Friday, October 11, 2013

နီယိုကွန်တို့ နေဝင်ချိန်

,

၂ဝဝဝ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲတွင် ဘုရှ် အနိုင်ရ ခဲ့ချိန်မှ စတင်ပြီး အမေရိကန် နိုင်ငံရေး လောကတွင် နီယိုကွန်ဟု လူသိ များသည့် ကွန်ဆာ ဗေးတစ် လက်သစ် ဝါဒီများ ဘုန်းမီး နေလ တောက်ပ ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး၊ ကာကွယ်ရေး မူဝါဒများနှင့် အမျိုးသား လုံခြုံရေး မဟာ ဗျူဟာက အစ ပြည်တွင်း ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ အဆုံး ကဏ္ဍ အားလုံးတွင် နီယိုကွန်တို့ အယူအဆ များက လွှမ်းမိုး ထားခဲ့ ကြသည်။ သို့သော် ၂ဝဝ၅ ခုနှစ်တွင် အီရတ် စစ်ပွဲ အခြေ အနေတွေ ဆိုးလာချိန် ကစပြီး နီယိုကွန် တို့ ကံဇာတာ ကျဆင်း လာခဲ့ရာမှ ၂ဝဝ၆ ခုနှစ် သက်တမ်းလယ် ရွေးကောက် ပွဲတွင် ရီပတ် ဘလီကင်တို့ မရှု မလှ အရေးနိမ့် ခဲ့ချိန် တွင်မူ သြဇာ ကြီးမား လှသော နီယိုကွန် ထိပ်သီးများ ဘုရှ် အစိုးရ အတွင်းက တစ်ဖြေးဖြေး လွင့်ပါး ပျောက်ကွယ် ကုန်ကျ လေသည်။ ရမ်းစဖဲလ်၊ ဂျွန်ဘိုလ်တန်တို့ ရာထူးမှ နှုတ်ထွက် ခဲ့ရသလို ဒုတိယ သမ္မတ ဒစ်ချေယင်နီ၏ သြဇာလည်း လျော့ပါး လာခဲ့သည်။ ယခု နောက်ဆုံးတွင် အီရတ် စစ်ဖြစ် ရခြင်း ၏ အဓိက လက်သည်ဟု ယူဆ ထားသည့် နောက်ထပ် နီယိုကွန် တစ်ဦး ဖြစ်သော ပေါ်ဝူလ် ဖိုလ်ဝစ်ဇ် သည်လည်း ကမ္ဘာ့ဘဏ် ဥက္ကဌ အဖြစ်က အရှက်တကွဲ ဖြစ်ကာ နှုတ်ထွက် ရတော့မည် ဖြစ်သည်။
အမေရိကန် အကျိုး စီးပွားသာ အဓိက ဝါဒီများ
နီယိုကွန် တို့က စစ်အေး တိုက်ပွဲ ပြီးဆုံး သွားခြင်းက အမေရိကန် တို့၏ စံနှုန်းနှင့် တန်ဖိုးများ၏ မှန်ကန်မှုကို သက်သေ ပြခြင်း ဖြစ်သည်ဟု ယူဆ ခဲ့ကြသည်။ ထို့ကြောင့် ၂၁ ရာစု တွင်လည်း အမေရိကန် တို့၏ အကျိုး စီးပွား နှင့် တန်ဖိုး များကို ဆက်လက် အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက် ရမည်၊ နိုင်ငံတကာ အခြေအနေကို အမေရိကန် တို့အတွက် အကျိုး ရှိမည့် အခြေအနေ ဖြစ်အောင် ကြိုတင် ပုံဖော် ထားရမည်၊ အမေရိကန်၏ အကျိုး စီးပွားနှင့် လုံခြုံရေးကို ခြိမ်းခြောက် လာနိုင်မည့် အန္တရာယ် များကို ကြိုတင် နှိပ်ကွပ် ထားရမည်ဟု ယူဆ ခဲ့ကြသည်။
