Monday, November 4, 2013

ထောက်ပံ့မှုများ ဖြတ်တောက်၍ ဒေါက်တာစင်သီယာမောင် စိုးရိမ်

,

သြစတြေးလျ အပါအ၀င် နိုင်ငံတကာမှ အလှူရှင်များ၏ ထောက်ပံ့မှု ဖြတ်တောက်ခြင်းက ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းမှ ပေးအပ်နေသည့် အဓိက ဆေးဝါးကုသမှု လုပ်ငန်းများအပေါ် ဖိအားများ သက်ရောက် စေလိမ့်မည်ဟု ၎င်းဆေးခန်းအား တည်ထောင်သူက ပြောကြားလိုက်သည်။
ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ အတွက် ဆောင်ရွက်ခဲ့သူများအား အသိမှတ်ပြုသည့် ဆစ်ဒနီငြိမ်းရေးဆုကို သြစတြေးလျနိုင်ငံသို့ ယခုသတင်းပတ်တွင် လာရောက်လက်ခံရယူမည့် ယင်းဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း ကျန်းမာရေး အဆင့်အတန်း နိမ့်ကျနေသေးသည့် အခြေအနေကြောင့် နှစ်စဉ် လူနာပေါင်း ၁၅၀,၀၀၀ကို ကုသပေးနေသည့် သူမ၏ ဆေးခန်းမှာ အရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေဆဲဟုလည်း ဒေါ်စင်သီယာမောင်က ပြောသည်။
“လူတွေကို စွမ်းရည်မြှင့်တင်တာတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ဆိုရင် နယ်စပ်အသိုင်းအ၀ိုင်းကို ထောက်ပံ့မှုတွေ ဆက်ပေးရပါမယ်။ ဒါမှသာ ရှိနှင့်ပြီးဖြစ်တဲ့ အကူအညီပေးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု APP (သြစတြေးလျအေပီ) သတင်းဌာနသို့ ပြောသည်။
နိုင်ငံတကာ အလှူရှင်များအနက် တစ်ဦးအပါအ၀င်ဖြစ်သည့် AusAid မှ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် သြစတြေးလျဒေါ်လာငွေ ငါးသိန်းခန့်အား လှူဒါန်းခဲ့သည်။
သို့သော် ဖက်ဒရယ် အစိုးရသစ်မှ AusAid အား နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဌာန (DFAT) နှင့်ပေါင်းစပ် ခဲ့ပြီး တိုးမြှင့်ရန်လျာထားသည့် ဘတ်ဂျက်များအား ဖြတ်တောက်သွားမည်ဟု ကြေညာခဲ့သည်။ယင်းကြေ ညာချက်အရ နောင်လာမည့် လေးနှစ်အတွင်း၌ သြစတြေးလျဒေါ်လာ ၄ဒသမ၅ သန်းကျော်အား ထိထိ ရောက်ရောက် ဖြတ်တောက်သွားမည် ဖြစ်သည်။
သို့သော် ဒေါက်တာစင်သီယာမောင်က မြန်မာနိုင်ငံမှာ ပဋိပက္ခများနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီးနောက် တိုင်းပြည်အား တဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်နေသည့် အဆင့်တွင်သာ ရှိနေသေးသည့်အတွက် မယ်တော်ဆေးခန်းအပေါ် မှီခိုနေသည့် လူနာများအား ဆေးဝါးကုသမှုပေးနိုင်ရေး အတွက် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ပြောကြားသည်။
အလှူငွေများ ဖြတ်တောက်လိုက်ခြင်းမှာ ပေးနေကျ ၀န်ဆောင်မှုများအား ဆက်လက်ပေးဆောင်ရန် အတွက်ပင် ခက်ခဲနိုင်သည်။“ဒီကိစ္စဟာ တော်တော်လေးကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာပါ” ဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။
မဲတော်ဆေးခန်းအား ၁၉၈၈ နောက်ပိုင်းတွင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ ကနဦးပိုင်းတွင် နာမကျန်း ဒဏ် ရာရသည့် ကျောင်းသားများအား ဆေးဝါးကုသမှုပေးခဲ့ပြီး ယခုအခါတွင် ၀န်ထမ်းပေါင်း ၇၀၀ ဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အသေးစားခွဲစိတ်မှုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အပါအ၀င် ဆေးဝါးကုသမှု တော်တော်များများကို ပြုလုပ်ပေးလျက် ရှိသည်။
မယ်တော်ဆေးခန်းသည် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခများကြောင့် ထွက်ပြေးခဲ့ရသော စစ်ဘေးဒုက္ခသည်များ၊ ဆင်းရဲနွမ်းပါးသော မြန်မာရွှေ့ပြောင်း လုပ်သားများအား ဆေးဝါးကုသပေးနေသည့် ဆေးခန်း တစ်ခန်းဖြစ်သည်။

0 comments to “ထောက်ပံ့မှုများ ဖြတ်တောက်၍ ဒေါက်တာစင်သီယာမောင် စိုးရိမ်”

Post a Comment