Saturday, November 2, 2013

မသိသူကျော်သွား၊ သိသူဖော်စား

,


၁။ ယင်းစကားစုကို လူတော်တော်များများ ကြားဖူးကြမည်ထင်သည်။ ဆေးနည်းသိသူ ဆေးဖော်စားသည် ဆိုသည်ထက်အဓိပ္ပာယ်ကပိုကျယ်ဝန်းသည်။ မြန်မာစာအဖွဲ့ဦးစီးဌာနမှ ပြုစုသည့် မြန်မာစကားပုံစာအုပ်တွင် အဖိုးတန်ရတနာရှိမှန်း မသိ၍ တစ်ဦးက ကျော်သွားသော်လည်း သိသူက ထုတ်ဖော်ရယူသကဲ့သို့ အခွင့်အရေး အတူတူရှိလျက် အသိပညာမဲ့သူက မိမိအတွက် အကျိုးရှိအောင် အသုံးမချနိုင်ဘဲ အသိပညာရှိသူက မိမိအတွက် အကျိုးရှိအောင် ထုတ်ဖော်အသုံးချနိုင်သည်ဟု ရှင်းလင်းထားသည်။

ဘယ်လောက်ကောင်းကောင်း၊ မိမိအတွက် ဘယ်လောက်အကျိုးရှိရှိ၊ ကောင်းမှန်း အကျိုးရှိမှန်း မသိလျှင် ခပ်ပေါ့ပေါ့ သမန်ကာလျှံကာ သဘောထား၊ မကျင့်သုံး၊ အသုံးမပြုဟုဆိုလိုသည်။ မိမိအတွက် အကျိုးရှိမှန်း သိသူကတော့ ကြိုးစားကျင့်သုံးသည်ဟုလည်း ဆိုလိုသည်။ လွယ်သည်၊ ခက်သည်မဟုတ်၊ တန်ဖိုးကြီးသည်၊ နည်းသည်နှင့်မဆိုင်၊ သိမှ အကျိုးရှိအောင် အသုံးချသည်။

ခပ်ခက်ခက်၊ တန်ဖိုးကြီးကြီးမို့ မိမိနှင့်မဆိုင်၊ မိမိလက်လှမ်းမမီဟုယူဆကာ အသုံးမပြုသည်လည်း ရှိတတ်သည်။ တစ်ခါတစ်ရံ ခပ်လွယ်လွယ်၊ တန်ဖိုးလည်း မကြီးသည်များကျတော့ မိမိအတွက် အကျိုးရှိပေမယ့် အထင်မကြီး။ အကျိုးရှိမည်ဟု မတွက်၊ အကျိုးရှိ၊ မရှိလည်း မလေ့လာ၊ အသုံးမပြု၊ အကျိုးမခံစားရ ဖြစ်နေတတ် သည်။ အလဟဿ၊ အလေအလွင့် ဖြစ်နေတတ်သည်။

၂။

ကိုယ်လက်လှုပ်ရှားအားကစားသည် ကျန်းမာရေးကို အဘက်ဘက်မှ ကောင်းကျိုး ပြုသည်။ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးတွင်းရှိမကောင်းသောအဆီ (LDL) ကို နည်းစေပြီး ကောင်းသောအဆီ (HDL)| ကို မြင့်တက်စေသည်။ ခန္ဓာကိုယ် ၀ဖြိုးသူကို အလေးချိန်ကျစေသည်။ ပိုနေသော အဆီများကို လျော့စေသည်။ အထူးသဖြင့် ခါးနှင့် ၀မ်းဗိုက်အဆီကို ပိုလျော့စေသည်။ ၀မ်းဗိုက်စူပြီး ၀သူများတွင် ဗိုက်အစူလျော့စေပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေသည်။ အားကစားလုပ်ခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်ကျခြင်းသည် အခြားနည်းလမ်းများထက် ရေရှည်ပိုခံသည်။ ခြေထောက်သွေးလည်ပတ်မှု ကို ကောင်းစေပြီး ခြေထောက်သွေးကြောကျဉ်းရောဂါကို သက်သာစေသည်။ ကြွက်သားများကို သန်မာဖွံ့ဖြိုးစေသည်။ လေ့ကျင့်ခန်းသည် လူကိုနုပျိုစေသည်။ အသက်ကြီးလာသည်နှင့် ခန္ဓာကိုယ်၏ အောက်စီဂျင် သုံးစွဲမှုသည် တစ်နှစ်လျှင် တစ်ရာခိုင်နှုန်း လျော့နည်းလာလေ့ရှိရာ လေ့ကျင့်ခန်းသည် ယင်းကိုနှေးစေသည်။

