Tuesday, November 5, 2013

ဒီမိုကရေစီ ပီသရန် လွှ့တ်တော် ကိုယ်စားလှယ်များ ခံစားခွင့် တစ်ဆ တိုးတောင်း

,

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ လစဉ်ချီးမြှင့်ငွေအား ကျပ်ခြောက်သိန်း သတ်မှတ်ရန် အဆိုအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူ မရှိသည့်အတွက် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖော်ပြထားသည့် ရွေးကောက် တင်မြှောက်ထားခြင်း ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်နှစ်ရပ်ရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များသည် လစဉ်ချီးမြှင့်ငွေ ကျပ်သုံးသိန်းအစား ခေတ်ကာလနှင့် လျော်ညီစေရန် ကျပ်ခြောက်သိန်း ပြင်ဆင်သတ်မှတ်ရန် အတွက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အကြံပြုထားသည်။

ယင်းအပြင် တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက် တင်မြှောက်ခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ်များနှင့် ယင်းလွှတ်တော်သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းထားသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များသည် လစဉ်ခံစားနေသည့် ကျပ်နှစ်သိန်းအစား ခေတ်ကာလနှင့် လျော်ညီစေရန် ကျပ်လေးသိန်း ပြင်ဆင်သတ်မှတ် သင့်ကြောင်း ကော်မတီကိုယ်စား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောကြားသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် တာဝန်အရ ခရီးသွားလာ ရခြင်းအတွက် နိုင်ငံတော်က အခမဲ့ တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်း မရှိပါက တစ်ရက်လျှင် တည်းခိုနေထိုင်စရိတ် ကျပ် ၁၀၀၀၀ နှင့် အခြား အသုံးစရိတ် ကျပ် ၁၀၀၀၀၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း(သို့) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် များသည် တာဝန်အရ ခရီးသွားလာပါက နိုင်ငံတော်က အခမဲ့ တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်း မရှိပါက တစ်ရက်လျှင် တည်းခိုနေထိုင်စရိတ် ကျပ် ၁၀၀၀၀ နှင့် အခြားအသုံးစရိတ် ကျပ် ၅၀၀၀ ခံစားခွင့် ရှိသည်ဟု ပြင်ဆင်ဖြည့်စွက် သင့်ကြောင်း ဦးဝင်းသိန်းက ကော်မတီကိုယ်စား ပြောကြားသည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပြည်သူ့ကိုယ်စားလှယ်များသည် လစဉ်ချီးမြှင့်ငွေ ကျပ်သုံးသိန်း၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် ကျပ်နှစ်သိန်း ခံစားလျက် ရှိကြောင်း၊ တာဝန်အရ ခရီးသွားလာပါက နိုင်ငံတော်က အခမဲ့ တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်း မရှိပါက တည်းခိုနေထိုင်စရိတ် တစ်ရက် ကျပ် ၂၀၀၀၊ အခြားအသုံးစရိတ် ကျပ် ၃၀၀၀ ခံစားခွင့် ရှိကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ''၂၀၀၈ ဖွဲ့စည်းပုံအရ မဏ္ဍိုင်သုံးရပ် ပေါ်ပေါက်ခဲ့တယ်။ အဲဒီမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုပြီးတော့ အစဉ်လိုက်ရှိတယ်။ ဥပဒေပြုရေးက နိုင်ငံအတွက် အရေးကြီးသော်လည်း နောက်ကို ရောက်နေသလို ဖြစ်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ နိုင်ငံတကာမှာလည်း ရှေ့တန်းကပါ။ အခြားနိုင်ငံတွေမှာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ မလွယ်ဘူး။ ၀န်ကြီးဖြစ်ဖို့ လွယ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို တန်ဖိုးထားတယ်။ ပြည်သူတွေ မကြိုက်ရင်လည်း အဲဒီလွှတ်တော် ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်တယ်။ အခုကျပ် ခြောက်သိန်း ဆိုတာကလည်း နိုင်ငံတကာစံ မရောက်သေးပါဘူး။ ကျွန်တော်တို့က ခံစားခွင့်တွေ အများကြီး တောင်းနေတာ မဟုတ်ပါဘူး။ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေဆိုရင် ခံစားခွင့် အများကြီးပါ။ ဒီမှာက လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြစ်သလိုထား ထားသလို ဖြစ်နေတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ်က လွှတ်တော် ကိုယ်စားလှယ်တွေပါ။ ကျွန်တော်တို့က ကားတွေ၊ အခြားခံစားခွင့်တွေ တောင်းဆိုထားတာ မဟုတ်ပါဘူး'' ဟု ပြောကြားသည်။

0 comments to “ဒီမိုကရေစီ ပီသရန် လွှ့တ်တော် ကိုယ်စားလှယ်များ ခံစားခွင့် တစ်ဆ တိုးတောင်း”

Post a Comment