နီယိုကွန် တို့၏ ထူးခြားချက်မှာ စစ်အေးခေတ် တစ်လျှောက်လုံး အမေရိကန်တို့ ကျင့်သုံး ခဲ့သည့် နိုင်ငံတကာ ဝါဒ နေရာတွင် တစ်ကိုယ်တော် ဝါဒဖြင့် အစားထိုး ခဲ့ခြင်း ဖြစ်သည်။ နီယိုကွန် တို့က ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကို ထိရောက်မှု မရှိပဲ ကြိုးနီး စနစ်များ၊ အဂတိ လိုက်စား မှုများ၊ မဆုံးနိုင် သော ဆွေးနွေး ငြင်းခုန်မှု များဖြင့် အချိန်ကုန် နေသည့် အဖွဲ့အစည်း များအဖြစ် ရှုမြင်ပြီး အမေရိကန် အမျိုးသား အကျိုးစီးပွားကို အကောင် အထည် ဖော်ရာတွင် ထိုအဖွဲ့ အစည်းများကို အားပြု စရာမလို၊ လိုအပ်လျှင် ထိုအဖွဲ့များမပါပဲ တစ်ကိုယ်တော် ဆောင်ရွက် သွားမည်ဟု ဆိုလေ့ ရှိပေသည်။
ထို့ပြင် နီယိုကွန် တို့သည် နိုင်ငံတကာ အဖွဲ့အစည်း များကို သာမက အမေရိကန် ကွန်ဂရက်နှင့် နိုင်ငံရေး လောကမှ လစ်ဘရယ် ဝါဒီ များကို လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာန စသည့် အစိုးရ ဌာန အသီးသီး မှ အစိုးရ အမှုထမ်း များကို လည်းကောင်း၊ အမေရိကန် တို့၏ သြဇာ ကြီးထွားမှုကို အတားအဆီး ဖြစ်စေသည့် အယူအဆများ၊ လုပ်ထုံး လုပ်နည်း များကို စွဲကိုင် ထားသူများ၊ သမားရိုးကျ ဆန်လွန်း သူများအဖြစ် ရှုမြင်ခဲ့ပြီး အရေးပါသော ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် ထိုသူတို့၏ သဘောထားနှင့် အကြံဥာဏ် များကို ပစ်ပယ် ထားခဲ့သည် ကိုတွေ့ရသည်။ ဘုရှ်အစိုးရ၏ မူဝါဒများမှာ နီိယိုကွန်များ၏ အတွင်းကြိတ် ဆွေးနွေးမှု များမှသာ ပေါ်ထွက် လာလေ့ ရှိသည်။
ဘုရှ်၏ လူကြမ်းများ
၂ဝဝဝ ပြည့်နှစ် သမ္မတ ရွေးကောက် ပွဲတွင် ဘုရှ် အနိုင်ရခဲ့ သည်အခါ နီယိုကွန် ၁၆ ဦးသည် ဘုရှ် အစိုးရ၏ နိုင်ငံခြားရေး၊ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ အရေးပါသော နေရာ များတွင် ရာထူးများ ရရှိ လာခဲ့ သည်။ ဘုရှ်အစိုးရ သက်တမ်း အစ၌ နီယိုကွန် တို့၏ သြဇာမှ ကြီးမား ကျယ်ပြန့်ခြင်း မရှိလှ သော်လည်း ၂ဝဝ၁ ခုနှစ် စက်တင် ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်မှု အပြီးတွင်မူ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲ ခေါင်းစဉ် အောက်တွင် အမေရိကန် နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး မူဝါဒ များသည် နီယိုကွန် တို့၏ မောင်ပိုင်စီး ခြင်းကို ခံလိုက် ရတော့၏။ အစိုးရ အဖွဲ့ အတွင်းမှ နိုင်ငံခြားရေး ဝန်ကြီး ပါဝဲလ် ကဲ့သို့ သဘောထား အမြင် ကျယ်ပြန့် ပျော့ပြောင်းသော အလယ် အလတ် ဝါဒီများ ချောင်ထိုး ခံရပြီး ဒုတိယ သမ္မတရုံးနှင့် ကာကွယ်ရေး ဝန်ကြီးတို့က နိုင်ငံခြား