Wednesday, October 16, 2013

`နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ရမည်`

,

မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၁၄၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံအနေနဲ့ အာစီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးကို ဘရူးနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာစီယံထိပ်သီးအစည်းအဝေး အခမ်းအနားမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်ခံလွဲပြောင်းရယူလိုက်တဲ့ အတွက် မြန်မာနိုင်ငံသားပီပီ ၀မ်းသာမိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ၊ ဒီဇင်ဘာလမှာဆီးဂိမ်းကျင်းပရေး ၂၀၁၄ မှာ အာစီယံဥက္ကဋ္ဌတာဝန်ရယူခြင်း စတာတွေကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၀မ်းသာဂုဏ်ယူဖွယ်ရာတွေပဲ ဖြစ်တယ်လို့ ယူဆမိပါတယ်။

ဒါပေမဲ့လည်း သတင်းဋ္ဌာနအချို့နဲ့လူမှုကွန်ရက်တွေ ၀က်ဆိုက်တွေမှာတော့ အပျက်သဘောအမြင်နဲ့ ဖော်ပြကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တွေ စတင်ဖြစ်ပေါ်နေပေမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို မဖြေရှင်းနိုင်တာတွေရှိနေတယ်ဆိုပြီး သုံးသပ်လာကြသလို၊ မြန်မာအစိုးရဌာနအတွင်း အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းတွေ နည်းပါးတဲ့အပြင် အခြေခံအဆောက်အဦးတွေမလုံလောက်တာ အင်တာနက်ကလည်း နှေးကွေးတဲ့ကိစ္စရပ်တွေကိုလည်း အပျက်သဘောအမြင်နဲ့ ရှုံ့ချလာတာလည်း တွေ့ရပါတယ်။

အပြုသဘောဆောင်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးဂုဏ်ယူနိုင်ရေးအမြင်မျိုးထက် နိုင်ငံတော် သိက္ခာကျရေးကိုပဲ ဦးတည်လာသလားဆိုတာကိုလည်း စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ဆီးဂိမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ရင် အရှေ့တောင်အာရှနိုင်ငံတွေမှာသာမက ကမ္ဘာကပါ မြန်မာကို အထူးအာရုံစိုက်စရာကိစ္စရပ်ဖြစ်သလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ရဲရဲတင်းတင်း ၀င်ရောက်ဖို့အတွက်လည်း အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်သလို၊ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လမ်းစတစ်ခု ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာက ၀င်ရောက်မြှုပ်နှံလာခဲ့ရင်တော့ အိမ်နီချင်းနိုင်ငံအချို့အတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းအချို့ဆုံးရှုံးနိုင်တယ်ဆိုတာကိုလည်း နိုင်ငံအချို့က တွက်ဆထားပြီး ဖြစ်တယ်လို့ ကြားသိရပါတယ်။

`အထူးသဖြင့် မြန်မာတက်လာရင် ဒေသတွင်းက နိုင်ငံအချို့ ဝင်ငွေထိခိုက်နိုင်သလို ရင်းနှီးမြုပ်နှံမှုတွေ ခွဲဝေပေးရမှာ စိုးရိမ်နေကြတာလဲ ဖြစ်လာနိုင်ပါတယ် `လို့ နိုင်ငံတကာအမြင်ရှိနေတဲ့ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ သီလ၀ါစီမံကိန်းတွေကလည်း မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်တဲ့အပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံလိုသူတွေ အတွက်လည်း မျက်စိကျစရာအနေအထားတစ်ခုဖြစ်လာခဲ့တဲ့အတွက် မလိုလားသူတွေလည်း ရှိလာခဲ့တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ကြားခဲ့ရပါတယ်။

လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ဆီးဂိမ်းကျင်းပဖို့အတွက် လပိုင်းအလိုမှာ ခုလို အကြမ်းဖက်လုပ်ငန်းများဖြစ်ကြတဲ့ ဗုံးခွဲတဲ့ ဖြစ်ရပ်တွေနဲ့ မြန်မာပြည်မှာ လုံခြုံရေးအားနည်းတယ် လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ကိစ္စမျိုးတွေကို ပြုလုပ်လာကြတာလည်း တွေ့ရပါတယ်။

အာစီယံဥက္ကဋ္ဌအနေနဲ့ တာဝန်ယူမှာကို မနှစ်မြို့ခြင်း၊ ဆီးဂိမ်းကျင်းပမှာကို မလိုလားခြင်း၊ မြန်မာနိုင်ငံတွင်း နိုင်ငံတကာရင်းနှီးမြှုပ်များ ၀င်ရောက်လာမှာကို မလိုလားခြင်းတွေနဲ့ အဖျက်လုပ်ငန်းအကြမ်းဖက် လုပ်ငန်းတွေ ဘယ်လို ဆက်စပ်နေသလဲ၊ ဒါ့အပြင် ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကြမ်းဖက်ခြင်းလား ဆိုတာလည်း စဉ်းစားစရာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ မြန်မာပြည် အေးချမ်းသာယာတာကိုပဲ လိုလားပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းမွန်ဖို့နဲ့ စီးပွားရေး တိုးတက်မြင့်မားဖို့၊ နိုင်ငံတော် ငြိမ်းချမ်းသာယာဖို့ကိုပဲ လိုလားတဲ့အတွက် ခုလို အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ပြစ်တင်ရှုံ့ချမိပါတယ်။

နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူတွေကိုလည်း ဘုံရန်သူအဖြစ်သာမြင်သင့်ပါတယ်။ အကြမ်းဖက်လုပ်ငန်းတွေနဲ့ အစိုးရသိက္ခာကျအောင် အစိုးရကို ထိခိုက်အောင် လုပ်ဆောင်နေခြင်းအားဖြင့် တစ်မျိုးသားလုံး ထိခိုက်နေတယ်ဆိုတာကိုလည်း နားလည်ကြစေချင်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရကို ကြိုက်ခြင်း မကြိုက်ခြင်းထက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေးကို အလေးထားသင့်သလို၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးတည်သင့်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)

0 comments to “`နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ရမည်`”

Post a Comment