Tuesday, August 27, 2013

မိုးကာလကျော်ဖြတ်ခြင်း

,

Tuesday, August 27, 2013

မိုးရာသီဟာ ရေများအငွေ့ပျံမှုနဲ့ ရေတွင်း၊ ရေကန်၊ အင်းအိုင်များ မှာရေများ ပြည့်နေသလို ပိုးမွှား အလွယ်တကူ ပေါက်ပွားနိုင်ပါတယ်။ ပတ်ဝန်းကျင် စိုစွတ်မှုများလေ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်
ပိုးတွေပိုပြီး ပေါက်ပွားလေလေ ဖြစ်ပါတယ်။ ဒီရာသီမှာ အဖြစ်လွယ်တဲ့ ရောဂါကတော့ နှာစေး၊ ချောင်းဆိုး၊ အအေးမိရောဂါ၊ အစာမကြေခြင်း၊ အူရောင်ငန်းဖျား၊ ဝမ်းလျှောနဲ့ ဝမ်းကိုက်ရော ဂါစသည်တို့ ဖြစ်နိုင်ပါတယ်။

မိုးရွာထဲမှာ ထီး၊ မိုးကာအင်္ကျီ၊ မိုးတွင်းစီးဖိနပ်တွေ ဝတ်ဆင်သွားလာရမယ်။ မိုးရေတွေ စိုတဲ့အခါ ခြောက်သွေ့တဲ့ အဝတ်အထည်နဲ့ လဲဝတ်ရမယ်။ တစ်နေ့လုံး မိုးရေစိုနဲ့ မနေသင့်ဘူး။

ဗီတာမင်စီဟာ အအေးမိလို့ ခုခံအားနိမ့်တဲ့ အချိန်မှာ အကာအကွယ် ပေးနိုင်တယ်။ ဗီတာမင်စီ သောက်ရင် သင့်ရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေဟာ အအေးမိလို့ ဝင်လာတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပစ်နိုင်တယ်။ မိုးတွင်းကာလမှာ ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေ ပေါပါတယ်။ ဆေးမသောက်ရင်တောင် အချဉ်ဓာတ်ပါတဲ့ သရက်သီး၊ နာနတ်သီး၊ သံပရာသီးစတဲ့ အသီးတွေကို စားပါ။

ကျန်းမာရေးအတွက် အဓိကက ဆေးလိပ်ဖြတ်ခြင်းပဲ။ ဆေးလိပ်ငွေ့ဟာ အသက်ရှူ လမ်းကြောင်းကို ပိတ်ဆို့နိုင်သလို အခြားနောက်ဆက်တွဲ ဆိုးကျိုးတွေလည်းရှိလို့ ဆေးလိပ်ကို အတတ်နိုင် ဆုံး လျှော့ရပါမယ်။ မိမိသာမက အခြား လူကောင်းများလည်းပဲ ဆေးလိပ် အငွေ့ခံရခြင်းကြောင့် ဖြတ်နိုင်လေ ကောင်းလေဖြစ်တယ်။

ရေမှန်မှန် ချိုးပါဆိုတာက မိုးရေထိတဲ့ ခန္ဓာကိုယ်ကို လန်းသွားအောင် တတ်နိုင်ရင် ရေနွေးနဲ့ ရေချိုးပေးသင့်တယ်။ တချို့က ရေချိုး တိုင်း ခေါင်းလောင်းချိုးတယ်။ အဲဒါ ထိပ်ကပ်နာ ဖြစ်စေတယ်။ ဦးရေခွံဟာ အမြဲအအေးမိနေပြီး နှာစေးတာ မပျောက်တော့ဘူး။ ခန္ဓာကိုယ် အပူချိန် သင့်တင့်မျှတအောင် ပြန်ပေးရမယ့် အခြောက်ခံရမယ့် ကာလကို ပြန်မရောက်ဘဲ ခဏခဏ ပြန်စို ရွှဲပြန်တော့ နှာစေးတာ မပျောက်နိုင်တော့ဘူး။ တစ်ပတ်မှာ တစ်ကြိမ်သာ ခေါင်းလျှော်ပါ။

