Sunday, November 3, 2013

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတစ်ယောက်ရဲ့အမြင်

,
 
မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဒေါ်စုရဲ့ ဝေဖန်ထောက်ပြမှုတွေဟာ အင်မတန်မှ မှန်ကန်သလို၊ ပညာသား ပါလှပါတယ်။ ဒါပေမယ့် အဲဒီဝေဖန်မှုတွေကို ပြည်တွင်းမှာ မပြောဆိုဘဲ ဘာဖြစ်လို့ ပြည်ပခရီးစဉ် သွားတဲ့အခါတိုင်းကျမှ ပြောရသလဲဆိုတာ စဉ်းစားရခက်ပါတယ်။ ဒေါ်စု ပြည်ပကို ခရီးစဉ် တစ်ခုခုသွားတိုင်း ဆုတစ်ခုမဟုတ်တစ်ခု လက်ခံရယူတာကို သတိထားမိကြပါလိမ့်မယ်။ ဒါဟာ ပြည်ပ အထောက်အပံ့ကို တစ်ဖက်လှည့်နဲ့ ယူနေတာဆိုတာ မျက်စိမှိတ်ပြီး မငြင်းဘူးဆိုရင် အားလုံးသိနေတဲ့ အချက်တစ်ခုပါ။ ဆုတွေကလွဲရင် ဒေါ်စုမှာ အခြားဝင်ငွေ ရပေါက်ရလမ်း မယ်မယ်ရရ မရှိပါ။ ဟိုမျက်မှန်စိမ်းတပ် အမျိုးသမီးပြောသလို ဒေါ်စုဟာ တစ်နှစ်ကို စာအုပ်တစ်အုပ် ရေးတာနဲ့တင် ထိုင်စားလို့ ရတယ်ဆိုတာမျိုးတော့ ဒီခေတ်ကြီးမှာ လာမရွှီးနဲ့ပေါ့ဗျာ။ မြန်မာပြည်သူ သန်း ၆၀ မှာ ဒေါ်စုရဲ့ Freedom from Fear စာအုပ်ကို ဖတ်ဖူးတဲ့သူ ဘယ်နှဦးရှိသလဲ စစ်တမ်းကောက်ကြည့်ပါဦး။ အင်္ဂလိပ်လိုရေးပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ ထုတ်ဝေမယ်ဆိုရင်လည်း ကျွန်တော် လက်လှမ်းမမီတော့ မပြောတော့ပါဘူး။ ချင့်ပြီးတော့ စဉ်းစားကြပေါ့ဗျာ။ လမ်းလွဲသွားတဲ့အတွက် တောင်းပန်ပါတယ်။ ပြောချင်တာက နိုင်ငံခြားခရီးစဉ်သွားပြီး ဆုတစ်ခုခု ယူခါနီးတိုင်း ဒေါ်စုဟာ မြန်မာ့ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး အတင်းတုပ်လေ့ ရှိပါတယ်။ မြန်မာ့ဓလေ့အရ ရှေ့မှာမပြောဘဲ ကွယ်ရာမှာပြောရင် အတင်းတုပ်တာပါပဲ။ ပြည်တွင်းမှာတော့ မသိချင်ယောင် ဆောင်နေပြီး ပြည်ပရောက်ပြီဆိုတာနဲ့ ၀မ်းသာအားရ ဝေဖန်တာ၊ ပြစ်တင်တာဟာ စဉ်းစားစရာ ကိစ္စတစ်ခု ဖြစ်လာပါပြီ။ ဒေါ်စုဟာ ပြည်တွင်းထက် ပြည်ပကို အားကိုးမှု ပိုတယ်ဆိုတဲ့ ကောက်ချက်ကို ချရပါလိမ့်မယ်။ ပြောရရင် ဒေသတွင်းနိုင်ငံတွေထက် အနောက်နိုင်ငံတွေကို အားကိုးမှု ပိုပြီးတော့ များပါတယ်။

