ယနေ့
ကမ္ဘာကြီးတွင် ရေထုလေထု ညစ်ညမ်းမှု၊ ရေဒီယို သတ္တိကြွ အန္တရာယ်၊၊
အိုဇုန်းလွှာကိစ္စ၊ စက်ရုံအလုပ်ရုံ မော်တော်ယာဉ်နှင့် အဆိပ်ငွေ့ ပြဿနာ၊
ပင်လယ်ပြင် ညစ်ညမ်းမှု၊ သောက်သုံးရေ မသန့်ရှင်းမှု စသည့် ပြဿနာ အရပ်ရပ်သည်
လူသားများနှင့် သက်ရှိ သတ္တဝါများ သက်ရှည် ကျန်းမာမှုကို ဆိုးဆိုးဝါးဝါး
စိန်ခေါ်နေကြပါသည်။ အဆိုပါ သိသာထင်ရှားသော ဘေးဒုက္ခများအပြင် ထင်သာမြင်သာ
မရှိဘဲ ဒုက္ခပေးနေသော အန္တရာယ်ဆိုး တစ်ရပ်လည်း ရှိနေသေး၏။ ဤသည်ကား ‘ဆူညံသံ’
အန္တရာယ်ပင် ဖြစ်ပါသည်။
ဆူညံသံတွေ လျှော့ပေးပါ
By Administrator - Tue Nov 12, 8:06 pm
လူသားများနှင့် သက်ရှိသတ္တဝါ အားလုံးကို ကျန်းမာရေး ထိခိုက်စေသော
‘ဆူညံသံ’ ၏ အတိမ်အနက် စွမ်းပကားကို သိသာနိုင်ရန်၊ ဆင်ခြင်နိုင်ရန်၊ တားဆီး
ကာကွယ်နိုင်ရန် အရေးကြီးပါသည်။ လူသားတို့၏ ကျန်းမာရေးသာမက၊ လူမှုရေး၊
စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုကိုပါ အကြီးအကျယ် ဒုက္ခပေးနေသော
‘ဆူညံသံ’ ဆိုသည်ကို သိပ္ပံပညာရှင် သုတေသီများက စနစ်တကျ လေ့လာသုံးသပ်
အဖြေထုတ်ထားပြီး ဖြစ်ပါ၏။ အသံအတိုးအကျယ် တိုင်းတာသည့် စကေးကို Decibel ဟု
သတ်မှတ်ထားရာ ၁ D သည် သာမန်လူတို့ အတိုးဆုံး ကြားရသည့် အသံဖြစ်၏။ ၇၀ D
ကိုနေ့စဉ် ရက်ဆက် ကြားနေရလျှင် စိတ်ရောဂါ စတင်ရစေနိုင်၏။ ၈၀ D
ထက်ကျော်လျှင် နားကို စတင်ဒုက္ခပေး၏။ ယနေ့ စိတ်ရောဂါ ဝေဒနာရှင်အားလုံး၏
သုံးပုံတစ်ပုံနှင့် ခေါင်းကိုက် ဝေဒနာရှင် အားလုံး၏ ငါးပုံတစ်ပုံမှာ
ဆူညံသံကြောင့် ဖြစ်ကြရ၏။ အချို့သတ္တဝါ ငယ်လေးများသည် ၁၇၅ D ရှိသော
အသံများကြောင့် သေဆုံးကြရ၏။ ထိုထက် ကြောက်စရာ ကောင်းသည်မှာ ဆူညံသံသည်
သတ္တဝါတို့၏ အာရုံကြောများ၊ မျိုးပွားအင်္ဂါစုများ၊ ဟော်မုန်းဓာတ် ထုတ်သည့်
အကျိတ်များကို ထိခိုက်ပျက်စီး စေနိုင်သည့်အပြင် ကိုယ်ဝန်ဆောင် မိခင်
ဝမ်းတွင်းရှိ သန္ဓေသားငယ်၏ ဦးနှောက်ကိုပင် မိခင်ကြားရသော ဆူညံသံများက
