သြဂုတ်လမှာ ကျုပ်အသုဘ အတော်များများ ပို့လိုက်ရတယ်ဗျာ။ ခင်ဗျားတို့လည်း သိမှာပါပဲ။ ကျုပ်တို့ရဲ့ စာပေနယ်၊ သတင်းစာနယ်ပယ်ထဲက အထင်ကရဆရာအချို့ကွယ်လွန်သွားကြတယ်မို့လား။ ရက်စက်လွန်းတဲ့ သေမင်းရဲ့ ခေါ်ရာနောက်ကို တစ်ယောက်ပြီးတစ်ယောက်လိုက်သွား ကြရရှာတယ်။
“ချစ်သူတို့အသက်ကားတို၏။ မုန်းသူတို့အသက်ကား ရှည်ကြ၏”ဆိုပြီး ဆရာမမိုးမိုး(အင်းလျား)ကွယ်လွန်တုန်းက ဆရာတင်မိုးက ၀မ်းနည်းမှတ်တမ်းရေးပါသေးသကော။
သွေးထွက်အောင်မှန်တဲ့ အလင်္ကာပေပဲဗျ။ ဒီလိုဘယ်အငြိုးနဲ့ရက်စက်သွားမှန်းမသိတဲ့ သြဂုတ်လကြီးထဲမှာ သေမင်းက ကျုပ်တို့ချစ်ရသော သူများကိုပဲ ရွေးခေါ်သွားသဗျ။
ကျုပ်တို့ မုန်းပါတယ်ဆိုသူတွေကျတော့ဗျာ။ ရှည်လိုက်ကြတဲ့ အသက်တွေ။ ကျုပ်တို့ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့များ ဘယ်နတ်ဘုရားတွေက အသက်ရှည်အောင် ဖန်ဆင်းထားသလဲ မေးရမလိုဖြစ်နေသဗျ။ ယုတ်မာရက်စက်၊ အသတ်အဖြတ်မှာ ငါဆရာ၊
အမိုက်မှာ အောင်လံထူကြသူတွေကျတော့ အသက်တွေရှည်သလား မမေးနဲ့။
ဘာပဲပြောပြော မုန်းသူတွေကို ကျုပ်တို့ ဆက်မုန်းနေရဦးမှာပေါ့ဗျာ။ အသက်တိုကြရှာတဲ့ ချစ်ရသော သူများအတွက်တော့ လွမ်းတေးကိုဆက်၍ သီကုံးရပေဦးမပေါ့။ ပြည်သူအားလုံး လွမ်းမဆုံးရှိနေကြမယ်ဆိုတာလည်း ကျုပ်ယုံတယ်။ ကျုပ်မောင်ဘစီအဖို့ကြေကွဲစွာနောက်ဆုံး
လိုက်ပါပို့ဆောင်ခဲ့တာကတော့ ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာရဲ့ နောက်ဆုံးခရီးပဲဖြစ်သဗျ။
နေပြည်တော်အမြန်လမ်းကို သက်စွန့်ဆံဖျားဖြတ်သန်းခဲ့ပြီး သကာလပျဉ်းမနားက ဗိုလ်ချုပ်ကြီးများရဲ့ အိမ်နားကဖြတ်ပြီး ရှမ်းတောင်တန်းကို တက်ခဲ့တာပေါ့ဗျာ။ ဆရာကြီးဟာ သူနေချင်တဲ့၊ ပျော်ချင်တဲ့ မဲဇာကျေးလက်မှာပဲ ခေါင်းချသွားတာကိုး။ မြို့ကြီးပြကြီးက ဆရာကြီးကို ချစ်လှပါ တယ်ဆိုသူတွေလည်း ခရီးလမ်းပန်းအခက်အခဲကြောင့် မဲဇာအောင်ပန်းဆီ အရောက်မလှမ်းနိုင်ကြဘူးထင်တယ်ခင်ဗျ။
အောင်ပန်းက ဆရာကြီးနေ အိမ်ရှေ့ကိုရောက်တော့ ခေါင်းပေါင်းတွေနဲ့၊ ပလိုင်းကလေးတွေ ပခုံးမှာသိုင်းထားတဲ့ ဒေသခံတိုင်းရင်းသားတွေသာ စုရုံးနေတာပေါ့။ရိုးရိုးသားသားမျက်နှာကလေးတွေနဲ့ဗျာ။ ရန်ကုန်တို့၊ မန္တလေးတို့က ရောက်လာကြတဲ့ ဧည့်သည်တော်များရဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ ကင်မရာမီးတဖျပ်ဖျပ်အကြားမှာ မနေတတ်၊ မထိုင်တတ်ဖြစ်နေပုံပဲဗျ။
