Wednesday, November 13, 2013

ပြည်တွင်းနည်းပညာတက္ကသိုလ်များတွ င် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင် ဆောင်ရွက်မည်

,

===================================
ချိုကို|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များတွင် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင် ဆောင်ရွက်ပေးမည့် ပညာရေးစနစ်ကို အကောင်အထည် ဖော်ရန် စီစဉ်နေကြောင်း သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနစက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဝင်းက မဇ္ဈိမကို ပြောကြားသည်။

ယင်းစနစ်ကို သင်ကြားရာတွင် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေသော ကျောင်း သား၊ ကျောင်းသူများအနေဖြင့် တက်ရောက်စဉ် ပညာသင်နှစ်အတွင်းမှာပင် နို်င်ငံခြားရှိ နည်းပညာ တက္ကသိုလ်များ၏ သင်ရိုးများကိုပါ ဖြေကြားကာ Joint Degree ဘွဲ့များရရှိနိုင်ရန် စီစဉ်နေခြင်းဖြစ်သည် ဟု ၎င်းက ပြောကြားခြင်းဖြစ်သည်။

ဦးဇော်ဝင်းက “အာဆီယံနိုင်ငံက နည်းပညာတက္ကသိုလ်တွေနဲ့ ပြည်တွင်းနည်းပညာတက္ကသိုလ်က တာ ၀န်ရှိသူတွေ အောက်တိုဘာလကုန်လောက်က ပညာရေးဆွေးနွေးပွဲတစ်ခုလုပ်ခဲ့တယ်။ ဆွေးနွေးတဲ့ အထဲမှာ အာဆီယံတက္ကသိုလ်တွေကဘွဲ့ကို ပြည်တွင်းတက္ကသိုလ်က ကျောင်းသားတွေပါ ဖြေဆိုပြီး ရယူနိုင်မယ့် Joint Degree ဘွဲ့စနစ်ကို အကောင်အထည်ဖော်လုပ်သွားဖို့တော့ ရည်မှန်းထားတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဖက်စပ်ဘွဲ့စနစ်ဖြစ်သည် joint Degree ကို အကောင်အထည်ဖော်ရန်မှာလည်း အချိန်ကာလအားဖြင့် အနည်းငယ်ကြာမြင့်နိုင်သေးကြောင်းလည်း ၎င်းကဆိုသည်။

ဆက်လက်၍ ဦးဇော်ဝင်းက “joint Degree စနစ် အကောင်အထည်ဖော်ဖို့ဆိုတာ နိုင်ငံခြားတက္ကသိုလ် က ပညာရေးစနစ်နဲ့ ပြည်တွင်းနည်းပညာတက္ကသိုလ်က ပညာရေးစနစ်က တန်းတူဖြစ်ဖို့လိုတယ်။ ဒါကြောင့် မြန်မာနိုင်ငံနည်းပညာတက္ကသိုလ်က ပညာရေးစနစ်ကို အရင်ဆုံးအဆင့်မြှင့်တင်ပြီး သူတို့ ပညာရေးစနစ်နဲ့ တန်းတူဖြစ်မှ ဒီပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်မှာပါ။ ဒါကြောင့် အချိန်ကာ လက အနည်းငယ်ကြာမြင့်နိုင်ဦးမယ်”ဟု ဆိုသည်။

ထိုသို့ joint Degree ပညာရေးစနစ်မှာ ကောင်းမွန်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါစနစ် အကောင်အထည်ဖော်ရန်မှာ လက်တလောတွင် ခက်ခဲသည့်အခြေအနေဖြစ်ပြီး ဖြစ်နိုင်ခြေမရှိသေး ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ပညာရေးအဆင့်မြှင့်တင်ကာ လုပ်ဆောင်သွားပါက ဖြစ်နိုင်သည်ဟု လည်း ရန်ကုန်အဆင့်မြင့်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာတစ်ဦးဖြစ်သူ ဒေါက် တာဉဏ်မြင့်ကျော်က သုံးသပ်ပြောကြားသည်။

၎င်းက “joint Degree ပညာရေးကတော့ ဒီကတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ကျောင်းသားက နိုင်ငံခြားတက္ကသိုလ် မှ ဆရာကသင်ကြားတဲ့သင်ခန်းစာကို အွန်လိုင်းကနေလေ့လာပြီး စာမေးပွဲ ၀င် ဖြေနိုင်တယ်။ တကယ်လို့ အောင်တယ်ဆိုရင် အဲဒီတက္ကသိုလ်ကပေးတဲ့Joint Degree ဘွဲ့ကိုလည်း ရတယ်။ ဒီကကျောင်းမှာ စာမေးပွဲအောင်ရင်လည်း ဒီကအင်ဂျင်နီယာဘွဲ့တစ်ခုလည်းရတယ်။ ဘွဲ့နှစ် ခုကို တစ်ပြိုင်တည်းရနိုင်တာပေါ့”ဟု ပြောသည်။
Mizzima news

0 comments to “ပြည်တွင်းနည်းပညာတက္ကသိုလ်များတွ င် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင် ဆောင်ရွက်မည်”

Post a Comment