Thursday, August 29, 2013

“အားလုံး…သတိ !!!!”

,


ကျွန်တော်တို့ မန္တလေးမှာ အခုရက်ပိုင်း ကားမောင်းသူတွေ ခဏခဏ ကြုံတွေ့နေရတဲ့ အချဉ်ဖမ်းခံရတာကို ဒီနေ့ ကိုယ်တွေ့ ကြုံခဲ့ပြီဗျ။ အများလည်း သတိပြုမိနေလောက်ပါပြီ၊ ကားနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပြီး လက်လေးတစ်ခါခါ၊ ခါးလေးတနှိပ်နှိပ်နဲ့“ခင်ဗျား ကားဘယ်လိုမောင်းသွားတာတုန်း၊
ဒီမှာ ကျွန်တော်ကို့ ပွတ်သွားလို့၊ ချိတ်သွားလို့” ဆိုပြီး ငွေညှစ်တဲ့ ကိစ္စပါ။ အသိမိတ်ဆွေတွေ အတော်များများလည်း ခံခဲ့ရဘူးပါတယ်။ သူတို့ အဓိက ပစ်မှတ်က မိန်းမသားတွေ၊ အထူးသဖြင့် တစ်ယောက်ထဲ ကားမောင်းလာတဲ့ အချိန်မျိုး လုပ်တတ်ကြပါတယ်။ အဖိုးကြီးတွေဆိုလည်း ခံခဲ့ ရဘူးတယ်။ ကျွန်တော့်ဇနီးကလည်း ကားမောင်လေ့ရှိတာဆိုတော့ သူ့ကို အစောကြီးကတည်းက လက်ချာပေးထားတယ်။ ဒီလိုကောာင်တွေနဲ့ ကြုံရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတာ အသေးစိတ် သင်ပေးထားပါတယ်။ ကြုံလို့ မှတ်ထားရင်လည်း မှတ်ထားကြပါ၊ အသုံးဝင်လောက်ပါတယ်။
အဲ့သည်လို လက်ချာရာကျွန်တော် ကိုယ်တိုင် ဒီနေ့ ကြုံခဲ့ရတယ်။ ဒီနေ့ နေ့လည် ၁၂း၁၀မိနစ်မှာ သားကို ကျူရှင်ပို့ပြီး ၈၄လမ်းအတိုင်း တောင်ကနေ မြောက်ဖက်ကို မောင်းလာခဲ့တယ်။ ၃၂လမ်း အရောက် လမ်းကြောအတိုင်း အရှေ့ဖက်ကို ကွေ့ပြီး ၈၃ လမ်းမှာ မြောက်ဖက်ကိုကွေ့ပြီး ၈၃လမ်း အတိုင်း မောင်းလာခဲ့ပါတယ်။ လမ်း ၃၀ အလွန်လောက်မှာ နောက်ကြည့်မှန်ထဲ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် ကားနားကပ်ပြီး မောင်းလိုက်လာရင်း ကျွန်တော့်ကို လှမ်း လက်ညှိုးထိုးပြီး အော်ပြောနေတာ။ ကျွန်တော်ကလည်း ကားမှန်တင်ထားတော့ သူတို့ ဘာတွေပြောနေတယ်ဆိုတာ မကြားနိုင်ဘူး။ဥပုသ်နေ့လမ်းကရှင်းနေတာဆိုတော့နောက်ကြည့်မှန်ထဲကနေ