နေ့စဉ် လုပ်ငန်းခွင်တွင် စိတ်ရောကိုယ်ပါ ရွှင်လန်းသွက်လက်စေသည်။ တစ်နေကုန် လုပ်အားစွမ်းရည် မြင့်တက်စေသည်။ စိတ်ဖိစီးမှုကို လျော့နည်းစေသည်။ မိမိကိုယ်ကို ယုံကြည်မှုမြင့်တက်စေသည်။ လူမှုဆက်ဆံရေး နယ်ပယ်ကျယ်စေသည်။ ညပိုင်းအိပ်ကောင်းစေသည် စသည့် မရေမတွက်နိုင်သော အကျိုးကျေးဇူးများကို ရစေသည်။

၃။

နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးချိုရောဂါ ကာကွယ်မှုပေးသည်။ သွေးတိုးလူနာ၊ သွေးချိုလူနာတို့တွင် သွေးပေါင်ချိန် ကျစေသည်။ သွေးတွင်းသကြားဓာတ် ကျစေသည်။ သွေးကျဆေး၊ သွေးချိုဆေးတို့နှင့် ပေါင်းပြီး ရောဂါများကို ပိုသက်သာစေသည်။ သွေးချိုရောဂါနှင့် ပတ်သက်ပြီး ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းသည် အင်ဆူလင်အာနိသင်ကို အားကောင်းစေသည်။ အင်ဆူလင်စွမ်းအင်ကို ၄၀ ရာခိုင်နှုန်းထိ မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ သွေးချိုဖြစ်ရန် တာစူနေသော လူများနှင့် သွေးချိုဖြစ်ရန် အလားအလာများသူများတွင် ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်လုပ်ခြင်းဖြင့် သွေးချိုရောဂါကို ကာကွယ်နိုင်သည်။ လေ့လာသုတေသနများက လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးချိုဖြစ်ပွားမှုကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်သည်ဟုဆိုသည်။ ဆေးသောက်ခြင်းထက်ပင် ကာကွယ်နိုင်စွမ်းပိုသည်။ ပေါ့ပေါ့ပါးပါး၊ အပန်းမကြီး နေ့စဉ်နာရီဝက် လှုပ်ရှားခြင်းဖြင့် နောက်ဆက်တွဲပြဿနာသောင်းခြောက်ထောင်နှင့် တစ်သက်တာရောဂါဆိုးကို ကာကွယ်နိုင်သည်မှာ အံ့သြဖွယ်ရလဒ်ဟုဆိုနိုင်သည်

သွေးချိုမဖြစ်သေးသူကို ကာကွယ်နိုင်သကဲ့သို့ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးချိုလူနာများတွင် သွေးတွင်းသကြားဓာတ်ကို ပိုကျစေသည်။ သွေးချိုထိန်းရ ပိုလွယ်စေသည်။ သွေးချိုဆေးလိုအပ်ချက်ကို လျော့နည်းစေသည်။ ကစီဓာတ်အစားအစာကို အသင့် အတင့် ပိုစားလာနိုင်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် သွေးချိုလူနာများတွင် နှလုံသွေးကြောပိတ်၊ လေဖြတ်ခြင်းဖြစ်ပွားမှုနှင့် ယင်းတို့ ကြောင့် အသက်ဆုံးရှုံးရခြင်းကို လျော့နည်းစေသည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်သောလေ့လာမှုတစ်ခုအဆိုအရ သွေးချိုလူနာ တစ်သောင်းခွဲတွင် လေ့ကျင့်ခန်းပုံမှန်လုပ်သူ သွေးချိုလူနာများသည် လေ့ကျင့်ခန်းမလုပ်သူ သွေးချိုလူနာများထက် နှလုံးသွေးကြောပိတ်၊ လေဖြတ်ခြင်းကြောင့် သေဆုံးမှုကို ၆၇ ရာခိုင်နှုန်းထိ လျော့နည်းစေသည်ဟု သိရသည်။ ထိုလေ့လာမှုတွင် သွေးချိုလူနာများ ပုံမှန်လေ့ကျင့်ခန်းလုပ်နှုန်းသည် အကြောင်းအမျိုးမျိုးပြလျက် အခြားသွေးချို မရှိသူများထက် နည်းသည်ကိုလည်း ထူးထူးခြားခြား တွေ့ရသည်ဟုဆိုသည်။ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ခြင်းသည် သွေးပေါင်ချိန်ကိုလည်း ကျစေသည်။ အပေါ်သွေး ၈ မှ ၁၂ ၊ အောက်သွေး ၅ မှ ၁၀ ထိ ကျစေနိုင်သည်။ ပုံမှန်သွေးပေါင်ချိန်ရှိသူထက် သွေးတိုးလူနာများတွင် ပိုကျစေသည်။ သွေးပေါင်ချိန်ကျရန် အချိန်ကြာကြာ စောင့်ရန်မလို၊ တစ်လလောက်အတွင်း သိသိသာသာ ကျလာလေ့ရှိသည်။