ဒုက္ခရောက်စေနိုင်၏။
ခံနိုင်ရည် အတိုင်းအတာ
ပမာဏထက် ပိုမိုကျယ်လောင်သောအသံ တစ်မျိုးမျိုးကို အချိန်ကြာကြာ ဆက်တိုက်
ကြားလာရသည် ရှိသော် ကိုယ်အင်္ဂါ အစိတ်အပိုင်း အချို့တွင် နာကျင်ပျက်စီး
စေသကဲ့သို့ စိတ်ဖောက်ပြန်မှု ဝေဒနာအထိ ဖြစ်စေနိုင်ကြောင်း သိပ္ပံသုတေသီများ
ဖော်ထုတ်ထားပါသည်။ မရပ်မနား ဆူညံနေသော အသံသည် ခန္ဓာကိုယ် သွေးကြောများကို
ကျဉ်းမြောင်းစေ၍ သွေးအသွားအလာ ချွတ်ယွင်းပြီး အသားအရေ ဖြူဖတ်ဖြူလျော်
ဖြစ်စေခြင်း၊ ကြွက်သားများ မာကြောကာ ညောင်းညာ ကိုက်ခဲစေခြင်း၊
မူးဝေခြင်းနှင့် စိတ်သောက ရောက်စေခြင်းများကို ဖြစ်ပွားစေပါသည်။ အထူးသဖြင့်
မြည်လိုက် ပျောက်လိုက် ဆူညံသံမျိုးသည် ထိတ်လန့်ရောဂါ၊ စိတ်ဓာတ်ကျခြင်း၊
စိတ်ရှုပ် စိတ်တိုခြင်းတို့ကို ဖြစ်စေကာ လုပ်ငန်း စွမ်းဆောင်ရည်
ကျဆင်းခြင်း၊ မတော်တဆ ထိခိုက်မှု များလာခြင်း စသည်တို့ ဖြစ်စေနိုင်သည်ဟု
ဆိုပါ၏။
မိမိတို့ နိုင်ငံတွင် အသံချဲ့စက်ကို အတိုင်းအဆမရှိ၊ နေရာမရွေး၊
အချိန်မရွေး ကျယ်ကျယ်လောင်လောင် အဆက်မပြတ် ဖွင့်လေ့ရှိသည့် ပုဂ္ဂိုလ်များကို
အထူးသိစေချင် ပါသည်။ မိမိအဆင်ခြင် ကင်းမဲ့မှုသည် ပတ်ဝန်းကျင်ကို အသံဖြင့်
ညှဉ်းပန်းနှိပ်စက် ဒုက္ခပေးနေခြင်း ပါတကားဟု အသိတရားရစေ လိုပါသည်။
လူတို့၏ အော်ဟစ်သံကို ၁၀၀ D သတ်မှတ်ထားပါ၏။ သို့ဖြစ်ရာ အသံချဲ့စက်၏
ပုံမှန်ဖွင့်ထားသံမှာ ၁၀၀ D အောက်သို့ ရောက်နိုင်ဖွယ်မရှိ။ ယခင် ခေတ်ကာလကမူ
ယခုလောက်လည်း လူဦးရေ မစိပ်သေး၊ ယခုလို များများစားစား နေရာတကာ
အသံချဲ့စက်ကို စည်းမဲ့ကမ်းမဲ့ ဖွင့်ချင်တိုင်းဖွင့် ပုံမျိုးမရှိခဲ့သဖြင့်
ကျန်းမာရေး၊ လူမှုရေးဆိုးဆိုး ဝါးဝါးမထိခိုက်နိုင်ဟု ယူဆရ ပါသည်။
ယခုကာလတွင်မူ တော်တော်များများ ဒုက္ခတွေ့ကာ အကာအကွယ် မဲ့ဖြစ်နေကြပါ၏။
ဆူညံသံကြောင့် ဘေးအန္တရာယ် ကြုံရပါပြီဟူ၍ တိတိပပ တိုင်ကြားရမှာလည်း
အခက်အခဲတစ်ရပ် ဖြစ်နေပါ၏။ အရေးယူနိုင်သည့် ဥပဒေ တိတိကျကျ ပြဋ္ဌာန်းပေးလျှင်