ချွေးထွက်အောင် လုပ်ပါဆိုတာက နေ့စဉ်ပုံမှန် လမ်းလျှောက် (အားကစား) နာရီဝက်ခန့် လုပ်သင့်တယ်။ ချွေးထွက်အောင် လုပ်ခြင်းဖြင့် ခန္ဓာ ကိုယ် နုံးခွေသမျှ၊ လေးလံသမျှ ချွေးထွက်သွားတာနဲ့ အအေး မိနှာစေးပါ ပျောက်သွားတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံမှု စွမ်းရည်ကိုလည်း တိုးမြှင့်စေတယ်။ စွပ်ပြုတ် ပူပူလေး သောက်ပါဆိုတာက အများအားဖြင့် အအေးမိနှာစေး၊ နေမကောင်းရင် ထမင်းမစားတာ ကောင်းတယ်။ ဒါပေမဲ့ စွပ်ပြုတ်လေးတော့ သောက်သင့်တယ်။ စွပ်ပြုတ်ရဲ့ အပူချိန်က အေးမြ တဲ့ လေအေးနဲ့ ခန္ဓာကိုယ် နွမ်းလျနေတာကို နွေးထွေးစေပြီး ချွဲသလိပ် ရှင်းထုတ်နိုင်တယ်။ အအေးမိရောဂါကိုလည်း တော်ရုံနဲ့ မဝင်စေဘူး။ စွပ်ပြုတ်ဆိုရာမှာ အသားနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်စုံ၊ ဂေါ်ဖီ၊ ပန်းမုန်လာ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ကြာဇံ သို့မဟုတ် မြူစွမ်တို့ကို သောက်ကောင်းအောင် ချို၊ ငန်၊ စပ်၊ ပူပူလေး လုပ်သောက်ပါ။

အအေးမိရောဂါ ကူးစက်တယ်ဆိုတာ ညစ်ပတ်နေတဲ့ လက်တွေကြောင့် ဖြစ်တယ်။ လက်တွေက တစ်ဆင့် ဗိုင်းရပ်စ်ပေါင်းစုံ အချိန်မရွေး ပါလာနိုင်တယ်။ လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စင်ကြယ်အောင် ဆေးရမယ်။ အစာစားတိုင်းနဲ့ မစားမီ၊ စားပြီးချိန်၊ အိမ်သာသွားပြီးချိန်၊ ညစ်ပေနေတဲ့ ပစ္စည်းတွေနဲ့အလုပ်တစ် ခုခုလုပ်ပြီးတဲ့အချိန်တိုင်း သေသေချာချာ လက်ဆေးသင့်တယ်။

လူတွေရဲ့စိတ်ဟာ တစ်ခါတစ်ရံမှာ ထင်တာထက် ပိုမိုဆန်းကြယ်တယ်။ စိတ်ထဲကနေ နေမကောင်းဘူးဆိုရင် ခန္ဓာကိုယ်မှာ ဘာရောဂါမှ မပြဘဲ၊ ဖျားနာသလိုခံစားရတယ်။ စိတ်ဓာတ် ခိုင်မာဖို့ကတော့ စိတ်ခွန်အား တိုးမြင့်တဲ့ စာပေများကို ဖတ်ပေးရမယ်။ ဘာသာရေး လိုက်စားရမယ်။ ယောဂကျင့်စဉ်လည်း ကျင့်လို့ရတယ်။

မိုးရေစိုစဉ် ကူးစက်ရောဂါ အဝင်ရောက်နိုင်ဆုံးက နှာခေါင်းနဲ့ပါးစပ်ပါ။ နှာခေါင်းကတစ်ဆင့် လေထဲက ပိုးမွှားတွေ ဝင်ရောက်နိုင်သလို မသန့်ရှင်းတဲ့လက်နဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ကိုင်တွယ် မိတတ်ကြတယ်။ တတ်နိုင်ရင် နှာခေါင်းစွပ် (မောက်စ်ကာဗာ)စွပ်ထားသင့်တယ်။ ရောဂါဖြစ်ရင်လည်း သေချာတိကျစွာ ကုသပြီးမှ အပြင်ထွက်သင့်တယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဗီတာမင်အေပါတဲ့ အသီးအနှံတွေ၊ အခြားသတ္တုဓာတ်နဲ့ ဗီတာမင်ပါတဲ့ အစားအစာတွေ စားရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းဖို့ကတော့ မလွဲမသွေ လိုအပ်တဲ့နည်းအရ တစ်နေ့အနည်းဆုံး ထမင်းနှစ်ကြိမ်စား၊ ရေနှစ်ခါချိုး၊ အိမ်သာနှစ်ခါတက်ပါ။ ဆပ်ပြာနဲ့ လက်ဆေးပါ။ မိုးရေစိုထားတဲ့ အင်္ကျီအဝတ် အစားတွေကို သေချာစွာလျှော်ဖွပ်၊ နေလှန်းပါ။ သပ်သပ်ရပ်ရပ် နေပါ။

မြ၀တီ ကျန်မာရေး

0 comments to “မိုးကာလကျော်ဖြတ်ခြင်း”

Post a Comment