ရေးနှင့် ကာကွယ်ရေး မူဝါဒများကို ကိုင်တွယ် ဆောင်ရွက် လာခဲ့သည်။ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ မူဝါဒများကို ပေါင်းစပ် ပေးသည့် အမျိုးသား လုံခြုံရေး ကောင်စီ၏ အခန်း ကဏ္ဍပင် မှေးမှိန် သွားခဲ့ပြီး ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် ဗဟို ထောက်လှမ်းရေး အဖွဲ့တို့မှ နီယိုကွန် တို့၏ အယူအဆ များကို မထောက်ခံသော အစိုးရ အရာရှိ ကြီးများမှာ ချောင်ထိုးခြင်း၊ ထုတ်ပယ် ခံရခြင်း များဖြင့် ဇာတ်သိမ်းသွား ခဲ့ရသည်။ နီယိုကွန် များက ပြင်ပမှ အကြံပေး အရာရှိ များကို ခေါ်သွင်း လာပြီး ထိုသူများက အကြံပေး ရုံသာမက ဌာနဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ် များတွင်ပါ ဝင်ရောက် စွတ်ဖက် လာခဲ့ ကြသည်။ ထိုကဲ့သို့ နီယိုကွန် တို့၏ ကြီးစိုးမှုမှာ ၂ဝဝ၅ ခုနှစ်အထိ သက်တမ်း ရှည်ခဲ့ပြီး ထိုကာလတွင် ဘုရှ် အစိုးရသည် နီုယိုကွန် များ၏ ဦးဆောင် မှုဖြင့် အီရတ် စစ်ပွဲလို မဟာဗျူဟာ အမှားများ သာမက နိုင်ငံတကာ ဆက်ဆံရေး တွင်လည်း နည်းဗျူဟာ အမှား အများ အပြားကို လုပ်ဆောင် ခဲ့ကြ ပေသည်။
ဒုတိယ သက်တမ်း
၂ဝဝ၄ ခုနှစ် ရွေးကောက်ပွဲ တွင်လည်း ဘုရှ် ထပ်မံ အနိုင်ရခဲ့ သည့်အပြင် ရီပတ် ဘလီကင် ပါတီက လည်း လွှတ်တော် နှစ်ရပ် လုံးကို ထိန်းချုပ် နိုင်ခဲ့ ပေသည်။ ထိုအချိန်တွင် အီရတ်စ စ်ပွဲမှာ အခြေအနေ မှာလည်း အလွန် ဆိုးဝါးခြင်း မရှိသည့် အတွက် နီယိုကွန် တို့က အနာဂတ်ကို အကောင်း မြင်ခဲ့ ကြသည်။ ထို့ကြောင့်လည်း ၎င်းတို့၏ သြဇာ အာဏာကို အစိုးရ အဖွဲ့ အတွင်း မှသည် နိုင်ငံတကာ အဖွဲ့ အစည်းများ ထံသို့ တိုးချဲ့ရန် စဉ်းစား လာခဲ့လေ သည်။
တကယ်တော့ နီယိုကွန် တို့က ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများကို ဘယ်တုံးကမှ အကောင်း မြင်ခဲ့သည် မဟုတ်။ ၎င်းတို့က ထိုအဖွဲ့ အစည်းများကို အမေရိကန် တို့၏ အမျိုးသား အကျိုး စီးပွားကို အနှောင့် အယှက် ပေးနေသည့် ခလုတ် ကန်သင်းများ အဖြစ်သာ ယူဆခဲ့ သည်။ ထို့ကြောင့်လည်း ဘုရှ်၏ ပထမ သက်တမ်း တွင် နိုင်ငံတကာ အဖွဲ့အစည်း များသာမက ဥရောပ သမဂ္ဂ ကဲ့သို့သော မဟာမိတ် များကိုပင် ပစ်ပယ်ပြီး တစ်ကိုယ်တော် ဝါဒကို ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ဘုရှ်အစိုးရ အတွင်းက နီယိုကွန်များက အီရတ် စစ်ပွဲကို မထောက်ခံ သော ပြင်သစ်နှင့် ဂျာမနီတို့လို