ကောင်းလေစွဟု တောင့်တမိသည်။ ပြဿနာများ ကြီးထွားမလာမီ ဥပဒေဖြင့်
ကြိုတင်ကာကွယ် တားဆီးနိုင်လျှင် သင့်မည်ထင်ပါ၏။ ဥပမာ – အမေရိကန်
နယူးယောက်မြို့တော်တွင် ရေဒီယိုဖွင့်ခြင်း၊ ရုပ်မြင်သံကြား ဖွင့်ခြင်း၊
တူရိယာ တီးမှုတ်ခြင်းတို့ကို ညဆယ့်တစ်နာရီမှ နံနက်ခုနစ်နာရီအတွင်း
မပြုလုပ်ရန် အချိန် ကန့်သတ်ပေးထားသည့် ဥပဒေ ရှိခဲ့၏။ ပဲရစ်ကဲ့သို့သော
အခြားမြို့ကြီး များ၌လည်း မော်တော်ယာဉ် မောင်းသူများကို ဟွန်းတီးခွင့်
မပြုပေ။
မိမိတို့
မဟာမြန်မာနိုင်ငံကြီး တွင်မူ လွတ်လပ်ချင်တိုင်း အတိုင်းမသိ လွတ်လပ်နေကြသည်။
အသံချဲ့စက် (လော်စပီကာ) ကြီးများ ခေါင်မိုးထိပ်၊ သစ်ပင်ဖျားတွေပေါ် တင်၍
အသားကုန် ဖွင့်ကြသည်။ အလှူ၊ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များ သာမက၊ အချို့အသုဘ
ကိစ္စပါမချန် နားမခံသာအောင် ဖွင့်၏။ တစ်ရပ်ကွက်လုံး အိပ်မရ။ စကားပြောမရ။
တယ်လီဖုန်းသံ မကြားရ။ စာကျက်မရ။ သီလဆောက်တည်၊ ပုတီးစိပ်လို့မရ။ တီဗီ
ဖွင့်ကြည့်ပြန်လည်း မကြားရ။ မရ-မရ-မရ။ တစ်နာရီမဟုတ်၊ နှစ်နာရီမဟုတ်။
တစ်ရက်မက၊ နှစ်ရက်မက၊ ခဏခဏ၊ ခဏခဏ။ လမ်းဆုံလမ်းခွ၊ ဈေးနားကျောင်းနား၊
ဘုရားနား၊ လူစည်ကားရာနေရာ။ အလှူခံမဏ္ဍပ် အသီးသီးမှာ အပြိုင်အဆိုင်
သီချင်းတွေဖွင့်၊ အဝေးပြေး ကားလမ်းမကြီး အသီးသီးတွင် ရွာစဉ်ရွာဆက်၊
မြို့အဝင်အထွက်၊ ဆိုင်းဘုတ် အမျိုးမျိုးတင်၊ ခေါင်းစဉ် အမျိုးမျိုးတပ်၊
ဖွင့်လိုက်သမျှ အသံစုံ ကျယ်ကျယ်လောင်လောင်ကြောင့် ကားဟွန်းသံ မကြားရသဖြင့်
ယာဉ်အန္တရာယ်လည်း ခဏခဏဖြစ်။ ဤဖြစ်စဉ် ဖြစ်ရပ်များသည် မြန်မာလူမျိုးတို့၏
ယဉ်ကျေးမှု သင်္ကေတအဖြစ် အခေါ်ခံ သင့်ပါသလားဟု မေးခွန်း ထုတ်ဖွယ်ရာ
ဖြစ်လာပါသည်။
အခြား အသံချဲ့စက်ရောဂါ ဖက်ရှင်အမျိုးမျိုးလည်း ရှိပါသေးသည်။
‘ရွေ့လျားစပီကာ’ တပ်ဆင်ထားသော ပစ္စည်းကြော်ငြာ၊ ဆေးကြော်ငြာ ကားများ၊
ဗေဒင်ကြော်ငြာ၊ ထီကြော်ငြာကား၊ တွန်းလှည်းများ၊ သစ်သီးချဉ် လှည်းမှ