ဒေသခံတွေကသာ အနေရခက်နေတာမောင်။ ဆရာကြီးရဲ့ နောက်ဆုံးခရီးကို တစ်ခေါက်တစ်ခါအရောက်လာကြတဲ့ မြို့ပြကနိုင်ငံရေး တက်ကြလှုပ်ရှားသူအချို့ (သူတို့ထဲမှာ ဆရာကြီး အသက်ထင်ရှားရှိစဉ်တုန်းက တစ်ခေါက်တစ်ကျင်းတောင်မှ အရောက်အပေါက်မရှိသူတွေ၊ ဆရာရေးတဲ့စာတွေ မဖတ်ဖူးတဲ့သူတွေ၊ နာမည်ကိုတောင်မှ မှန်အောင်မရေးတတ်တဲ့သူတွေပါသဗျ)ကတော့ အုပ်စုဖွဲ့ပြီးတော့ လမ်းမပေါ်မှာ ဖြန့်ခင်းထားတဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေအကြားမှာ..။ နံရံမှာ ချိတ်ထားတဲ့ ဆရာဒဂုန်တာရာရဲ့ ပုံတူပန်းချီကားအမျိုးမျိုးကိုနောက်ခံထား ပြီးဓာတ်ပုံတွေ အရိုက်ခံနေလိုက်ကြတာကလား။
အသုဘလား၊ မင်္ဂလာဆောင်လား၊ နိုင်ငံရေးအခမ်းအနားလား ဝေခွဲမရ အမှတ်မှားနေကြပုံရပါရဲ့။ ပြုံးလိုက်ကြ၊ ရယ်လိုက်ကြနဲ့ပါဗျာတို့ရဲ့။ တစ်ယောက် ပခုံးတစ်ယောက်ဖက်ပြီး ဓာတ်ပုံတဖျပ်ဖျပ်ရိုက်လို့ပါခင်ဗျ။ အောင်မယ်။ ဒါတင်ကရိုးလားဗျာ။ ဆရာကြီးရဲ့ ရုပ်အလောင်းကို သူထမ်းမယ်၊ ငါထမ်းမယ်ဆိုသူတွေကလည်း ဆိုကြရဲ့။ အများပြည်သူဂါရ၀ပြုဖို့ ရာ ဘောလုံးကွင်းထဲကို ယူဆောင်သွားမယ်လို့ အဆိုတင် သူကတင်ရဲ့။ အလံလွှမ်းပြီး သဂြုဟ်မယ်ဆို သူကဆိုရဲ့။ အနှီလို အဝေမတည့်ဖြစ်ကြတဲ့အခါ သူတစ်မင်းငါတစ် လူငြူငြူစူစူတွေ ဖြစ်ကုန်သဗျ။
သို့ကလို အဝေမတည့်ဖြစ်နေတုန်းမှာ ရန်ကုန်ကအချိန်မီ ရောက်တော်မူလာတဲ့ အဖွဲ့အစည်းဆိုလား၊ ကွန်ရက်ဆိုလား အသင်းအပင်းများ ကလည်း မသိသားဆိုးရွားစွာ သူတို့လည်း အလောင်းကို ထမ်းပါရစေလို့ ဆိုလာပြန်ရော။ အိမ်အပေါ်ထပ်က ပြင်ဆင်ထားတဲ့ခုတင်ပေါ်မှာ ထာဝရအိပ်စက်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးစာဆိုကြီးကတော့ သူ့ဈာပနကို အကြောင်းပြုပြီး အိမ်အပြင်မှာ မငြိမ်းမချမ်းဖြစ်နေတာကို သိမှာမဟုတ်ဘူးပေါ့ဗျာ။ သြော် ဆရာကြီးရေ.. ဆရာကြီး ကို ချစ်ပါတယ်ဆိုသူများ ဖြစ်ပျက်နေပုံကိုထပြီး ကြည့်ပါဦး၊ မြင်ပါဦး၊ ဆိုဆုံးမပါဦးလို့ ကျုပ်မှာ အော်ချင်စိတ်တွေ တဖျင်းဖျင်း ဖြစ်မိသဗျ။
ဘောလုံးကွင်းထဲယူပြီး သကာလအများပြည်သူ အသုဘရှု၊ ဂါရ၀ပြုခွင့်ပေးရမယ်ဆိုသူကတော့
