Friday, October 11, 2013

♦ ရွှေမှန်ကင်းအစစ်ဖြစ်ကြောင်း သက်သေပြရမည့် အချိန် ♦

,

♦ ရွှေမှန်ကင်းအစစ်ဖြစ်ကြောင်း သက်သေပြရမည့် အချိန် ♦
[အပယ်ခံနိုင်ငံမှသည် ဒေသတွင်း ခေါင်းဆောင်နိုင်ငံသို့]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့၊ ဘရူနိုင်းဒါရူဆလင်ရဲ့ International Convention Center က စင်မြင့်ထက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဟာ အာဆီယံဥက္ကဌရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ရွှေရောင်တူကလေးကို လွှဲပြောင်း လက်ခံရယူခဲ့ပါတယ်။

ဘာမှတော့ မထူးဆန်းပါဘူး။ အာဆီယံရဲ့ သာမန် လုပ်ရိုးလုပ်စဉ် ဥက္ကဌ တာဝန်လွှဲပြောင်းလိုက်တာလေးပါပဲ။

ဒါပေမယ့် မြန်မာနိုင်ငံအတွက်တော့ မဆန်းသော်လည်း ထူးတဲ့ မှတ်တိုင်တစ်ရပ် လို့ ဆိုရပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာရော၊ နိုင်ငံတကာမျက်နှာစာမှာပါ စုပေါင်း သဘောတူညီချက်တွေ အောက်မှာ မထင်မရှား ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ မြန်မာနိုင်ငံဟာ စီးပွားရေးရုန်းကန်မှုတွေ၊ နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုတွေ၊ ဖိအားပေးမှုတွေကြားမှာ အပြင်းအထန် ခုခံခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံပါ။

အရင်က အာဆီယံထိပ်သီးအစည်းအဝေးတွေ စပြီဆိုရင် မြန်မာနိုင်ငံ အရေးကိစ္စကို ဝိုင်းပြီးဖိအားပေးကြတဲ့ အနေအထားတွေပါ။ အနောက်အုပ်စုနိုင်ငံကြီးတွေကလည်း မြန်မာနိုင်ငံ ပါရင် ဒီအစည်းအဝေးတွေကို မတက်တော့ဘူး ဆိုတာမျိုးတွေ ပြောခဲ့ကြတာပါ။ မြန်မာနိုင်ငံဟာ အာဆီယံပေါင်းစည်းမှု အတွက် အနှောက်အယှက်ကြီးပဲ ဖြစ်နေသလိုလို အထင်သေး အမြင်သေး မျက်လုံးတွေအောက်မှ၊ နှိမ့်ချလိုတဲ့ စကားသံတွေအောက်မှာ ခပ်ယဲ့ယဲ့ အသက်မဲ့စွာနဲ့ မျက်လွှာအောက်ချ နေခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

အစိုးရသစ် လွှဲပြောင်းလက်ခံယူခဲ့ပြီးနောက် အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့် ကမ္ဘာက ခေါင်းထောင်ကြည့်ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ နိုင်ငံတော်သမ္မတတာဝန် ရယူပြီး ပထမဆုံး တက်ရောက်ရတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာပဲ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌတာဝန်ကို ရယူထမ်းဆောင်လိုကြောင်း တရားဝင် အဆိုပြုခဲ့ပါတယ်။ အလှည့်ကျလို့ ထမ်းဆောင်တာ မဟုတ်ဘဲ ထမ်းဆောင်ချင်လို့ကို ဆန္ဒပြုခဲ့တာပါ။

ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး သဘောထားအမြင်တွေ အမျိုးမျိုး အဖုံဖုံ ရှိပါလိမ့်မယ်။ အာဆီယံဥက္ကဌ ဖြစ်လို့ ဘာဖြစ်လာမှာမို့လဲ၊ ငွေကုန် လူပန်း အလကားအလုပ်ရှုပ်ခံတယ် စသည်အားဖြင့် ပြောကြတာတွေလည်း ရှိပါတယ်။ ဒါဟာလည်း သဘာဝ ကျပါတယ်။