လော်စပီကာ၊ ရေသန့် တွန်းလှည်း လော်စပီကာ စသည်ဖြင့် တစ်လောကလုံး ဆူညံပွက်လော
ရိုက်နေ၏။ အလွန်အမင်း စိတ်မသက်မသာ ဖြစ်ကြရ၏။ တားဆီးပိတ်ပင် ပြန်လျှင်လည်း
“သမ္မာအာဇီဝ လုပ်နေတာ၊ မကြားချင် နားပိတ်ထား” ဟု အပြောခံရဖို့ နီးစပ်၏။
ဒီကြားထဲ မော်တော်ဆိုင်ကယ် ဆူညံသံက တမှောင့်။ စီးခွင့်မရှိ
ပိတ်ပင်ထားပါလျက် စီးတော့ ဘာဖြစ်သလဲ- လိုင်စင်နံပါတ်ပြားပင် မရှိသော
လိုင်စင်မဲ့၊ ဦးထုပ် မပါရုံသာမက စွပ်ကျယ် လက်ပြတ်နှင့်တစ်မျိုး၊
ဘောင်းဘီတိုဖြင့် တစ်ဖုံ၊ သုံးယောက်တင်စီးပြီး ဟွန်းသံ တညံညံ၊ အိတ်ဇောသံ
ဆူဆူညံဖြင့် ရိုင်းရိုင်းစိုင်းစိုင်း စည်းကမ်းမဲ့ သောင်းကျန်းနေသည်မှာ
မင်းမဲ့တိုင်းပြည်အလား၊ တရားဥပဒေ စိုးမိုးမှုကို မိုက်မိုက်ကန်းကန်း
စိန်ခေါ်နေခြင်းများ နိစ္စဓူဝ မြင်ရကြားရ စိတ်မချမ်းသာကိုယ် မကျန်းမာ
ဖြစ်နေကြရပါသည်။
ပြည်သူလူထု အများစုမှာ စားဝတ်နေရေး၊ ပညာရေးအတွက် အချိန်ရှိသရွေ့
ကြိုးပမ်းနေရသော ခေတ်ဖြစ်ပါသည်။ တစ်နေကုန် စီးပွားရှာ၊ ညအချိန်ခါမှ
အနားယူရ၏။ အချို့ ညဥ့်နက် သန်းခေါင်ကျော် အထိ အလုပ်ဆင်းကာ နေ့မှာသာ အိပ်စက်
အနားယူရ၏။ ကျောင်းသူ ကျောင်းသားငယ်များ ကျောင်းနှင့် ကျူရှင် အပြေးသွား၊
အိမ်ရောက်မှ အချိန်လု စာကျက်ရရှာ၏။ အချို့ လုပ်ငန်းခွင်အပြန် အိမ်ရောက်မှ
တီဗီလေးဖွင့်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲတွေ ကြည့်ပြီး အပန်းဖြေကြ၏။
အချို့ကမူ စာပေပရိယတ္တိ လေ့လာ၊ တရားဓမ္မနာယူ၊ သမထဝိပဿနာ အားထုတ် စသည်ဖြင့်
အချိန်ကို တန်ဖိုးရှိစွာ အသုံးချကြ၏။ ထိုသို့သော အခြေအနေမျိုးကို စာနာ
ထောက်ထားနိုင်မည့် အသိဉာဏ်မျိုး ကင်းမဲ့စွာဖြင့် ဆူညံသံ ဖန်တီးရှင်များသည်
လူများစုကို လော်စပီကာ အသံမျိုးစုံဖြင့် ဒုက္ခမပေးသင့်ပါ။ မိမိအကျိုးစီးပွား
ကွက်ကွက်လေး ကြည့်ပြီး စာနာစိတ် ခေါင်းပါးစွာဖြင့် ပတ်ဝန်းကျင်ကို
စော်ကားနေမှုများ ရပ်နားသင့်ပါပြီ။
မလိုလားအပ်သော ဆူညံသံ ဟူသမျှသည် လူပုဂ္ဂိုလ် တစ်ယောက်ချင်းကို ဖြစ်စေ၊