၎။

အလေးမကစားခြင်းကဲ့သို့ ခုခံအားကိုဆန့်ကျင်ပြီး ကြွက်သားများကို ညှစ်ရသော လေ့ကျင့်ခန်းများထက် ပြင်းထန်သောညှစ်အားမပါ ခန္ဓာကိုယ်တစ်ကိုယ်လုံး သွက်သွက်လက်လက် လှုပ်ရှားမှုပါသော လေ့ကျင့်ခန်းများ က ကျန်းမာရေးအတွက် ပိုသင့်တော်သည်။ ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ ကခုန်ပြေးလွှားကစားခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ တင်းနစ်ကစားခြင်းနှင့် ပြေးစက်ပေါ်တွင် ပြေးခြင်းစသည်တို့ အားလုံးပါဝင်သည်။ ယင်းတို့အနက် အားကစားပစ္စည်းမပါ၊ ငွေကုန်ကြေးကျမရှိ အလွယ်တကူလုပ်နိုင်သည်မှာ လမ်းလျှောက်ခြင်း ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ရာတွင် ထိရောက်ရန်လိုသည်။ သင့်တင့်သော ပြင်းထန်မှုရှိရန်လိုသည်။ အသက်ရှူအနည်းငယ် မြန်လာသည်အထိ၊ နှလုံးခုန်နှုန်း မြန်လာသည်အထိ၊ ချွေးစို့လာသည်အထိ လုပ်ရန်လိုသည်။

လမ်းလျှောက်လျှင် တစ်ရက် အနည်းဆုံး မိနစ် ၃၀ ခန့် လျှောက်သင့်သည်။ သို့မဟုတ်ပါက တစ်ပတ်အနည်းဆုံး ငါးရက်တော့ လျှောက်သင့်သည်။ နေ့စဉ်လျှောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း လုပ်သကဲ့သို့ နေ့စဉ်နေထိုင်မှုပုံစံကိုလည်း ပြုပြင်ရန် လိုသည်။ တတ်နိုင်သမျှ လှုပ်ရှားမှုရှိနေရန်ဖြစ်သည်။ နေ့စဉ် ပုံမှန်လှုပ်ရှားသွားလာမှုကို လေ့ကျင့်ခန်းဟု သဘောထားပြီး သတိထား ပြုပြင်နေထိုင်ရန် လိုသည်။ အိမ်မှုကိစ်္စဗာဟီရများကို ကိုယ်တိုင်ဝင်လုပ်ခြင်း၊ ခြံထဲတွင် မြက်ရှင်း၊ ပေါင်းသင်၊ အပင်စိုက်ခြင်း၊ လှေကား အတက်အဆင်းလုပ်ခြင်း၊ တတ်နိုင်သမျှ ကားမစီးဘဲ လမ်းလျှောက်ခြင်း၊ စားပွဲတွင်ထိုင်ရင်း အလုပ်လုပ်ရသူများ မကြာခဏထ၍ လမ်းလျှောက်ခြင်း စသည်ဖြင့် တတ်နိုင်သလောက် ပြုပြင်ယူရန်ဖြစ်သည်။

