Tuesday, November 5, 2013

မြန်မာပြည်တွင်း စာနယ်ဇင်း

,

မီဒီယာဆိုသည်မှာ
မီဒီယာဆိုသည်မှာ Medium ၏ ဗဟုဝုစ်ကိန်း ကို ခေါ်ခြင်းဖြစ်သည် ။ Medium ဆိုသည်မှာ Mean of communication ဆက်သွယ်ရေးနည်းလမ်း သို့မဟုတ် ဆက်သွယ်ရေး လုပ်ငန်းဟု ဆို၏။ဟိုးယခင်က (Film ၊ Press ၊ Radio) ကိုသာ Mass Media လူထုဆက်သွယ်ရေးလုပ်ငန်းဟု ခေါ်ကြသော်လည်းယခုအခါတွင်မူ Television ၊ Internet  တို့ကိုပါ လူထုဆက်သွယ်ရေးလုပ်ငန်း ခေါင်းစဉ်အောက်တွင် ထည့်သွင်းရမည်ဖြစ်သည်။

မီဒီယာ/စာနယ်ဇင်း

Media ဆိုသည့်လူထုဆက်သွယ်ရေး ခေါင်းစဉ်ထဲမှ P.M (press media) နဲ့ E.M (Electronic Media) ဟူ၍ နှစ်မျိုးပြန်ခွဲမည်ဆိုလျှင် စာနယ်ဇင်း ဆိုသည်မှာ P.M အုပ်စုဝင်ဖြစ်လေသည်။ထို့ကြောင့် စာနယ်ဇင်းဆိုသည်မှာ သတင်းစာ ၊ဂျာနယ် ၊မဂ္ဂဇင်းစသော အချိန်အတိုင်းအတာတစ်ခုအတွင်း ထုတ်ဝေသော တစ်နည်းအားဖြင့် အချိန်မှန်သော စာစောင်များကို သိမ်းကျုံးခေါ်ဝေါ်ခြင်း ဖြစ်လေသည်။ထိုအထဲမှ သတင်းစာလုပ်ငန်းနှင့် ဂျာနယ် ၊ မဂ္ဂဇင်း လုပ်ငန်းတို့မှာ အနည်းငယ်ကွဲပြားသည်ဟု ဆိုနိုင်သော်လည်း ပြည်သူလူထု ကို Inform and reform အသိပညာပေးရန်နှင့် ပြုပြင်ရန်ဟူသော ရည်ရွယ်ချက်ချင်းတူကြသည်။

 ဒီမိုကရေစီနှင့် စာနယ်ဇင်းတို့၏ အခန်းကဏ္ဍ

ဒီမိုကရေစီနိုင်ငံတိုင်းတွင် ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်) ၊ တရားစီရင်ရေးမဏ္ဍိုင် (တရားရုံးများ)၊အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရအဖွဲ့) နဲ့ စာနယ်ဇင်းမဏ္ဍိုင် (ခေါ်)စတုတ္ထမဏ္ဍိုင် စသည့် မဏ္ဍိုင်လေးရပ် ဖြင့်မောင်းနှင်ကြလေသည်။ထိုသို့မောင်းနှင်ရာတွင် မဏ္ဍိုင်(သုံး)ရပ်ဖြစ်တဲ့ လွှတ်တော် ၊ တရားရုံး၊ အစိုးရအဖွဲ့တွေဟာ နိုင်ငံတော် ရဲ့ ဘဏ္ဍာနဲ့ ရပ်တည်တဲ့ မဏ္ဍိုင်တွေဖြစ်ပြီး စာနယ်ဇင်း မဏ္ဍိုင်ကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ မဏ္ဍိုင် ဖြစ်ပါတယ်။စတုတ္ထမဏ္ဍိုင်ဟာ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အခြားမဏ္ဍိုင် (သုံး) ရပ် တို့ မှန်ကန်စွာ ဆောင်ရွက်ခြင်း ရှိ/မရှိ စောင့်ကြည့်ပြီး မှန်ကန်မှု မရှိတဲ့အခါ အပြုသဘောဆောင်တဲ့ ဘက်က တည့်မတ်မှန်ကန်အောင် ဟောင်ပေးရတဲ့ အိမ်စောင့်ခွေး (Watch Dog )(သို့) ပြည်စောင့်ခွေး လို့လည်း တင်စားခေါ်ဝေါ်ကြပါ၏။ထိုမဏ္ဍိုင်လေးရပ်သည် မည်သို့ပင်ရပ်တည်စေကာမူ ၎င်းတို့၏ ဦးတည်ချက်မှာ နိုင်ငံတော်ကိုဟန်ချက်ညီစွာထိန်းကျောင်းရေးသာဖြစ်သည်။စားပွဲတစ်ခုတွင် ခြေထောက်လေးချောင်း
ညီမှသာစားပွဲမျက်နှာတည်ငြိမ်သကဲ့သို့ နိုင်ငံတစ်ခုတည်ငြိမ်ဖို့အတွက်လည်းထိုခြေလေးချောင်းညီညီမျှမျှ
လုပ်ဆောင်ကြမှသာဖြစ်မည်။သို့မဟုတ်ပဲ ခြေထောက်တစ်ချောင်းမှ လိုသည်ထက်ပိုရှည်နေခြင်း ဟာတိုင်းပြည်ကို အကျိုးမဲ့ ဖြစ်စေသည်။အချို့သော ဒီမိုကရေစီ နိုင်ငံများတွင်စာနယ်ဇင်း လွတ်လပ်ခွင့်ကို အကြောင်းပြုပြီး လွတ်လပ်မှုကို လွန်ကဲစွာ အသုံးချကြ၍ စာနယ်ဇင်းမဏ္ဍိုင်ခြေထောက်ပိုရှည်လာပြီး တိုင်းပြည်ဒုက္ခရောက်ရသည့်သာဓကများလည်းရှိသည်။ထို့ကြောင့် ခြေထောက်လေးချောင်းရှိသည့် အနက်မှ တစ်ခုသော ခြေထောက်တစ်ချောင်းဟာ ပို၍ရှည်နေမည်ဆိုလျှင်နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု ကို ထိပါးလာနိုင်သည်။ထို့အပြင် စာနယ်ဇင်းမဏ္ဍိုင်၏ အမှားသည် တိုင်းပြုပြည်ပြု အမှားမျိုးဖြစ်၍ အထူးသတိထားရန်လိုသည်။ စာနယ်ဇင်း၏ အမှားတစ်ခု သည် တစ်နိုင်ငံလုံးကိုထိခိုက်၍ တတ်နိုင်သမျှ အမှားကင်းရန်လိုသည်။