နေရာမှားရောက်လာတာလား။ အခြေအနေမှန်ကို မရိပ်မိတာလား မသိပေါင်ဗျာ။ အောင်ပန်းလို မြို့ကလေးကျဉ်းကျဉ်းမှာ အခု ဆရာကြီးအိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေဟာ မြို့မှာရှိတဲ့ လူအကုန်လောက်နီးပါးရှိတယ်ဆိုတာ ရိပ်မိပုံရရဲ့လား မပြောတတ်ဘူးဗျာ။ အင်း မရိပ်မိဆိုလည်း အပြစ်မ တင်ပါဘူး။ သူတို့က အမေရိကားက လာကြတာကိုးခင်ဗျ။
နောက်ဆုံးတော့ဆရာကြီးရဲ့ ခေါင်းတလားကိုအိမ်ရှေ့လူမြင်ကွင်းမှာ နေရာရွှေ့ပြီး ပြင်ပေးထားလိုက်ပါတယ်။
ဒီတော့မှ အသုဘရှုလာကြတဲ့ ပရိသတ်နဲ့ သတင်းသမားတွေကလည်း ဓာတ်ပုံတွေရိုက်ရတာပေါ့ဗျာ။ ဒီမှာကျုပ်ပြောချင်တာ ရောက်လာပြီဗျ။ အနှီလို ဓာတ်ပုံတွေရိုက်ကြတဲ့အခါ အခုနနိုင်ငံရေးတက်ကြွ
လှုပ်ရှားအဖွဲ့အစည်းအချို့က သကောင့်သား၊ သကောင့်သမီးများရဲ့ ဖြစ်ပုံပါ။
ကျုပ်လည်း အိတ်ထဲက ကင်မရာအစုတ်ကလေးကိုထုတ်၊ ဆရာကြီးကို အမှတ်တရဓာတ်ပုံ ရိုက်မယ် လုပ်တာပေါ့ခင်ဗျာ။ ဆရာကြီးရဲ့တူ၊ တူမ၊ မြေးများဖြစ်ကြတဲ့ ရုပ်ရှင်မင်းသား ရာဇာနေ၀င်းတို့၊ အဆိုတော်ဟေမာနေ၀င်းတို့ကလည်း သူတို့အဘိုးလေး ဈာပနမှာ ရှိနေကြတော့ ခေါင်းတလားကို လူမြင်ကွင်းမှာ ထားတဲ့အခါ သူတို့လည်း ရှိနေတာပေါ့။ ဒီမှာတင် တက်ကြလှုပ်ရှားနိုင်ငံရေးသမားအချို့ဟာ ဓာတ်ပုံကင် မရာချိန်တဲ့နေရာမှာ အခန့်သားလိုက်ပြီး နေရာရွှေ့ရပ်နေတာဗျ။ အချို့တက်ကြွလှုပ်ရှားသမီးပျိုကလေးများက ရာဇာနေ၀င်း နောက်မှာ မသိမသာကလေးရပ်လို့။
အသုဘဆိုတော့လည်း ဣနြေသိပ်ပျက်လို့မရတော့ ဒိုင်လျှိုကလေးပေါ့ဗျာ။ ကျုပ်ကလည်း ကင်မရာမှန်ဘီလူးကြားက သူတို့ဖြစ်နေပုံကိုကြည့်ပြီး မပြုံးဘဲ ၀ါးလုံးကွဲရယ်ချင်လိုက်တာဗျာ။
နောက်တစ်ခါတက်ကြွလှုပ်ရှားသူအချို့ကျပြန်တော့လည်း ဆရာကြီးရဲ့ခေါင်းတလားကို ဓာတ်ပုံရိုက်ရာ မှာ ဘေးမှာနေလိုက်၊ ထိပ်မှာနေလိုက်နဲ့ သတင်းသမားတွေရဲ့ ဓာတ်ပုံထဲပါအောင် လုပ်နေကြတာပြောပါတယ်။
ဓာတ်ပုံသမားတွေက ဆရာကြီးရဲ့ ညာဘက်ကနေရိုက်နေရင် သူတို့ကဘယ်ဘက်ကို ရောက်သွားတယ်။ တစ်ခါဓာတ်ပုံသမားတွေက ခြေရင်းဘက်ရောက်ရင် သူတို့က ခေါင်းရင်းဘက်ရောက်သွားတယ်။ ဆရာကြီးအလောင်းစင်နားမှာ ၀ိုင်းကြီးပတ်လည်လှည့်ပြီး ဓာတ်ပုံထဲမှာ ပါဖို့ရာ အားထုတ်နေကြတာ ရုပ်ပျက်ဆင်းပျက်ဗျာ။ ခက်ရချည်ရဲ့။