မည်သည့် လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်း မဆိုကိုဖြစ်စေ အနှောင့်အယှက်
မဖြစ်စေသင့်ပါ။ အန္တရာယ် မပေးသင့်ပါ။ မိမိတို့ နိုင်ငံသည် သာသနာရောင်ဝါ
ထွန်းသည်မို့ ဗြောသံစည်သံ တညံညံနှင့် ရှင်ပြုနားသ ဒုလ္လဘ ရဟန်းခံ၊
ကထိန်ခင်း၊ ပရိတ်တရား ပဋ္ဌာန်းတရား နာကြားခြင်း စသည်ဖြင့် ဓလေ့ဘာသာ
စရိုက်လက္ခဏာများ စည်ပင်မြဲ၊ တိုးပွားမြဲ ရှိနေကြမည်သာ ဖြစ်ပါ၏။
မိမိကုသိုလ်သည် သူတစ်ပါး အတွက်လည်း ကုသိုလ်သာ ဖြစ်သင့်ပါသည်။ အကုသိုလ်အဖြစ်
မရောက်စေသင့်။ မြန်မာ့ ဂုဏ်ကျက်သရေကို မြန်မာ့မူဟန် လှပထည်ဝါ ခံ့ညားစွာ
စည်းစနစ်ရှိရှိ ထိန်းသိမ်း စောင့်ရှောက် သွားရမည်သာ ဖြစ်ပါ၏။
အချုပ်အားဖြင့်ဆိုရသော်
ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် နေချင့်စဖွယ် ယဉ်ကျေးသိမ်မွေ့သော
အမိနိုင်ငံတော်ကို အရုပ်ဆိုး အကျည်းတန်စေသော ဓလေ့စရိုက်များ၊ ရဟန်းရှင်လူ
ပြည်သူအများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် ဂုဏ်သိက္ခာကို ထိပါးစေသည့်
အကျင့်ပုံစံ ဟူသမျှ ပြည်သူအများ ကိုယ်တိုင်က အမြင်ကြည်လင် သဘောထား
သန့်စင်စွာ စိစစ်ပယ်ဖျောက် တိုက်ဖျက် သွားသင့်ပါသည်။ တည်ငြိမ်အေးချမ်းသော
မေတ္တာတရား၊ ကရုဏာတရား မုဒိတာပွား၍ မိမိအကျိုးသာမက နိုင်ငံတော် အကျိုးကိုပါ
မင်္ဂလာရှိရှိ ထမ်းရွက် သယ်ပိုး သွားသင့်ပါသည်။ အများပြည်သူတို့၏
လူ့အခွင့်အရေးကို ထိခိုက်နစ်နာ အန္တရာယ် ပေးနိုင်သော ကိစ္စဟူသမျှ
တရားဥပဒေကြောင်းဖြင့် စနစ်တကျ ကာကွယ်ပေးသင့်ပါကြောင်း သန့်စင်သော
စေတနာဖြင့် တင်ပြလိုက်ရပါသည်။
ဆွေပြည်မင်း
မှီငြမ်း။
၁။ ဒေါက်တာတင်ထွန်းဦး၏ ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေး
၂။ ဒေါက်တာအာလော၏ ကျွန်ုပ်တို့အတွက် ရေနှင့်လေ
မှီငြမ်း။
၁။ ဒေါက်တာတင်ထွန်းဦး၏ ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေး
၂။ ဒေါက်တာအာလော၏ ကျွန်ုပ်တို့အတွက် ရေနှင့်လေ