Friday, August 30, 2013

ရှမ်းပြည်နယ်ဒေသအချို့ ရေကြီး၊ မြေပြိုမှုများဖြစ်ပွား

,


ရန်ကုန်- သြဂုတ် ၂၆ ရက်မှစ၍ ရှမ်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
တောင်ကျရေစီးဆင်းကာ ဒေသအချို့ ရေဖုံးလွှမ်းမှုနှင့်အတူ မြေပြိုမှု အန္တရာယ်များလည်း ဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။

ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်၊ မိုင်းလားမြို့များတွင် ရေဘေးနှင့် မြေပြိုမှုအန္တရာယ် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့ကားလမ်းမှာ သြဂုတ် ၂၈ ရက်တွင် အရှည် ပေ ၂၀၀ ခန့်အထိ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်မှ တာဝန်ရှိသူ
တစ်ဦးကပြောသည်။

မိုင်းလား ကားလမ်းမြေပြိုမှုတွင် အိမ်စီးကားတစ်စီးပါ မြေဖုံးအုပ်သွားပြီး ကားပေါ်ပါခရီးသည်သုံးဦးကို အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ကျိုင်းတုံမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

“မြို့နယ်အချို့မှာ ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိ
သူတွေနဲ့ပူးပေါင်းပြီး ရေးဘေးကယ်ဆယ်ရေးတွေ လုပ်ပေးခဲ့တယ်။ လူအသေအပျောက်တော့ မရှိပါဘူး”ဟု ရှမ်းပြည်နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြော
သည်။

ကျိုင်းတုံ၊ကွတ်ခိုင်နှင့်လားရှိုးမြို့များတွင် တောင်ကျရေစီးဆင်းမှုကြောင့် ဒေသတွင်းဖြတ်သန်းစီးဆင်းနေသော
ချောင်းများ ရေလျှံပြီး ရပ်ကွက်အချို့ရေနစ်မြုပ်ကာ သီးနှံစိုက်ခင်းများလည်း ပျက်စီးမှု ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

“တောင်ကျရေစီးပြီး စိုက်ခင်းတွေထဲကို သဲတွေဖုံးသွားလို့ သီးနှံစိုက်ခင်း ဧကတစ်ရာနီးပါး ပျက်စီးခဲ့ရတယ်။ ကတ်ဝုန်းရွာမှာတော့ သစ်ပင်ပိလို့ လူတစ်ယောက်ကို ဆေးရုံတင်ပို့ပေးခဲ့ပါတယ်”ဟု ကျိုင်းတုံမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း တိမ်တိုက်ကြီးတစ်ခုသည် သြဂုတ် ၂၅ ရက် သန်းခေါင်ယံမှစ၍ မြန်မာနိုင်ငံ အရှေ့နှင့် အရှေ့မြောက်ဘက်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ ရွေ့လျားလာသောကြောင့် အဆိုပါဒေသများတွင် လျှပ်တစ်ပြက်ရေကြီးမှုနှင့်
မြေပြိုမှုအန္တရာယ်များ သတိထားရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားခဲ့သည်။

ထို့အပြင် မိုးဇလက ရှမ်းပြည်နယ်အပါအ၀င် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။

လာမည့်ရက်များတွင် မိုးလျော့နည်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဓာတ်ပုံ- SHAN NEWS

0 comments to “ရှမ်းပြည်နယ်ဒေသအချို့ ရေကြီး၊ မြေပြိုမှုများဖြစ်ပွား”

Post a Comment