Wednesday, November 13, 2013

မန္တလေး စန္ဒာမင်းကုန်တင်မော်တော်မီးလောင် လူရှစ်ဦးဒဏ်ရာရ

,

ဧရာဝတီမြစ်ကမ်းနားဘေး မန္တလေးမြို့ရှိ မရမ်းခြံဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော မန္တလေး-ထီးချိုင့် ပြေးဆွဲနေသည့် စန္ဒာမင်းကုန်တင်မော်တော်တစ်စင်း၏ စက်ခန်းအတွင်း အင်ဂျင်စက်နှိုးရာမှ မီးထပွင့်ပြီး ယနေ့မွန်းလွဲ ၁၂နာရီ ၁၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူရှစ်ဦးဒဏ်ရာရရှိသွားသည်။
အဆိုပါမီးလောင်မှုကြောင့် မော်တော်ပိုင်ရှင် ဒေါ်တင်ဆွေမြင့်အပါအဝင် လူရှစ်ဦး မီးလောင်ခံရပြီး ကာလတန်ဖိုး ၁၁၂ သိန်းဆုံးရှုံးခဲ့ကာ မီးလောင်ခံရသူ ရှစ်ဦးမှာ မန္တလေး ပြည်သူ့ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
''မီးလောင်မှုမှာ မီးသတ်အင်အားများပေမယ့် မီးငြှိမ်းတဲ့နေရာမှာ အကျိုးသက်ရောက်မှု သိပ်မရှိဘူး။ မီးသတ်သမားတွေ အရမ်းပင်ပန်းတယ်။ တကယ်လို့သာ မီးသတ်ရေယာဉ်ရှိမယ် ဆိုရင် အကျိုးသက်ရောက်မှုပိုရှိနိုင်မယ်။ မီးသတ်ကားတွေ အများကြီးသုံးရတယ်။ ဧရာဝတီ မြစ်ထဲမှာမီးလောင်နေတာကို အချိန်တစ်နာရီကျော်လောက်ကြာအောင် ငြှိမ်းနေရတယ်''ဟု မရမ်းခြံဆိပ်ကမ်းနေ ပြည်သူတစ်ဦးကပြောသည်။
မီးလောင်မှုကြောင့် စက်မောင်းဦးကျော်မောင်အား ပုဒ်မ၅၉၄/၃၃၇/၃၃၈/၃ဝ၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

0 comments to “မန္တလေး စန္ဒာမင်းကုန်တင်မော်တော်မီးလောင် လူရှစ်ဦးဒဏ်ရာရ”

Post a Comment