ကိုယ့်ကိုပြောနေတာလား၊ ကပ်လိုက်လာနေတာလားဆိုတာ သေချာအောင်ကြည့်ရင်း ကားကိုဖြည်းဖြည်း မောင်းလာခဲ့တာပေါ့ဗျာ။ သေချာကြည့်တော့ သူတို့ပုံစံက ကျွန်တော့်ကို ရန်လိုတဲ့ ပုံစံနဲ့ပြောဆိုနေတာ သေချာသွားပြီ။ ဒီလိုနဲ့ ၂၉ လမ်းအရောက် လမ်းကြောကြောင့် ကားကရပ်လိုက်တော့ သူတို့ ဆိုင်ကယ်က ကျွန်တော့်ဘေး ရောက်လာတယ်။ သူတို့လည်း အရောက် ကျွန်တော်က ကားမှန်ကို ချလိုက်ပြီး ညီလေးတို့…ဘာလဲကွ၊ ကိုယ့်ကို ဘာပြောနေတာလဲ..ဆိုတော့ သူတို့ထဲက ဆိုင်ကယ်နောက်မှာ ထိုင်လာတဲ့သူက သူ့ဘယ်ဖက်လက်ကောက်ဝတ်ကို ညာလက်နဲ့ ဖိဆုပ်ထားပြီး လက်ကိုတခါခါ လုပ်နေရင်း လှမ်းပြောတယ်။ ရှေ့က မောင်းတဲ့သူက ဆိုင်ကယ်စီးဦးထုပ်ကိုရှေ့လေကာမှန်
အမည်းချဆောင်းထားတယ်၊ နောက်ကသူက ကာလာရောင်စုံ ရောင်ပြန်ပါတဲ့ မျက်မှန်ခပ်ကြီးကြီး တပ်ထားတယ်။ အသက်က ၂၅..၂၆ ဝန်းကျင်လောက်၊ အဝတ်အစားလည်း ကောင်းကောင်းမွန်မွန်ဝတ်ထားတာပါ။ သူတို့ ပုံစံကြည့်ပြီးကတည်းက ကျွန်တော် သဘောပေါက်လိုက်ပြီ။ ကားမှာတပ်ထားပြီး သီချင်းဖွင့်ထားတဲ့ ဖုန်းကိုလည်း ဖြုတ်ထားလိုက်ရင်း သူတို့ကို သေချာလေ့လာနေလိုက်တယ်။
သူတို့က ခင်ဗျားဗျာ ၈၄လမ်းကနေ ၃၂လမ်းကွေ့သွားတာ အချက်မပြပဲ ရမ်းကွေ့ချသွားတာပဲ…..လို့ပြောတာ။ ကျွန်တော်လည်း လမ်းကြောအတိုင်းကွေ့တာဆိုတော့ အချက်ပြမိလား မပြမိလား မသေချာပါဘူး၊ ဒါပေမဲ့ သေချာတာက နောက်ကိုကြည့်ပြီးမှ (အထူးသဖြင့် ဆိုင်ကယ်၊ စက်ဘီ ရှင်းမှ) ကွေ့တာဆိုတော့ ဘယ်သူနဲ့မှ မညိမချိတ်တာ ရှင်းနေတာပဲလေ။ ဒါနဲ့ ကျွန်တော်က….သြော် ဟုတ်လား ကိုယ်လည်း လမ်းရှင်းတော့ အချက်မပြမိဘူးနဲ့ တူတယ်..ဆောရီးကွာ လို့ ပြောပြီး လမ်းကလည်း ရှင်းသွားလို့ ဆက်မောင်းလာခဲ့တယ်။ နောက်ကြည့်မှန်ထဲမှာ သကောင့်သားတွေက ကပ်ပါလာတုန်း။ ၂၇လမ်းအကျော် သူတို့က ဘေးဇွတ်ကပ်လာတော့ ကားကိုရပ်လိုက်ပြီး..