Friday, November 1, 2013

မန္တလေးဆေးရုံကြီး ကင်ဆာရောဂါ ဌာနတွင် လူနာများပြားမှုကြောင့် နေရာအခက်အခဲရှိနေ

,


မန္တလေး ဆေးရုံကြီးတွင် ယခုနှစ် ဆယ်လအတွင်း ကင်ဆာရောဂါ ကုသနေသူ ၃၄၃၄ ဦးထိရှိနေပြီး လူနာအရေအတွက် များပြားမှုကြောင့် ဆေးရုံတွင် နေရာအခက်အခဲ ရှိနေကြောင်း သိရသည်။

''ကင်ဆာရောဂါ လူနာတွေအတွက် နေရာအခက်အခဲ ရှိနေတယ်။ကုသမှု အတွက်က စက်ပိုင်းဆိုင်ရာမှာလည်း လုံလောက်မှု မရှိသေးဘူး'' ဟု တာဝန်ရှိသူ ဆရာဝန် တစ်ဦးက ပြောကြားသည်။

ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပြောင်းလဲလာသည့် လူနေမှုစနစ်နှင့် အခြေခံ ကျန်းမာရေး အသိပညာ အားနည်းခြင်းတို့ကြောင့် နှစ်စဉ်ပိုမို များပြားလာနေပြီး မန္တလေး ဆေးရုံကြီး၌ တက်ရောက် ကုသခဲ့သည့် လူနာအရေအတွက်မှာ၂၀၁၁ ခုနှစ်တွင် ၃၀၄၄ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၃၄၆၄ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဖြစ်ပွားမှု အများဆုံးသော ကင်ဆာရောဂါမှာ ခံတွင်းနှင့် လည်မျိုကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါများဖြစ်ပြီး လူနာများအတွက် ထိရောက်သည့် ထောက်ပံ့မှုမျိုး လိုအပ်နေကြောင်းလည်း သိရသည်။

''လူနာအများစုက ဆင်းရဲကြတယ်။ ကျန်းမာရေး ဘတ်ဂျက်တွေ တိုးတယ်ဆိုပေမယ့် ကင်ဆာအတွက် ထိရောက်တဲ့ ထောက်ပံ့မှုမျိုးတော့ မရဘူး။ ဆေးရုံအနေနဲ့ ရတဲ့အလှူငွေတွေကိုပဲ နွမ်းပါးတဲ့ လူနာတွေအတွက် ထောက်ပံ့ပေးတာမျိုး ရှိတယ်'' ဟု ဆရာဝန် တစ်ဦးက ပြောကြားသည်။ မန္တလေး ဆေးရုံကြီးတွင် ကင်ဆာရောဂါအတွက် ဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည် ကုထုံးများဖြင့် ကုသပေးလျက်ရှိပြီး ရောဂါဝေဒနာသည် အများစုမှာ ငွေကြေးချို့တဲ့မှုကြောင့် ကုသရန် အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။

မန္တလေး ဆေးရုံကြီးရှိ ကင်ဆာဝေဒနာ သည်များ၏ ကုသမှု ကုန်ကျစရိတ်အား သြစတြေးလျနိုင်ငံ George Instituteu (poverty & cancer projcet) မှ research ပြုလုပ်နေကြောင်း၊ ပြင်ပစေတနာရှင်များ၏ အထောက်အပံ့လည်း လိုအပ်နေကြောင်း သိရသည်။

(မန္တလေးဆေးရုံကြီး ကင်ဆာဌာနတွင် ကုသမှုခံယူ နေကြသော လူနာများအား တွေ့ရစဉ်)

0 comments to “မန္တလေးဆေးရုံကြီး ကင်ဆာရောဂါ ဌာနတွင် လူနာများပြားမှုကြောင့် နေရာအခက်အခဲရှိနေ”

Post a Comment