ဒေါ်စုဟာ သူ့ကိုယ်သူ တစ်သက်လုံး အတိုက်အခံလို့ပဲ ခံယူတော့မှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ အချို့က အင်တာနက်မှာ ပြောကြရေးကြပါတယ်။ မြန်မာလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ကော်မတီ ဥက္ကဋ္ဌတစ်ဦး ပြည်ပကိုသွားတာ ဘယ်သံရုံးကမျှ လာမကြိုကြဘူးတဲ့။ ခက်ချေပြီကော... လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်ပသွားရင် သံရုံးတွေက ကြိုဆိုနှုတ်ဆက်ရမယ်လို့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိလို့လားဗျ။ နောက်တစ်ခုက ဒေါ်စုဟာ သူ့ကိုယ်သူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရယ်လို့ သတ်မှတ်ထားရဲ့လား ဆိုတဲ့မေးခွန်းပါ။ လွှတ်တော်နဲ့ပတ်သက်ပြီး သူဘာတွေ ဆောင်ကြဉ်းခဲ့ပါသလဲ၊ သူသွားမယ့် ခရီးစဉ်မှာ လွှတ်တော်နဲ့ ပတ်သက်ပြီး ဘယ်အကြောင်းအရာတွေ ဆွေးနွေးခဲ့ပါမယ်၊ စကားပါးခဲ့ပါမယ်လို့ မသွားခင် ပြည်ထောင်စုလွှတ်တော် နာယကနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို တိုင်ပင်ခဲ့မယ်လို့ ခင်ဗျားတို့ ထင်လို့လား။ သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ကော်မတီအတွက် ဘယ်လိုဆောင်ရွက်ခဲ့မယ်၊ ဘယ်လိုအကြံဉာဏ်တွေ တောင်းခဲ့မယ်လို့ ကော်မတီဝင်တွေကို ပြောခဲ့မယ်လို့ ထင်သလား။ ကျွန်တော့်အမြင်ကတော့ သူဟာ လေဆိပ်ကနေ ထွက်သွားကတည်းက သူ့ကိုယ်သူ မြန်မာ့အတိုက်အခံ ခေါင်းဆောင်၊ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူလို့ စိတ်နှလုံးသွင်းပြီး မြန်မာအစိုးရမှာ ဘယ်လိုအားနည်းချက်တွေရှိတယ်၊ သူသာ လမ်းမပြရင် မြန်မာ့ဒီမိုကရေစီဟာ မှောင်အတိုက်ဖုံးနေမှာ စသဖြင့် ပြောဖို့ကိုသာ စီစဉ်ထားတယ်လို့ မြင်မိပါတယ်။ ဘယ်နိုင်ငံတကာ ခရီးစဉ်မှာမျှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လွှတ်တော်ဟာ ဘာတွေဆောင်ရွက်နေတယ်၊ သူတို့ကော်မတီဟာ ဘာတွေကို တာဝန်ယူ ဆောင်ရွက်နေတယ် စသဖြင့် ပြောဆိုသံ မကြားရမိပါဘူး။

