Wednesday, November 13, 2013

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုကြရန် အမေရိကန်သံအမတ် အကြံပြု

,

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ညှိနှိုင်း ဆောင်ရွက်သင့်ပြီး ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုလုပ်ဆောင်ရန် ရခိုင်ပြည်နယ်အစိုးရသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က တိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁ ရက်က သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရနှင့် စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် တွေ့ဆုံစဉ် အမေရိကန်သံအမတ်က တိုက်တွန်းသွားခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က နိုဝင်ဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ရှေ့ဆက်ပြီး ပဋိပက္ခတွေထက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီးညှိနှိုင်းဖို့ပဲ အလေး ထား ပြောကြားသွားပါတယ်။ ဒေသခံတွေကလည်း သူတို့လိုအပ်ချက်ရှိတဲ့ အချက်တွေကို အမေရိကန်သံအမတ် နားလည်အောင် အပြန်အလှန် ဆွေးနွေးကြပါတယ်”ဟု ပြောသည်။
ထို့အပြင် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက် လူ့အဖွဲ့အစည်း ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ရန်လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေ မြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။
“ပဋိပက္ခနဲ့ပတ်သက်ရင် ဘင်္ဂါလီတွေက ပိုပြီး နစ်နာတယ်လို့ နိုင်ငံတကာက ရှုမြင်နေတယ်။ ဘင်္ဂါလီတွေ နဲ့ ရခိုင်တွေ ယှဉ်တွဲနေထိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းက ခေါင်းဆောင်တွေ ထိပ်တိုက် ဆွေးနွေး သင့်တယ်လို့ သူက ပြောသွားပါတယ်”ဟု ပြောသည်။
တွေ့ဆုံပွဲသို့ အမေရိကန်သံအမတ်ဒဲရစ်မစ်ချယ်၊ ဆွစ်ဇာလန်သံအမတ်၊ ဗြိတိန်သံရုံးအရာရှိ၊ နယ်စပ်ရေး ရာဝန်ကြီးဌာန၀န်ကြီး ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့နှင့် စစ်တွေ မြို့ မိမြို့ဖများ၊ စစ်တွေ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူမျိုးစု နှစ်စုကြား ပဋိပက္ခများသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုမှ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့ သည့် ၂၀၁၂ ခုနှစ်နှင့် ယခုနှစ်အတွင်းလည်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ ပဋိပက္ခများကြောင့် ရခိုင်ပြည် နယ်တွင် ဒုက္ခသည် တစ်သိန်းကျော်ရှိလာပြီး ဘင်္ဂါလီဒုက္ခသည် ၈၀,၀၀၀ ကျော်နှင့် ရခိုင်ဒုက္ခသည် ၃၀, ၀၀၀ ကျော် ရှိနေသည်။
အလားတူပင် ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခများကြောင့်လည်း အိုးအိမ်မဲ့ဒုက္ခသည် ၅၀၀ ကျော် ထပ်မံရှိလာသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်သည့် စာရင်းများတွင် ဖေါ်ပြထားသည်။

0 comments to “ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုကြရန် အမေရိကန်သံအမတ် အကြံပြု ”

Post a Comment