ကျုပ်မှာ အသုဘမှာ အနှီလိုရှုခင်းမျိုးကို မြင်နေတော့ ၀မ်းနည်းရမလား၊ ၀မ်းသာရမလား မိသိန်းကြည်ဆိုသလို ဖြစ်နေတာပေါ့ဗျာ။ ငို၍ ရယ်၍မရသော မျက်နှာနဲ့ပေါ့ဗျာ။ ဒီကြားတဲ့ အသုဘပို့မယ်ဆိုတော့ လွမ်းသူ့ပန်းခြင်းကို နာမည်ကြီးတွေရဲ့ လွမ်းသူ့ပန်းခြင်းမှ ရွေးကိုင်ကြတဲ့ တက်ကြလှုပ်ရှား လူငယ်အချို့ကလည်း ရောဂါတစ်မျိုးထနေပြန်သဗျ။ မိမိတို့ အဖွဲ့အစည်းရဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေကို ဓာတ်ပုံ သတင်းထောက်တွေ၊ ရုပ်သံသတင်းထောက်တွေမြင်အောင်မြှောက်ပြတာတစ်မျိုး၊ သုသာန်သို့ သွားရာလမ်းမှာ အုပ်စုလိုက်ဓာတ်ပုံ အရိုက်ခံတာတစ်မျိုးနဲ့ ပျော်ပွဲစားထွက်လာသလိုလို..။
မင်းသား ရာဇာနေ၀င်းကတော့ ဆရာကြီးဒဂုန်တာရာရဲ့ ပုံတူပန်းချီကားကြီးကို တစ်ဖက်တစ်ချက်ကကိုင်ပြီး လိုက်သဗျ။ သူကမင်းသားဆိုတော့ သတင်းဓာတ်ပုံသမားတွေကလည်း ဓာတ်ကျတာပေါ့ဗျာ။ ဒေသခံတွေကလည်း အိမ်ရှေ့ထွက်ကြည့်သူကြည့်ပေါ့ဗျာ။ ဘာမှမဆန်းဘူး။
ဆန်းတာက သူ့အနားမှာနေရင် သတင်းဓာတ်ပုံထဲမှာ မလွဲမသွေပါမှာပဲဆိုတာ ရွှေဉာဏ်တော်စူးရောက်စွာ သဘောပေါက်ကြတဲ့ ကိုကိုချစ်များ ကလည်းတမှောင့်။ ရာဇာနေ၀င်းအနားက တစ်ဖ၀ါးမှမခွာ။ ငါသည်လည်း ခေသူမဟုတ်ဆိုတဲ့ လုပ်ပေါက်တွေနဲ့ခင်ဗျ။
အဲ နိုင်ငံရေးလှုပ်ရှားတဲ့သူများဆိုလားပဲ။ အနှီခါတော်မီလှုပ်ရှားတက်ကြွသူများကလည်း တမှောင့်ခင်ဗျ။ သူတို့ခင်ဗျာ မြို့ကြီးပြကြီးက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေလို လူအများအာရုံစိုက်တာပဲ မခံရလို့လား။ သို့တည်းမဟုတ် မြို့ပြမှာနိုင်ငံရေးလုပ်ကွက်မရကြရှာလို့ပဲလား မသိပါဘူး။
အသုဘ ယာဉ်တန်းလည်း ထွက်ကရော သူတို့ကလည်း ကားပေါ်ကနေ အုပ်စုလိုက်လက်သီးလက်မောင်းတန်းကြလေရဲ့။ပြီးတော့“ဒီမိုကရေစီရရှိရေး..ဒို့အရေး”လို့ အော်ကြပါရောဗျာ။ ကျုပ်တို့မယ် ရုတ်တရက်ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဒေသခံတွေကလည်း ပါးစပ်အဟောင်းသားနဲ့ ငေါင်လို့။ အောင်ပန်းမြို့ကလေးမှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေချိန်နဲ့ ဆရာကြီးအသုဘကြုံကြိုက်တိုက်ဆိုင်နေ လို့လားပေါ့။ ပြီးမှမဟုတ်ဘူး သိရသဗျ။ ခွကျတယ်ဆိုတာ အဲဒါပြောတာ။