ဒေါ်စု ပြည်ပထွက်တိုင်း မအော်မဖြစ် အော်နေတာက တစ်ခုပဲရှိတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာပဲ။ ဖွဲ့စည်းပုံကို မပြင်လျှင်ဘဲ မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်း သူ့ကျွန်ဘ၀ ရောက်သွားမယ့် ပုံစံမျိုးနဲ့ ပြောဆိုနေတာဟာ အတော်ရယ်စရာ ကောင်းပါတယ်။ မြန်မာပြည်ထဲက ဘယ်သူ့ကိုပဲ မေးမေး (ပြည်ခိုင်ဖြိုး လိုလားသူပဲဖြစ်ဖြစ်၊ NLD လိုလားသူပဲဖြစ်ဖြစ်၊ ကြားနေပဲဖြစ်ဖြစ် ဆိုလိုပါတယ်) ဖွဲ့စည်းပုံကို ဘာလို့ပြင်ဖို့ လိုတာလဲလို့ မေးကြည့်လိုက်။ ဘာအဖြေ ထွက်လာမယ်ထင်သလဲ။ ခင်ဗျားတို့ထင်တာ ကွက်တိပါပဲ။ ၁၀၀ % မှန်ပါတယ်ဗျာ။ အားလုံးက ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ရမယ်၊ ပြင်ချင်တာလို့ ဖြေကြလိမ့်မယ်။ ခရိုင်အဆင့် ဆန္ဒကောက်ခံပွဲဆိုပြီး လူ ၄၀၀-၅၀၀ လောက် တက်တဲ့အခမ်းအနားမှာ လက်ထောင်ခိုင်းပြီး ပြင်ချင်တာမျိုးကိုတော့ ကလေးကလား လာမပြောနဲ့ဗျာ။ Mr.Bean ရဲ့ သရုပ်ဆောင်ချက်တွေတောင် အဲဒီလောက် မရယ်ရဘူး။ အတိုက်အခံတွေ ပြောနေသလို လက်ညှိုးထောင် ခေါင်းညိတ်ခိုင်းတာချင်း အတူတူ အရင် တပ်မတော်အစိုးရ လက်ထက်က ဆန္ဒခံယူပွဲတွေကမှ သူ့အဆင့်နဲ့သူ ပေမီဒေါက်မီ ရှိသေးတယ်။ အခုတော့ သူတို့စကားနဲ့သူတို့ အသံတောင် မထွက်ဘူး။ NLD လုပ်ရင် ဘာမဆိုဖြစ်မယ်လို့ ထင်နေတာကိုက သူတို့တွေရဲ့ အမှားပဲ။ အဲ... လိုရင်းကို ပြန်ဆက်ရရင် ဒေါ်စု နိုင်ငံတကာ ခရီးစဉ်သွားတိုင်း ရောက်တဲ့နိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အကြောင်း ပြောပြမယ်၊ ကူညီဖို့၊ ဖိအားပေးဖို့ ပန်ကြားမယ်။ ဒါပါပဲ။ အကွက်တွေက တအားရိုးလာတယ်။ ဖွဲ့စည်းပုံမှာ သူ့ကို သမ္မတမဖြစ်အောင် အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မတစ်ခုတည်းကို ပြောလို့ရှိရင် သူအာဏာလိုချင်တာ ပေါ်ပေါ်ထင်ထင် ဖြစ်မှာစိုးတဲ့အတွက် လမ်းလွှဲလို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုက တပ်မတော်သား ၂၅ % ဆိုတာကို ထည့်ပြောဖို့ပဲ။ စစ်တပ်က လွှတ်တော်ထဲမှာ ၂၅ % ၀င်ထိုင်နေတာဟာ ဘယ်လို အနှောင့်အယှက်ဖြစ်ကြောင်း၊ ဘယ်စံတွေနဲ့ မကိုက်ညီကြောင်း ပြောပြလိမ့်မယ်။ ရှင်းရှင်းပြောလိုက်စမ်းပါ ဒေါ်စုရာ။ ၂၀၁၅ မှာ ကျွန်မ သမ္မတဖြစ်ခွင့် မရှိရင် ဘယ်အခြေခံဥပဒေပဲဖြစ်ဖြစ် ကျွန်မ လက်မခံဘူးလို့။ ကျွန်တော်ကတော့ ဒီနေရာမှာ သူ့လို မဟုတ်ဘူးဗျ။ ပြတ်ပြတ်သားသားပဲ ပြောရဲတယ်။ ဒေါ်စုတော်တာကို လက်ခံတယ်၊ အသိအမှတ်ပြုတယ်။ ဒါပေမယ့် နိုင်ငံခြားသားကို ယူခဲ့တဲ့ အကြောင်းပြချက်ရယ်၊ သားသမီးတွေ၊ မြေးတွေဟာ နိုင်ငံခြားသား ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ဒေါ်စုမျှ မဟုတ်ဘူး၊ သိကြားမင်းက လူဖန်ဆင်းပြီး သမ္မတ လာလုပ်မယ်ဆိုရင်လည်း လက်မခံနိုင်ဘူး။ ဘယ်နိုင်ငံခြားသားကိုမျှ မြန်မာ့သမ္မတ အိမ်တော်မှာ တော်ဝင်မိသားစုအဖြစ် နေထိုင်မှာကို ခွင့်မပြုနိုင်ဘူး။ ဘယ်နိုင်ငံခြားသားကိုမျှ သမ္မတရဲ့ မိသားစုဆိုပြီး အထူးအရေးကြီး ပုဂ္ဂိုလ်တွေအဖြစ် ကြိုဆိုတာ၊ နေရာပေးတာ မလုပ်နိုင်ဘူး။ မြန်မာသမ္မတရဲ့ သားသမီးမြေးမြစ်တွေဆိုပြီး မြန်မာလို မနှုတ်ဆက်ရဘဲ အင်္ဂလိပ်လိုပဲ ပြောဆိုနှုတ်ဆက်ရမှာကို မလုပ်နိုင်ဘူး။ အဲဒါ ဒေါ်စုမျှ မဟုတ်ဘူး။ နောင်လာလတ္တံ့သော သမ္မတဖြစ်ချင်သူ ဘယ်သူဖြစ်ဖြစ် အဲဒီအချက်တွေနဲ့ ငြိနေရင် ဆောရီးပဲ။ အင်္ဂလိပ်ကို ယူထားလို့ မြန်မာတွေက ခွင့်လွှတ်တတ်နေတာလားဆိုတာ စဉ်းစားလို့ မရဘူး။ တကယ်လို့ ဒေါ်စုယောက်ျားဟာ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတစ်ဦး ဖြစ်နေမယ်ဆိုရင်၊ ဒါမှမဟုတ် တရုတ်ပြည်က ပေါက်ဖော်တစ်ဦး ဖြစ်နေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်လိုစဉ်းစားမလဲ။ အသားဖြူမို့လို့၊ အနောက်နိုင်ငံသားမို့လို့ ခွင့်လွှတ်တယ်ဆိုရင်တော့ အလကား ဒီမိုကရေစီနဲ့ပဲ တန်တယ်လို့ ပြောချင်တယ်။

