Thursday, November 7, 2013

ရှေးဟောင်းဇုန် နယ်မြေအတွင်းရှိ မြေဈေးများ ငါးလအတွင်း သုံးဆခန့် မြင့်တက်

,


ပြည်၊ နိုဝင်ဘာ ၆

အေဒီ ၄ ရာစုမှ အေဒီ ၉ ရာစုထိ ပေါ်ထွန်းခဲ့သော ပျူတို့၏ အထောက်အထားများ တွေ့ရှိခဲ့သော သရေခေတ္တရာ ပျုမြို့ဟောင်း တည်ရှိရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ အနီး မှော်ဇာအုပ်စု ရှေးဟောင်း ဇုန်နယ်မြေအတွင်းရှိ မြေဈေးများမှာ ငါးလအတွင်း သုံးဆခန့် မြင့်တက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇုန်နယ်မြေအတွင်းသို့ လှည့်ပတ် ကြည့်ရှုသည့် ဇုန်ပတ်လမ်း၏ မျက်နှာစာ မြေကွက်များကို လူကြိုက်များနေပြီး တစ်ဧကလျှင် ယခင်က ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းအထိ ရှိခဲ့ရာမှ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ထိန်းသိမ်းမှုများ၊ ပြုပြင်မှုများ စတင်လုပ်ဆောင်ချိန်မှစ၍ တဖြည်းဖြည်း ဈေးမြင့်လာကာ ယခုတစ်ဧကလျှင် ကျပ်သိန်း ၂၀ ထိ ပေါက်ဈေး ရှိနေကြောင်း ရှေးဟောင်းဇုန် တည်ရှိရာ မှော်ဇာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ဒေသခံတွေအပြင် ရန်ကုန်နဲ့ မော်လမြိုင်ဘက်ကလည်း ဝယ်နေတယ်။ ဘာလုပ်ငန်းလုပ်မယ် ဆိုတာတော့ မသိဘူး။ ဇုန်ပတ်လမ်း မျက်နှာစာကမြေတွေ လူကြိုက်များနေတယ်။ ရွာထဲကမြေကတော့ ၁၀ သိန်း၊ ၁၅ သိန်းလောက် ရှိတယ်” ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ပြုပြင်ထိန်းသိမ်းမှုများ၊ လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်လျက် ရှိသော ရှေးဟောင်းနယ်မြေ အတွင်းသို့ ပြည်တွင်း၊ ပြည်ပခရီးသည်များ ပိုမိုဝင်ရောက်လာနေပြီး အောက်တိုဘာလ နောက်ဆုံးပတ်က ပြင်သစ်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများနှင့် နေရာဒေသများဆိုင်ရာ ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ (ICOMOS) က လာရောက် စစ်ဆေးခြင်းများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု ဒေသများဖြစ်သော ပုဂံ၊ သရေခေတ္တရာနှင့် မြောက်ဦး နယ်မြေများတွင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ခြံစည်းရုံး ခတ်ခြင်းများကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ပါက အရေးယူမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနက နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

0 comments to “ရှေးဟောင်းဇုန် နယ်မြေအတွင်းရှိ မြေဈေးများ ငါးလအတွင်း သုံးဆခန့် မြင့်တက်”

Post a Comment