အဓိက မဟာမိတ် များကိုပင် ဟောင်းမြင်း ပုတ်သိုး နေတဲ့ ဥရောပ နိုင်ငံများဟု ပျစ်ပျစ် နှစ်နှစ် ဝေဖန်ခဲ့ ပေသည်။ သို့သော် အီရတ် စစ်ပွဲနှင့် အခြား နိုင်ငံတကာ ပြဿနာ များမှ ရရှိခဲ့သော သင်ခန်းစာ များအရ အမေရိကန် အနေဖြင့် မည်မျှ အင်အား ကြီးမား နေသည့်တိုင် နိုင်ငံတကာ၏ ပူးပေါင်း ဆောင်ရွက်မှု ရရန် လိုအပ်သည်ကို နီယိုကွန်တို့ လက်ခံခဲ့ လာရပေသည်။
ထို့ကြောင့် ဘုရှ်၏ ဒုတိယ သက်တမ်းတွင် နီယိုကွန် တို့က နိုင်ငံတကာ အဖွဲ့အစည်း များကို အမေရိကန်၏ အကျိုး စီးပွားကို အကောင်အထည် ဖော်ရာတွင် အထောက် အကူ အဖြစ် အသုံးချ နိုင်ရေးကို ဦးတည် ကြိုပမ်းခဲ့ သည်။ ထိုအထဲတွင် အဓိက ပစ်မှတ် နှစ်ခုမှာ ကုလ သမဂ္ဂနှင့် ကမ္ဘာ့ဘဏ် တို့ဖြစ်ပြီး ထိုအဖွဲ့အစည်း နှစ်ခုကို ကိုင်တွယ်မည့် သူများ အဖြစ် နီယိုကွန် ထိပ်သီး နှစ်ဦးဖြစ်သည့် ဂျွန် ဘိုလ်တန်နှင့် ပေါ်ဝူ ဖိုဝစ်ဇ်တို့ကို ဘုရှ် အစိုးရက ရွေးချယ်ခဲ့ ပေသည်။
ကုလ သမဂ္ဂနှင့် ဂျွန်ဘိုလ်တန်
ဘုရှ်က ဂျွန် ဘိုလ်တန်ကို ကုလ သမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် အဆိုပြု သည့်အခါ ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ကသာမက အမေရိကန် အထက် လွှတ်တော် အတွင်းရှိ ရီပတ် ဘလီကင် နှင့် ဒီမိုကရက် များက အပြင်းအထန် ကန့်ကွက် ခဲ့သည်။ ဘိုလ်တန်သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ ရေးရာ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်စဉ် အမေရိကန် အလိုကျ မလုပ်သော ကုလသမဂ္ဂ အဖွဲ့အစည်း များမှ တာဝန်ခံ များကို ရာထူးမှ ဖယ်ရှား ခံရအောင် အမျိုးမျိုး ဖိအားပေး ခဲ့သူ၊ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များကို အသုံး အဖြုံး ကြီးပြီး အလုပ်မဖြစ်သည့် အဖွဲ့များ အဖြစ် ဝေဖန် တိုက်ခိုက်သူ အဖြစ် ထင်ရှားခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့သော သူတစ်ဦးကို သံအမတ်ကြီး အဖြစ် ခန့်ခြင်းကို အထက် လွှတ်တော်က ကန့်ကွက် ခဲ့သည့်တိုင် ဘုရှ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အားနည်းချက်ကို အခွင့်ကောင်း ယူပြီး လွှတ်တော်၏ အတည်ပြုချက်ကို မယူပဲ ယာယီ ခန့်အပ် ခဲ့သည်။ ဘိုလ်တန် ကလည်း ကုလ သမဂ္ဂသို့ ရောက်သည် နှင့် ကုလ သမဂ္ဂ ဖွံ့ဖြိုးရေး အကူအညီ များနှင့် လုံခြုံရေး ကောင်စီတို့ကို အမေရိကန် အကျိုးစီးပွား