မမှားသော ရှေ့နေ ၊ မသေသော ဆေးသမားမရှိဟု ဆိုသော်လည်း

စာနယ်ဇင်း ၏ အမှားသည် တစ်နိုင်ငံလုံးကိုထိခိုက်၍ တတ်နိုင်သမျှ အမှားကင်းရန်လိုသည် ဆိုသည့်အချက်အပေါ် စောဒက တက်လိုမည်ထင်သည်။မြန်မာ့ဆိုရိုးတွင် မမှားသောရှေ့နေ ၊ မသေသောဆေးသမား မရှိဟု ဆိုးရိုးရှိသော်လည်းပဲ အမှားခံလိုသူတို့အတွက် ထွက်ပေါက်တစ်ခု မဖြစ်သင့်ပေ။အမှားဟုဆိုရာတွင်လည်း မှားစေနိုင်သော အမှားနှင့် မမှားသင့်သော အမှားဟူ၍ ခွဲခြားနိုင်မည်ဖြစ်သည်။စာနယ်ဇင်းတွင် မှားစေနိုင်မည်ဟု ထင်ရသည့် အချက်အလက်များကို ချန်လပ်၍ သေချာစွာပြန်လည်ဆန်းစစ်ရန်လိုပေသည်။

မြန်မာပြည်တွင်း စာနယ်ဇင်း

လက်ရှိမြန်မာနိုင်ငံသည်  သမ္မတ နှင့် ဒီမိုကရေစီ ခရီးကို စမ်းတ၀ါးဝါး လမ်းသွားတတ်စအရွယ်ဖြစ်သလိုမဏ္ဍိုင်လေးရပ်သည် ဟန်ချက်ညီစွာ ထိန်းညှိရင်း ကမ္ဘာ့နိုင်ငံများအသိုင်းအ၀ိုင်းအတွင်းသို့တဖြည်းဖြည်းတွန်းပို့ရမည်ဖြစ်သည်။စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းလောကသည်လည်း နှစ်ကာလ ကြာရှည်စွာ စစ်အစိုးရ အုပ်ချုပ်မှု အောက်တွင်ကျပျောက်ခဲ့ရသည့် စာပေလွတ်လပ်ခွင့်လည်းပြန်ရခဲ့ပြီဖြစ်သည်။ သို့သော် You are free ,but responsible (သင်လွတ်လပ်သည်၊သို့သော်  တာဝန်ရှိသည်) ဆိုသည့်အချက် ကို သတိချပ်ရန်လိုအပ်သည်။အချက်အလက် မခိုင်လုံသည့်သတင်းများကိုသေချာစိစစ်ရန် လိုသည်။သို့မဟုတ်လျှင် ပြည်သူလူထုကို မလိုလားအပ်ဘဲ ထိတ်လန့်တုန်လှုပ်စေခြင်း ၊ သွေးဆူအောင်လှုံ့ဆော်ခြင်း စသည့် မလိုလားအပ်သည့် ကိစ္စများဖြင့် နိုင်ငံတော်၏ ခြေလှမ်းများကို တုန့်နှေးသွားနိုင်သည့် အဟန့်အတားများ ဖြစ်စေနိုင်သည်။ထို့ပြင် ပြည်သူလူထု နှင့် အခြားမဏ္ဍိုင် သုံးရပ်အကြား တာဝန်ယူထားသည့်သံတမန် ပီသရန်လိုသည်။Mediator ဖြစ်ရန်လိုသည်။တန်ဆေး လွန်ဘေး ဆိုသည့် ဆိုရိုးလည်း ရှိ၏ ။ပြည်သူနဲ့ အမှန်တရားအတွက် ရင်းရဲသော မီဒီယာ ဖြစ်ရန်လိုပြီး ဗလောင်းဗလဲ မီဒီယာဖြစ်ရန် မသင့်ပေ။လွတ်လပ်မှုနှင့် အတူ တာဝန်ခံမှု ရှိရန်လိုသည် ။သို့မှသာ ပြည်သူ့အသံ ၊ ပြည်သူ့ မီဒီယာ စစ်စစ် ဧကန်ဖြစ်မည် ဖြစ်သည်။သို့မဟုတ်ပဲ စာပေလွတ်လပ်ခွင့်အပေါ် အလွန်အကျူးယစ်မှုး သုံးစွဲနေမည်ဆိုလျှင် ပြည်သူလူထုနှင့် အစိုးရ အကြား သတင်းအမှန်များ ပျောက်ဆုံးပြီး ပြည်သူလူထုအပေါ် တာဝန်ကျေရာ ရောက်မည်မဟုတ်ပေ။

ကိုရင်သြ(ကျောက်ပန်တောင်း)

0 comments to “မြန်မာပြည်တွင်း စာနယ်ဇင်း ”

Post a Comment