အသုဘရှုသူတွေ၊ မိသားစုဝင်တွေကတော့ ကိုယ့်အပူနဲ့ကိုယ်ပေါ့ခင်ဗျာ။ ဘယ်မှာဒါတွေလိုက်ကြည့်နေနိုင်ပါမလဲ။ ကျုပ်ကတော့ နဂိုကမှ ဒါမျိုးစပ်စပ်စုစုဆို တော့ကာ ဟိုကြည့်ဒီကြည့်မို့ မြင် မိကြားမိတာပါ။ အခြားသော အသုဘပို့လာကြတဲ့ ဧည့်သည်တော်များလည်း စိတ်မသက်မသာဖြစ်ရတာပေါ့ခင်ဗျ။ ဆရာကြီးအသုဘနဲ့ ဒီမိုကရေစီရရှိရေး ဆန္ဒပြတာနဲ့ ဘာဆိုင်တုံးဗျာ။ နောက်ဆုံးတော့ သူတို့ကလည်း သတင်းသမားတွေ၊ ပရိသတ်တွေရဲ့ အာရုံစိုက်မှုရရှိအောင်လုပ်တာပဲလို့ ကျုပ်ထင်သဗျ။ အဲသလိုဆိုရင်လည်း ငြိမ်းချမ်းရေးစာဆိုကြီးရဲ့ နောက်ဆုံးခရီးမှာ သူဘ၀တစ်လျှောက်လုံး တောင်းဆိုသွားတဲ့ ငြိမ်းချမ်းရေးကို ကျုပ်တို့ ရွှေပြည်ကြီးမှာ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တိုက်တွန်းတဲ့ ကြွေးကြော်သံကလေးဆိုရင် နည်းနည်းများလိုက်ဖက်ညီမလားလို့။ ခုတော့ နေရာမှားလာကြပုံပါပဲဗျာတို့။
ကျုပ်တော့ ဆရာကြီးရဲ့ ဈာပနမှာ အနှီလိုသော ရောဂါကြီးကြရှာတဲ့ လူပုဂ္ဂိုလ်အကြီးအငယ်၊ မောင်မယ်သစ်လွင်များကို ကြည့်ပြီးသကာလ တရားကျမိပါရဲ့။ ဆရာကြီးအသက်ထင်ရှားရှိစဉ်ကတော့ ချဉ်းကပ်မေးမြန်း၊ သူရေးတဲ့စာပေတွေလေ့လာ မလုပ်ကြဘဲနဲ့ ကွယ်လွန်ခါမှ အသုဘ မှာ နိုင်ငံရေးအမြတ်ထုတ်ခါ ချစ်ပြလာကြတဲ့ တက်ကြွလှုပ်ရှား ကိုကိုချစ်၊ မမချစ်များကို ဆလံပေးပါတယ်ဗျာ။
စာပေဖခင်ကြီး၊ ကဗျာဖခင်ကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီးလို့ တ စီစီကြွေးကြော်နေကြပေသိ ဆရာ ကြီးဈာပနကိစ္စနဲ့ ပတ်သက်ပြီး တုတ်တုတ်မျှ မလှုပ်ကြတဲ့ အဖွဲ့ အစည်းတွေလည်းရှိသဗျ။ အစကတော့ သူတို့ပဲ ချစ်လှပါချည်ရဲ့၊ လေးစားလှပါချည်ရဲ့ ပြောခဲ့ကြ တာ။ အနှီလူကြီးများကလည်း မသိမသာ ခပ်ခွာခွာကလေးဗျ။ ဦးဦးချစ်၊ ဒေါ်ဒေါ်ချစ်တွေပေါ့လေ။ သူတို့နဲ့စာရင် ဈာပနနေ့ တုန်းက ဓာတ်ပုံအရိုက်ခံချင်ကြ လို့ ဆရာ့ခေါင်းတလားကို ပတ်လည်လှည့်နေတဲ့ ကိုကိုချစ်၊ မမချစ်တို့ကမှ တော်သေး။
ငြိမ်းချမ်းရေး စာဆိုကြီးအပါအ၀င် ဒီသြဂုတ်လထဲမှာ ကြွေလွင့်သွားတဲ့ ဆရာသမားများအားလုံး
နောင်ဘ၀ဆက်တိုင်းမှာ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ မတွေ့ပါစေနဲ့ လို့ ကျုပ်တို့ ဆုတောင်းပေးလိုက်ကြရအောင်လားဗျ။ ကျုပ်တို့ အသက်ရှင်ကျန်ခဲ့သူတွေကတော့ ဒီလူတွေနဲ့ ဒီခေတ်ကြီးမှာ ဒီမိုး၊ ဒီလေတွေကို ဖြတ်သန်းရဦးမှာပါ။ ငို၍ ရယ်၍မရသော မျက်နှာတွေနဲ့ပေါ့ခင်ဗျာ။
ရေးသားသူ- ဘစီ
(ဖော်ပြပါသရော်စာသည် စာရေးသူဘစီ၏အာဘော်သာဖြစ်ပါသည်)