ဒေါ်စုသွားတဲ့ နိုင်ငံတိုင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံတယ်ဆိုတော့ရော ဘာလုပ်လို့ ရသလဲဗျ။ ခင်ဗျားတို့ ဖြေကြည့်ကြပါဦး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၂) မှာ ပြင်ဆင်ရမယ့် နည်းလမ်းတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။ အဲဒီ အချက်တွေထဲမှာ ပြည်ပနိုင်ငံ ဘယ်နှခုက ထောက်ခံရမည်တို့၊ ထောက်ခံသည့် ပြည်ပနိုင်ငံ အနည်းအများအပေါ် မူတည်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်တို့ ဆိုတဲ့ပြဋ္ဌာန်းချက်တွေ မပါဘူးဗျ။ အဲဒီလောက်ဆိုရင် ဘယ်လောက်လွဲနေသလဲဆိုတာ သဘောပေါက်ပေါ့ဗျာ။ ဗြိတိန်ခမျာ သူ့ဟာနဲ့သူ မြောက်အိုင်ယာလန်က ဗြိတိန်ကနေ ခွဲထွက်ဖို့ လုပ်နေတဲ့ကိစ္စကို ဖြေရှင်းလို့ မရတဲ့ကြားထဲ မြန်မာ့ဖွဲ့စည်းပုံအတွက် ကူညီမယ်ဆိုတော့ ကျွန်တော်က ဒီိလိုတွေးမိတယ်။ ဦးသိန်းစိန် အစိုးရကလည်း ကြေညာချက် ထုတ်သင့်တယ်။ မြောက်အိုင်ယာလန် ဗြိတိန်ကနေ ခွဲထွက်မသွားဖို့အတွက် မြန်မာနိုင်ငံက ကူညီမယ်လို့။ မကောင်းဘူးလား။ ကျွန်တော် ဘာပြောချင်တယ်ဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။

ဒေါ်စုဟာ သူ့ကိုယ်သူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလို့ မခံယူသမျှ ကျွန်တော်တို့ကလည်း သူ့ကို မြန်မာ့အရေးအတွက် ဥပဒေဘောင်ထဲကနေ ကြိုးပမ်းဆောင်ရွက်နေသူလို့ မြင်ဖို့ ခက်ခဲနေဦးမှာပါ။ သူ့ရဲ့အမြင်၊ သူ့ရဲ့အတွေးတွေကို ပြည်တွင်းမှာ နားလည်အောင် ပြောဆိုရှင်းလင်း ဆွေးနွေးခြင်း မပြုဘဲ ပြည်ပရောက်မှ ပြောဆိုမှုတွေ ပြုလုပ်နေသေးသ၍ သူဟာ ပြည်တွင်းအားကို ယုံကြည်သူမဟုတ်ဘဲ ပြည်ပအားကိုး ဆောင်ရွက်လိုသူလို့ ကျွန်တော်တို့ မြင်နေဦးမှာပါပဲ။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ် အစိုးရနဲ့ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်တာတွေ မလုပ်သေးသ၍ သူဟာ အစိုးရဘာလုပ်လုပ် ဆန့်ကျင်ဝေဖန်မယ့် အတိုက်အခံ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပဲ ကျွန်တော်တို့ မြင်ကြဦးမှာပါ။ နိုင်ငံခြားသားကို ယူခဲ့တာဟာ သူ့အခွင့်အရေးကို သူရွေးချယ်ခဲ့တာလို့ ခံယူနေသေးသမျှ နိုင်ငံခြားသားတစ်ဦးရဲ့ ဇနီးတစ်ဦးကို သမ္မတအဖြစ် လက်မခံနိုင်တာလည်း ကျွန်တော်တို့ရဲ့ အခွင့်အရေးတစ်ရပ် ဖြစ်တယ်ဆိုတာ သူနားလည်ပေးနိုင်ရမယ်လို့ ကျွန်တော်တို့က တွေးနေဦးမှာပါပဲ။ သူသမ္မတမဖြစ်ရင် မြန်မာ့နိုင်ငံရေးကို ဆူဆူပူပူ လှုပ်လှုပ်ရှားရှားဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းမယ်ဆိုရင်တော့ ကျွန်တော်တို့ကလည်း တည်ငြိမ်အေးချမ်းရေးကို ထိပါးလာသူ မှန်သမျှကို ရန်သူအဖြစ် သတ်မှတ်ဆန့်ကျင် ချေမှုန်းသွားမယ်ဆိုတာ သံန္နိဌာန်ချပြီးဖြစ်ကြောင်း အတိအလင်း ပြောဆိုပါရစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ တနင်္လာနေ့။
ည ၁၀ နာရီ ၂၉ မိနစ်တွင်ပြီး၏။

0 comments to “ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတစ်ယောက်ရဲ့အမြင်”

Post a Comment