ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန် တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော် ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုထဲတော့ ဘယ်ဟုတ်မလဲ၊ မရရအောင် လုပ်ရတဲ့ ကြိုးစားမှုတွေလဲ ပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဘူးတယ်။ အစောပိုင်း ကာလတွေတုံးကပါ။
ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုထဲတော့ ဘယ်ဟုတ်မလဲ၊ မရရအောင်လုပ်ယူရတဲ့ ကြိုးစားမှုတွေလဲပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဘူးတယ်။
အမှန်က ကျွန်တော်တို့ နိုင်ငံမှာ ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောက တခုထဲတော့ မဟုတ်ဘူး။ ပညာရေးလောက တခုလုံးလဲမကဘူး။ ပိုပြီး သိသာတာက စီးပွါးရေး လုပ်တဲ့လူတွေ။ ကုန်ကုန်ရေးရရင် ကိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုးစားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေ ရှိတယ်။ အမှန်က လူမျိုးတိုင်းမှာလဲ ရှိကြတာပါဘဲ။ တူတော့ မတူကြဘူးပေါ့။ ကမ္ဘာ့သမိုင်းမှာ တချို့က စစ်အင်အားအရာမှာ ခေတ်ကြီးတခေတ် ပြောင်းသွားစေအာင် စွမ်းနိုင်ခဲ့သူတွေ ရှိခဲ့တယ်။ ယဉ်ကျေးမှုသစ်ကြီးကို စတင်နိုင်သူတွေရှိတယ်။ တချို့က ကိုယ့်အသက်ကို စွန့်ရဲတာမျိုးကို လူမျိုးတွေလိုက် ထင်ရှားခဲ့တယ်။
ဗမာပြည်ရဲ့ လွန်ခဲ့တဲ့နှစ် ၅ဝ ကျော်က သမိုင်းကို ဆန်းစစ်ရင် “မရှိအောင် လုပ်ထားတဲ့ ခေတ်ကာလ” ကို အတော်ကြီး ကြာအောင် ဖြတ်သန်းခဲ့ကြရာတာမို့၊ “မရှိတဲ့အထဲကနေ ဖြစ်အောင်လုပ်တဲ့အတတ်တွေ ထူးချွန်လာခဲ့တယ်။” အဟောင်း ပြင်ရာမှာ အကောင်းနဲ့တူအောင် လုပ်တတ်တယ်။ ဟိုပစ္စည်းမရှိရင် ဒီပစ္စည်းနဲ့ တည့်အောင် တန်အောင် လုပ်တတ်တယ်။ ဂျစ်ကား ဆိုပါတော့ ဒုတိယ-ကမ္ဘာစစ်က ပေါ်ခဲ့တာ။ နောက်ထပ်လဲ မသွင်းဘူး။ ကနေ့အထိ သုံးဖြစ်နေအောင် လုပ်နိုင်စွမ်း ရှိတယ်။ တချို့ဆို အသစ်လို ကောင်းနေအောင် တစီးလုံးကို ကိုယ့်ဖါသာလုပ်နိုင်တယ်။ (စပ်မိလို့ ပြောရအုံးမယ်။ Jeep ကို ဘာ့လို ဒီနာမယ်ပေးလဲ ဆိုတော့ (ဂျီ-ပီ)၊ Government Purpose (GP) ကနေ လာတာတဲ့။ ကျွန်တော်တို့ ဆရာဝန်တွေ အသုံး General practitioner (GP) နဲ့ မဆင်ပါလား။
ဆရာဝန်တွေလဲ အများနည်းတူ မဖြစ်ဖြစ်တဲ့နည်း လုပ်ကြရော။ တောရွာတွေမှာ ရောဂါတွေက တကယ့် (အင်မာဂျင်စီ) တွေ၊ (မေဂျာ) တွေ များမှများ။ ပေါမှပေါ။ ဆေးရုံကြီးတွေမှာဆို အထူးကုဆရာဝန်ကြီးတွေ၊ မမတွေ ကိုယ်တိုင် ကိုင်ရတာမျိုးတွေ။ မမဆိုတာ ပါမောက္ခ ဆရာဝန်မကြီးတွေကို ချစ်-ကြောက်-ရိုသေ ခေါ်ကြတာပါ။ "မာမီကြီး" လို့ မိခင်ဂုဏ်တင်ပြီးအခေါ်ခံရသူကတော့