၅။

ဆောင်းဝင် အအေးပိုလာသည်နှင့် နံနက်စောစော လမ်းလျှောက်သူတွေ များလာသည်။ မိသားစုလိုက် လမ်းလျှောက်သူများ ရှိသကဲ့သို့ လူငယ်လူရွယ်များလည်း အုပ်စုဖွဲ့လျှောက်ကြသည်။ ရန်ကင်းမြို့ နေရာတော်တော်များများတွင် လမ်းလျှောက်သူများနှင့် စည်ကားနေတတ်သည်။ ကန်တော်ကြီးတွင် လမ်းလျှောက်သူများ တစ်အုံတစ်မ၊ အင်းလျားကန်ဘောင်ပေါ်တွင် လမ်းလျှောက်သူများလွန်းသဖြင့် လူချင်းမတိုက်မိအောင် မနည်းရှောင်ကြရသည်။ ဆောင်းတွင်းတိုင်း လမ်းလျှောက်များသည်မှာ ထုံးစံ၊ အအေးပေါ့လာသည်နှင့် လမ်းလျှောက်သူ နည်းလာသည်။ နွေတွင်လမ်းလျှောက်သူ မရှိသလောက် နည်းသွားသည်။ နှစ်ပေါက်ပုံမှန်လမ်းလျှောက်သူများ သာကျန်တော့သည်။ ပုံမှန်လျှောက်သူများ ကတော့ မိုးဖွဲဖွဲရွာလျှင်ပင် ထီးဆောင်းပြီး လျှောက်ကြသည်။ ဒီဇင်ဘာလ လေးပတ်၊ တစ်ပတ်တစ်ရက် အဖွဲ့လိုက် စုပေါင်းလမ်းလျှောက်ကြသူများလည်းရှိသည်။ ဆောင်းတွင်းတွင် လမ်းလျှောက်သူများသည် ဆောင်း၏ အအေးဒဏ်ခံနိုင်ရန်၊ ဆောင်းတွင်သာ အားကစားလုပ်ရန် လုံသည်ဟု ထင်ကြပုံရသည်။ လုံးဝမလျှောက်သူနှင့် စာလျှင် မဆိုးလှသော်လည်း ကျန်းမာရေးအတွက် ထိရောက်လှသည်ဟု မဆိုနိုင်။

နှစ်ပေါက်လေ့ကျင့်ခန်းလုပ်သူ၊ ပုံမှန်လမ်းလျှောက်ကြသူများသည် နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ထဲထဲဝင်ဝင်သိ၊ အမှန်တကယ် ယုံကြည်သူများဖြစ်ကြသည်။ ပညာရေး၊ စီးပွားရေးများနည်းတူ ကိုယ်လက်လှုပ်ရှားမှု အားကစားသည်လည်း မိမိအတွက် ရင်းနှီးမြှုပ်နှံမှုဟု လက်ခံထားကြသူများဖြစ်သည်။ မိမိ၏ကျန်းမာရေးနှင့် အသက်ကို မိမိသာ စောင့်ရှောက်ရမည်။ မိမိမစောင့်ရှောက်လျှင် မည်သူကမျှ စောင့်ရှောက်မည်မဟုတ်ဟု အသိမှန်၊ လက်ခံထားကြသူများဖြစ်သည်။ ပုံမှန်လမ်းလျှောက်ခြင်း၏ အရသာ၊ အကျိုးကျေးဇူးကို လက်တွေ့ခံစားနေကြ သူများဖြစ်ကြသည်။

အိမ်အလုပ်နှင့် တစ်နေကုန်မအားလို့ တစ်နေ့တစ်နေ့ အလုပ်များလွန်းလို့ ယားလို့တောင် မကုပ်ထားဘူး၊ လေ့ကျင့်ခန်းလုပ်ဖို့ တစ်နေ့ မိနစ်အနည်းငယ်ပင်မပေးနိုင်ဟု ဆိုသူများ မကြာခဏတွေ့ရသည်။ ပျင်းရိခြင်းခြောက်မျိုးထက် ပိုသူများဖြစ်ကြသည်။ အမှန်တကယ်တော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများကို မသိကြသူများ၊ အပေါ်ယံသိကြပြီး လေးလေးနက်နက် မရှိကြသူများဖြစ်ကြသည်။ ကျန်းမာနေစဉ် ကျန်းမာရေးသည် ပညာရေး၊ စီးပွားရေး၊ အခြားအရေးများလောက် အရေးမကြီးဟု ထင်ကြသူများဖြစ်ကြသည်။ မသိလို့ ကျော်သွားနေကြသူများဖြစ်သည်။ သိလို့ဖော်စားသူများဖြစ်ရန် မိမိကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်၊ ဘေးပတ်ဝန်းကျင်ကလည်း ၀ိုင်းဝန်းကြရန်လိုပါသည်။

ပါမောက္ခနေ၀င်း (ဆေးပညာ)

0 comments to “မသိသူကျော်သွား၊ သိသူဖော်စား”

Post a Comment