည်း လယ်ပြင်မှာဆင်သွား သလို  ထင်ရှားသွားမှာပဲဖြစ်ပါတယ်။

 လက်ရှိအပစ်အခတ်ရပ်ဆဲရေးနဲ့ပြည်လုံးကျွတ်ဆိုင်ရာအပစ်အခတ်ရပ်ဆဲရေး ဖော်ဆောင်နေဆဲကာလမှာ
 နှစ်ဖက်တပ်တွေ ဟာ မိမိတို့ရဲ့ နောက်လိုက်ဗိုလ်ပါ အခြံအရံ အချွေအသင်း တို့နဲ့ တကွ မိမိ တပ်တစ်ခုလုံးအတွက် တာဝန်ခံထားဖို့လိုသည် ဆိုတဲ့ အသိစိတ်ကို နှလုံးသွင်းထားရမည်သာဖြစ်သည်။ သို့မျှမဟုတ်ပဲ သမ္မတ ၏ အမိန့်ဖြင့် ကာချုပ် ကို အစိုးရ တပ်များ ရောက်ရာအရပ်တွင် ရပ် ဆိုသည့်အမိန့်ဖြင့် Freeze time လုပ်ထားသော်ငြားလည်း တစ်ဖက်မှ မိမိ လက်အောက်ခံ တပ်များကို အမိန့်ပေး မထိန်းချုပ်နိုင်လျှင် ဦးနင်းပဲ့ထောင် ၊ ပဲ့နင်းဦးထောင် သာဖြစ်နေမည်ဖြစ်သည်။ထို့ကြောင့် အပစ်အခက်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ဟူသည် လက်နက်ကိုင်အဖွဲ့အစည်း တွေဖြစ်တဲ့ နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိ သလို တာဝန်သိရန်လည်း လိုအပ်ပါသည်။လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်းမှာ ငြိမ်းချမ်းရေးကို ရနံ့ပြယ် စေမယ့် လုပ်ရပ်မျိုးကိုလည်းရှောင်ရှားသင့်သလို ၊ ဖြစ်လာခဲ့ရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ယူဖြေရှင်းပေးကြရမည်သာဖြစ်သည်။သို့သော်လတ်တလော ဖြစ်ပေါ်ခဲ့သည့် KIA လက်နက်ကိုင်အဖွဲ့အစည်း ရဲ့ ဖမ်းမိသုံ့ပန်းတစ်ယောက်အပေါ်ခေါင်းဖြတ်သတ်မှု ၊ KNU တပ်မဟာ ၅ က စောနေတိုးရဲ့ ဗံုံးဖောက်ခွဲမှု ၊ တအာန်း အဖွဲ့အစည်းတွေရဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်မှု စတာတွေကို သက်ဆိုင်ရာမိမိ အဖွဲ့အစည်းလိုက်က တာဝန်ယူ ဖြေရှင်းရမည်ဖြစ်သည်။သို့မဟုတ်ပဲ
“ကျွန်တော် စုံစမ်းလိုက်ပါအုံးမယ်” ဆိုတဲ့ စကားမျိုးနဲ့ ရှောင်ထွက်နေသမျှတော့ သူ့ကိုယ်မယုံ ကိုယ့်သူမယုံနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေး စကားလုံး ရုပ်လုံးဖော်နိုင်မည်မဟုတ်ချေ။ထို့အတူ  သတင်းစာ ဆရာကြီးများကလည်း Linking လိုက်၍ ပြည်သူ လူထုအားချပြသင့်သည်ဟု  ထင်မြင်မိပါသည်။

ကိုတိမ်မိုး

0 comments to “တာဝန်သိလျှင် - တာဝန်ရှိသည်”

Post a Comment