Thursday, November 7, 2013

"ဟင်္သာတမြို့တွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေကို အချိန်မီထိန်းသိမ်း"

,

 ဟင်္သာတမြို့တွင် နိုဝင်ဘာ (၃)ရက်ညက အကြွေးတောင်းရာမှ လူမျိုးရေးပဋိပက္ခတစ်ရပ်ဖြစ်ပွားခဲ့ပြီး၊ ပြစ်မှုကျူးလွန်သူကို ထောင်ချုပ်သို့ ညတွင်းချင်း ပို့ဆောင်ကာ စစ်တပ်အကူအညီဖြင့် အခြေအနေကို အချိန်မီ ထိန်းသိမ်းခဲ့ရကြောင်း ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းမှ သတင်းရရှိသည်။ "ဘာသာခြားလူမျိုးဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်မှာ မီးသွေးဖိုးအကြွေးတောင်းရင်းနဲ့ စကားများပြီး တုတ်နဲ့ရိုက်လိုက်တာပါ။ အနီးပတ်ဝန်းကျင်ကသိပြီး လူစုလူဝေးဖြစ်ခဲ့လို့ ချက်ချင်းအရေးယူပြီး ထောင်ချုပ်သို့ ပို့လိုက်တယ်"ဟု အမှတ်(၁) ဟင်္သာတမြို့ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ "မီးသွေးအိတ်လာပို့တဲ့ကောင်လေးနဲ့ အစ်ကိုညီနဲ့ စကားအခြေအတင်ဖြစ်ပြီး လက်လွန်ခြေလွန် ဖြစ်သွားတာပါ။ သူငယ်ချင်း အချင်းချင်းတွေပါ။ ပြဿနာကို ပြေပြေလည်လည်ပဲ ဖြစ်စေချင်ပါတယ်။"ဟု ပြဿနာဖြစ်ပွားခဲ့သည့် မန်ချက်စတာလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမြင့်ဇင်ကပြောသည်။ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ နတ်မောက်လမ်းတွင်ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်တွင် ရိုက်နှက်မှုဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ ဆိုင်ရှင်သား အောင်လေး(ခ)မွတ်စဖားဆိုသူက သစ်သားတုတ်ဖြင့် ရိုက်လိုက်ခြင်းကြောင့် တစ်ဦးဒဏ်ရာရရှိခဲ့ပြီး၊ လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသည့် ကိုကျော်စိုး ဆိုသူကပြောသည်။ "အရိုက်ခံလိုက်ရတဲ့ကောင်လေးရဲ့အစ်ကိုက သူ့ညီကို ဘာသာခြားတစ်ယောက်က ရိုက်တယ်ဆိုပြီး လိုက်အော်တော့ အဲဒီသတင်းကိုကြားတဲ့ ဘုန်းကြီးတွေ လူတွေပါ ရောက်လာကြတာ။ ရဲတပ်ဖွဲ့တွေ အချိန်မီ ရောက်လာလို့ ပြဿနာပြီးသွားတာ။ ထောင်ချုပ်ကို ချက်ချင်းပို့လိုက်လို့လည်း လူစုလူဝေးမဖြစ်တာပါ။"ဟု ကိုကျော်စိုးက ပြောသည်။ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်တွင် သံဃာအရေအတွက် (၅ဝဝ)ခန့် သတင်းသုံးသည့် မိုးကောင်းဘုန်းကြီးကျောင်းတိုက်ရှိနေပြီး၊ ပြဿနာကြီးကြီးမားမား ဖြစ်မသွားသည်မှာ အလွန်ပင်ကံကောင်းသွားကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ သစ်သားတုတ်ဖြင့်ရိုက်သူ အောင်လေး(ခ)မွတ်စဖားဆိုသူကို ဟင်္သာတအကျဉ်းထောင်သို့ ညတွင်းချင်းပို့ဆောင်ခဲ့ပြီး၊ အောက်တိုဘာ (၃)ရက်ညက မြို့ပေါ်အချို့ရပ်ကွက်များတွင် ဟင်္သာတမြို့တွင် ခလယ(၁၈)တပ်ရင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပူပေါင်းကာ လုံခြုံရေးစောင့်ကြပ်ခဲ့ကြောင်း သတင်းရရှိသည်။ ရိုက်နှက်ခံရသူမှာ ဟင်္သာတဆေးရုံတွင် တက်ရောက်ကုသနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

0 comments to “"ဟင်္သာတမြို့တွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေကို အချိန်မီထိန်းသိမ်း" ”

Post a Comment