တောမှာ တယောက်တည်း တာဝန်ကျတဲ့ ဆရာဝန်အဖို့ကတော့ ဘာအထူးကုမဆို ကိုယ်။ သွေးစစ်ချင်ရင် နေရောင် ထောင်ကြည့်။ ဆီးစစ်ဘို့ ကတော့ ပနယ်စလင် ပုလင်းခွံထဲထည့်။ အရက်ပြန်-မီးခွက်ဟာ ရွာထဲက သံဖြူဆရာ့ လက်ရာ၊ ကောင်းမှကောင်း။ အရက်ပြန်ကလဲရှားတော့ တောအရက် ဦးရေသည်သာ အားထားရာ။ (မီသိုင်လိတ်တက်) မဖြစ်လဲ မတတ်နိုင်ဘူး။ လျှပ်စစ်ဆိုတာ ဝေလာဝေး။ ခွဲဘို့စိတ်ဘို့ လိုသလား။ မြို့သာမှာ ဆီစက်ပိုင် (ဦးလှသောင်း) က ပဲတွေ နှမ်းတွေကို ခွဲလူနာလာချိန်ကျမှ စက်လည်ပေးတဲ့အထိ စေတနာကောင်းတာ။ အုပ်ချုပ်တဲ့လူတွေက အရာရာကို ရှားအောင်လုပ်တဲ့ ခေတ်မယ်၊ လူတွေက စေတနာ မရှားလို့ လူနာတွေ အကျိုးများရတယ်။
ထန်းပေါလှတဲ့အရပ်မှာ ထန်းလျောဆိုတာ လာလိုက်မှဖြင့် မသေရင် ခြေသလုံးကျိုး၊ ပေါင်ကျိုး။ ခါးကျိုး။ ယောနယ်မှာ ထန်းလျောတယ်ဆိုရင် ဘယ်နှစ်ယောက်လဲ မေးရတာ။ မြို့သာဖက်မှာလို စီးပွါးဖြစ် ထန်းလျက်ချက်ဘို့ ထန်းတက်တာ မဟုတ်ဘူး။ ယောသားတွေက ထန်းရေခါးကို ထန်းပင်ပေါ် လင့်စဉ်ထိုးပြီး တက်သောက်ကြတာ။ ကျပြီဆိုရင် တယောက် ဘယ်ကမလဲ။ မူးအတူ ကျိုးအတူ။
တတန်းထဲက တနှစ်တည်းအောင်တဲ့ သူငယ်ချင်းတယောက်က အင်္ဂလန်မှာ အရိုးအထူးကု လုပ်နေလေရဲ့။ ကျွန်တော်လဲ ကိုယ့်နေရာမှာကို အရိုးကို အထူးကုရတာပါဘဲ။ အရိုးအထူးကုဆိုတာ ပေါင်ကို အလေးဆွဲတတ်ရတာ။ လူကောင်ကြီးရင် အုတ်ခဲ ၄ ခဲ၊ သိပ်မကြီးရင် ၃ ခဲ၊ အတော်ဘဲ။ အုတ်ခဲတော့ နိုင်ငံခြားကမှာရတာ မဟုတ်ဘူး။ ကြိုးဆိုတာ နွားဖါးကြိုး အသစ်။ ဘယ်နှစ်ချောင်းလိုချင်လဲ။ ပေါင်အောက်နား ဒူးရိုးကို ကန့်လန့် ဖေါက်ထည့်ဘို့ သံချောင်း။ (ဆာဂျီကယ်-စတီးလ်) မှ လူ့ကိုယ်ကလက်ခံတာဆိုတော့၊ ဘယ်ကရမလဲ။ လိုလျင်ကြံဆ နည်းလမ်းရ။ ဘယ်ကာလက ရှိနေလဲမသိတဲ့ ကိုယ်ဝန် ဗိုက်တိုင်းတဲ့ ကရိယာ၊ မသုံးကြတော့တာ တွေ့ရော။ ခပ်ကွေးကွေး သံချောင်းတဖက်ကို ဖြုတ်၊ ဖြောင့်၊ သွေး၊ ချွန်၊ လိုသလောက် ဖြတ်။ ရရော့မဟုတ်လား။ အကျိုးက တယောက်မကဘူးလား၊ ရတယ်။ ဗိုက်တိုင်းကရိယာတခုမှာ သံချောင်းက နှစ်ချောင်းပါတာ။