ဟေ့ မင်းတို့က ဘာလဲကွ မှန်ချမေးလိုက်တယ်။ သူတို့က ခင်ဗျားက ဆင်းလည်းမတောင်းပန်ဘူး ဘာလို့ဆက်မောင်းသွားတာလည်း တဲ့။ ဟုတ်လား လာဒါဆို အခုရှင်းမယ် ရပ်ရပ်လို့ပြောတော့ ရှေ့နားမှာ ရှင်းမယ် လိုက်ခဲ့တဲ့။ ကျွန်တော့်ကားနောက်မှာလည်း ကားတွေက ရောက်နေတော့ ၂၆လမ်းကို ဖြတ်ပြီး ငုဝါလျှပ်စစ်ဆိုင်ရှေ့ ကားရပ်ပြီး ဆင်းလိုက်တယ်။ သူတို့ ဆိုင်ကယ်ကို ရှေ့နားက ဆိုင်ကယ်အရောင်းဆိုင်ရှေ့ ရပ်လိုက်ပြီး လက်ကိုဖိကိုင်ထားတဲ့ ကောင်က ကျွန်တော်ဆီလျှောက်လာတယ်။ ကျွန်တော်လည်း ယာဉ်ထိန်းရဲကို ခေါ်မလို့ လှမ်းကြည့်တော့ သေချာမတွေ့ရဘူး။ ဒါနဲ့ မိတ်ဆွေ ရဲအုပ်ရဲ့ ဖုန်းကို ခေါ်မလို့ ကွန်တန့်လစ်ကို ဖွင့်နေတုန်း သူကပြောတယ်။
ခင်ဗျားက ဆင်းလည်းမရှင်းဘူး တောင်းလည်းမတောင်းပန်ဘူး၊ ဒါကြောင့် ကျုပ်တို့က လိုက်လာတာ…ဆိုတော့
ဟ..နေပါဦး မင်းတို့နဲ့ ငါနဲ့ ဘာမှမဖြစ်ပဲ ဘာကိုတောင်းပန်ရမှာတုန်း၊ လာ ရှင်းမယ်ဆိုလည်း ဒီတိုင်းမရှင်းဘူး၊ မော်တော်ပီကယ်ခေါ်မယ်၊ သက်ဆိုင်ရာ ရဲခေါ်ပြီး သူတို့ ရှေ့မှာ ရှင်းမယ်၊ လာခဲ့ မင်းတို့စောင့်… လို့ပြောခါရှိသေး သူတို့ဆိုင်ကယ်ဆီပြန်သွားပြီး ခင်ဗျား မရစ်နဲ့..ရတယ် ကျုပ်တို့ကလည်း ၃၂လမ်းက သက်သေတွေ ရှိတယ် ပြီးမှ ရှင်းကြမယ်ဆိုပြီး နှစ်ယောက်သား ဆိုင်ကယ်ပေါ် တန်းတက်ပြီး ထွက်မယ်လုပ်နေတာနဲ့ ..ဟေ့ မင်းတို့ ဘယ်မှမသွားနဲ့နော်၊ မင်းတို့ကို ငါမှတ်တမ်းယူထားမှာ …ဆိုပြီး ဖုန်းနဲ့ဓါတ်ပုံရိုက်မလို့ရှိသေး ဆိုင်ကယ်ပေါ်ကနေ ပြန်ဆင်းလာကြပြီး ..ခင်ဗျားရိုက်ချင်လည်းရိုက်၊ ကျုပ်တို့က မိကောင်းဖခင် သားသမီးတွေဗျ ဆိုပြီး ကျွန်တော့်ဘေး ပြန်ရောက်လာကြတယ်။ ဒီတော့မှ…
အေး မင်းတို့ ဒါမျိုးတွေ မန္တလေးမှာ အများကြီးဖြစ်နေတာ သိလို့ တိုင်းရဲက တို့ကို မေတ္တာရပ်ခံထားတယ်၊ ဒီလိုမျိုးဖြစ်ရင် သူတို့ကို ချက်ချင်း အကြောင်းကြားပါဆိုပြီး ဖုန်းနံပါတ်ပေးထားလို့ ငါ အခုဆက်တော့မှာ။ ငါ့ညီတို့က မိကောင်းဖခင်သားသမီးတွေဆို နောက်သတိထား၊ တော်ကြာသူများတွေ လုပ်ခဲ့တာတွေပါ မင်းတို့ ကြားညှပ်မှာဆိုးလို့ သတိပေးတာ….ဆိုပြီး ကယ်ပေါက် ဖွင့်ပေးလိုက်တော့ ဟုတ် ကျေးဇူးပါ အစ်ကိုကြီးဆိုပြီး လက်ဆွဲနှုတ်ဆက်ပြီး ထွက်သွားကြပါလေရော။ အစောက နာတဲ့ပုံစံနဲ့ ခါနေတဲ့ လက်က အခု လက်ဆွဲတော့ကျ ကောင်းသွားပြန်ရော။