များကို အကောင်အထည် ဖော်ရန်၊ အမေရိကန်၏ ရန်သူများကို ဒဏ်ခတ် ဖိအား ပေးရန်၊ မိတ်ဆွေ များကို ဆုချီးမြှင့်ရာ လက်နက်များ အဖြစ် အသုံးပြုရန် အစွမ်းကုန် ကြိုးစား ခဲ့ပေသည်။ သို့သော် သူ၏ ငါတ ကောကောသည့် သံတမန် မဆန်သည့် အပြုအမှု များကြောင့် အမေရိကန် နိုင်ငံခြားရေး မူဝါဒသည် အောင်မြင် မှုထက် ဆုံးရှုံးမှုများ ပိုမိုများပြား ခဲ့ရ ပေသည်။ နောက်ဆုံး ၂ဝဝ၆ ခုနှစ် သက်တမ်းလယ် ရွေးကောက် ပွဲတွင် ဒီမိုကရက်တို့ အနိုင် ရခဲ့ပြီး နောက် ဂျွန် ဘိုလ်တန်ကို အတည်ပြု ခန့်ထားရန်မှာ လုံးဝ မဖြစ်နိုင်တော့ သည်မှာ ထင်ရှား လာသည့် အခါ ဂျွန် ဘိုလ်တန် သည်လည်း ရာထူးမှ နှုတ်ထွက် သွားခဲ့ရ ပေသည်။
ကမ္ဘာ့ဘဏ်နှင့် ဝူဖိုလ်ဝစ်ဇ်
တစ်နှစ် ဖွံ့ဖြိုးဆဲ နိုင်ငံများသို နှစ်စဉ် ဒေါ်လာ ၂၃ ဘီလီယံ တန်ဖိုးရှိသည့် ဖွံ့ဖြိုးရေး အကူအညီများ ပေးနေသည့် ကမ္ဘာ့ဘဏ်ကို ချုပ်ကိုင် ရေးသည် နီယိုကွန် တို့၏ နောက်ထပ် ရည်မှန်းချက် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အပြီး ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ တို့ကို ဖွဲ့စည်းရန် သဘောတူ ခဲ့စဉ်က အမေရိကန်နှင့် ဥရောပ မဟာမိတ်များ အကြားတွင် ကမ္ဘာ့ဘဏ် ဥက္ကဌသည် အမေရိကန် လူမျိုးဖြစ်ရန်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ဥက္ကဌသည် ဥရောပ နိုင်ငံသား ဖြစ်ရန် သဘော တူညီခဲ့ ကြသည်။ ထို့ကြောင့် ကမ္ဘာ့ဘဏ် ဥက္ကဌ နေရာ လစ်လပ် သည့်အခါ ဘုရှ်က ပေါ်ဝူ ဖိုလ်ဝစ်ဇ်ကို ရွေးချယ် ခဲ့သည်။ ထိုရာထူး နေရာကို လွှတ်တော်က အတည်ပြုရန် မလို သောကြောင့် ပြည်တွင်းတွင် ဆန့်ကျင်မှု မရှိခဲ့ သော်လည်း ဥရောပ မဟာမိတ် များကမူ ဝူဖိုလ်ဝစ်ဇ်၏ အီရတ် စစ်ပွဲတွင် ပါဝင်ခဲ့သည့် အခန်းကဏ္ဍနှင့် ၎င်း၏ စီမံ ခန့်ခွဲမှု ပုံစံ များကြောင့် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းများကို ထိခိုက် နိုင်သည်ဟု ကန့်ကွက်ခဲ့ ကြသည်။ သို့သော် ဘုရှ်အစိုးရက ဥက္ကဌ ရွေးချယ်မှုမှာ အမေရိကန်၏ တာဝန်သာ ဖြစ်သည်ဟု ဆိုပြီး ပယ်ချခဲ့ လေသည်။