မြန်မာနိုင်ငံဟာ အခု WTO လို့ခေါ်နေတဲ့ GATT အဖွဲ့ကြီး၊ IAEA၊ ILO အစရှိတဲ့အဖွဲ့ကြီးတွေ စတင်တည်ထောင်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဘက်မလိုက်အဖွဲ့ကြီးကို ဦးဆောင်ခဲ့တဲ့ နိုင်ငံပါ။ ဘန်ဒေါင်းညီလာခံမှာ တရုတ်နိုင်ငံကို တက်ခွင့်မပေးရင် မြန်မာနိုင်ငံလည်း မတက်နိုင်ဘူးလို့ ကို ထုတ်ဖော်ပြောကြားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကုလသမဂ္ဂက အသိအမှတ်ပြုအောင် အစောဆုံးထောက်ခံမှု ပေးပြီး စည်းရုံးခဲ့တဲ့နိုင်ငံတစ်နိုင်ငံပါ။

ကိုလိုနီအဖြစ်က မကျွတ်လွတ်သေးတဲ့ အာဖရိကနိုင်ငံတွေ လွတ်လပ်ရေး ရရှိအောင် မြန်မာသံတမန်တွေက တာဝန်ယူဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်ကို နိုင်ငံတကာသံခင်းတမန်ခင်းမှာ သန္ဓေတည်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာရှက ခန့်ညားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်တွေ ရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ တစ်ချိန်တုန်းက အာရှစီးပွားရေးနဲ့အာရှ နိုင်ငံရေးကို ဦးဆောင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်လို ကမ္ဘာ့ခေါင်းဆောင်တွေ ရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဆရာကြီး ဦးလှမြင့်၊ ရော်နယ်ဖင်လေ စတဲ့ ကမ္ဘာကျော် ဘောဂဗေဒပညာရှင်ကြီးတွေ ထွက်ပေါ်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ပြန်ကြည့်လိုက်ရင် ဝေါလ်စထရိမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ထိပ်တန်းရောက်နေတာ ရှိသလို နာဆာလို အဖွဲ့ကြီးမှာ မြန်မာအင်ဂျင်နီယာပညာရှင်တွေ ရှိခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာကြီးနဲ့ အဆက်ပြတ်ပြီး နောက်ကျကျန်ရစ်ခဲ့တဲ့ မြန်မာနို်င်ငံအတွက် သမ္မတကြီး ပြောတဲ့ ထိုက်တန်တဲ့ နေရာမှန် ဆိုတာ ဘယ်နေရာမှာလဲ။ လက်ရှိ မြန်မာနိုင်ငံရောက်ရှိနေတဲ့ နေရာဟာ အမှန်တစ်ကယ်ကိုပဲ ဒီနိုင်ငံ၊ ဒီနိုင်ငံသားတွေနဲ့ ထိုက်တန်တဲ့ နေရာ ဖြစ်နေလို့လား။ ဒီအာဆီယံ ဥက္ကဌတာဝန်ကို CLMV ဆိုတဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ လေးနိုင်ငံ ထဲမှာ မြန်မာ တစ်နိုင်ငံပဲ မတန်ဘူး၊ မသင့်ဘူး လို့ ဝေဖန်တာ ခံခဲ့ရတာပါ။

အရင်တုန်းက အာဆီယံအစည်းအဝေးတွေဆိုတာ မြန်မာနိုင်ငံကိစ္စ ဖိအားပေးဖို့၊ ဝေဖန်ဖို့ ပွက်ပွက်ညံခဲ့ရတာပါ။ မြန်မာနိုင်ငံ ပါရင် အစည်းအဝေး မတက်ဘူး လို့တောင် နိုင်ငံကြီးတွေက ထုတ်ပြောခဲ့တဲ့ နိုင်ငံပါ။ မြန်မာနိုင်ငံကြောင့် အာဆီယံပေါင်းစည်းရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးကြန့်ကြာသွားမယ်ဆိုပြီး ပြောကြတဲ့ အထိပါပဲ။ အဲဒီအခြေအနေဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေ အတွက် စစ်မှန်တဲ့ ထိုက်တန်တဲ့ နေရာမှန်ပဲလား။

မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို လျှောက်တော့မယ် ဆိုပြီး သမ္မတကြီးက ပြောခဲ့ပါတယ်။ အားလုံးက ဝိုင်းပြီးတော့ သံသယမျက်ဝန်းတွေနဲ့ စိတ်ပျက်လက်ပျက် ကြည့်လာခဲ့ကြပါတယ်။ အဲဒီ သံသယမျက်ဝန်းတွေကို မင်တက်သွားအောင် အပယ်ခံ နိုင်ငံကလေးက လုပ်ပြခဲ့ပါတယ်။

သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ခေါင်းဆောင်တွေ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ မီဒီယာတွေ၊ နိုင်ငံရေးအင်အားစုတွေ အကုန်လုံးက မတူတာခွဲလုပ်-တူတာတွဲလုပ်ပြီး သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေးဓလေ့သစ်ကို ဖော်ဆောင်ပြခဲ့ ကြပါတယ်။

အလားအလာအကောင်းဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စံနမူနာယူဖွယ်ရာ ဒီမိုကရက်တိုင်ဇေးရှင်း စတဲ့ ကမ္ဗည်းသစ်တွေလည်း ရရှိလာခဲ့ပါပြီ။ အာဆီယံနိုင်ငံတွေထဲမှာ သက်တမ်းပိုရင့်တဲ့ နှစ် နိုင်ငံလောက်က လွဲလို့ ကျန်တဲ့နိုင်ငံတွေမှာ မရှိခဲ့ဘူးတဲ့ ဒီမိုကရေစီ တံခါးဖွင့်လှစ်မှုတွေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေပါပြီ။

အခုလည်း အာဆီယံကို မြန်မာနိုင်ငံက ဦးဆောင်တော့မယ် ဆိုတဲ့အချိန်မှာ သံသယ မျက်ဝန်းတွေနဲ့ ဝိုင်းကြည့်နေကြပါပြီ။ ခန့်မှန်းချက်တွေလည်း အမျိုးမျိုး ထွက်ပေါ်လာနေပါပြီ။

သမ္မတကြီးကတော့ ယုံကြည်မှုအပြည့်နဲ့ "လာမည့်နှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မယ် လို့ အပြည့်အဝ ယုံကြည်ပါတယ်" ဆိုပြီး အာဆီယံစင်မြင့်ပေါ်မှာ ပြောလိုက်ပါတယ်။

အာဆီယံဥက္ကဌကို ကိုယ်စားပြုတဲ့ ရွှေရောင်တူကလေးကို သမ္မတကြီးဟာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ပါတယ်။

သာမန်တွေးကြည့်ရင်တော့ ဒီဟာက ရွှေရောင် အရာဝတ္ထုလေးတစ်ခုပါပဲ။ ဒါပေမယ့် နှစ်ပေါင်းများစွာ အထီးကျန်၊ အပယ်ခံ၊ အကြဉ်ခံ၊ အနှိမ်ခံ မြန်မာနိုင်ငံအတွက်တော့ ထူးခြားလေးနက်မှုတွေနဲ့ အပြည့်ပါပဲ။

မပြီးသေးတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဖွံ့ဖြိုးရေးအပြင် ဒေသတွင် ခေါင်းဆောင်မှုနေရာကို ရယူဆောင်ရွက်ရတဲ့ နေရာမှာ

စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကတော့ စောင့်ကြိုနေကြမှာပါ။ ဒီစိန်ခေါ်မှုတွေကပဲ ရွှေမှန်ကင်းလား၊ ထင်းလား ဆိုတာကို အဆုံး အဖြတ်ပေးသွားမှာပါ။

အာဆီယံမှာရော နိုင်ငံတကာမှာပါ မြန်မာနိုင်ငံဟာ အပယ်ခံ၊ အကြဉ်ခံ၊ အနှိမ်ခံ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါကိုတော့ မမေ့ဖို့ လိုပါတယ်။ ဒီအတွက်ကြောင့် အားထုတ်ကြိုးပမ်းရမှာကတော့ ပြောစရာ လိုမယ် မထင်ပါဘူး။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

သမ္မတ ရုံးဝက်ဆိုဒ်

0 comments to “♦ ရွှေမှန်ကင်းအစစ်ဖြစ်ကြောင်း သက်သေပြရမည့် အချိန် ♦”

Post a Comment