ကျောင်းမှာ သင်ရတာချင်း အတူတူ၊ စာမေးပွဲအမှတ် ဖြစ်ဖြစ်၊ ကျောင်းပြီးလို့ နောက်ဆက်ဖြစ်ရတာဖြစ်ဖြစ်၊ တယောက်နဲ့ တယောက် မတူကြတော့ဘူး။ ကျယ်ပြန့်လှတဲ့ ဆေးပညာနယ်ပယ်ထဲက ဘာသာရပ်တခုခုကို ကွက်ပြီး သင်ယူလေ့လာလို့ အထူးကုလုပ်ရတာကလဲ ထူးခြားချက်လို့ မဆိုနိုင်ပါ။ “ဂျင်နရယ်လစ်” တွေထဲက “စပယ်ရှယ်လစ်” ဆိုတာကတော့ နဲနဲ ထူးသလိုရှိပါတယ်။ ဘာအထူးကုမှ မဖြစ်ကြရတဲ့ ကျွန်တော်တို့လို အကောင်းစားတွေအဖို့ တာဝန်ကျတဲ့ နေရာမျိုးတွေက မတူကြပြန်ဘူး။
ဆေးရုံကြပြန်တော့ ဆေးရုံကြီး၊ ဆေးရုံလတ်။ ဆေးရုံငယ်တွေ မတူသေးဘူး။ ဘွဲ့လွန်တက်ချင်ရင် ဆေးရုံကြီးကို ရောက်ဘို့ လိုတယ်။ ဆေးရုံလတ်ရောက်ရင် ကံမဆိုးဘူး။ လက်တွေ့နယ်မှာ ကူညီသင်ပြပေးမဲ့ ကိုယ့်အရင် ဆရာဝန်ဖြစ်သူတွေ ရှိတာကိုး။ အဲ့ ဆေးရုံငယ်လေးတွေကို တန်းရောက်သွားမှဖြင့်၊ သောင်ပြင်အလွှတ်ခံရတဲ့ အကောင်မျိုး ဖြစ်ရော။ မေးစရာလဲ အနားမှာမရှိ။ ဖတ်စရာ စာအုပ်ကလဲ သူများပေးလိုက်ပြီ။ အတ္တာဟိ အတ္တနော နာထော အစစ်။
ဝါသနာလို့ ပြောတာထက် တန်ရာတန်ရာ၊ သန်ရာသန်ရာ ဖြစ်ရတယ်လို့ဆိုတာ ပိုနီးစပ်မယ်။ သူငယ်ချင်း တချို့က ဆေးဝါးနဲ့ ကုရတာမှာသန်တယ်။ တချို့က ခွဲတာ-စိတ်တာမှာ သန်တယ်။ တချို့က “ပတ်ဘလစ်-ဟဲ့လ်သ်” ခေါ်တဲ့ ရောဂါကာကွယ်ရေး သန်တယ်။ အတူတူနဲ့ အနူနူထဲက တန်ရာ၊ သန်ရာတွေ ဖြစ်လာကြတယ်။ ဆေးကျောင်း ၇ နှစ်မှာ အတူတူချင်းပေမဲ့ နောက်မှာ ဘာလို့ မတူကြတော့တာလဲ။
ဗမာတွေက တိတိကျကျ ပြောမရတဲ့ ပစ္စည်းကို “ဓါတ်” ဆိုပြီး ခေါ်တယ်။ ဓါတ်ခဲ၊ ဓါတ်မီး၊ လိုမျိုးပေါ့။ လူ့ဘဝမှာ ရေရေရာရာ မသိဘဲ ဖြစ်လာတဲ့ အကျိုးတရားမျိုးကို ကံကြောင့်လို့ ပြောလေ့ရှိတယ်။ ဆေးပညာမှာတော့ ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သေသေခြာခြာ မသိတာကို Primary လို့ သုံးတယ်။ ဥပမာ သွေးတိုး ရောဂါမျိုး။ ရှင်းမပြတတ်တာကို X လုပ်လိုက်တယ်။ ၁၈၉၅ ကပေါ်ခဲ့တဲ့ X-ray ဓါတ်မှန်။ ဒီနောက် ၁၉၆ဝ မှာစပေါ်တဲ့ နာမယ်ကြီး ကာတွန်း၊ နောက် ရုပ်ရှင်ကိုလဲ X-men လုပ်တယ်။
အထူးကုမဟုတ်တဲ့ ဆရာဝန်တွေ တဖက်ဖက်မှာ ပိုပြီး ကြွမ်းကျင်လာတာမျိုးကို ဘယ်လိုပြောရင် အသင့်ဆုံးဖြစ်မလဲ။ ဆေးစကားနဲ့ ဆိုရင် Acquired က အနီးစပ်ဆုံးလို့ ထင်တယ်။ မိဘတွေဆီက ပါလာတာလဲ မဟုတ်။ ကံကြောင့်ချည်းလဲ မဟုတ်။ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်ရတာမျိုး။ Acquired ဆိုတာ AIDS (Acquired Immune Deficiency Syndrome) ထဲက (အေ) ဆိုတဲ့ စကားလုံးကို ဆိုလိုတာ။ လုပ်လို့ ဖြစ်ရတဲ့သဘောလဲ ပါတယ်။ လက်ထောက်ဆရာဝန်ကို AS (Assistant Surgeon) လို့ခေါ်တာကို ကျွန်တော်က Acquired Specialist (AS) လို့ ရှာရှည်မိတယ်။
Dr. တင့်ဆွေ
၁၆-၁၁-ဝ၉ ကရေးသည်။