ဝူလ်ဖိုလ်ဝစ်ဇ် သည်လည်း ဥက္ကဌ ရာထူး ရရှိသည်နှင့် ပင်တဂွန်တွင် လုပ်ခဲ့သည့် ပုံစံအတိုင်း ပြင်ပက အကြံပေး အရာရှိ များကို ခေါ်သွင်းကာ ထိုလူ တစ်စုနှင့်သာ တိုင်ပင် ဆွေးနွေး ဆုံးဖြတ်ခြင်း၊ အဖွဲ့အစည်း၏ ကွပ်ကဲမှု အဆင့် များကို ဖြတ်ကျော်ပြီး တိုက်ရိုက် ဝင်ရောက် အမိန့်ပေးခြင်း၊ ကမ္ဘာ့ဘဏ်၏ အကူအညီ ပေးရေး စီမံကိန်း များကို အမေရိကန် နိုင်ငံခြားရေး မူဝါဒ စံများနှင့် တိုင်းတာ ဆောင်ရွက် ခြင်းတို့ ပြုလုပ် လာခဲ့၏။ ထို လုပ်ဆောင်ချက် များကို ဝေဖန်သူ ဌာန အကြီးအကဲ များကိုလည်း ဘေးဖယ် ထားခြင်း၊ ရာထူးမှ ဖယ်ရှားခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ဘဏ်၏ အာဖရိက ဆိုင်ရာ ဒုဥက္ကဌနှင့် အရှေ့ အလယ်ပိုင်း ဆိုင်ရာ ဒုဥက္ကဌ တို့မှ ထိုဒဏ်ကို ခံရသူများ ထဲတွင် ပါဝင်သွား ခဲ့သည်။ ပေါ်ဝူလ် ဖိုဝစ်ဇ်ကမူ ကမ္ဘာဘဏ် အတွင်းနှင့် ဘဏ်မှ ဆောင်ရွက် နေသော စီမံကိန်း များတွင် အဂတိ လိုက်စား မှုများ၊ ကြိုးနီ စနစ်များ များပြား နေသောကြောင့် ယခုကဲ့သို့ တင်းတင်း ကြပ်ကြပ် စံများ သတ်မှတ် ရခြင်း ဖြစ်ကြောင်း အကြောင်းပြ ခဲ့သည်။ သို့သော် ဘဏ်ဝန်ထမ်း အများစုကမူ ဝူလ်ဖိုလ် ဝစ်ဇ်သည် ကမ္ဘာ့ဘဏ်ကို အမေရိကန် နိုင်ငံခြားရေး မူဝါဒအား အထောက် အကူ ပေးသည့် အဖွဲ့အဖြစ် ပြောင်းလဲ နေသည်ဟု ယူဆပြီး ၎င်း၏ ခေါင်းဆောင်မှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်ခဲ့ ကြသည်။
ပြီးခဲ့သည့် မတ်လ အတွင်း ကမူ ဝူလ်ဖိုလ် ဝစ်ဇ်သည် ဘဏ် အမှုထမ်း တစ်ဦးဖြစ်သည့် ၎င်း၏ ချစ်သူ ရှာဟာရီဇာကို မသင့်မလျှော် လစာ တိုးပေး ခဲ့သည် ဆိုသည့် အချက် အလက်များ ဘဏ်အတွင်း လူများထံမှ တဆင့် မီဒီယာများသို့ ပေါက်ကြား သွားခဲ့သည်။ ဝူလ်ဖိုလ်ဝစ်ဇ်ဘ ဏ်ဥက္ကဌ ဖြစ်လာချိန်တွင် ၎င်း၏ ချစ်သူနှင့် ဌာနတစ်ခု တည်းတွင် တာဝန် ထမ်းဆောင် နေခြင်းသည် ကျင့်ဝတ်ပိုင်း ဆိုင်ရာ အရ သင့်တော်မှု မရှိသဖြင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနတွင် တွဲဖက် တာဝန် ထမ်းဆောင်ရန် စီစဉ်ေ ပးခဲ့သည်။ ရီဇာ အနေဖြင့် ဌာန ပြောင်းသွား သော်လည်း လစာကိုမူ ကမ္ဘာ့ဘဏ်က ပေးရမည် ဖြစ်သည်။ သို့သော် ဝူလ်ဖိုလ်ဝစ်ဇ် က ထိုသို့ ပြောင်းရွှေ့ခြင်း မပြုမီတွင် ရီဇာ၏ လစာကို လက်ရှိ ဒေါ်လာ တစ်သိန်း သုံးသောင်း ကျော်မှ တစ်သိန်း ကိုးသောင်း ကျော်သို့ ၎င်း၏အမိန့်ဖြင့် တိုးပေး ခဲ့သည်။ ထို့ကြောင့် ရီဇာ၏ လစာမှာ နိုင်ငံခြားရေး ဝန်ကြီး ရိုက်စ်၏ လစာထက်ပင် ဒေါ်လာ ၇ဝဝဝ ပိုများ သွားခဲ့ ပေသည်။ ထိုမှတဆင့် ပေါ်ဝူလ် ဖိုလ်ဝစ်ဇ် သည် ဘဏ် အုပ်ချုပ်ရေး အဖွဲ့၏ စုံစမ်း စစ်ဆေးမှုကို ခံခဲ့ရပြီး ရာထူးမှ နှုတ်ထွက် ခဲ့ရခြင်း ဖြစ်သည်။ သို့တိုင်အောင် ဘုရှ်အစိုးရက