ဒါ ဒီနေ့နေ့လည် ကိုယ်တိုင်ကြုံခဲ့ရတာပါဗျာ။ မိတ်ဆွေတွေကိုလည်း အကြံပေးချင်ပါတယ်။ လက်ကိုင်ဖုန်းထဲ သက်ဆိုင်ရာ ရဲစခန်းဖုန်းနံပါတ်လေးတွေ သိမ်းပြီးထည့်ထားကြပါ။
ဗျာမများပဲနဲ့ သူတို့လေနောက်ကို ယောင်ပါမသွားပါစေနဲ့၊ ခေါင်းအေးအေးထားပါ။
သူတို့ပြောတာကို ဇွတ်မငြင်းကြပါနဲ့( အပြန်အလှန်ငြင်းတယ်ဆိုကတည်းက သူတို့ဂွင်ထဲ ဝင်သွားနိုင်ပါတယ်)။
အထူးသဖြင့် အမျိုးသမီး(တစ်ယောက်ထဲမောင်း)တွေကို ပစ်မှတ်ထားတတ်ကြပါတယ်။ ဒီလိုကြုံရင် အိမ် သို့မဟုတ် အနီးဆုံးမိတ်ဆွေ တစ်ယောက်ကို ချက်ချင်းခေါ်ပါ၊
ယာဉ်ထိန်းရှိရင်လည်း အမြန်ဆုံးခေါ်ပါ။
ပြီးရင် သူတို့ကို ဘာမှ မရှင်းသေးပဲနဲ့ ဘယ်မှမသွားနဲ့၊ အားလုံးရှေ့မှာ ရှင်းမယ်ဆိုပြီး သူတို့ကို တားထားပါ။
နီးစပ်ရာ ရဲစခန်းကို အမြန်ဆုံး အကြောင်းကြားပါ။
ဘေးပတ်ဝန်းကျင်ကလည်း သည်လိုဖြစ်ရပ်ကြုံရင် ရပ်ကြည့်နေမယ့်အစား ဝိုင်းပြီးမေးမြန်းပေးကြရင်း သူတို့ ထွက်မသွားနိုင်အောင်ကူညီပေးကြပါ။
သူတို့က အမျိုးသမီးတွေ တစ်ယောက်ထဲကို အဓိကပစ်မှတ်ထားပေမယ့်၊ အမျိုးသားတွေလည်း အရမ်းဆွဲကွေ့သွားတဲ့ကားမျိုး၊ အချက်မပြပဲ ကွေ့သွားတဲ့ ကားမျိုးကိုလည်း ပစ်မှတိထားတတ်ကြပါတယ်။
ဒါ ကျွန်တော့် ဇနီးကို ပေးနေကျ လက်ချာဆိုတော့ အလွတ်ရနေလို့ ဘော်ဒါတွေ လိုအပ်ရင် သုံးလို့ရအောင် အကြံပြုခြင်းပါ။
လက်ချာကတော့ အမြဲပေးနေကျ ဖြစ်ပေမယ့် မှန်၊ မမှန် ပရယ်တီကယ်ကတော့ ဒီနေ့မှပဲ စမ်းသပ်ပြီးစီးကြောင်းပါ ခင်ဗျာ။
လူအချင်းချင်း လှည့်ပတ်ခြင်း ၊ ကင်းဝေးကြပါစေ ခင်ဗျာ။

“ခန့်ညီဖေ”
(၂၉၊ ၀၈၊ ၂၀၁၃ နေ့လည် ၁း၃၀)

မန္တလေး သား များ ကို အပုတ်ချလိုခြင်း အလျဉ်းမရှိပါ ။ ကြိုတင် သတိထား နိုင်အောင်၊ ကြုံခဲ့ရင် ဖြေရှင်းနိုင်အောင် ရွှေသတင်းသစ်  စာဖတ်ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ရပါသည်။

ရွှေသတင်းသစ်

0 comments to ““အားလုံး…သတိ !!!!””

Post a Comment