ဝူလ်ဖိုဝစ်ဇ်၏ အမှားသည် ရာထူးမှ ထွက်ပေး ရမည့် အမှား မဟုတ် ဟုဆိုပြီး နှစ်လခန့် တင်းခံ နေခဲ့ သေးသည်။ နောက်ဆုံးတွင် ဝူလ်ဖိုလ်ဝစ်ဇ် အနေဖြင့် မည်သို့မျှ ဆက်လက် ခေါင်းဆောင်မှု ပေးနိုင်မည့် အခြေအနေ မရှိကြောင်း ထင်ရှား လာမှသာ ဘဏ် အုပ်ချုပ်ရေး ဘုတ်အဖွဲ့မှ ထုတ်ပယ် ခံမည့် အစား ဝူလ်ဖိုလ်ဝစ်ဇ်က နှုတ်ထွက်စာ တင်သွင်းရန် သဘောတူ ခဲ့ခြင်း ဖြစ်သည်။ ဝူလ်ဝိုလ်ဝစ်ဇ် နှုတ်ထွက်မည့် သတင်း ပေါ်ထွက် လာချိန်တွင် ဘဏ် အမှုထမ်း များက ရှန်ပိန် ပုလင်းများ ဖွင့်ပြီး အောင်ပွဲခံ သကဲ့သို့ အင်န်ဂျီအို အဖွဲ့များ ကလည်း ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြ ပေသည်။
သမိုင်း တရားခံများ
ယခုအချိန်တွင် ဂျွန်ဘိုလ်တန်နှင့် ပေါ်ဝူလ်ဖိုဝစ်ဇ် တို့အပြင် နီယိုကွန် ထိပ်သီး ရမ်းစဖဲလ် လည်း အနားယူ သွားပြီး ဖြစ်ကာ ဒုသမ္မတ ချေယင်နီ သည်လည်း ယခင်ကလို သြဇာ မရှိတော့ သည်ကို တွေ့ရသည်။ သို့သော် နီယိုကွန်တို့ ပေးခဲ့သည့် အမွေကြောင့် အမေရိကန်သည် ယခုအခါ လူမုန်း အများဆုံး နိုင်ငံ အဖြစ်သို့ ရောက်နေပြီ ဖြစ်သည်။ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက် မှုကြောင့် ရရှိခဲ့သည့် နိုင်ငံတကာ၏ ဂရုဏာ သက်မှု ကို ကမ္ဘာ့ ငြိမ်းချမ်း ရေးနှင့် အမေရိကန် တို့၏ အကျိုး စီးပွားအ တွက် အကျိုး ရှိအောင် သုံးနိုင်သည့် အခွင့် အရေးသည် နီယိုကွန် တို့၏ မောက်မာမှု၊ ငါတကော ကောမှု၊ စိတ်ကြီး ဝင်မှုနှင့် အဆိုး မြင်တတ်မှု များကြောင့် လက်လွတ် ခဲ့ရပြီ ဖြစ်သည်။ ထိုအမှား များကို ၂ဝဝ၈ ခုနှစ်တွင် အရွေးချယ် ခံရမည့် သမ္မတ အသစ် အနေဖြင့် ပြန်လည် ပြင်ဆင် နိုင်စွမ်း ရှိမရှိ ကိုမူ စောင့်ကြည့် ရမည် ဖြစ်သည်။ သို့သော် နီယိုကွန် တို့မှာမူ အမေရိကန် နိုင်ငံ သမိုင်းတွင် ဘုရှ် အစိုးရ လက်ထက် မူဝါဒ အမှား အားလုံး အတွက် တရားခံ များအဖြစ် တင်ကျန် နေတော့မည်မှာ သေချာ နေပြီ ဖြစ်သည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
   
Washington Post, 17-5-2007
၂။
   
BBC News, 18-5-2007
၃။
   
A Secon Chance at Career Goes Sour By STEVEN R. WEISMAN. IPS News 18-5-2007
၎။
   
Wolfowitz Scandal Spotlights U.S. Reign at Bank by Emad Mekay, IPS News 16-5-2007

0 comments to “ နီယိုကွန်တို့ နေဝင်ချိန်”

Post a Comment